အပိုင်း ၅၅
Viewers 4k

အပိုင်း (၅၅) လက်ထပ်ပြီးသား အမျိုးသမီးတွေက စကားပြောအရမ်းရဲတင်းတာပဲလား။

 

စုထင်းရန်က ရှန်းမူမူ ကျင်းမြို့သို့ ပြန်ရောက်လာကြောင်း သိရှိပေသည်။ ထို့ကြောင့် ရှန်းမူမူ သူမထံ လာလည်သည်ကို စောင့်ဆိုင်းမနေဘဲ ယွဲ့ကျီပန်းဆိုင်ကို အစပြုကာ သွားလည်ခဲ့သည်။

 

နေ့လယ်ခင်း နေရောင်ခြည်က ပန်းဆိုင်၏ ဖန်သားနံရံကို ရောင်ပြန်ဟပ်ကာ တောက်ပနေစေပြီး နို့နှစ်ရောင်စားပွဲပေါ် အရောင်စုံသည့် စက်ဝိုင်းသဏ္ဌာန် အလင်းဝိုင်းလေးများ ဖြစ်ပေါ်နေစေသည်။

 

စားပွဲပေါ်တွင် နှင်းဆီလက်ဖက်ရည် ထည့်ထားသည့် လက်ဖက်ရည်ခွက် နှစ်ခုရှိပြီး ၎င်းတို့ဘေးတွင် ဤမနက်၌ ရှန်းမူမူကိုယ်တိုင် ပြုလုပ်ထားသော အနီရောင်ဘယ်ရီ ကွတ်ကီးများ ရှိနေသည်။

 

စုထင်းရန်က ကွတ်ကီးတစ်ကိုက် ကိုက်လိုက်ပြီး မေးကို လက်ဖြင့် ထောက်ကာ ပြောလိုက်သည်။

 

"WeChat အဖွဲ့ထဲက အမျိုးသမီးတွေက နင် ရှန်မြို့ကို ခရီးထွက်သွားတာ သိကြတယ်။ ပြီးတော့ သူတို့အားလုံး ခန့်မှန်းနေကြတာ။ အဲဒီခရီးက ဥက္ကဋ္ဌနဲ့ နင်တို့ နောက်ကျမှ သွားဖြစ်တဲ့ ဟန်းနီးမွန်းခရီး မဟုတ်ဘူးလားဆိုပြီး။ ဥက္ကဋ္ဌချီက ဇနီးကို အလိုလိုက်ချစ်ခင်လိုက်တာလို့ ချီးကျူးနေကြသေးတာ။ နှစ်လယ် ဘဏ္ဍာရေး အစီရင်ခံစာ တင်ဖို့အတွက် တစ်နှစ်လုံး အလုပ်ရှုပ်ဆုံးအချိန်မှာတောင် ဥက္ကဋ္ဌချီက နင်နဲ့အတူ အပန်းဖြေခရီးထွက်ဖို့ ဆန္ဒရှိတယ်။"

 

"အဟမ်း" ရှန်းမူမူက လက်ဖက်ရည်သီးလုနီးပါး ဖြစ်သွားသည်။ "အဲဒါက ဟန်းနီးမွန်း မဟုတ်ပါဘူး။ ဝန်ထမ်းတွေရဲ့ အကျိုးအမြတ် ခံစားခွင့်လေ။ ကျွန်မ မသွားရင် ရူးမိုက်လို့ပဲပေါ့။"

 

စုထင်းရန်က သူမ၏ ဆင်ခြေကို လုံးဝ မယုံကြည်ခဲ့ပေ။ အပြစ်တင်သည့် အကြည့်တစ်ချက် ပေးလိုက်သည်။ "နင်က ငါ့ရှေ့မှာ ဘာလို့ လာရှက်ပြနေတာလဲ။"

 

ရှန်းမူမူက အကူအညီမဲ့စွာ ပြုံးပြီး ထပ်ရှင်းမပြနေတော့ဘဲ လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။

 

စုထင်းရန်က ပြောလိုက်၏။ "အိုး ဟုတ်သား။ ငါ့အတွက် ဝယ်လာပေးတဲ့ လက်ဆောင်အတွက် ကျေးဇူးပါ။ ငါ တကယ် ကြိုက်တယ်။"

 

