အပိုင်း ၅၈
Viewers 4k

အပိုင်း (၅၈) ကိစ္စတွေက စိတ်ဝင်စားစရာ ကောင်းလာပြီ။

 

ရှန်းမူမူက ကားပြတင်းမှန်ကို အနည်းငယ် ချလိုက်သည့်အခါ လေက အထဲသို့ တိုးဝင်လာသည်။

 

အရှိန်က ပိုမို သိသာစွာ လျင်မြန်လာ၏။

 

ဤကဲ့သို့ မောင်းနှင်ရခြင်းက အမှန်တကယ် ကောင်းမွန်လှပြီး သူမက မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။

 

လေက သူမကို ထွေးပွေ့လာပြီး ရှည်လျားသည့် လှိုင်းတွန့်ဆံပင်ကို နောက်သို့ လန်သွားအောင် တိုက်ခတ်ကာ သူမ၏ ဖြူဖွေးသွယ်လျသော လည်တိုင်အား ထင်ရှားပေါ်လွင်လာစေ၏။

 

သူမ၏ နူးညံ့လှသော နားရွက်အသားလေးပေါ်ရှိ စိန်နားဆွဲလေးက တဖျတ်ဖျတ် တောက်ပနေသည်။

 

သို့သော် ၎င်းတို့၏ တောက်ပမှုက သူမ၏ အလှကို တစ်ထောင်ပုံတစ်ပုံပင် တုမမီနိုင်ပေ။

 

အချိန်အကြာကြီး ကားမောင်းလာပြီးနောက် သူမက ကျင်းမြို့ အမှတ်တစ်အလယ်တန်းကျောင်း ဂိတ်တံခါးဝအနီး လမ်းမသို့ နီးကပ်လာပြီး သူမကား၏ နောက်ကြည့်မှန်မှတဆင့် အနီရောင် sports ကားတစ်စီးကို မြင်လိုက်ရသည်။

 

ရှန်းမူမူ၏ ကျော့ရှင်းသော မျက်ခုံးတန်းတို့က အနည်းငယ် စုကျုံ့သွား၏။

 

ထိုကားသည် ပြီးခဲ့သည့် လမ်းကွေ့ကတည်းက သူမနောက်သို့ လိုက်လာပုံရသည်။

 

သူမက အကြည့်ကို ပြန်ရုတ်လိုက်ပြီး အရှေ့သို့ ကြည့်ရင်း သူမ မျက်ခုံးတို့ကို အနည်းငယ် ပင့်လိုက်၏။

 

သူမ ကားနောက်မှ လိုက်ပါလာသည့် ထိုကားက သူမနှင့် အရှိန်ချင်း ပြိုင်ချင်နေခြင်း ဖြစ်နိုင်သလား။

 

ကိစ္စများက စိတ်ဝင်စားစရာ ကောင်းလာပြီ ဖြစ်၏။

 

အနောက်ဘက်ရှိ အနီရောင်ပြိုင်ကားထဲတွင်...

 

ဒရိုင်ဘာခုံ၌ ထိုင်နေသည့် အမျိုးသမီးက စတိုင်လ်ကျကျ ဆံပင်အတိုနှင့် ကျက်သရေရှိသည့် မိတ်ကပ်ပုံစံကို လိမ်းခြယ်ထားသည်။

 

အမျိုးသမီး၏ ပုံသဏ္ဌာန်က သိပ်ငယ်ရွယ်ခြင်း မရှိသော်လည်း သူမ၏ လွတ်လပ်ပေါ့ပါးကာ ထိန်းချုပ်မထားသည့် အရှိန်အဝါက ရှိရင်းစွဲအသက်ထက် နုပျိုနေစေသည်။

 

အရှေ့မှ မောင်းနေသည့် Koenigsegg က ရုတ်တရက် အရှိန်မြှင့်လိုက်သည်ကို မြင်သောအခါ ဆံပင်အတိုနှင့် အမျိုးသမီးကလည်း အမီလိုက်ရန် အမြန် အရှိန်မြှင့်လိုက်သည်။

