Chapter 11
Viewers 2k

Chapter 11


အချိန်များက တစ်ခဏတာ ရပ်တန့်သွားသယောင်ပင်။

 

လယ်ဗီ ခေါင်းခါမိလိုက်သည်။ အန်ဒရီက ယောလ်ကို ပါးစပ်အဟောင်းသားနှင့် အံ့အားသင့်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။ မိုက်ကီရယ် သက်ပြင်းချရင်း မျက်လုံးများကိုသာ မှိတ်လိုက်တော့သည်။

 

လူသုံးယောက်ကို အမျိုးမျိုး အံ့အားသင့်စေခဲ့သော ယောလ်ကတော့ လတ်ဆတ်သော လေကောင်းလေသန့်ကို ရှူရှိုက်ရင်း အလုပ်များနေခဲ့၏။

 

လေကောင်းလေသန့်အား လုံလောက်စွာ ရှူပြီးသောအခါ ယောလ် သူ၏ ဝိုင်းစက်စက် မျက်လုံးလေးများကို လှန်ကြည့်ပြီး အခြေအနေကို သဘောပေါက်ရန် ကြိုးစားလိုက်သည်။ 

 

တစ်‌ချက်ကြည့်လိုက်ရုံဖြင့် ထိုပလ္လင်ပေါ်တွင် ထိုင်နေသော ဆံပင်ရွှေရောင်နှင့်လူကြီးက ဧကရာဇ် ဖြစ်ရမည်ပင်။ ကံကောင်းထောက်မစွာနှင့် အခြားသူ တစ်ယောက်မျှ ရှိမနေခဲ့ပေ။ 

 

မိုက်ကီရယ်ကတော့ တခြားလူတွေ သူ့ကို မကောင်းဆိုးဝါးလို့ ထင်သွားမှာစိုးပြီး တိတ်တိတ်နေဖို့ ပြောထားခဲ့ပေမဲ့ အသက်ရှူကျပ်ပြီး သေတော့မတတ် ဖြစ်နေတာကို သူက ဘာလုပ်နိုင်မှာတဲ့လဲ။ အဲလိုသာဆို အစကတည်းက သူ့ကို ခေါ်မလာခဲ့ရင် ဒါမှမဟုတ် လှည်းထဲမှာပဲ အနားယူခွင့်ပေးခဲ့ရင် ပိုကောင်းမှာကို ဘာလို့ ဒီလိုခေါ်လာပြီး ဒုက္ခပေးရတာလဲ။

 

မိုက်ကီရယ်သာ သူ့ကို အစကတည်းက အပြင်မခေါ်လာခဲ့လျှင် ယခုကဲ့သို့ ဖြစ်လာမည်မဟုတ်ပေ။

 

ယောလ်က မိုက်ကီရယ့်ကို မကျေနပ်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထို့နောက် အံ့သြနေသော ခရမ်းရောင် မျက်လုံးများကို ကြည့်ကာ ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်သည်။

 

“ဟားဟား ဟယ်လို အဲ မဟုတ်ပါဘူး ကျွန်တော်ဆိုလိုတာက ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်လို့”

 

ပေါ့ပေါ့တန်တန် နှုတ်ဆက်လိုက်သော ယောလ်သည် ထိုသူမှာ ဧကရာဇ်ဖြစ်ကြောင်း သတိရသွားကာ မိုက်ကီရယ် ယခင်က သင်ပေးထားသော နှုတ်ဆက်ပုံကို အတုခိုးလိုက်လေသည်။ ထို့နောက် သူ၏ ခေါင်းလုံးလုံးလေးကို နှုတ်ဆက်ရန် ငုံ့လိုက်စဉ် ၎င်းမှာ ခန္ဓာကိုယ်ထက်စာလျှင် လေးလံလွန်းနေသဖြင့် ရှေ့ငိုက်ကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျတော့မလို ဖြစ်သွားရ၏။ ထိုအခါ ယောလ်မှာ ကြောက်လန့်တကြားနှင့် မိုက်ကီရယ်၏ ဂျာကင်ကို အားကုန်ဆွဲလိုက်လေသည်။

