Chapter 13
Viewers 2k

Chapter 13


“အွတ်”

 

ယောလ်တစ်ယောက် ပါးစပ်ကို လက်ဖြင့် အုပ်၍ အန်ချင်သကဲ့သို့ ဖြစ်လာသည်။ ထို့နောက် သူ၏ လက်ချောင်းမရှိသော ချည်အရုပ်လက် လုံးလုံးလေးဖြင့် ‘တစ်ရက်၊ နှစ်ရက်၊ သုံးရက်…’ ဟု စတင် ရေတွက်လိုက်တော့၏။ 

 

ဤခရီးမှာ ထိုမျှနှင့် မပြီးသေးချေ။ ရေတွက်ပြီးသော် သူ၏ ချည်မျှင်များနှင့် ပြည့်နေသော ဗိုက်ပေါ်သို့ လက်တင်လိုက်ပြီး မျက်နှာမှာလည်း လေးနက်သော အမူအရာဖြစ်နေ၏။ ၎င်းက နံနက်စာ စားချိန်တွင် ဖြစ်ခဲ့ခြင်းပင်။

 

ထိုအရာအားလုံးကို ပေါင်းကြည့်လိုက်သော် ယောလ်၏ လက်ရှိပုံစံမှာ ဒရာမာဇာတ်လမ်းမှ ဇာတ်လိုက်မင်းသမီး ကိုယ်ဝန်ရှိကြောင်း ဖော်ပြသော မြင်ကွင်းနှင့် တူနေတော့၏။

 

တစ်ခါမျှ တီဗီဒရာမာ မကြည့်ဖူးသော်လည်း မိုက်ကီရယ်သည် သူ့အလိုလို ခံစားမိသော ထူးဆန်းမှုကြောင့် ယောလ်အား အံ့သြသော အကြည့်များဖြင့် ကြည့်လိုက်သည်။

 

“ဘာတွေဖြစ်နေတာလဲ”

 

မိုက်ကီရယ်၏ မေးခွန်းကို ဖြေရန် ယောလ် အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့၏။ မိုက်ကီရယ်၏ သံသယများက တဖြည်းဖြည်း ကြီးထွားလာသည်။ ထို့အပြင် သူတို့နှစ်ဦးကို ဝန်းရံထားသော ထူးဆန်းသည့် လေထုတစ်ခုလည်း ရှိနေ၏။

 

သူ အရုပ်တစ်ရုပ်ကို ကိုယ်ဝန်ရအောင် ဘယ်တုန်းကမှ မလုပ်ခဲ့ပေ။ အစကတည်းက မည်သူ့ကိုမျှ ကိုယ်ဝန်ရှိစေရန် ရှေ့ပြေးအဆင့်များပင် မလုပ်ခဲ့ချေ။ သူ၏ လက်ကိုပင် တစ်ခါမျှ မကိုင်ဖူးရာ လက်တွေ့အားဖြင့် ထိုအရာမှာ မဖြစ်နိုင်သည့် ကိစ္စပင်။

 

အစကတည်းက ဒီလက်ဖဝါးအရွယ် ချည်အရုပ်လေးနဲ့ သူ ဘာတွေများ လုပ်နေမိပါလိမ့်။

 

မိုက်ကီရယ်သည် သူ့ခေါင်းထဲတွင် ဆက်တိုက် ပေါ်လာသော မဖြစ်နိုင်သည့် အတွေးများကို ဖျောက်ပစ်ရန် ကြိုးစားနေခဲ့၏။

 

တစ်ချိန်တည်းမှာပင် ထိုသို့ စကားပြောနိုင်၊ လှုပ်ရှားနိုင်ပြီး စားသောက်နိုင်သော အရုပ်တစ်ရုပ်က မည်သည့်အရာအား မလုပ်နိုင်ကြောင်းကို သူ သိချင်နေမိသည်။

 

“အာ…မိုက်ကီရယ် ကျွန်တော် ပြောတာကို အထင်မလွဲပါနဲ့နော်"

 

"ကြိုးစားကြည့်မယ်”

 