 

ထို့နောက် ခပ်တိုးတိုး ရေရွတ်လိုက်၏။ "ဖြေးဖြေးမောင်းပါဟ။ ငါ အဲဒီလောက်အမြန်ကြီး မလိုက်နိုင်ဘူး။"

 

သူမက စိတ်ရူးပေါက်နေသည့် stalker မဟုတ်ရပါချေ။

 

သူမ အရှေ့မှ ကားနောက်သို့ လိုက်လာရသည့် အကြောင်းပြချက်က ရိုးရှင်းပေသည်။ အကြောင်းမှာ သူမတို့၏ ဦးတည်ရာက တူနေပြီး သူမက သွားရမည့်လမ်းကို မသိသောကြောင့် ဖြစ်သည်။

 

သေစမ်း... သူမက သူမ သမီးလေး၏ ကျောင်းမြေပုံကြမ်းကို အနည်းငယ် မှတ်မိရုံမျှသာ ရှိသေးသော်လည်း ယခုတစ်ကြိမ်၌ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ စည်းရုံးရေး စုဝေးပွဲကို ကျင်းမြို့ အမှတ်တစ်အလယ်တန်းကျောင်းတွင် ကျင်းပမည်ဟု ပြောလာခဲ့သည်။ ၎င်းက မလိုအပ်ဘဲ အလွန် ဒုက္ခများစေပေသည်။

 

သူမ၏ ကားရှေ့မှ မောင်းနှင်လာသော ရှားပါးလှသည့် နံပါတ်ပြားနှင့် ကားက သူမကဲ့သို့ ကျင်းမြို့ အမှတ်တစ်အလယ်တန်းကျောင်းကို သွားရောက်နေခြင်း ဖြစ်ကြောင်း သတိပြုမိခဲ့သည့် သူမ၏ ကောင်းမွန်လှသော စူးစမ်းလေ့လာမှုစွမ်းရည်ကြောင့် မဟုတ်ပါလျှင် သူမ လမ်းမှာ မည်မျှ ကြာအောင် ပတ်မောင်းနေရမလဲ မသိနိုင်ပေ။

 

လမ်းမသိသည့် အခြေအနေအောက်တွင် သူမက အခြားလူများနောက်မှ လိုက်လာရုံသာ တတ်နိုင်သည်။

 

သေချာပေါက်ပင် သူမ ခန့်မှန်းသည့်အတိုင်း အရှေ့မှ ကားက ကျင်းမြို့ အမှတ်တစ်အလယ်တန်းကျောင်း၏ ဂိတ်တံခါးသို့ ဝင်ရောက်သွားခဲ့သည်။

 

သိပ်မကြာခင်မှာပင် အနက်ရောင် Koenigsegg နှင့် အနီရောင်ကားလေးက ကားပါကင်၌ အောင်မြင်စွာ ပါကင်ထိုးပြီးခဲ့ပြီ ဖြစ်၏။

 

အဆုံးသတ်တွင် ရှန်းမူမူက အရင် ပန်းဝင်ခဲ့သည်။

 

ရှန်းမူမူက ကားထဲမှ ထွက်လာပြီး လေတိုက်ခတ်မှုကြောင့် ပွရှုပ်သွားသည့် ဆံပင်များကို ပြန်လည် ချည်နှောင်လိုက်ကာ သက်သောင့်သက်သာရှိသည့် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။

 

လန်းဆန်းသွားတာပဲ။

 

သူမ ဤကဲ့သို့ လန်းဆန်းသွားသည်အထိ ကားပြိုင်မမောင်းရသည်မှာ အချိန်ကြာလှပြီ ဖြစ်သည်။

 

သူမက အချိန်ကို တစ်ချက် ကြည့်လိုက်သည်။

 

သူမ စီစဥ်ထားသည်ထက် နာရီဝက်လောက် စောစီးစွာ ရောက်ရှိခဲ့ကြောင်း တွေ့လိုက်ရ၏။

 