 

“အီးးး ကျွန်တော် သေတော့မယ်လို့ ထင်သွားတာ”

 

မိုက်ကီရယ်၏ ဂျာကင်အစွန်းကို အသက်ကယ်ကြိုးသဖွယ် တင်းကျပ်စွာ ဆုပ်ကိုင်ထားသော ယောလ်သည် ယခုမှ သက်ပြင်းချပြီး စိတ်သက်သာရာ ရသွားပုံပေါ်၏။ သို့သော် ပြဿနာမှာ အဝတ်အစားကို အလွန် ပျော့ပျောင်းသော ဖဲသားနှင့် ပြုလုပ်ထားခြင်းပင်။ ထို့အပြင် ယောလ်၏ လက်မှာလည်း ပျော့အိနေသဖြင့် သူ မည်မျှပင် တင်းတင်းဆုပ်ကိုင်ပါစေ ချောမွေ့စွာ ချော်ထွက်သွားတော့သည်။

 

“မိုက်ကီရယ် ကျွန်တော့်ကိုချီ”

 

နောက်ဆုံးတော့ ယောလ် မိုက်ကီရယ်ကို အကူအညီတောင်းလိုက်တော့သည်။

 

မိုက်ကီရယ်သည် အနီရောင် မျက်လုံးများဖြင့် ထိုအရာအားလုံးကို ကြည့်နေခဲ့ပြီး သက်ပြင်းတစ်ချက် ချမိလိုက်၏။ ၎င်းမှာ သူ့စကားကို နားမထောင်သော ပြဿနာရှာသည့် ချည်အရုပ်လေးကြောင့်ပင်။

 

“ပြုတ်ကျလိုက်‌လေ”

 

“အယ် ဘာလို့အဲလိုပြောတာလဲ အူးဝါးး ကျွန်တော် ချော်ကျတော့မယ် ကျွန်တော် ချော်ကျတော့မယ်လို့"

 

မိုက်ကီရယ်၏ အေးစက်သော စကားများကို ကန့်ကွက်တော့မည့် ယောလ်မှာ ချော်ကျကာ ကြမ်းပြင်ပေါ်သို့ ကျသွားတော့၏။ အကြောင်းအရင်းမှာ မိုက်ကီရယ်၏ ဂျာကင်အစွန်းက သူ့လက်မှ လျှောကျသွားသောကြောင့်ပင်။ မိုက်ကီရယ်က အရပ်ရှည်လွန်းသဖြင့် ယောလ်၏အမြင်တွင်တော့ ဝေးလံသော မိုးမျှော်တိုက်မြင့်မှ ပြုတ်ကျသည်နှင့် မကွာလှပေ။

 

ဒုန်း!

 

အရုပ်လေးမှာ ပြုတ်ကျသွားပြီး ကြမ်းပြင်ပေါ်မှ ပြန်ကန်ထွက်လာ၏။

 

သေလောက်အောင် ကျယ်လောင်သော အသံနှင့် ပြုတ်ကျခဲ့သော်လည်း သူ ထင်ထားသလောက်ပင် မနာကျင်ခဲ့ပေ။ ယောလ် သူ့မျက်နှာကို မော့ပြီး ခေါင်းကို စောင်းလိုက်သည်။

 

ဘာလဲဟ တကယ်မနာဘူးလား ဂွမ်းနဲ့လုပ်ထားလို့လား။

 

“ကျွန်တော့်ကို နည်းနည်းကူညီပါဦး ခင်ဗျားက တကယ် ယုတ်မာတဲ့လူပဲ"

 

သူ့မှာ ခန္ဓာကိုယ်က အဆင်ပြေသော်လည်း နှလုံးသားကတော့ ပြင်းထန်စွာ ဒဏ်ရာရခဲ့ရသည်။ သစ္စာဖောက်ခြင်း သို့မဟုတ် မကျေနပ်ခြင်းဟု ခေါ်သင့်သည်လားမသိချေ။ သူ့ကို ဖမ်းပေးရန် တောင်းပန်ခဲ့သော်လည်း မကူညီခဲ့သော မိုက်ကီရယ်မှာ တကယ့်ကို ဆိုးရွားသောလူပင်။ သူ မိုက်ကီရယ့်ကို ငြူစူဆောင့်အောင့်ရင်း မော့ကြည့်လိုက်သည်။