ယောလ်၏ ထိုစကားများကြောင့် မိုက်ကီရယ်တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားရာ ပြန်ဖြေရန်ပင် ခက်ခဲနေ၏။ ၎င်းမှာ သူ စိတ်ကူးနိုင်သည့် အဆိုးဆုံး အခြေအနေ မဟုတ်ပါစေနှင့်ဟု မျှော်လင့်နေမိသည်။

 

“အစားအစာ၊ ကျွန်တော် အစား စားချင်တယ် မိုက်ကီရယ်”

 

ထိုစကားများသည် အထက်တန်းလွှာ မိသားစု၏ နံနက်စာ စားပွဲမှ ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ နိုင်ငံတော်တွင် အချမ်းသာဆုံး မိသားစုဖြစ်သော မြို့စားမင်း အိုလော့ဗ် မိသားစုမှဖြစ်၏။

 

သူ စိုးရိမ်နေသည့်အရာ မဟုတ်သောကြောင့် စိတ်သက်သာရာ ရသွားသော်လည်း မိုက်ကီရယ်မှာ သူ့တစ်သက်နှင့်တစ်ကိုယ် ပထမဆုံး အကြိမ်အဖြစ် အစားအစာနှင့် ပတ်သက်သော ငြီးငြူချက်ကို ကြားလိုက်ရသောအခါ အဓိပ္ပာယ်မရှိသည်များအား ပြောတတ်သော ပန်းရောင်ဆံပင်နှင့် ချည်အရုပ်လေးကို ကြည့်၍ မျက်မှောင် ကျုံ့လိုက်မိသည်။

 

“အစားအစာလို့၊ ကျွန်တော် ကင်မ်ချီစတူး စားချင်တယ် မဟုတ်သေးဘူး ကင်မ်ချီ ဆိုရင်ကို ရပြီ စတူးလုပ်စရာ မလိုဘူး၊ ဟင့်အင်း ရာမန်၊ ကင်မ်ချီရာမန် ကင်မ်ချီ ရာမန်ကိုမှ ကြက်ဥနဲ့၊ အား… ကျွန်‌တော် စပ်တဲ့ အစားအစာတွေ စားချင်တယ် နီနီရဲရဲနဲ့ ဟာမျိုး၊ ခရမ်းချဉ်သီးဆော့စ် မဟုတ်ဘူး”

 

ယောလ်သည် လက်ဖက်ရည်ဇွန်း တစ်ချောင်းကို ပစ်ပေါက်လိုက်ပြီး ကိုရီးယား အစားအစာ စားချင်သည်ဟု အော်ဟစ်နေတော့၏။ ဤကမ္ဘာသို့ ရောက်ရှိလာခဲ့သည်မှာ ဆယ်ရက်ကျော်ပြီပင်။ ဝမ်းနည်းဖွယ် အငတ်ဘေးကာလကို ဖယ်ထုတ်လိုက်ပါက သူသည် အနောက်တိုင်း အစားအစာများကို အကြိမ် ၂၀ အပြည့် စားခဲ့ရသည်။

 

မြို့စားမင်း အိုလော့ဗ် ၏ ဂုဏ်သတင်းနှင့်အညီ ထမင်းစားချိန်တိုင်း၌ စားပွဲပေါ်တွင် တည်ခင်းထားသော အစားအစာတိုင်းသည် အကောင်းဆုံး အရာများဖြင့် ပြည့်နှက်နေသော ပွဲတော်ကြီးတစ်ခု သဖွယ်ပင်။

 

ခရင်မ်စွပ်ပြုတ်၊ ဟင်းသီးဟင်းရွက်စွပ်ပြုတ်၊ ကြက်သားစွပ်ပြုတ်၊ ချိစ်‌ဂေါ်ဖီထုတ်စွပ်ပြုတ်၊ မှိုစွပ်ပြုတ်၊ ကမာစွပ်ပြုတ် အစရှိသဖြင့် စွပ်ပြုတ် အမျိုးအစားများသည် အစာစားချိန် တစ်ခုနှင့်တစ်ခု မတူဘဲ ပြောင်းလဲနေသည်။

 

ပြောနေသည့် အချိန်မှာပင် ယောလ်သည် ခရင်မ်စွပ်ပြုတ်များ သူ့လည်ချောင်းထဲအထိ ရောက်လာသကဲ့သို့ ခံစားလိုက်ရ၏။ စွပ်ပြုတ် အမျိုးအစားများ မြောက်များစွာ ရှိသည်ကို သူ ဘယ်တုန်းကမှ မသိခဲ့ဖူးပေ။