အလွန် စောနေသေးသည့်အတွက် သူမက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ စည်းရုံးရေး စုဝေးပွဲကျင်းပမည့် အားကစားရုံသို့ အလျင်စလို မသွားခဲ့သေးပေ။

 

သူမက ခေါင်းလှည့်၍ နောက်ဆုံးတစ်ကြိမ်က ရောက်ခဲ့သည့် ကျောင်းနောက်ဘက်မှ လမ်းသွယ်လေးရှိရာဘက်သို့ ကြည့်လိုက်သည်။

 

သူမ စိတ်ထဲ အတွေးတစ်ခု ပေါ်လာသည်နှင့် မျက်လုံးများက တောက်ပလာသည်။

 

စုဝေးပွဲက အချိန်မည်မျှ ကြာမြင့်မည်ကို သူမ မသိပေ။

 

ဘာလို့ အရင် ဗိုက်မဖြည့်ထားရမှာလဲ။

 

............

 

ကျင်းမြို့ အမှတ်တစ်အလယ်တန်းကျောင်းသို့ သူမ နောက်ဆုံးအကြိမ် ရောက်ခဲ့သည်မှာ လျှိုကျန်းကျန်းကို ချီရှောင်ပိုင်နှင့်အတူ လာတွေ့ခဲ့စဥ်က ဖြစ်၏။

 

ဤတစ်ကြိမ်၌ နောက်တစ်ခေါက် ရောက်လာသည့်အခါ သူမသည် သည်နေရာတွင် ရှိနေသော အမျိုးမျိုးသော အဆာပြေ စားသောက်စရာမုန့်များကြောင့် အံ့အားသင့်ရဆဲ ဖြစ်သည်။

 

ချမ်းသာသည့် မိသားစုမှ ကလေးများ စားသောက်နိုင်သည့် အဆင့်မြင့် အနောက်တိုင်း စားသောက်ဆိုင်​ဖြစ်စေ လမ်းဘေးရှိ စျေးသည်များ၏ တွန်းလှည်းများတွင် ဖြစ်စေ နေရာတိုင်း၌ လူများ ရှိနေခဲ့သည်။

 

ကြည့်ရသည်မှာ မိဘများက သူမနှင့် တူညီသော အကြံဉာဏ်ရှိကြပုံရသည်။

 

ခဏနေရင် ကျောင်းပွဲတော်ကို တက်ရောက်ရန် ရှိသည်ကို ထောက်ချင့်ပြီး ရှန်းမူမူက အလွန် အနံ့ပြင်းသည့် စားစရာများကို မရွေးချယ်မိရန် ထိန်းချုပ်ထားခဲ့သည်။

 

သူမက အာသီသကို ပြေပျောက်စေရန် ပဲနီလေးကိတ်၊ သရက်သီးပူတင်းနှင့် အခြား အချိုပွဲအနည်းငယ်ကိုသာလျှင် စားသောက်လိုက်သည်။

 

သူမ ကျောင်းသို့ ပြန်သွားရန် လှည့်လိုက်သည့်အချိန်၌ ရုတ်တရက် သူမနောက်မှ အော်သံတစ်ခုကို ကြားလိုက်ရသည်။

 

"အား... နှာဘူးကောင်သူက ကျွန်မ ဓာတ်ပုံကို တိတ်တိတ်လေး ခိုးရိုက်နေတယ်။"

 

ရှန်းမူမူက အသံလာရာကို ခေါင်းလှည့်ကြည့်လိုက်သည်။

 

သူမသည် မိန်းကလေးတစ်ယောက်က စကတ်ကို ကာထားပြီး ထိတ်လန့်တကြားနှင့် အဝေးသို့ ထွက်ပြေးသွားသည့် သံသယဖြစ်ဖွယ်လူကို ကြည့်ကာ အော်ဟစ်နေသည်ကို မြင်လိုက်ရသည်။

 

ထို သံသယဖြစ်ဖွယ် လူက ရှန်းမူမူရှိရာဘက်သို့ ပြေးလာနေသည်။

 

