အပိုင်း
(၅၉) သစ်ပင်အရိပ်တွေက ကခုန်နေသလိုပဲ။
အားကစားခန်းမက
လူအတော်လေး များပြားနေသည်။
ကျင်းမြို့
အမှတ်တစ်အလယ်တန်းကျောင်းမှ စီနီယာနှစ်ကို သင်ပေးရသည့် ဆရာများ အားလုံးက ယနေ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ
စိတ်အားတက်ကြွအောင် လှုံ့ဆော်ပေးသည့် စုဝေးပွဲကို တက်ရောက်ကြသည်။
ကျောင်းနှစ်ကျောင်းမှ
ပေါင်းထားသည့် စီနီယာနှစ် ကျောင်းသားများနှင့် မြင်ကွင်းက အလွန် သက်ဝင်လှုပ်ရှားနေသည်။
စီနီယာနှစ်ကျောင်းသားများ၏
စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ကူညီဖြေရှင်းပေးရန် အားကစားခန်းမတဝိုက်၌ ယာတီတဲများ
ဆောက်လုပ်ထားသည်။
စင်ပေါ်တွင်
ကျောင်းအုပ်ဆရာကြီးက မိုက်ခရိုဖုန်းကို စမ်းသပ်နေသည်။
"ဟယ်လို
ဟယ်လို 1...2... ဟယ်လို။"
ချီရှောင်ပိုင်သည်
ခန်းမအတွင်း၌ အလွန်ကျပ်သိပ်ပြီး ဆူညံနေသည်ဟု ခံစားမိသောကြောင့် အပြင်သို့ တစ်ယောက်တည်း
လျှောက်ထွက်သွားခဲ့သည်။
သို့ပေမယ့်
အပြင်မှာလည်း လူက မနည်းလှစွာ ရှိနေကြောင်း မထင်ခဲ့မိပေ။
ထို့ကြောင့်
လူနည်းသော လမ်းသွယ်များထဲသို့ လျှောက်သွားရန်သာ တတ်နိုင်သည်။
ဩဂုတ်လနှောင်းပိုင်း၏
နေရောင်ခြည်က ပရုတ်ပင် အရွက်များကြားမှနေ၍ ကျောင်းဝင်း၏ ကတ္တရာလမ်းပေါ် အစက်အပြောက်များအဖြစ်
ကြိုကြားကြိုကြား ကျရောက်နေသည်။
သူက ပျင်းရိနေသော
ခြေလှမ်းများဖြင့် လက်များကို အိတ်ကပ်ထဲ ထည့်ကာ လမ်းလျှောက်လာခဲ့၏။
နေရောင်က
အလွန် တောက်ပမနေဘဲ လေနုအေးလေးက သူ့မျက်နှာကို ပွတ်သပ်သွားကာ စိတ်ကို အပန်းပြေသွားစေသည်။
သူနှင့်
မျက်နှာချင်းဆိုင်မှ လျှောက်လာသည့် ကောင်မလေးတစ်ယောက်နှင့် သူ့အကြည့်တို့ မတော်တဆ
ဆုံမိသွားသည်။
ထိုအချိန်၌
သစ်ပင်အကိုင်းအခက်များ၏ အရိပ်များက ယိမ်းနွဲ့နေသယောင် ထင်မှတ်ရသည်။
သစ်ရွက်များကြားမှ
ကျဆင်းလာသည့် အလင်းတို့က မိန်းကလေး၏ ဖြူစင်သော မျက်နှာထက်သို့ ကျဆင်းသွားသည်။
သူမ၏
မျက်လုံးများက ကြည်လင်နေပြီး မျက်ခုံးလေးနှစ်ခုက လခြမ်းကွေးလေးကဲ့သို့ ခပ်ကွေးကွေးဖြစ်နေကာ
ဆံပင်များကို နားရွက်နောက်သို့ သိမ်းညှပ်ထားပြီး သူမ၏ လည်တိုင်နှင့် သွယ်လျချောမွေ့သည့်
ပခုံးများကို လှစ်ဟဖော်ပြနေကာ သူမ၏ နူးညံ့ပျော့ပျောင်းသော ဆံပင်များကို နေရောင်၏ နွေးထွေးသော
အရောင် ထင်ဟပ်နေကာ နွေးထွေး၍ သက်တောင့်သက်သာရှိသော ခံစားချက်ကို ပေးစွမ်းနေသည်။