 

ထိုမျှသာမက အသုပ်များလည်း အမျိုးအစား များစွာ ရှိလေသည်။ တော့ပင်များနှင့် ဆော့စ်အနှစ်များ သာမက အသုပ်၏ အဓိက ပါဝင်ပစ္စည်းဖြစ်သော ဟင်းသီးဟင်းရွက်များသည်လည်း တစ်ခေါက်နှင့်တစ်ခေါက် မတူညီဘဲ ပြောင်းလဲနေတတ်၏။

 

အစားအစာနှင့်အတူ ပါလာတတ်‌သော ပေါင်မုန့်များမှာလည်း ထိုကဲ့သို့ပင် တစ်ခေါက်နှင့်တစ်ခေါက် မတူပေ။ တစ်ခါတစ်ရံတွင် ပြားပြီး ဝါးရခက်သော ပေါင်မုန့်ဖြစ်ပြီး တစ်ခါတစ်ရံတွင် မလှီးရသေးသည့် ပူပူနွေးနွေး ဖောင်းကြွနေသော ပေါင်မုန့်ဖြစ်ကာ တစ်ခါတစ်ရံတွင် မာကျောပြီး ရှည်လျားသော ပေါင်မုန့်မျိုးလည်း ဖြစ်နေတတ်၏။


အဓိက ဟင်းလျာများကလည်း ကောင်းမွန်လှသည်။ ပုံမှန်အားဖြင့် အမဲသားကင်အား အစားအစားချိန်တိုင်းတွင် တည်ခင်းလေ့ရှိသည်။ ထို့အပြင် သူ mukbangရှိုးတွင်သာ livestreamer တစ်ဦး စားပြသည်ကို မြင်ဖူးသော တိုမာဟော့ခ် စတိခ်နှင့် မိုက်ကီရယ်၏ လက်ဖျံအရွယ်ရှိသည့် ငါးကင်တစ်ကောင်အား နောက်တစ်နေ့တွင် တည်ခင်းလေ၏။

 

ကြက်သား၊ ငန်းသား၊ သိုးသား၊ ပုစွန် စသည့် ရင်းနှီးသော ပါဝင်ပစ္စည်းများမှအစ နာမည်သာ ကြားဖူးခဲ့သည့် ဇိမ်ခံဟင်းပွဲ အမျိုးမျိုးက စားပွဲပေါ်သို့ နေ့စဉ်နေ့တိုင်း ရောက်လာလေသည်။

 

ပထမတွင်တော့ ယောလ် အလွန် ဝမ်းသာနေခဲ့၏။ မြို့စားမင်း၏ အိမ်တော်သို့ ရောက်ရှိပြီး ရက်အနည်းငယ်ကြာ ဆာလောင်‌မွတ်သိပ်ခဲ့ရသဖြင့် သူ မည်သည့် အရာမဆို စားနိုင်ခဲ့လေသည်။

 

ထို့နောက် ရက်အတော်ကြာသည်အထိ သူ အလွန် ကောင်းမွန်သော အစားအစာများကို စားခဲ့ရ၏။ ပထမဆုံးအကြိမ် မြည်းစမ်းစားရသည့် စားကောင်းသောက်ဖွယ်များကြောင့် ပျော်ရွှင်နေတော့သည်။ လက်ဖဝါးအရွယ် လက်သုတ်ပဝါ တစ်ထည်ကို လည်ပင်းတွင် အပေါ်ဝတ်အဖြစ် ပတ်ကာ အစားအသောက်များကို

အငမ်းမရ စားခဲ့၏။

 

တစ်ခါတစ်ရံတွင် ထိုကဲ့သို့ အငမ်းမရ စားခြင်းကြောင့် သူ့နှုတ်ခမ်းပေါ် တွင် အစားအသောက်များ ပေကျန်‌နေတတ်သည်။ ထိုသို့ ဖြစ်သောအခါ မိုက်ကီရယ်က ယောလ်၏ နှုတ်ခမ်းများကို ရေစွတ်ထားသော လက်သုတ်ပဝါဖြင့် သုတ်ပေးကာ သက်ပြင်းချတတ်၏။

