Chapter 12
"သေစမ်း!"
မိုက်ကီရယ်မှာ မမြင်အပ်သည်ကို မြင်လိုက်ရသကဲ့သို့ မျက်မှောင်ကျုံ့မိသွား၏။
ဤဥထဲမှ မည်သည့်အရာ ထွက်ပေါ်လာသည်ဖြစ်စေ၊ မိုက်ကီရယ့်အတွက်တော့ နောက်ထပ် စိတ်ရှုပ်စရာတစ်ခုသာ ဖြစ်ပေမည်။
လယ်ဗီလည်း ထိုသို့ပင် တွေးမိလေသည်။ ၎င်းဥမှ မွေးဖွားလာမည့် သတ္တဝါကို မိုက်ကီရယ်က ပြုစုစောင့်ရှောက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ အခြေခံအားဖြင့် သူတို့ငှားရမ်းထားသော ပြုစုစောင့်ရှောက်သူက ထိုသတ္တဝါကို စောင့်ရှောက်မည် ဖြစ်သော်လည်း ၎င်းသတ္တဝါ ကောင်းမွန်စွာ ကြီးထွားခြင်း ရှိမရှိကို တော်ဝင်မိသားစုထံ အစီရင်ခံရန်မှာ လယ်ဗီ၏ တာဝန်ဖြစ်၏။ သူစိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
ထိုနှစ်ဦးနှင့် မတူဘဲ ယောလ်ကမူ ဥကို သူ၏ မျက်လုံးပြူးပြူးလေးများဖြင့် စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့၏။
ဥနက်ကြီးမှာ ယောလ်၏ အရပ်ထက်ပင် မြင့်လေသည်။ ၎င်း၏ အမည်းရောင် နောက်ခံမှ ထင်ဟပ်လာသော တောက်ပသည့် အလင်းရောင်ကြောင့် သူ့မျက်လုံးများပင် မှုန်ဝါးသွားခဲ့၏။ ဤမျှ လှပသောဥမှ မည်ကဲ့သို့သော သတ္တဝါလေး မွေးဖွားလာမည်ကို သူသိချင်မိသည်။
ယခုအချိန်အထိ ယောလ်သည် သူ့ထံ၌ ဖြစ်လာမည့် ကြေကွဲဖွယ်ရာများကို ကြိုတင်မမြင်နိုင်ခဲ့ပေ။
*
ယောလ်တစ်ယောက် မိုက်ကီရယ်၏ ခေါင်းအုံးပေါ်တွင် လူးလှိမ့်နေလေသည်။ ခေါင်းအုံးကြီးက အလွန် ပွယောင်းနူးညံ့၍ ယောလ် လူးလှိမ့်နိုင်လောက်အောင်ပင် ကြီးမားလှ၏။
သေချာပေါက် သူက သေးငယ်နေသောကြောင့် ၎င်းမှာ ပို၍ ကြီးမားပုံပေါ်နေခြင်း ဖြစ်သော်လည်း ယောလ်ကတော့ ထိုသို့ မတွေးရန် ဆုံးဖြတ်ထားလေသည်။
"ကျွန်တော် ဒီမှာ တကယ် အိပ်ရမှာလား"
"အင်း အဲဒီမှာ အိပ်"
"မိုက်ကီရယ်က အိပ်နေတုန်း ကျွန်တော့်ကို ဖိမိသွားရင် ဘယ်လိုလုပ်မလဲ"
"မြန်မြန်ရှောင်ပေါ့"
"အိပ်နေတုန်း ဘယ်လို ရှောင်လို့ရမှာလဲ"
"ဒါဆိုလည်း အဖိခံလိုက်ပေါ့"
"ခင်ဗျား တော်တော်ယုတ်မာတာပဲ"
မိုက်ကီရယ်၏ စကားများကြောင့် ယောလ် ငြီးငြူမိတော့သည်။ သူ၏ အထောက်အထား ပေါ်သွားပြီးနောက်တွင် စင်ပေါ် သို့မဟုတ် ဆိုဖာပေါ်၌ ရက်အနည်းငယ် အိပ်ခဲ့ရ၏။ သို့သော် ဒီနေ့မနက်က အိပ်နေရင်း လူးလှိမ့်မိလေရာ စင်ပေါ်မှ ပြုတ်ကျခဲ့သဖြင့် အိပ်ရာပြောင်းသွားခဲ့ခြင်းပင်။
ယောလ်က အိပ်ယာပေါ်တွင် အိပ်ရန် တောင်းဆိုခဲ့ခြင်း မဟုတ်သော်လည်း သူ အလွန် ငြီးငြူခဲ့သည်မှာ မိုက်ကီရယ်၏ နားများပင် ပြုတ်ကျလုနီးပါး ဖြစ်ခဲ့ရ၏။
သူက ပိုမို လုံခြုံနွေးထွေးသော အိပ်ရာကို လိုချင်ခဲ့သော်လည်း မိုက်ကီရယ်နှင့် အတူတူ အိပ်ရန်တော့ မရည်ရွယ်ခဲ့သည့်အတွက် ယောလ် စိတ်ပူနေသည်။
မိုက်ကီရယ်က သူ့ခန္ဓာကိုယ်ထက် အများကြီး ကြီးတာကို၊ အိပ်နေတုန်း သူ့ကို ဖိမိရင် ဘယ်လိုလုပ်မလဲလို့!