သူမ မော့ကြည့်လိုက်သည့်အချိန်၌
ပိန်သွယ်သော ကောင်လေးတစ်ယောက်၏ ကြည်လင်သော မျက်လုံးများနှင့် ဆုံတွေ့လိုက်သည်။
ချီရှောင်ပိုင်၏
အသွင်အပြင်မှာ အေးစက်စက်နှင့် လျစ်လျူရှုတတ်သည့် ဟန်ရှိသည်။
သူ့ မျက်လုံးများထဲတွင်
နွေးထွေးသော နေရောင်တို့၏ နူးညံ့သော အလင်းတန်းများ ရစ်သိုင်းနေပြီး သူ့ကို အထူးတလည်
ကြည့်ကောင်းသွားစေသည်။
သစ်ပင်များပေါ်ရှိ
ပုစဉ်းရင်ကွဲများက တညီတညာတည်းဖြင့် ရုတ်တရက် ကျယ်လောင်စွာ ဆူဆူညံညံ အော်မြည်လာကြသည်။
ထိုအချိန်ခဏအတွင်း
ကမ္ဘာမြေကြီးက သီးခြားတည်ရှိသည့် လေဟာနယ်တစ်ခုကဲ့သို့ ဖြစ်သွားခဲ့လေသည်။
လေပြေညင်းက
ကောင်လေး၏ ကျယ်ပြန့်သည့် ပုခုံးကို ညင်သာစွာ ဖြတ်တိုက်လာသည်။
သူ၏ တီရှပ်အင်္ကျီအစွန်းစက
လေထဲတွင် တဖျတ်ဖျတ်လွင့်နေပြီး သူ့နှလုံးသားကလည်း တုန်ယင်လာသည်။
သူတို့
အကြည့်များက စက္ကန့်အနည်းငယ်ကြာအောင် ဆုံတွေ့ခဲ့ပြီးနောက် အမြန်အဆန် လွှဲဖယ်သွားခဲ့ကြသည်။
ထို့နောက်
သူတို့က အချင်းချင်း ဖြတ်ကျော်သွားခဲ့ကြ၏။
........
အားကစားရုံသို့
ပြန်ရောက်လာသောအခါ ချီရှောင်ပိုင်သည် လက်ထဲတွင် အအေးခံထားသည့် တွင်းထွက်ရေ နှစ်ပုလင်းကို
ကိုင်ဆောင်လာသည်။
လေအေးပေးစက်များသည်
ခန်းမထဲသို့ အေးမြသောလေကို လွှတ်ထုတ်ပေးနေခဲ့၏။
နောက်ဆုံး၌
သူက အလွန် ပူပြင်းသည့် ခံစားချက်ကို မခံစားမိတော့ပေ။
ရှန်းမူမူသည်
အားကစားခန်းမထဲသို့ လူအုပ်ကြီးနောက်မှ လိုကွာကာ လူစုလူဝေးကြားတွင် ထင်ပေါ်သော အသွင်အပြင်ရှိသည့်
ချီရှောင်ပိုင်ကို ချက်ချင်း ရှာတွေ့လိုက်ရသည်။
သူမက
ပြုံးပြီး လက်ပြလိုက်သည်။
"ချီရှောင်ပိုင်"
ချီရှောင်ပိုင်က
ဝေ့ကျောက်နန်နှင့် စကားပြောနေခြင်း ဖြစ်သည်။ သူမ၏ အသံကိုကြားသည့်အခါ သူက ခေါင်းကို
လှည့်ကြည့်လာပြီး သူမထိုင်ရန် ခုံအား မျက်လုံးဖြင့် ညွှန်ပြလိုက်သည်။ သူတို့အနောက်တွင်
ထိုင်ခုံများ ရှိပေသည်။
ရှန်းမူမူ
ဝင်ထိုင်ပြီးနောက် သူက သဘာဝကျကျနှင့် လက်ကို ဆန့်ထုတ်ကာ သူမအား ရေတစ်ပုလင်း ပေးလိုက်သည်။
သူ အခုလေးတင်မှ
အပြင်ထွက်၍ သွားဝယ်ခဲ့သည့် ရေဘူးဖြစ်သည်။
ချီရှောင်ပိုင်က
သူ့လက်များကို အိတ်ကပ်ထဲမှာ ထည့်ထားပြီး ကုလားထိုင်ပေါ်ကို နောက်ပြန်မှီထိုင်လိုက်သည်။
သူက ရှန်းမူမူကို ပြောပြလိုက်သည်။
"ကျွန်တော်တို့ရဲ့