အခြေအ​နေကို နားမလည်သည့် အနီးဝန်းကျင်မှ လူများက မိန်းကလေးကို ကြည့်နေကြသည်။

 

လူအများက ဖြစ်ပျက်သွားသည်များကို သိရှိပြီး မတုန့်ပြန်နိုင်ခင် ရှန်းမူမူက သူမ၏ ပိုက်ဆံအိတ်ကို ကျစ်ကျစ်ဆုပ်ကိုင်ရင်း နှုတ်ခမ်းကိုက်လိုက်သည်။

 

သံသယဖြစ်ဖွယ်လူက ရှန်းမူမူ အနားမှ ဖြတ်သွားသည်နှင့် သူမက ခြေထောက်ကို ဆန့်ထုတ်လိုက်သည်။

 

'အား' ဟူသော အော်သံနှင့် သံသယဖြစ်ဖွယ် လူက ခလုတ်တိုက်ကာ မြေပေါ်သို့ ချော်လဲသွားသည်။

 

သူ လျှို့ဝှက်ဓာတ်ပုံရိုက်ရန် အသုံးပြုခဲ့သည့် ဖုန်းကလည်း ထွက်ကျသွား၏။

 

သံသယဖြစ်ဖွယ်လူက ရုတ်တရက် သူ့ခေါင်းကို လှည့်ကြည့်လာပြီး သူ့အား ခြေထိုးခံလာသည့်သူကို သိသာစွာ စူးစူးရဲရဲ စိုက်ကြည့်ကာ သူ၏ တြိဂံလိုမျက်လုံးထဲ၌ ဒေါသတို့ဖြင့် ပြည့်နှက်နေသည်။

 

နောက်တစ်စက္ကန့်တွင် ရှန်းမူမူက ပိုက်ဆံအိတ်ကို တင်းတင်းဆုပ်ကိုင်ကာ အရှိန်ပြင်းပြင်းနှင့် သံသယဖြစ်ဖွယ် အမျိုးသား၏ မျက်နှာကို လွှဲရိုက်လိုက်သည်။

 

ပိုက်ဆံအိတ်ပေါ်မှ အိတ်ဖုံးထက်ရှိ သတ္တုခေါင်းက သံသယဖြစ်ဖွယ် အမျိုးသား၏ နှာတံရိုးပေါ် တည့်မတ်စွာ ကျရောက်သွားသည်။ သူက နာကျင်စွာဖြင့် နှာခေါင်းကို အုပ်ကိုင်လိုက်ပြီး ခန္ဓာကိုယ်က မြေပြင်တွင် ကွေးညွှတ်သွား၏။

 

ပို၍ များပြားလှသော ကြည့်ရှုသူများ ဝိုင်းအုံလာသည်။

 

သူ ထွက်မပြေးနိုင်သည်ကို သိလိုက်သည့်အခါ သံသယဖြစ်ဖွယ် အမျိုးသားက ဒေါသတကြီး ကြိမ်းဝါးလာသည်။ သူက နှာခေါင်းကို အုပ်ကိုင်ရင်း သူနှင့် အနီးဆုံး၌ ရှိနေသည့် ရှန်းမူမူကို အပိုင်းပိုင်း စုတ်ဖြဲချင်နေသကဲ့သို့ ကြည့်လိုက်သည်။

 

"ခွေးမ... မင်းစောက်လုပ်သာ မင်းလုပ်...."