ထို့ကြောင့် သူ့ကိုယ်သူ ကာကွယ်နိုင်ရန် ခေါင်းအုံးပေါ်တွင် အိပ်ဖို့ ပြောခဲ့ခြင်းပင်။ ခန္ဓာကိုယ်ဖြင့် ဖိခံရသည်ထက် ဦးခေါင်းဖြင့်သာ ဖိခံရခြင်းက ပို၍ ကောင်းပေလိမ့်မည်။
စိတ်ပူပန်ပြီး ဘေးပတ်ပတ်လည်ကို မျက်မှောင်ကျုံ့ကာ ကြည့်နေသော ယောလ်ကို မိုက်ကီရယ် မည်သည်မျှ မပြောခဲ့ပေ။ သို့သော် သူလည်း စိတ်ပူနေမိ၏။
ရက်အနည်းငယ်ကြာအောင် စောင့်ကြည့်ပြီးနောက် သူက အရုပ်လေး တစ်ရုပ်သာ ဖြစ်ကြောင်း သေချာသော်လည်း အမြင့်မှ ပြုတ်ကျခြင်း သို့မဟုတ် လိမ့်ကျခြင်းများကြောင့် ထိခိုက်မှု မရှိခဲ့ပေ။
သူက အသက်အန္တရာယ်နှင့် ထိခိုက်ဒဏ်ရာရသည့် အကြောင်းကို ဇာချဲ့ခဲ့သော်လည်း ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတော့ မရှိချေ။ ထို့ကြောင့် အိပ်နေစဉ် သူ၏ ခန္ဓာကိုယ်ကို ဖိမိလျှင်ပင် ကြီးကြီးမားမား ပြဿနာဖြစ်လိမ့်မည် မဟုတ်ပေ။ သို့သော် သူ့နားစည်များ ပေါက်ထွက်လုနီးပါး ငြီးငြူမည်မှာတော့ အသေအချာပင်ဖြစ်၏။
ထို့ကြောင့် မိုက်ကီရယ် လယ်ဗီ့ကို ကလေးပုခက်တစ်ခုအား တိတ်တိတ်လေး မှာယူခိုင်းခဲ့သည်။
ဤအချက်သာ လူသိရှင်ကြား ဖြစ်သွားပါက ဂယက်ထပေလိမ့်မည်။ မြို့စားအိုလော့ဗ်က ကလေးပုခက်တစ်ခုကို လျှို့ဝှက်စွာ မှာယူခဲ့သည် ဟူသော အချက်မှာ လူတိုင်း၏ ပါးစပ်ဖျားမှ ထွက်ပေါ်လာမည်ဖြစ်ပြီး သူ့တွင် ဖုံးကွယ်ထားသော ကလေး ရှိမရှိကို သိချင်နေကြလိမ့်မည်။
၎င်းမှာ စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်သော အရာဖြစ်၏။ မိုက်ကီရယ်သည် အိမ်ထောင်ပြုရမည့် အရွယ်သို့ ရောက်နေပြီ ဖြစ်သော်လည်း ချိန်းတွေ့ရန်ပင် ရည်ရွယ်ချက် မရှိခဲ့ပေ။
သူက အချိန်အများစုကို အလုပ်လုပ်ရင်း ကုန်ဆုံးခဲ့ပြီး အားလပ်ချိန်များတွင် ဓားရေးလေ့ကျင့်ခြင်း သို့မဟုတ် မြင်းစီးခြင်းများကို လုပ်ကာ ခန္ဓာကိုယ်ကို ဂရုစိုက်ခဲ့သည်။ ထို့ကြောင့် အခြား အရာများကို ပြုလုပ်ရန် အချိန်မရှိခဲ့ပေ။
သို့သော် ဒီရက်များတွင်တော့ ထိုသေးငယ်သော အရုပ်လေးကြောင့် အားလပ်ချိန်များ ရှိခဲ့လေသည်။
"မိုက်ကီရယ် မိုက်ကီရယ်၊ ကျွန်တော့်ကို ဟိုးဘက်ကို ရွှေ့ပေးပါနော် ကျွန်တော် လက်ကီးကို ကြည့်ချင်လို့ရယ်"
လက်ကီးဆိုသည်မှာ ယောလ် ဥကို ပေးထားသော အမည်ဖြစ်၏။ ဥထဲမှ မည်သည့်အရာ မွေးဖွားလာမည်ကို မသိသော်လည်း သူကတော့ အမည်ပင် ပေးခဲ့ပြီးနေလေပြီ။