 

“မိုက်ကီရယ်”

 

“အင်း”

 

“မင်း ဒီရက်ပိုင်း မှော်နက်ပညာကို စိတ်ဝင်စားနေတာလား”

 

အန်ဒရီ၏ မေးခွန်းကြောင့် မိုက်ကီရယ် ပါးစပ်ကို တင်းတင်းစေ့လိုက်သည်။ 

 

ယခုကဲ့သို့ ဖြစ်လာမည်ကို သူ သိပြီးသားပင်။ လူများက လှုပ်ရှားသော အရုပ်တစ်ရုပ်ကို တွေ့လျှင် မည်သို့ တုံ့ပြန်မည်မှာ သိသာလှသည်။ သူ့ကဲ့သို့ပင် လူအများစုက ၎င်းထဲ၌ မကောင်းဆိုးဝါးဝိဉာဉ် ရှိသည်ဟု ထင်ကြလိမ့်မည်။ ကောင်းမွန်သော မှော်နက်ဖြစ်သော်လည်း အဓိပ္ပာယ်ကတော့ အကြမ်းဖျင်းအားဖြင့် အတူတူပင်။

 

“စိတ်မပူပါနဲ့ လုံးဝ မဟုတ်ဘူး”


“ဒါဆို အဲဒါ ဘာကြီးလဲ”

 

“အရုပ်တစ်ရုပ်”

 

“ဟယ်လို ကျွန်တော့်နာမည် ဘတ်‌ယောလ်လို့ခေါ်ပါတယ် ယောလ်ပါဗျ၊ မိုက်ကီရယ်ကတော့ ကျွန်တော့်ကို ယူရီလို့ခေါ်တယ်၊ အရှင်မင်းကြီးကတော့ ကြိုက်သလို ခေါ်လို့ရပါတယ်ဗျ”

 

အန်ဒရီ၏ မေးခွန်းကို မိုက်ကီရယ်က အရုပ်တစ်ရုပ်ဟု ပြန်ဖြေလိုက်သော်လည်း အနည်းဆုံး မေးခွန်းများစွာ ကျန်နေဦးမည်ကို သူသိ၏။

 

ထိုစဉ် ယောလ်က သူ့ကို မေးမြန်းခြင်း မရှိဘဲ သူ့ကိုယ်သူ မိတ်ဆက်လိုက်တော့သည်။

 

“အင်း ဘယ်လိုပဲကြည့်ကြည့် ဒီအရုပ်ကို မီးရှို့သင့်တယ်လို့ ငါထင်တယ်”

 

“ဟင် မိုက်ကီရယ်၊ မိုက်ကီရယ်လို့ ဟင့်အင်းလို့ ပြောလိုက် မြန်မြန်”

 

ယောလ်သည် အန်ဒရီ၏ စကားများကြောင့် ထိတ်လန့်သွားပြီး မိုက်ကီရယ်၏ ဘောင်းဘီနောက်တွင် ပုန်းလိုက်လေသည်။ 

 

အစောက သူ့ကို မြေပြင်ပေါ်သို့ ပြုတ်ကျစေခဲ့သည့် တစ်ကမ္ဘာလုံးတွင် အယုတ်မာဆုံးလူကြီး ဖြစ်သော်လည်း ဤအခြေအနေ၌ သူ ယုံကြည်အားကိုးနိုင်သည့် တစ်ဦးတည်းသောသူမှာ မိုက်ကီရယ်သာ ဖြစ်၏။

 

“သံသယဖြစ်စရာကောင်းပေမဲ့ ဆိုးတဲ့အရုပ်တော့ မဟုတ်ပါဘူး၊ အန္တရာယ်လည်း မရှိဘူး”

 