 

မိုက်ကီရယ်၏ ကျေးဇူးဖြင့် ယောလ် အနည်းငယ် သတိကပ်သွား‌လေသည်။

၎င်းတို့မှာလည်း သူတို့နည်း သူတို့ဟန်နှင့် နှစ်လိုဖွယ်ကောင်းသော အစားအစာများ ဖြစ်ခဲ့၏။

 

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထိုအစားအစာများကို ကြည့်ရုံဖြင့်ပင် ပျို့အန်ချင်လာတော့၏။

 

ထောပတ်နှင့် နို့ထွက်ပစ္စည်းများ ကဲ့သို့သော အရသာရှိသည့် အစားအစာများအစား ကိုရီးယား အစားအစာများကိုသာ စားချင်နေသည်။ 


ဓာတ်ခွဲခန်းတွင် နေ့တိုင်း စားခဲ့ရသော တြိဂံပုံ ထမင်းလိပ်နှင့် ခေါက်ဆွဲပြုတ်များကို လွမ်းဆွတ်နေခဲ့၏။

 

စားပွဲပေါ်တွင် ကောက်နှံ၊ အသုပ်စုံ၊ မုန့်ဖုတ်ထားသော ပေါင်မုန့်၊ ဝက်ပေါင်ခြောက်၊ အနှစ်ခဲနေသော ကြက်ဥကြော်၊ စွပ်ပြုတ်နှင့် အုတ်ဂျုံအပြင် အမည်မသိ အနောက်တိုင်း ဟင်းပွဲမျိုးစုံလည်း ရှိနေသည်။

 

အစားအစာကို ကြည့်ပြီး သူ၏ ဗိုက်ကို ထိန်းချုပ်ကာ လက်ဖက်ရည်ဇွန်းဖြင့် ဖရုံသီးစွပ်ပြုတ် အနည်းငယ်ကို အတင်းအကျပ် ဇွန်းဖြင့် ခပ်လိုက်သည်။ သို့သော် ချက်ချင်းပင် ပျို့အန်ချင်စိတ် ဖြစ်လာတော့၏။

 

သူ ဆက်ပြီး မလုပ်နိုင်တော့ချေ။ သူ သေလောက်အောင် မူးဝေလာသည်။ နောက်ဆုံးတွင် ယောလ် သူ့စိတ်သူ မထိန်းချုပ်နိုင်တော့ဘဲ ကလေးလေး တစ်ယောက်ကဲ့သို့ ချွဲနွဲ့ကာ ငြီးတွားတော့၏။

 

ထိုအရာကို မြင်သည်နှင့် မိုက်ကီရယ် စိတ်ရှုပ်သွားတော့သည်။ 


ကင်မ်ချီဆိုတာက ဘာလဲ၊ ရာမန်ဆိုတာက ဘာလဲတောင် သူ နားလည်မနေဘူး။

 

သူနှင့်အတူ စားနေစဉ် ပန်းကန်ခွက်ယောက်များကို ပစ်ပေါက်သည့် လူကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ ရိုးရိုးသားသား ပြောရလျှင် ထိုလူမှာလည်း လူသားမဟုတ်ခဲ့ပေ။

 

ယောလ်၏ တည်ရှိမှုကို မြိုစားမင်းအိမ်တော်ရှိ အစေခံများက မသိသောကြောင့် ထမင်းစားခန်းအစား သူ့ကိုယ်ပိုင် အခန်းထဲတွင်သာ စားစေခဲ့သည်။ သူ ယောလ်ကို ရက်အနည်းငယ်ကြာ ငတ်ပြတ်အောင် မတော်တဆ လုပ်မိခဲ့သောကြောင့် သူ့နည်းသူ့ဟန်ဖြင့် ဂရုစိုက်ပေးခဲ့၏။

 

“အရုပ်ဖြစ်ရတာ တော်တော် အဆင်‌ပြေတာပဲ”

 

ယောလ် အစားအစာ တောင်းလိုက်သည်ကို ထူးဆန်းသော အဖြေ ပြန်ရလာ၏။ သူ ခေါင်းကို စောင်းပြီး “ဒီကောင် ဘာတွေပြောနေတာလဲ” ဟု တွေးလိုက်သည်။ 