ကျောင်းအုပ်ဆရာကြီးက အရမ်း ပစိပစပ်များတယ်။ စိတ်ကို သေချာပြင်ဆင်ထား။ အဲဒါက အချိန်အရမ်းကြာပြီး
ခင်ဗျား ပန်းဆိုင်ကို ပြန်ဖို့ နှောင့်နှေးနိုင်တယ်။"
ရှန်းမူမူက
ရေသန့်ဘူးကို လှမ်းယူလိုက်ပြီး အေးစက်နေသည့် ရေစက်လေးများက သူမလက်ပေါ် လျှောကျလာကာ
နွေအပူ၏ ထက်ဝက်ကျော်ကို သက်သာသွားစေခဲ့သည်။ သူမက ပြောလိုက်သည်။
"အဆင်ပြေပါတယ်။
အချိန်ဘယ်လောက်ကြာကြာ ကိစ္စမရှိဘူး။ မင်းတို့ ကျောင်းစုဝေးပွဲကို အဆင်ပြေအောင် ဒီနေ့
တစ်နေလုံးအတွက် ငါ့ရဲ့ အချိန်ဇယားကို ရှင်းထားတယ်။"
ချီရှောက်ပိုင်၏
နှုတ်ခမ်းထောင့်များက မသိမသာ အနည်းငယ် ကော့တက်သွားသည်။ "အမ်း။"
ကျောင်းစုဝေးပွဲ
ဖွင့်ပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးနှင့် ဘာသာရပ်ဆိုင်ရာ သုတေသနအဖွဲ့ခေါင်းဆောင်များ၏
မိန့်ခွန်းများနှင့် ကျောင်းသားများ၏ လက်ရှိအခြေအနေတို့ကို ပိုင်းခြားစိတ်ဖြာကာ မိဘများနှင့်
ကျောင်းသားများအား အသိပေးထောက်ပြခြင်းတို့ ပြုလုပ်လေသည်။
အကြောင်းအရာက
အလွန်ပင် ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှသည်။
ပထမဆယ်မိနစ်တွင်း
လူတိုင်း ဂရုတစိုက် နားထောင်နိုင်သေးသည်။
သို့ပေမယ့်
"နောက်ထပ် စကားလေးနှစ်ခွန်းလောက် ထပ်ဖြည့်ပါရစေ" ဟု ပြောကာ ကျောင်းအုပ်က
မိုက်ကို ပြန်ယူလိုက်သည့်အခါ အောက်တွင် ရှိနေသည့် လူတွေက စိတ်မရှည်တော့ဘဲ ဂနာမငြိမ်စွာဖြင့်
ဟိုဟိုဒီဒီသာ ကြည့်နေလိုက်တော့သည်။
ကျောင်းအုပ်ဆရာကြီး၏
အသံတွင် ငိုက်မြည်းစေနိုင်သော ပြင်းထန်သည့် စွမ်းအားတစ်ခုရှိပုံရပြီး ရှန်းမူမူသည်
သူမ၏ ခေါင်းက လေးလံကာ ရီဝေဝေဖြစ်လာသည်ဟု ခံစားလိုက်ရသည်။
ခန်းမအတွင်း
အင်အားအပြည့်နှင့် ထွက်ပေါ်နေသည့် လေအေးများက အိပ်မပျော်ရန် မသင့်တော်သော ပတ်၀န်းကျင်ဖြစ်အောင်
ပြုလုပ်နေခြင်းကြောင့်သာ မဟုတ်ပါက သူမ အမှန်တကယ်ပင် ငိုက်ကျသွားပေလိမ့်မည်။
သူမ သမ်းဝေပြီးသွားချိန်၌
သူမ၏ မျက်လုံးထောင့်တွင် မျက်ရည်များဖြင့် စိုလက်နေဆဲ ဖြစ်သည်။ ရုတ်တရက် သူမ၏ အရှေ့တန်းတွင်
ထိုင်နေသော မိဘတစ်ယောက်က လှည့်ကြည့်လာသည်။
"မစ္စချီ
မင်္ဂလာပါ။ အနှောက်အယှက်ပေးရတဲ့အတွက် အားနာပါတယ်။ ကျွန်တော်က ကျန်းယန်အုပ်စုရဲ့ အဝယ်တော်ဋ္ဌာနဒါရိုက်တာပါ။
ကျွန်တော့်သားက ခင်ဗျားရဲ့ သားနဲ့ အတန်းအတူတူပါပဲ။"
သူက နာမည်ကတ်ကို