အမှန်ပဲ ကောင်းတယ် အရမ်းတော်တယ်။

 

မိုက်ကီရယ်၏ ကာကွယ်ပေးမှုကို ယောလ် သူ့နှလုံးသားထဲမှ အားသွန်ခွန်စိုက် ထောက်ခံခဲ့သည်။ 

 

ယောလ် မိုက်ကီရယ်၏ ခြေထောက်နောက်မှ မျက်နှာလေး ထွက်လာပြီး ဧကရာဇ်၏ ခရမ်းရောင် မျက်လုံးများကို ကြည့်လိုက်၏။ ထိုခရမ်းရောင် မျက်လုံးများထဲတွင် နက်နဲသော သံသယများ ရှိနေသေးသော်လည်း ယခင်ကကဲ့သို့ သတိထားနေပုံ မပေါ်တော့ပေ။

 

“ပထမဦးဆုံးအနေနဲ့ ကောင်းပြီလေ မင်းက ဒီလိုပြောတယ်ဆိုတော့လည်း အဆင်ပြေပါတယ် နောက်မှ မကောင်းဆိုးဝါးနှင်ဖို့ လိုအပ်လာရင် ငါ့ကိုပြော၊ ပုပ်ရဟန်းမင်းကြီးကို ပြောပြီး အသုံးဝင်တဲ့ နတ်ဆိုးနှင်သူတစ်ယောက် ပို့ပေးလိုက်မယ်”

 

“ဟုတ်ပြီ”

 

ခင်ဗျားက ဘာသိလို့လဲ။

 

ယောလ်သည် ‘မကောင်းဆိုးရွားနှင်ခြင်း’ ဟူသော စကားလုံးကြောင့် ထိတ်လန့်သွားရ၏။ သူ မည်မျှပင် သံသယဖြစ်ဖွယ် ကောင်းနေပါစေ၊ ချည်အရုပ်လေးတစ်ရုပ်ထက် မပိုသော သူ့ကို မကောင်းဆိုးဝါးနှင်မည် ဟု တွေးခြင်းမှာ များလွန်းလှသည်ပင်။

 

ဒါပေါ့ တကယ့် အန်နာဘဲလ် အရုပ်ကလည်း အရေးမပါတဲ့ ချည်အရုပ်ပုံစံပဲ ဆိုပေမဲ့ သူမနဲ့ ငါက အခြေခံအရ မတူဘူးလေ၊ သူမက တကယ့် နတ်ဆိုးပူးနေတဲ့ကလေး ငါက ဒီအတိုင်း လူတစ်ယောက်ပဲလေ။

 

သို့တိုင် သူ့ပြိုင်ဘက်များမှာ ဧကရာဇ်နှင့် အက်ရှ်မြို့စား ဖြစ်သဖြင့် ညည်းညူ၍မရသော ယောလ်မှာ သူတို့ကို ပြင်းထန်စွာ စိုက်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။ 

 

အန်ဒရီက ထိုချည်အရုပ်လေး သူ့ကို အသားကုန် စိုက်ကြည့်နေသည်ကို မြင်သည်နှင့်တပြိုင်နက် ရယ်မောလိုက်မိ၏။

 

သို့သော် ၎င်းမှာ ယခုထိတိုင် သံသယဝင်ဖွယ်ကောင်းပြီး သူ မကောင်းဆိုးဝါးနှင်သူကို ချက်ချင်းခေါ်ကာ မကောင်းဆိုးဝါးနှင်ခြင်း အခမ်းအနားကို ဆောင်ရွက်ချင်သော်လည်း ၎င်းမှာ အလွန်အမင်း အရေးမပါလှပေ။

 

အဲလို အရုပ်ထဲမှာ မကောင်းဆိုးရွားဝိဉာဥ်ရှိနေရင် ဘယ်လောက်တောင် အန္တာရယ်များလိုက်မလဲလို့ သူ တွေးကြည့်မိပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အရင်ကထက်တော့ စိုးရိမ်တာ လျော့သွားပါတယ်လေ။

 