 

သူက စကားကို ဆုံးအောင် မပြောလိုက်နိုင်ခင် ရုတ်တရက် တစ်စုံတစ်ယောက်က လူအုပ်ထဲမှ တိုးထွက်လာသည်။

 

ဆံပင်တိုတိုနှင့် အမျိုးသမီးထံမှ ရိုက်ချက်တစ်ချက်က သံသယဖြစ်ဖွယ် အမျိုးသား၏ မျက်နှာထက်ကို ထပ်မံကျရောက်လာ၏။

 

စူးရှသည့် ရိုက်သံ ထွက်ပေါ်လာပြီး သံသယဖြစ်ဖွယ် အမျိုးသားအား ကြောင်အမ်းသွားစေသည်။

 

ဆံပင်တိုတိုနှင့် အမျိုးသမီးက မတော်တဆမှု စဖြစ်ကတည်းက ကျင်းမြို့ အမှတ်တစ်အလယ်တန်းကျောင်းမှ လုံခြုံရေးအစောင့်များကို ခေါ်ထားပြီး ဖြစ်သည်။

 

ကျင်းမြို့ အမှတ်တစ်အလယ်တန်းကျောင်းက အထက်တန်းစား ကျောင်းတစ်ကျောင်းဖြစ်ပြီး လုံခြုံရေးအစောင့်များကလည်း ကောင်းမွန်စွာ လေ့ကျင့်ထားသူများ ဖြစ်၏။ တခဏအတွင်းမှပင် သူတို့က သံသယဖြစ်ဖွယ် လူကို မြေပေါ်သို့ ဖိချထားခဲ့ပြီ ဖြစ်သည်။

 

ထို့နောက် ဆံပင်တိုတိုနှင့် အမျိုးသမီးက သံသယဖြစ်ဖွယ် လူ၏ ဝမ်းဗိုက်ကို ကန်ကျောက်လိုက်ပြီး မြေပေါ်သို့ ပြုတ်ကျထားသည့် ထိုလူ၏ ဖုန်းကို ကောက်ယူကာ မန်မိုရီကတ်ကို ဖယ်ရှား၍ လမ်းဘေးရှိ ရေနှုတ်မြောင်းထဲသို့ လွှင့်မပစ်ခင် ထက်ပိုင်းချိုးပစ်လိုက်သည်။

 

သူမက ဖုန်းကို ကတ္တရာလမ်းပေါ်တွင် ရိုက်ချလိုက်ကာ စခရင်အား ကြေမွသွားစေခဲ့၏။

 

နောက်ဆုံး၌ သူမသည် သူမ၏ ချွန်မြသည့် ဒေါက်ဖိနပ်နှင့် အကြိမ်ရေအနည်းငယ် တက်နင်းရန်လည်း မမေ့လျော့ခဲ့ပေ။

 

ဆံပင်တိုနှင့်အမျိုးသမီးက မြေပြင်ပေါ်တွင် ဖိချခံထားရသည့် သံသယဖြစ်ဖွယ်လူကို အထင်အမြင်သေးသည့် အကြည့်နှင့် လှည့်ကြည့်လာပြီး ရှန်းမူမူသည် ထိုအမျိုးသမီးက သူမနှင့် အခုလေးတင် ကားပြိုင်မောင်းခဲ့သူ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။

 

သူမသည် ထိုအမျိုးသမီးက ပြိုင်ဆိုင်ရသည်ကို သဘောကျရုံမျှမက လျင်မြန်ဖျတ်လတ်၍ ရဲရင့်ပြတ်သားသော စတိုင်လ်ကျသည့် အမျိုးသမီးတစ်ဦး ဖြစ်နေမည်ဟု ထင်မှတ်မထားခဲ့ပေ။

 

ရှန်းမူမူက ထိုစတိုင်လ်ကျလှသည့် အမျိုးသမီးကို လေးစားစွာ ကြည့်လိုက်သည်။ ထိုအမျိုးသမီးကလည်း သူမ ရှိရာသို့ လျှောက်လာခဲ့၏။

 

ရှန်းမူမူက မျက်တောင်ခတ်လိုက်ပြီး ထိုစတိုင်လ်ကျသည့် အမျိုးသမီးက သူမ လက်ကိုင်အိတ်ထဲမှ ရေစိုတစ်ရှူးအချို့ ထုတ်ယူကာ တစ်ရှူးနှစ်ရွက်ကို ရှန်းမူမူထံ ကမ်းပေးပြီး အပြုံးနှင့် ပြောလိုက်သည်ကို ကြည့်နေခဲ့၏။

 