ရှန်းမူမူက လက်ဖက်ရည်ခွက်ကို ချကာ ပြုံးလိုက်သည်။ "အဲဒါက ရှင်နဲ့ တကယ် လိုက်ဖက်မယ်လို့ ကျွန်မ တွေးခဲ့တာ။"

 

စုထင်းရန်တွင် ကောင်းမွန်သော မိသားစုမှ ငယ်ရွယ်သော မိန်းမပျိုတစ်​ယောက်၏ အရှိန်အဝါမျိုး ရှိသည်။ အမှတ်တရပစ္စည်းဆိုင်၌ ရှန်းမူမူက စိမ်းပြာရောင် ချုံးဆမ်းဝတ်စုံကို မြင်သည့်အခါ စုထင်းရန်နှင့် လိုက်ဖက်မည်ဟု ခံစားမိသဖြင့် သူမကို လက်ဆောင်ပေးရန် ချက်ချင်း ဝယ်ယူဖြစ်ခဲ့သည်။

(ချုံးဆမ်းကို ကျန်းဆဲ့လို့ခေါ်သလို ချီဖောင်လို့လည်း ခေါ်ပါတယ်။ နှစ်ဆယ်ရာစုနှစ်လောက်က တရုတ်အမျိုးသမီးတွေ ဝတ်တဲ့ ရိုးရာအင်္ကျီပါ။ မြန်မာမှာဆို ဟိုးတုန်းက အဲ့လိုအင်္ကျီတွေကို ပိုင်ဝေ့အင်္ကျီလို့ ခေါ်ပါတယ်။)

 

တစ်ခုခုကို သတိရသွားသကဲ့သို့ စုထင်းရန်၏ မျက်နှာထက်၌ ဝမ်းနည်းမှုအချို့ ဖြစ်ပေါ်လာ၏။ သူမ၏ နှုတ်ခမ်းက အကြိမ်ရေအနည်းငယ် လှုပ်ရှားသွားပြီး နောက်မှ သူမက ဖြေးညင်းစွာ ပြောလာသည်။

 

"တကယ်တော့ ငါက ချုံးဆမ်းဝတ်ရတာကို သဘောကျခဲ့တာ။ ဒါပေမယ့် ငါ့အမျိုးသားနဲ့ လက်ထပ်လိုက်ပြီးကတည်းက သိပ်မဝတ်ရတော့ဘူး။"

 

ရှန်းမူမူက ဇဝေဇဝါဖြစ်သွားသည်။ "ဘာလို့ မဝတ်ရတာလဲ။"

 

"အဲဒါက ခန္ဓာကိုယ် ကောက်ကြောင်းကို အရမ်းပေါ်လွင်စေလို့လေ။ သူက.. ငါ အဲဒီလိုမျိုးတွေ ဝတ်တာ မကြိုက်ဘူး။" စုထင်းရန်၏ ပခုံးများက အနည်းငယ် လျော့ရဲသွားသော်လည်း သူမ မျက်နှာထက်၌ ဝမ်း​နည်းသော ခံစားချက်က အချိန်ကြာကြာ ရှိမနေပေ။ သူမ မျက်လုံးများက ထပ်မံတောက်ပလာသည်။ "ဒါပေမယ့် နင် ပေးတဲ့ဟာကိုတော့ ငါ ကျိန်းသေဝတ်မှာပါ။ စိတ်မပူနဲ့။"

 

"ဒါပေါ့။ ရှင် ကြိုက်တာကို ရှင်ဝတ်သင့်တယ်။ ​ယောက်ျားတွေ ဘာကြိုက်လဲဆိုတာကို တွေးမနေနဲ့။" ရှန်းမူမူက စုထင်းရန်ကိုယ်စား အနည်းငယ် ခံပြင်းဒေါသထွက်သွားသည်။ "မိန်းမလှတစ်ယောက်ကို ဝေဖန်အပြစ်မတင်သင့်ဘူး။ အလှလေးက သူ ဝတ်ချင်တာ ဝတ်နိုင်တယ်။"

 

စုထင်းရန်က သူမ၏ ဖြောင့်မတ်မှန်ကန်ဟန်ရှိသော ဒေါသစကားကြောင့် စိတ်ပျော်သွားကာ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ နင်ပြောတာ မှန်တယ်။"

 

သူမ ရှန်းမူမူနှင့် သူငယ်ချင်းကောင်း ဖြစ်လာကတည်းက စုထင်းရန်သည် သူမ ပိုပြီး ပွင့်လင်းလာသည်ဟု ခံစားခဲ့ရပေသည်။