“ဒါဆို ဒီရက်ပိုင်း မြို့စားကြီး အိုလော့ဗ်က အရုပ်တွေနဲ့ ပျော်ပျော်ပါးပါး ကစားနေတာပေါ့”

 

“ဘာကို ပျော်စရာကောင်းတာလဲ တော်တော် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတာ”

 

ဘာပြောလိုက်တယ်။

 

မိုက်ကီရယ့် စကားများကို ကြားသည်နှင့် ယောလ် ချက်ချင်း မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။ ယောလ်၏ မြင်ကွင်းမှ မိုက်ကီရယ့်မျက်နှာကို စိုက်ကြည့်ရန်အတွက်မူ လည်ပင်းကို အလွန်အမင်း ကွေးထားရမည်ဖြစ်ပြီး ခေါင်းကိုလည်း မော့နေရမည်ပင်။ သို့တိုင်အောင် ၎င်းမှာ ထိုမျှ ကြာရှည်ခံနိုင်မည် မဟုတ်ပေ။

 

ယောလ် မည်သည်ကို တွေးနေသည်အား သူ သိ၍ဖြစ်စေ မသိ၍ဖြစ်စေ ယောလ်၏ ပါးလေးများ မကျေနပ်စွာ ဖောင်းလာသည်ကို မြင်လျှင် မိုက်ကီရယ် ခေါင်းခါလိုက်မိ၏။ ထို့အပြင် သူ့တွင် ချည်များကြောင့် ဖောင်းမို့သော မျက်နှာလေး ရှိပြီးသားဖြစ်ရာ ယခု ပါးပြင်များမှာ ပိုမို ဖောင်းကြွလာသဖြင့် အပေါ်မှ ကြည့်လျှင် ပါးလေးများကိုသာ မြင်ရတော့၏။

 

“ကောင်းပါပြီ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းတဲ့ အခြေအနေပါပဲ”

 

“ဘာကောင်းတာလဲ”

 

သူတို့နှစ်ယောက်ကို တိတ်ဆိတ်စွာ ကြည့်နေသော အန်ဒရီသည် ရယ်မောလိုက်ရာ မိုက်ကီရယ်က မျက်မှောင်ကျုံ့လိုက်၏။ သူ၏ အတွေ့အကြုံအရ ပြောရလျှင် အန်ဒရီ၏ ‘ကောင်းသောအခြေအနေ’ ဆိုသည်မှာ သူ့အတွက် မည်သည်မျှ မကောင်းနိုင်ပေ။

 

“အိုင်းစက် ယူလာခဲ့”

 

“ဟုတ်ကဲ့ အရှင်မင်းကြီး”

 

အန်ဒရီက သူ၏ အစောင့်အရှောက် သူရဲကောင်း အိုင်းစက်ကို ခေါ်လိုက်သော် အိုင်းစက်က တစ်နေရာမှ ပြန်ဖြေလာ၏။ သူက ဧကရာဇ်၏ သီးသန့် အစောင့်အရှောက် ဖြစ်သောကြောင့် လူမြင်ကွင်းမှ ပုန်းကွယ်နေခြင်း ဖြစ်လောက်ပေမည်။

 

ယောလ်က သူအပါအဝင် လူသုံးယောက်သာ ရှိသည်ဟု ထင်ထားခဲ့သော်လည်း တစ်နေရာမှ အဖြေ ပြန်ပေးလာသည်ကို ကြားသော် ထိတ်လန့်သွားခဲ့၏။


မိုက်ကီရယ်နှင့် လယ်ဗီသည် ယခုကဲ့သို့ အခြေအနေမျိုးကို ရင်းနှီးပြီးသားဖြစ်သည်မို့ အိုင်းစက်၏ အဖြေကို ဂရုမစိုက်ခဲ့ပေ။ သို့သော် အန်ဒရီ၏ ‘ယူခဲ့’ ဆိုသော စကားက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။ 

 

မည်သည်ကြောင့်မှန်းမသိ၊ သူ ယူလာခိုင်းသောအရာမှာ အလွန် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းပြီး ဒုက္ခပေးသော အရာတစ်ခု ဖြစ်လိမ့်မည့်ပုံ ပေါ်၏။