မိုက်ကီရယ်က ဥကို ပထမဆုံး လက်ခံရရှိသည်နှင့် အက်ရှ်မြို့စားအိမ်တော်၏ တိရစ္ဆာန်မျိုးစုံကို ပြုစုစောင့်ရှောက်ပေးသူထံသို့ ပို့ရန် ကြိုးစားခဲ့သည်။
သို့သော် ယောလ်က လက်ကီးကို သူပြုစုစောင့်ရှောက်ချင်ကြောင်း အတင်းအကျပ် တောင်းဆိုခဲ့၏။ မိုက်ကီရယ် လုံးဝ နားမလည်နိုင်သည်မှာ ထိုဥ၏ ပုံသဏ္ဌာန်ကြောင့် ယောလ် ဆွဲဆောင်ခံလိုက်ရခြင်းကိုပင်။
"ဟေး မိုက်ကီရယ် မြန်မြန်! လက်ကီး လှုပ်သွားသလိုပဲ ဥပေါက်တော့မယ်ထင်တယ်!"
အန်ဒရီက ဥပေါက်ရန် ဆယ်ရက်ခန့် ကြာဦးမည်ဟု ပြောခဲ့၏။ သူတို့ တော်ဝင်နန်းတော်သို့ ရောက်သည်မှာ လေးရက်ရှိပြီဖြစ်ရာ ဥတကယ်ပေါက်ရန် တစ်ပတ်ခန့် ထပ်စောင့်ရဦးမည်။
သို့သော် ယောလ်ကတော့ သူအခွင့်အရေးရတိုင်း ဥပေါက်တော့မည်ဟု ပြောကာ မိုက်ကီရယ်ကို စိတ်အနှောင့်အယှက်ပေးခဲ့သည်။
မိုက်ကီရယ်က သက်ပြင်းချရင်း ယောလ်ကို မကာ အပူဖြင့် ဥဖောက်သည့် စက်ရှေ့သို့ ခေါ်သွား၏။
ဥက ကြီးမားသကဲ့သို့ ထိုစက်မှာလည်း ကြီးမားလှသည်။ ၎င်းက တစ်ခုလုံး စက်လုံးခြမ်း ပုံသဏ္ဌာန်ဖြစ်၏။ အပေါ်ပိုင်းတစ်ဝက်ခန့်ကိုသာ ဖောက်ထွင်းမြင်ရသဖြင့် ဝေးနေသောအခါ ဥဖောက်စက် အတွင်းပိုင်းကို မြင်ရပြီး အနီးကပ်ဆိုလျှင် မမြင်ရပေ။ ထို့ကြောင့် ယောလ်က လက်ကီးကို မြင်နိုင်ရန်အတွက် သူ့အား ရွှေ့ပေးရန် မိုက်ကီရယ်ကို မကြာခဏ တောင်းဆိုခဲ့သည်။
ရိုးရိုးသားသားပြောရလျှင် မိုက်ကီရယ် မလုပ်ပေးခဲ့လျှင် ပိုကောင်းလိမ့်မည်ပင်။
သူ ထိုသေးငယ်ကာ အရေးမပါသော ကောင်လေးကို မနာခံလျှင်လည်း မည်သည်မျှ ကြီးကြီးမားမား ဖြစ်မည် မဟုတ်ပေ။ ထို့အပြင် သူ၏ ပင်ကိုယ်စရိုက်အရ ဆိုလျှင်လည်း သူက စိတ်အနှောင့်အယှက်ပေးသော သူမျိုး မဟုတ်ချေ။
သို့သော် ထိုအရေးမပါလှသော ကောင်လေးက သူ့ကို တစ်ခုခု တောင်းဆိုသောအခါ သူ့တွင် ရွေးချယ်စရာ မရှိသကဲ့သို့ ခံစားရ၏။
သူ့ကို သူ၏ ဘွဲ့ထူးဂုဏ်ပုဒ်အစား နာမည်ရင်းကိုသာ ခေါ်ခိုင်းခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရေးမပါသော အရာလေးထံမှ ရိုသေသမှု ပြုခံရသည်မှာ ပို၍ ရှက်ရွံ့ဖွယ် ကောင်းသောကြောင့်ပင်။
၎င်းမှာ ရိုးရှင်းသော အကြောင်းပြချက်တစ်ခု ဖြစ်သည်။ ခြင်္သေ့ကို နှိမ်နင်း၍ ဂုဏ်ပြုခံရခြင်းက ကောင်းမွန်သော်လည်း၊ ကြောင်ပေါက်လေးတစ်ကောင်ကို နှိမ်နင်းပြီး ဂုဏ်ပြုခံရခြင်းမှာ သေးနုပ်လွန်း၏။