ဒါပေါ့ သူ မိုက်မဲတဲ့အရာ ဘာတခုမှ မလုပ်ဘူးရယ်၊ အဲဒါကို အသံထွက်ပြီး မပြောလိုက်ဘူးလေ။

 

“ခြေတွေ လက်တွေကို ဖြတ်လိုက်ရင်တောင် ပြန်ချုပ်လို့ ရတယ်လေ”

 

“ဟစ်"

 

မိုက်ကီရယ်၏ စကားများကြောင့် ယောလ်တစ်ယောက် ထိတ်လန့်သွားကာ လက်သေးသေးလေး နှစ်ဖက်လုံးဖြင့် ပါးစပ်ကို အုပ်လိုက်သည်။

 

အမှန်ပင် သီအိုရီအရ ၎င်းမှာ အရုပ်ခန္ဓာကိုယ် ဖြစ်သောကြောင့် ချုပ်လိုက်ပါက ပြန်တွဲသွားမည်ပင်။ သို့သော်လည်း သူ မြင့်မားသော နေရာမှ ပြုတ်ကျသောအခါ အနည်းငယ် နာကျင်ခဲ့၏။ ထို့ကြောင့် ခြေလက်များ ဖြတ်တောက်ခံရပါကလည်း နာကျင်မှုကို ခံစားရမည်ပင်။

 

မိုက်ကီရယ်က ထိုအချက်ကို မသိဘဲနေမည် မဟုတ်သော်လည်း ကြောက်မက်ဖွယ် ကောင်းသော စကားများကို ပေါ့ပေါ့ပါးပါး ပြောခဲ့သည်။

 

မျှော်လင့်ထားသည့်အတိုင်း ဤလူက ရူးသွပ်နေသည်ပင်။


အရူး၊ ရူး‌နေတဲ့ ဂေါက်သီး။

 

ယောလ်၏ ခန္ဓာကိုယ်လေးမှာ ကြောက်ရွံ့မှုကြောင့် တုန်ရီနေသည်။ မိုက်ကီရယ်က သူ့ကို အေးစက်သော မျက်လုံးနီများဖြင့် စိုက်ကြည့်နေ၏။ သူ့ပုံရိပ်က သွေးများဖြင့် ရွှဲစိုနေသော မျက်လုံးနီများထဲတွင် နစ်မြုပ်နေသကဲ့သို့ပင်။ ယောလ်သည် ကြောက်ရွံ့မှုကြောင့် တံတွေးကို ခြောက်ကပ်စွာ မျိုချလိုက်သည်။

 

“ဒီဓားနဲ့ဆိုရင်တောင် အဲဒီ ကိုယ်လုံးသေးသေးလေးက ပြတ်ထွက်သွားလိမ့်မယ်”

 

သူ့ခြေလက်များကို ဖြတ်တော့မည့်အလား မိုက်ကီရယ်သည် ပေါင်မုန့်ဓားကို ယူပြီး သူ၏ လက်ချောင်းများဖြင့် ညင်သာစွာ လှည့်လိုက်၏။


လျင်မြန်ပြီး ကျွမ်းကျင်သော ထိုရွေ့လျားမှုကို မြင်သောအခါ ယောလ်သည် ဓား သူ့ထံသို့ မရောက်မီ သူ၏ ဒေါသကို ငြိမ်သက်အောင် လုပ်ရန် ဆုံးဖြတ်လိုက်သည်။

 

ယောလ် သူ့ပါးစပ်ကို ဂရုတစိုက် ဖွင့်လိုက်၏။

 

“ကျ-ကျွန်တော် တိတ်တိတ်လေး စားပါ့မယ်”

 

“အကြံကောင်းပဲ”

 

“ဟုတ်ကဲ့”

 

ယောလ်ခမျာ နောက်ထပ် မည်သည့် ငြီးငြူမှုမှ မရှိဘဲ တိတ်ဆိတ်စွာ ဆက်စားနေသည်။ သူ ပေါင်မုန့်ကို သူ၏ လက်သည်းခွံလေးများ အရွယ်အထိ သေးငယ်အောင် လှီးဖြတ်လိုက်၏။ ထို့နောက် အသုပ်စုံမှ ဆလတ်ရွက်ကို ပဲစေ့ တစ်စေ့အရွယ် စားကာ စွပ်ပြုတ်ကို လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့် သောက်လိုက်သည်။