 

“အဆင်သင့်ဖြစ်ပါပြီ”

 

အိုင်းစက်က လှည်းငယ်လေးတစ်စီးကို တွန်းရင်း ပေါ်လာလေသည်။ ထိုလှည်းပေါ်တွင် ကြီးမားသော လက်ဝတ်ရတနာပုံးတစ်ပုံး တင်ထား၏။ 

 

မိုက်ကီရယ်သည် လက်ဝတ်ရတနာပုံးကို ကသိကအောက်ဖြစ်စွာ ကြည့်၍ လယ်ဗီ၏ အစိမ်းရောင် မျက်လုံးများတွင်မူ စူးစမ်းလိုစိတ် အနည်းငယ်သာ ရှိနေသည်။ သို့သော် မည်သို့ပင်ဖြစ်စေ အတွင်းထဲတွင် မည်သည့်အရာရှိကြောင်းကို လယ်ဗီ သိချင်သည်မှာ ယောလ်လောက်တော့ မဟုတ်ပေ။

 

ယောလ်၏ မျက်လုံးများက လှပသော လက်ဝတ်ရတနာပုံးကို ကြည့်ရင်း တောက်ပလာ၏။ သူက သူ့ခန္ဓာကိုယ်ပင် ဝင်ဆံ့လောက်အောင် ကြီးမားနေသည့် ပုံးကြီး၏ အထဲတွင် မည်သို့ ရှားပါးပစ္စည်းမျိုး ရှိနေမည်ကို သိချင်စိတ်ပြင်းပြပြီး ပျော်ရွှင်နေခဲ့သည်။

 

“ဒါ အေးနီးယက်စ် နယ်စားကြီးရဲ့ လက်ဆောင် မင်းယူလိုက် မိုက်ကီရယ်”

 

“ဘာ”

 

"မင်္ဂလာဆောင်ကိစ္စ ပြောတုန်းက ပေးတာမို့ လက်ခံဖို့ကို မဝံ့မရဲဖြစ်ခဲ့ရတာ ဒါပေမယ့် ဒါက နယ်စား‌ဆီကဟာကို ငါ ဘယ်သူ့ကိုမှ လက်ဆောင် ပြန်ပေးလို့ မရဘူးလို့ မဆိုလိုဘူးလေ၊ ငါ အက်ရှ်မြို့စားအိုလော့ဗ်ကို ပေးလိုက်တယ်လို့ ပြောရင် အေးနီးယက်စ် နားလည်ပါလိမ့်မယ်”

 

“မင်းက ငါ့ဆီ ပုံချနေတာပဲ"

 

"ဒါပေမဲ့ သူတို့က အဖိုးတန်ပစ္စည်းလို့ အကြိမ်ကြိမ် ပြောခဲ့တာ၊ နတ်ဆိုးတွေကို မောင်းထုတ်ပေးပြီး ကံကောင်းခြင်းတွေကို ယူဆောင်လာပေးတယ်တဲ့လေ”

 

ဘာ! 


အန်ဒရီ၏ စကားများကို ကြားသည်နှင့် ယောလ် မျက်နှာမှာ ချက်ချင်း ရှုံ့မဲ့သွားတော့၏။ သူက ဈေးကြီးသော လက်ဝတ်ရတနာများ ပါလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း မကောင်းဆိုးဝါးများကို မောင်းထုတ်ပေးမည်ဟု သူ မယုံကြည်ခဲ့ပေ။

 

အန်ဒရီ ပြောလိုက်သော စကားများက သူ့ကို ရည်ရွယ်နေကြောင်း ယောလ် သတိထားမိလိုက်သောအခါ ကြက်သီးထသွားတော့သည်။ သို့သည့်တိုင် ယောလ်၏ လက်ဝတ်ရတနာပုံးထဲရှိ ပစ္စည်းများအပေါ် မျှော်လင့်ချက်များမှာ လုံးဝ လျော့နည်းသွားခြင်း မရှိခဲ့ပေ။

 

“ဖွင့်လိုက်!”