ဤအကြောင်းပြချက်ကြောင့် မိုက်ကီရယ်က ယောလ်ပြောသည်များကို တတ်နိုင်သမျှ နားထောင်ရန် ကြိုးစားခဲ့သည်။ ထိုသေးငယ်သော ချည်အရုပ်လေးနှင့် ယှဉ်လိုက်ပါက ၎င်းလောက်ပင် သူက အလေးအနက် မထားသည့်ပုံ မပေါ်စေရန်ဖြစ်၏။
သေချာပေါက် ဤသည်မှာလည်း သတ်မှတ်ထားသော အတိုင်းအတာ အထိပင်။
"လက်ကီး လက်ကီး မြန်မြန်လေး ဥကို ခွဲလိုက်တော့…ငါက မင်းရဲ့ ဖေဖေပဲ လက်ကီး"
"ဘာလို့ မင်းက အဖေလဲ"
"သေချာပေါက် ကျွန်တော်က သူ့ကို ပြုစုစောင့်ရှောက်နေလို့ပေါ့"
ယောလ်၏ အဖြေကြောင့် မိုက်ကီရယ် ရယ်မောမိသွားသည်။
ယောလ်က သူ ပြုစုစောင့်ရှောက်နေသည်ဟု ပြောသော်လည်း တကယ်တမ်း ဥပေါက်စေရန် အပူချိန်ကို ထိန်းညှိပေးသည်မှာ ဥဖောက်စက်သာ ဖြစ်၏။ ယောလ်ကမူ တစ်နာရီခြားတစ်ခါ ကြည့်ရှုရန်အတွက် မိုက်ကီရယ်အား ပြင်းပြစွာ တိုက်တွန်းခဲ့ခြင်းသာပင်။
သူ "အဖေ" ဟု ပြောခြင်းကို မိုက်ကီရယ်က အဓိပ္ပာယ်မရှိဟု တွေးမိသည်။ အခြားအရာများကို ဘေးဖယ်ထားလျှင်ပင် သူက ဥထက် ပို၍ သေးနေရာ မည်သို့သော အဖေမျိုး ဖြစ်လာမည်ကို တွေးကြည့်ရုံနှင့် ရယ်ရ၏။
ထို့အပြင် ယောလ်သည် ဥအတွင်း၌ မည်သည့် သတ္တဝါ ကြီးထွားနေသည်ကိုပင် မသိပေ။ မိုက်ကီရယ်လည်း မသိသော်လည်း အနည်းဆုံးတော့ သူ ထိုအရာ၏ ဖခင် မဖြစ်ချင်ပေ။
မိုက်ကီရယ်၏ အတွေးများကို နားမလည်သော ယောလ်သည် ရိုးရှင်းစွာပင် ကျေကျေနပ်နပ်နှင့် ပြုံးပြီး ဥဖောက်စက် အတွင်းရှိ ဥကို ကြည့်နေလေသည်။ ထိုလှပသော ဥမှ ကလေးလေး မွေးဖွားလာမည့် စိတ်လှုပ်ရှားမှုကို သူ သည်းမခံနိုင်တော့ပေ။
မနက်ခင်း မျက်လုံးဖွင့်လိုက်သည်နှင့် သူ ဥ၏ အခြေအနေကို အရင်ဆုံး စစ်ဆေးပြီး အားလပ်ချိန်ရတိုင်းလည်း ဥဖောက်စက်ကို သွားကြည့်ခဲ့၏။ အိပ်ရာမဝင်မီ ဥကို goodnight ဟု ပြောရန်လည်း မမေ့ပေ။
"လက်ကီးရေ goodnight ပါ မကြာခင် တွေ့ကြမယ်နော်"
ယောလ် ကြည်လင်သော အသံဖြင့် နှုတ်ဆက်လိုက်သည်။ ထို့နောက် မိုက်ကီရယ်က ယောလ်ကို ချီကာ အခန်းထဲရှိ မီးများကို ပိတ်ပြီး အိပ်ရာသို့ ဦးတည်သွား၏။ ထိုအချိန်အထိ ယောလ်၏ မျက်လုံးများမှာ ဥဖောက်စက် အပေါ်၌သာ ရှိနေသေးသည်။ သူ၏ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နေသော မျက်လုံးများမှာ သကြားလုံးများကဲ့သို့ တောက်ပနေ၏။