 

ယခင်က သူမ စိတ်များက သူမ ခင်ပွန်းနှင့် သူမ မိသားစုကိုသာ ဗဟိုပြုလည်ပတ်နေခဲ့သည်။

 

ယခု သူမကိုယ်တိုင်ကိုပါ ထည့်သွင်းစဥ်းစားလာနိုင်ပြီ ဖြစ်သည်။

 

သူမသည် ယခု ထိုသည်က ကောင်းမွန်ပြီး မှန်ကန်ကြောင်း ခံစားမိပေသည်။

 

"အစ်မရှန်း ဒီလရဲ့ အွန်လိုင်းအရောင်းအတွက် အစီရင်ခံစာကို ကျွန်တော် ခင်ဗျားဆီ အီးမေးလ်ပို့လိုက်ပြီးပြီ။"

 

ကြည်လင်ပြတ်သားသည့် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

 

ရှန်းမူမူက အသံလာရာကို တစ်ချက်ကြည့်လိုက်သည်။

 

ချန်ကျိုးက ကြည်လင်သန့်ရှင်းသော အပြုံးဖြင့် သူတို့ကို ပြုံးပြနေ၏။

 

ရှန်းမူမူက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပြီ။ ရှင့်ရဲ့ ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်။"

 

ချန်ကျိုးက ရှက်ရွံ့စွာဖြင့် သူ့ခေါင်းနောက်ကို ပွတ်လိုက်သည်။ သူ့ အပြုံးက ခပ်တိမ်တိမ် ပါးချိုင့်နှစ်ခုကို ပေါ်လွင်လာစေသည်။ သူက ပြောလိုက်၏။ "ကျွန်တော် လုပ်ရမယ့်အလုပ်ကိုပဲ လုပ်တာပါ။" 

 

အခွန်းရေအနည်းငယ် စကားပြောပြီးနောက် ရှန်းမူမူ ခေါင်းပြန်လှည့်လိုက်သည်နှင့် စုထင်းရန်သည် သူမအား အဓိပ္ပါယ်ပါပါ မျက်လုံး မှိတ်ပြနေသည်ကို တွေ့လိုက်ရသည်။

 

"မူမူ ဗီလာဧရိယာထဲက အဒေါ်တွေက နင်ငှားထားတဲ့ ဆိုင်မန်နေဂျာအသစ်က ဘယ်လောက် ချောမောတယ်ဆိုပြီး ချီးကျူးနေကြတာ နင်သိလား။"

 

"သေချာပေါက်ပေါ့။ သူသာ ရုပ်ရည်ကြည့်မကောင်းရင် သူ့ကို ငှားခဲ့မှာ မဟုတ်ဘူးလေ။" ရှန်းမူမူက စိတ်ကျေနပ်စွာ ပြောလိုက်ပြီး ပန်းလက်ဖက်ရည်ကို ငွေဇွန်းသေးသေးလေးနှင့် မွှေလိုက်ပြီး ခွက်နှင့် ဇွန်း ထိခတ်မိသည့် အသံများ ထွက်ပေါ်လာသည်။

 

ချန်ကျိုးက မျက်စိဖမ်းစားနိုင်ရုံသာမက အလုပ်စွမ်းရည်မှာလည်း ထူးချွန်သည်။

 

လွန်ခဲ့သည့် ရက်အနည်းငယ်က သူမ ကျင်းမြို့တွင် မရှိသည့်အချိန်၌ ပန်းဆိုင်၏ အွန်လိုင်းနှင့် အော့ဖ်လိုင်းလုပ်ငန်းများက ကောင်းမွန်ခဲ့ပြီး အရာအားလုံးကို စနစ်တကျနှင့် ထိထိရောက်ရောက် ကိုင်တွယ်ထားခဲ့သည်။

 

လောလောဆယ်တွင် သူမသည် ချန်ကျိုးကို လစာမည်မျှတိုးမြှင့်ပေးသင့်ကြောင်း စဉ်းစားနေသည်။

 

စုထင်းရန်က စကားမပြောခင် ခဏရပ်တန့်လိုက်သည်။ "ဒါပေမယ့် ကောလဟာလတွေလည်း အများကြီးပဲ။"

 

ရှန်းမူမူက မော့ကြည့်လိုက်ပြီး သူမ၏ ဇွန်းဖြင့် မွှေနေသည့် လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။ "ဘာကောလဟာလတွေလဲ။"