လက်နှစ်ဖက်ဖြင့် ကိုင်ကာ လူကြီးသူမအား ကပ်ဖားရပ်ဖားလုပ်လိုသော အပြုံးမျိုးဖြင့် လှမ်းပေးလာသည်။
ရှန်းမူမူက
နာမည်ကတ်ကို လက်ခံခြင်းမပြုမီ စက္ကန့်အနည်းငယ်လောက် အံ့ဩသွားပြီးနောက် ယဉ်ကျေးစွာ ခေါင်းညိတ်လိုက်သည်။
သူမသည်
ဤသည်က မိဘများကြားမှ ပေါ့ပေါ့ပါးပါး စကားပြောရုံမျှသာဟု ထင်ခဲ့မိပြီး နာမည်ကတ်ကို ယဉ်ကျေးစွာ
လက်ခံခြင်းကလည်း ကောင်းသည်ဟု တွေးလိုက်သည်။
သို့သော်
၎င်းက အစသာ ရှိသေးသည်ဟု ထင်မှတ်မထားခဲ့ပေ။
ငါးမိနစ်အတွင်းမှာပင်
သူမတို့ပတ်ဝန်းကျင်၌ ထိုင်နေသည့် မိဘ အစုအဖွဲ့က သူမအား နာမည်ကတ်များ ဆက်တိုက်ပေးလာကြပေသည်။
ရှန်းမူမူက
ရုတ်တရက် နားလည် သဘောပေါက်သွားသည်။
အထက်တန်းစား
ကျောင်းတစ်ခု၏ မိဘများအသင်းအဖွဲ့သည် မိဘများအတွက် လူမှုအသိုင်းအဝိုင်းတစ်ခု ဖြစ်သည်။
ယခင်က
ကျောင်းသားမိဘ အစည်းအဝေးများတွင် ချီမော့ကိုယ်စား တက်ရောက်သူမှာ အမြဲ လက်ထောက်သုန်း
ဖြစ်ခဲ့သည်။
ထို ထူးချွန်သည့်
လက်ထောက်သည် သိမ်မွေ့ ရိုးသားသော စရိုက်ရှိသော်လည်း အပြင်ပိုင်းတွင် သူ၏ အထက်လူကြီးကဲ့သို့
ချဥ်းကပ်၍ မလွယ်ကူလှသော ပုံစံရှိသည်။
ထိုမိဘများသည်
အချိန်အတော်ကြာကတည်းက ချီမိသားစုနှင့် အဆက်အသွယ်တစ်ခု ထူထောင်၍ ရင်းနှီးမှုရှိချင်ခဲ့သော်လည်း
လမ်းကြောင်းမရှိခဲ့ပေ။
ယခုချိန်
သူမ အလှည့်ရောက်လာသည့်အချိန်မှာတော့ စိတ်ဓာတ်ပျော့ညံ့ပုံပေါ်သည့်အတွက် သူတို့က ချက်ချင်း
ဝိုင်းအုံလာကြခြင်း ဖြစ်သည်။
သူမသည်
သူတို့အား ပြတ်ပြတ်သားသား ငြင်းဆိုခြင်းက မကောင်းလောက်ဟု ခံစားခဲ့ရသောကြောင့် သူမသည်
အပြုံးတုလေးဖြင့် လူတိုင်း၏ အမည်ကတ်များကို လက်ခံကာ ပြောလိုက်သည်။ "ကျွန်မ အိမ်ပြန်ရောက်ရင်
ဒါတွေကို ကျွန်မခင်ပွန်းဆီ ပေးပေးပါ့မယ်။"
ထိုလူများနှင့်
ရင်ဆိုင်ပြီးနောက် သူမက ခပ်လေးလေး သက်ပြင်းတစ်ချက် ချလိုက်မိသည်။
သူမသည်
ချီရှောင်ပိုင်ဘက်သို့ လှည့်ကာ စိတ်ပျက် ငြီးငွေ့သောအကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။
ချီရှောင်ပိုင်က
သူမထက် အများကြီး တည်ငြိမ်နေပုံရသည်။
ထိုသို့သော
အဖြစ်အပျက်များကို သူ ကျင့်သားရနေသည်မှာ အချိန်အတော်ကြာနေပုံရသည်။
ချီရှောင်ပိုင်၏
တည်ငြိမ်မှုကို မြင်လိုက်ရသည့်အခါ ရှန်းမူမူက ချီမော့ကို ဖျတ်ခနဲ စဥ်းစားလိုက်မိသည်။
သူမ စတင်
သတိပြုမိလိုက်၏။
ဤသားအဖသည်
တိုက်ရိုက်သွေးသားဆက်နွယ်မှုမရှိသော်လည်း သူတို့က ပုံစံအမျိုးမျိုးတွင် အံ့အားသင့်ဖွယ်