"ရှင့်ရဲ့ အိတ်ကို သုတ်လိုက်ပါ။"

 

ထိုစတိုင်လ်ကျသည့် အမျိုးသမီး၏ အကြည့်လားရာကို ကြည့်လိုက်မိသည့်အခါ ရှန်းမူမူသည် သူမ အစောပိုင်းက သံသယဖြစ်ဖွယ် လူကို ရိုက်နှက်လိုက်စဥ် ထိုလူ၏ သွေးများက သူမ အိတ်တွင် စွန်းပေသွားခဲ့ကြောင်း မြင်လိုက်ရသည်။

 

အိုင်း.... ညစ်ပတ်လိုက်တာ

 

ထို့နောက်တွင်....

 

အနီးအနား၌ ဝိုင်းကြည့်နေကြသည့် လူများသည် လှပသော အမျိုးသမီးနှစ်ယော​က်က အတူပူးပေါင်းကာ သံသယဖြစ်ဖွယ်လူအား အနိုင်ယူခဲ့သည်ကို မြင်လိုက်ရပြီးနောက် တစ်ယောက်က ဒေါသတကြီးနှင့် သူမ အိတ်ကို သုတ်နေခဲ့ပြီး နောက်တစ်ယောက်က သူမ လက်များကို ဒေါသတကြီး သုတ်ပစ်နေသည်အား မြင်လိုက်ကြရပေသည်။

 

ထိုမြင်ကွင်းက အတော်လေး ရယ်ရွှင်ဖွယ် ကောင်းနေခဲ့၏။

 

"အိုး.. ဟုတ်သားပဲ။ အခုလေးတင် လမ်းပြပေးခဲ့တာအတွက် ကျေးဇူးတင်ပါတယ်။" စတိုင်လ်ကျကျ အမျိုးသမီးက အပြုံးနှင့် ပြောလိုက်သည်။

 

ရှန်းမူမူသည် ပြန်မတုန့်ပြန်နိုင်ခင် စက္ကန့်အနည်းငယ်လောက် ဇဝေဇဝါဖြစ်သွားခဲ့၏။ "ကျွန်မက ရှင် ကျွန်မနဲ့ ကားပြိုင်မောင်းချင်နေတယ်လို့ ထင်နေတာ။"

 

"ကားပြိုင်မောင်းရင် ကျွန်မ ရှင့်ကို ဘယ်တော့မှ ရှုံးမှာ မဟုတ်ဘူး။ ကျွန်မ ဒီနေ့ မောင်းလာတဲ့ ကားက သိပ်မကောင်းဘူး။ နောက်တစ်ခါ ကျွန်မတို့ အားတဲ့အခါ အတူဆုံးပြီး ထပ်ပြိုင်ကြမလား။"

 

ရှန်းမူမူက သဘောတူသည့်အနေနှင့် ခေါင်းညိတ်လိုက်သည်။ "ကောင်းတာပေါ့။ ကျွန်မက​တော့ အချိန်မရွေးပါပဲ။"

 

စတိုင်လ်ကျကျ အမျိုးသမီးက လက်ကို ဆန့်ထုတ်ကာ သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။ "ဟယ်လို ကျွန်မနာမည်က ချင်ကျားမုပါ။ ချင်ရှီဟွမ်ရဲ့ ချင်၊ လှပတယ်(ကျားရန်)က ကျားနဲ့ ဝမ်းမြောက်တယ်(မုယွိ)ရဲ့ မု ပါ။"

(ချင်ရှီဟွမ်- ချင်ခေတ်ရဲ့ ပထမဆုံးဧကရာဇ်။ မုယွိက ဝမ်းမြောက်သည်၊ နစ်မြုပ်သည် နဲ့ ရေချိုးသည် ဆိုပြီး အဓိပ္ပါယ်သုံးမျိုးရှိပါတယ်။)

 