 

စုထင်းရန်က ပြောပြရန် တုံ့ဆိုင်းနေပြီး အခြားမည်သူမျှမရှိကြောင်း သေချာစေရန် ဘယ်ညာ တစ်ချက်ကြည့်လိုက်ပြီးမှ ရှင်းရှင်းလင်းလင်း ပြောပြဖို့ရာ ပြင်လိုက်သည်။

 

"​ဒီအတိုင်း အဓိပ္ပါယ်မရှိတဲ့ စကားတွေပါပဲ။"

 

"နင်က ချမ်းသာတဲ့ မိသားစုနဲ့ အိမ်ထောင်ကျထားပေမယ့် အသက်ငယ်သေးလို့ သွေးဆောင်မှုကို ခံနိုင်ရည်မရှိဘူးလို့ ပြောနေတာ..."

 

စုထင်းရန်သည် စကားလုံးများကို ပါးပါးနပ်နပ် အသုံးပြုသွားသော်လည်း ရှန်းမူမူက  သူမနောက်ကွယ်တွင် ထိုလူများ မည်သို့ အတင်းအဖျင်းများကို ပြောနေသည်အား ခန့်မှန်းကြည့်နိုင်သည်။

 

ထိုအတင်းအဖျင်းများကို ဖြန့်နေကြသူများထဲတွင် ချီမော့ကို သဘောကျနေသည့်  အထက်တန်းစား မိန်းမပျိုအချို့လည်း ပါဝင်နိုင်သည်။

 

သူတို့ ကိုယ်တိုင်က သူ့ကို မရနိုင်သည့်အတွက် သူမအား ရွှံ့ရည်ဖြင့် ပက်ချင်​နေကြခြင်း ​ဖြစ်သည်။

 

စုထင်းရန်သည် ရှန်းမူမူဘက်တွင် အခိုင်အမာ ရပ်တည်နေသည်။ အခြားသူများ အတင်းအဖျင်း ပြောနေကြသည်ကို ကြားလိုက်သည့်အခါ သူမက သူတို့ကို ပြင်းပြင်းထန်ထန် တားမြစ်ခဲ့ပြီး အဓိပ္ပါယ်မရှိသည့် စကားများ မပြောရန်ဆိုခဲ့သည်။

 

သို့ပေမယ့် လူအများ၏ ပါးစပ်များကို ပိတ်ထားနိုင်သော်လည်း သူတို့၏ အတွေးများကို မထိန်းချုပ်နိုင်ပေ။

 

ချမ်းသာသော လူမှုအသိုင်းအဝိုင်းကြားတွင် မနာလိုမှုများက ပြတ်လပ်ခြင်း မရှိပေ။

 

အချို့သော ချမ်းသာသည့် မိသားစုများတွင် ဇနီးမောင်နှံများသည် အချင်းချင်း၏ အရေးကိစ္စများကို မျက်ကွယ်ပြုထားကြသည်။

 

အခြား ချမ်းသာသော မိသားစုများတွင် ဇနီးသည်က ခင်ပွန်းကို လွှမ်းမိုးနိုင်ပြီး ဇနီးသည်က ကစားစရာကောင်လေးများကို ဘေးမှာ ထိန်းသိမ်းထားခြင်းက ပွင့်လင်းမြင်သာသည့် လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။

 

ရှန်းမူမူထံ၌ သူမအား ကျောထောက်နောက်ခံပြုပေးနိုင်သော အင်အားကြီးသည့် မိဘဘက်မှ မိသားစုမရှိသောကြောင့် သူမက အခြားသူများအတွက် တိတ်တဆိတ် လှောင်ပြောင်စရာတစ်ခု ဖြစ်လာခဲ့သည်။

 

"ရှင်းလင်းတဲ့ အသိစိတ်ရှိနေရင်  မှားယွင်းတဲ့ စွပ်စွဲချက်တွေကို လှောင်ရယ်လို့ရတယ်။ တစ်ယောက်နဲ့တစ်ယောက် သိတာမကြာသေးပေမယ့် နင်က ဘယ်လိုလူမျိုးလဲဆိုတာ ငါ နားလည်တယ်။ ကစားစရာကောင်လေးကို ထိန်းသိမ်းထားဖို့ နင် တွေးတောင် တွေးမိမှာ မဟုတ်ဘူး။"