တူညီကြပေသည်။
ချီမော့သည်
ချီရှောင်ပိုင်၏ ထွက်ပေါ်လာခဲပြီး စီးပွားရေးလောက၏ အတွေ့အကြုံများကို အသက် ဆယ့်ခုနစ်နှစ်အရွယ်
လူငယ်လေးအား စောစောစီးစီး ပြသရန် မလိုလားခြင်း ဖြစ်နိုင်ပေသည်။
ထို့ပြင်
ချီရှောင်ပိုင်၏ သီးခြားဆန်ကာ ခပ်ကင်းကင်းနေတတ်သော စရိုက်သည် ကပ်ဖားရပ်ဖား မျက်နှာချိုသွေးလိုသော
လူများကို သူ့အနားကပ်မလာစေရန် တားဆီးထားသည့် အကာအကွယ်အလွှာတစ်ခု ဖြစ်ပြီး ထိုလူများကို
ချီမော့ထံ မရောက်အောင် ကာကွယ်ထားသည်။
သူတို့နှစ်ဦးသည်
အချင်းချင်း ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးအတွက် သူတို့ ကိုယ်ပိုင်နည်းလမ်းများဖြင့် သန့်စင်သော
သားအဖဆက်ဆံရေးကို ထိန်းသိမ်းထားသည်။
ယင်းသည်
သီအိုရီအရ ကျိုးကြောင်းဆီလျော်သော်လည်း ရှန်းမူမူက သူတို့ အလွန် ဟန်များလွန်းသည်ဟု
ခံစားမိသည်။
သူတို့က
ဘာလို့ လူချင်း တိုက်ရိုက် ဆက်သွယ်ပြောဆို၍ ကိစ္စများကို ရှင်းရှင်းလင်းလင်း မဖြေရှင်းရပါသနည်း။
အကယ်၍
သူမသာ အဖေတစ်ယောက်ဖြစ်ခဲ့လျှင် ထိုမျှ နှစ်ပေါင်းများစွာ အတူနေထိုင်ပြီးနောက်၌ သူတို့၏
ဆက်ဆံရေးသည် အင်္ကျီပင်မပါဘဲ ဘီယာ အတူတူသောက်နိုင်သည့် အဆင့်ထိ ရင်းနှီးနေမည်မှာ အသေအချာ
ဖြစ်သည်။
ရှန်းမူမူက
နာမည်ကတ်များကို သူမအိတ်ထဲသို့ ထည့်လိုက်သည်။
ထို့နောက်
သူမသည် အံ့အားသင့်စွာ မျက်မှောင်ကြုတ်ကာ စင်မြင့်ထက်သို့ လှမ်းကြည့်လိုက်သည်။
ကျောင်းအုပ်ကြီး၏
"စကားနှစ်ခွန်းလောက် အကျဉ်းချုပ်" က မပြီးဆုံးသေးပေ။
ထူးဆန်းသည်မှာ
ရှေ့တန်းရှိ လူများ၏ ဦးခေါင်းတို့က စင်မြင့်ဘက်သို့ မျက်နှာမူမနေဘဲ အားကစားခန်းမ ဝင်ပေါက်ဘက်သို့ တညီတညွတ်တည်း ကြည့်နေကြပေသည်။
သူတို့၏
အကြည့်လားရာကို လိုက်ကာ သူမလည်း စူးစမ်း၍ ကြည့်လိုက်သည်။
အားကစားရုံဝင်ပေါက်၌
ရင်းနှီးသော ပုံရိပ် တစ်ခု ပေါ်လာခဲ့သည်။
အရပ်မြင့်ပြီး
ကျစ်လျစ်ဖြောင့်တင်းသော ချီမော့က ဝင်ပေါက်နားတွင် ရပ်နေသည်။ သူ၏ အေးစက်သော မျက်လုံးများသည်
ခန်းမထဲရှိ လူအုပ်ကြီးကို ဝေ့ဝဲကြည့်နေကာ သူ၏ ခန့်ညားထည်ဝါသော ရောင်ဝါက ပြင်းထန်လှသည်။
နောက်ဆုံး၌
သူ့အကြည့်များက ရှန်းမူမူနှင့် တွေ့ဆုံသွားခဲ့သည်။
သူ့ မျက်လုံးများက
လှုပ်ခတ်သွားပြီး နှုတ်ခမ်းထောင့်က အနည်းငယ် ကော့ညွှတ်သွားကာ သူမရှိရာသို့ လျှောက်လာခဲ့လေသည်။