ရှန်းမူမူက တောက်ပသော အပြုံးနှင့် လက်ကို ဆန့်ထုတ်ကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။ "တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မက ရှန်းမူမူပါ။ ရှန်းက ပြိုင်ဘက်ကင်း အောင်မြင်မှု ဆိုတဲ့ အဓိပ္ပါယ်ပါ။ မူ ကတော့ ရှင်နဲ့ အဓိပ္ပါယ် အတူတူပါပဲ။"

(ရှန်းမူမူရဲ့ နာမည်အမှန်က 'ရှန့်မုမု' ပါ။ သူမ နာမည်ရဲ့ 'မု' က ချင်ကျားမုရဲ့ မု နဲ့ အတူတူပါပဲ။)

 

ချင်ကျားမုက အေးစက်သည့်ပုံပေါ်သော်လည်း သူမအပြုံးက အလွန် ကြည့်ကောင်းပေသည်။ "ဘယ်လောက်တိုက်ဆိုင်လိုက်သလဲ။ ရှင်လည်း ဒီမှာ အမှတ်တစ်အလယ်တန်းကျောင်းအတွက် မိဘဆရာ စုဝေးပွဲအတွက် ရောက်နေတာလား။"

 

"ဟုတ်တယ်။ ဘယ်လောက် တိုက်ဆိုင်လိုက်လဲ။" ရှန်းမူမူသည်လည်း ၎င်းက အတော်လေး တိုက်ဆိုင်သည်ဟု ခံစားမိခဲ့ပေသည်။ သူမ အမှတ်တမဲ့နှင့် လမ်းပြဖြစ်ခဲ့ရပြီး သံသယဖြစ်ဖွယ် လူကို အတူတူ ရင်ဆိုင်ခဲ့ကြသည်။ သူမတို့၏ အမည်ကပင် စကားလုံးတစ်လုံးက အတူတူဖြစ်နေခဲ့၏။

 

ထိုကဲ့သို့ တိုက်ဆိုင်မှုများကြောင့် သူမတို့ နှစ်ယောက်က အချင်းချင်း WeChat အပ်လိုက်ကြပြီး အချိန်ရှိသည့်အခါ ကားပြိုင်ကြရန် သဘောတူလိုက်ကြသည်။

 

ချင်ကျားမုက သူမ၏ နာရီကို တစ်ချက်ကြည့်လိုက်သည်။ "နောက်ကျနေပြီ။ ကျွန်မ သမီးက ကျွန်မကို စောင့်နေတုန်းပဲ။ နောက်မှ တွေ့ကြတာပေါ့။"

 

ရှန်းမူမူက အပြုံးနှင့် နှုတ်ဆက်စကားဆိုလိုက်သည်။ "နောက်မှ တွေ့ကြတာပေါ့။"

 

........

 

ထိုအချိန်တွင်....

 

ချီအုပ်စုရုံးချုပ်၏ ထိပ်ဆုံးထပ်မှ အစည်းအဝေးခန်းထဲတွင် အမျိုးမျိုးသော ဋ္ဌာနများမှ မန်နေဂျာများက သူတို့၏ ဥက္ကဋ္ဌကို နောက်ထပ် လေးစားမှုများ တိုးလာနေသည်။

 

ဥက္ကဋ္ဌချီကတော့ ထင်ထားသလိုပဲ။

 

သူ၏ စကားလုံးများက တိုတိုတုတ်တုတ်နှင့် အမြဲလိုလို အဓိကအချက်အား ထိမိပေသည်။

 

အစည်းအဝေးစားပွဲ၏ အဆုံးတွင် ထိုင်နေသော အမျိုးသားက လက်အောက်ငယ်သားများ တင်ပြလာသည့် ပရောဂျက်တိုးတက်မှုများကို ဖတ်ကြည့်နေသည်။ သူ့တွင် မြင့်မြတ်တည်ကြည်သော အရှိန်အဝါရှိပြီး မျက်ခုံးများအား အနည်းငယ် စုကျုံ့ထားသည်။

 

အချိန်တိုင်းလိုလို သူက နာရီအား ငုံ့ငုံ့ကြည့်နေခဲ့၏။