 

“ကောင်းကောင်း စားပြီးပါပြီ”

 

အစားအစာကို မြည်းစမ်းကြည့်ရုံမျှသာ စားခဲ့သော ယောလ်သည် အလျင်အမြန်ပင် စားပြီးသွားလေ၏။

 

မိုက်ကီရယ်က ယောလ်စားထားသော အစအနများကို တိတ်ဆိတ်စွာ ကြည့်နေလေသည်။

 

ပေါင်မုန့်ကို တတ်နိုင်သမျှ သေးငယ်အောင် လှီးဖြတ်ထားသော်လည်း သူ၏ လက်သည်းခွံလေးများ အရွယ်သာ ဖြစ်သောကြောင့် သူ ဘာစားခဲ့သည်ကို ပြောရန် ခက်ခဲ၏။

 

သူ စားခဲ့သော အစားအစာ ပမာဏမှာ သူ၏ အစာစားချင်စိတ်နှင့် နှိုင်းယှဉ်ပါက မယုံနိုင်လောက်အောင် နည်းပါးသည်။ ပုံမှန်အားဖြင့်ဆိုလျှင် အစားအစာကို ကြည့်လိုက်တိုင်း သူ၏ မျက်လုံးများမှာ တောက်ပလာလေ့ ရှိသော်လည်း ယနေ့မူ အထူးပင် ဆိုးရွားနေ၏။

 

စဉ်းစားကြည့်ပါက လွန်ခဲ့သော ရက်အနည်းငယ် ကတည်းကပင် အစာစားချိန် ဖြစ်သော်လည်း ယခင်ကကဲ့သို့ ပျော်ရွှင်ကြောင်း မပြခဲ့ပေ။

 

“စားလို့ပြီးပြီလား”

 

“ဟုတ်ကဲ့ အများကြီး စားခဲ့ပါတယ်၊ အသုပ်စုံကို ဒီလောက် စားတယ် စွပ်ပြုတ်ကို ဒီလောက် သောက်ပြီး ပေါင်မုန့်လည်း ဒီလောက် စားခဲ့ပါတယ်”

 

သူ ပြောနေသည်ကို သက်သေပြသကဲ့သို့ ယောလ်သည် လက်ဖြင့် သူ စားခဲ့သော အစားအစာ တစ်ခုစီကို လက်ညှိုး ထိုးပြလိုက်သည်။ သို့သော် မိုက်ကီရယ်၏ မျက်လုံးများက သူ စားခဲ့သည်များကို တစ်ချက်မျှပင် မကြည့်ခဲ့ပေ။

 

“အင်း ကောင်းပြီ”


သို့သော် သူ ယခုတော့ နောက်ဆုတ်ရန် ဆုံးဖြတ်လိုက်သည်။ ဒီထက်ပိုပြီး မေးမြန်းလိုက်လျှင် ထိုကောင်လေးမှာ အဝတ်များ ရွှဲရွှဲစိုအောင်ပင် အော်ဟစ်ငိုယိုပေလိမ့်မည်။

 

မိုက်ကီရယ်၏ အဖြေကြောင့် ယောလ် သက်ပြင်းချကာ စိတ်သက်သာရာ ရသွား၏။ သူ အသက်ရှင်ခဲ့သည်။ သူ၏ ခြေလက်များ မပြတ်ရှ၊ မပျက်စီးဘဲ နောက်ထပ် အနည်းငယ် ကြာအောင် ခံနိုင်ရည် ရှိခဲ့သည်။ သို့သော် ထိုလူ မည်သည့် အချိန်တွင် မည်သည့် အကြောင်းကြောင့် ရူးသွပ်လာမည်ကို သူ မသိသောကြောင့် ထွက်ပြေးရန် ပြင်ဆင်ထားရတော့မည်ပင်။

 

ယောလ်မှာ သူ့စကားများကြောင့် စိတ်သက်သာရာ ရသွားသော်လည်း ထိုအန္တရာယ်ရှိသော လူဆိုးထံမှ ထွက်ပြေးရန် ဆုံးဖြတ်ချက် ချထားလိုက်တော့၏။