ယောလ် နူးညံ့သော ခေါင်းအုံးပေါ်တွင် လဲလျောင်းနေရင်း သူ့ဘေးရှိ ခေါင်းအုံးတွင် လှဲနေသော မိုက်ကီရယ်ကို သတိပေးလိုက်သည်။
"ခင်ဗျား အိပ်နေတုန်း ကျွန်တော့်ကို မဖိမိစေနဲ့နော်"
"ငါ ပြောပြီးပြီလေ အမြန်ရှောင်လိုက်ပေါ့"
"အာ ကျွန်တော် အိပ်နေတုန်း ရှောင်လို့မရဘူးလို့ ပြောပြီးပြီလေ"
"တိတ်စမ်း ငါ့နား နားကို လာကပ်မပြောနဲ့ အူနေပြီ"
မိုက်ကီရယ်က စကားဝိုင်းကို အေးစက်စွာ ဖြတ်လိုက်သည်။
ထိုအခါ ယောလ် နှုတ်ခမ်းဆူကာ သူ့ကို တစ်ချက် ကြည့်လိုက်၏။ ထို့နောက် သူ ကုန်းကုန်းကွကွဖြင့် အိပ်ရန် ပြင်ဆင်လိုက်သည်။ မျက်လုံးများကို မှိတ်ပြီး ငြိမ်သက်စွာ နေလိုက်သည်နှင့် ဖြည်းညင်းစွာ အိပ်ပျော်သွားတော့၏။
*
"ဘာလဲ"
ချည်ဖြင့်ပြုလုပ်ထားသည့် သူ၏ သေးငယ်သော ကိုယ်လုံးလေးကို ပွေ့ပိုက်ထားသော ယောလ်တစ်ယောက် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ အဘယ်ကြောင့်ဆိုသော် သူ့ကို တစ်စုံတစ်ခုက လွှမ်းခြုံထားသည်ဟု ခံစားရသောကြောင့်ပင်။
မျက်လုံးများကို ဖွင့်လိုက်သော် သူ့ကိုယ်ပေါ်တွင် လက်ကိုင်ပုဝါတစ်ထည်ကို တွေ့လိုက်ရသည်။ ထိုသို့ ဖုံးအုပ်ပေးထားသော ကြီးမားသည့် လက်ပိုင်ရှင်မှာ မိုက်ကီရယ်ပင်။
"အိုးး ကျေးဇူးတင်ပါတယ်"
ယောလ် ဝမ်းသာအားရ ပြုံးပြပြီး ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ အခန်းက နွေးထွေးပြီး သူ၏ ကိုယ်လုံးလေးမှာ ချည်ဖြင့် ပြုလုပ်ထားသောကြောင့် အကာအကွယ်မပါဘဲ အိပ်လျှင်လည်း နေရမခက်ပေ။ သို့သော် လက်ကိုင်ပဝါပါးလေး တစ်ထည်သာ ဖြစ်စေကာမူ၊ မည်သည့်အရာမျှ ဖုံးအုပ်မထားခြင်းထက် ပိုမို လုံခြုံသည်ဟု ခံစားရ၏။
ယောလ် လက်ကိုင်ပဝါကို ပွေ့ဖက်ပြီး မျက်နှာကို ပွတ်သပ်လိုက်သည်။ သူ၏ မျက်နှာပေါ်ရှိ အမူအရာမှာ အလွန် ပျော်ရွှင်နေသဖြင့် အမှောင်ထုထဲ၌ပင် ရှင်းလင်းစွာ မြင်နိုင်လောက်အောင် ဖြစ်နေ၏။ သူ့မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ရှိနေလေသည်။
မိုက်ကီရယ်က သတိမထားမိဘဲ တည်ငြိမ်စွာ ပြုံးမိလိုက်၏။
ဤကောင်လေးမှာ အလွန်ပင် စိတ်အနှောင့်အယှက် ပေးတတ်ပြီး ဟိတ်ဟန်များလှသော်လည်း ရယ်စရာကောင်းသည်ပင်။ ထို့ကြောင့် သူ့ကို အနည်းငယ် အလျှော့ပေးရန် ဆုံးဖြတ်လိုက်၏။