 

အန်ဒရီ့စကားများက မိုက်ကီရယ်၏ ကသိကအောက်ဖြစ်မှုကို မဖြေလျော့နိုင်ခဲ့ချေ။ လက်ဝတ်ရတနာဖြစ်စေ၊ ပန်းချီဖြစ်စေ တန်ဖိုးရှိသော ပစ္စည်းများစွာသည် အက်ရှ်မြိုစား၏ အိမ်တော် ပတ်လည်တွင် ပြန့်ကျဲနေခဲ့ပြီးလေပြီ။ သူက ယခုထက် ပိုမို ပိုင်ဆိုင်လိုစိတ် မရှိသည့်အပြင် ၎င်းမှာ အန်ဒရီ မလိုချင်သော ပစ္စည်းဆိုလျှင် ပို၍ပင် အဆင်မပြေဖြစ်ရသည်။

 

သို့သော် အန်ဒရီသည် သူ့စိတ်ကြိုက် လုပ်ဆောင်တတ်သူဖြစ်ပြီး မည်မျှပင် ပြဿနာရှာတတ်ပါစေ သူက ဧကရာဇ်ပင် ဖြစ်၏။

 

မည်သည့် လုပ်ထုံးလုပ်နည်းမျှ မပါဘဲ မိုက်ကီရယ့်ကို နယ်စားကြီးထံမှ ပစ္စည်းများအား လွှဲပြောင်းပေးမည် မဟုတ်ပေ။ ထို့ကြောင့် သူ ဧကရာဇ်မိသားစု၏ လိုအပ်သော လုပ်ထုံးလုပ်နည်း အားလုံးကို လိုက်နာပြီးသား ဖြစ်ရမည်။ ထိုသို့သော ပစ္စည်းကို ငြင်းပယ်ခြင်းမှာ ဧကရာဇ်၏အမိန့်ကို ငြင်းပယ်ခြင်းနှင့် အတူတူဖြစ်မည်ဖြစ်ပြီး အန်ဒရီ့ကို အရှက်ရစေလိမ့်မည်။

 

ထို့ကြောင့် မိုက်ကီရယ်က အန်ဒရီ ပေးသော ပစ္စည်းများအား တကယ် မလိုချင်ခဲ့သော်ငြား ငြင်းပယ်နိုင်ရန် နည်းလမ်းမရှိခဲ့ပေ။ နောက်ဆုံးတော့ အန်ဒရီ ပြောသည့်အတိုင်း သူ လက်ဝတ်ရတနာပုံးနားသို့ တိုးကပ်သွားလိုက်၏။

 

“ကျွန်တော်လည်း မြင်ချင်တယ်၊ မိုက်ကီရယ် ကျွန်တော်လည်း မြင်ချင်တယ်လို့"

 

ယောလ် မိုက်ကီရယ်၏ ခြေထောက်နားတွင် ခုန်ပြီး အော်လိုက်၏။ သူ ဘာတွေ မျှော်လင့်နေသည်ကို မည်သူမျှ မသိနိုင်ပေမဲ့ ယောလ်ကတော့ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။

 

မိုက်ကီရယ်က ရယ်မောလိုက်ပြီး ယောလ်ကို မကာ သူ့ပခုံးပေါ်သို့ တင်ပေးလိုက်၏။ ထို့နောက် ယောလ်က မိုက်ကီရယ်၏ ပခုံးပေါ်တွင် ထိုင်၍ ကော်လာကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

 

မိုက်ကီရယ်က တင်းကျပ်စွာ ပိတ်ထားသော လက်ဝတ်ရတနာပုံးကို ဖွင့်လိုက်သောအခါ အန်ဒရီက မဲ့ပြုံးပြုံးပြီး ပြောလိုက်၏။

 

“ဂရုစိုက်နော်”

 

သေတ္တာထဲတွင် ရှိနေသည်မှာ တောက်ပသော အလင်းတန်းများစွာ အရိပ်ထင်ကျနေသည့် အနက်ရောင် ဥကြီးတစ်လုံးပင်။