 

"ပြီးတော့လည်း နင့်ရဲ့ ဥက္ကဋ္ဌချီကို ဘယ်သူက ယှဥ်နိုင်မှာတဲ့လဲ။" သူမက ရှန်းမူမူကို အဓိပ္ပါယ်ရှိစွာ ပြုံးပြလိုက်သည်။ "ဥက္ကဋ္ဌချီက အရမ်းပြီးပြည့်စုံပြီး ပထမတန်းစားဖြစ်နေမှာ။ သူက နင့်ကို တခြားသူအကြောင်း စဉ်းစားဖို့ ခွန်အားတောင် ကျန်စေမှာမဟုတ်ဘူးမလား။"

 

ရှန်းမူမူ : "............ဖူး... အဟွတ် အဟွတ်။"

 

ဤတစ်​ခါ​၌ သူမ အမှန်တကယ်​ ​ရေသီးသွားခြင်း ဖြစ်သည်။

 

ချောင်းဆိုးရလွန်းသဖြင့် သူမ မျက်နှာနီမြန်းလာသည်။

 

စုထင်းရန်က အိမ်ထောင်ကျသည်မှာ နှစ်အတော်ကြာပြီဖြစ်သည်မှာ သေချာပေသည်။ သူမက အမှန်ပင်..... စကားပြောရာ၌ အလွန်ရဲတင်းသူ ဖြစ်သည်။

 

အိမ်ထောင်သည် အမျိုးသမီးတိုင်း ဤကဲ့သို့ ရဲတင်းစွာ ပြောတတ်သလား။

 

စကားတစ်ခွန်းတည်းဖြင့် လူများကို ညစ်ညမ်းသည့် အရာများအား တွေးတောမိစေခဲ့သည်။

 

ပုံရိပ်များ စိတ်ထဲ အလိုလို ထွက်ပေါ်လာစေ၏။

 

သူမသည် ချက်ခြင်းပင် ချီမော့၏ ကျယ်ပြန့်သော ပခုံးများနှင့် တင်းမာပြီး ချောမွေ့သော ကြွက်သားလိုင်းများကို မြင်ယောင်မိခဲ့သည်။

 

ထို့ပြင် သူ၏ အာဒမ်ပန်းသီး(လည်ဇလုတ်)က သူမ အကြိုက်ဆုံး အစိတ်အပိုင်း ဖြစ်လာသည်။

 

ကျစ်! သေသေချာချာတွေးကြည့်တော့မှ သူက တော်တော်လေး ဆွဲဆောင်အားပြင်းပြီး ညှို့ယူဖမ်းစားနိုင်တာပဲ။

 

သူ့ကို ကြည့်ရတာ ခံနိုင်ရည်အားလည်း ကောင်းမယ် ထင်တယ်။

 

ရှန်းမူမူက ရုတ်​တရက်​ ​လည်ချောင်း ခြောက်​ကပ်​သွားသလို ခံစားလိုက်​ရပြီး နှင်းဆီလက်​ဖက်​ရည်​တစ်​ခွက်​ လောင်းထည့်ကာ တစ်ကျိုက်တည်း သောက်ချလိုက်သည်။

 

ထိုလက်ဖက်ရည်တစ်ခွက်က သူမ စိတ်ထဲမှ အဝါရောင်အတွေးများကို မျှောချသွားစေချင်နေသလိုပင်။

 

စုထင်းရန်သည် ရှန်းမူမူ၏ ဖြူဖွေးသော မျက်နှာတစ်ခုလုံး နီရဲတောက်ပလာသည်ကို ကြည့်ရင်း စကားမပြောဘဲ ပြုံးနေလိုက်၏။

 

........

 

ပန်းဆိုင်ပိတ်ပြီးနောက် ထိုညတွင် ရှန်းမူမူ နှင့် ချန်ကျိုးတို့ အတူတူ ထွက်လာခဲ့သည်။

 

ချန်ကျိုးက တံခါးသော့ခတ်ရန် သော့ကို ထုတ်လိုက်ပြီး ရှန်းမူမူက ဘေးတွင် ရပ်စောင့်နေသည်။

 

ထိုနေ့ မွန်းလွဲပိုင်းတွင် စုထင်းရန် နှင့် သူမ ပြောခဲ့သည့် စကားကို သတိရသွားသဖြင့် သူမက သူ့ကို မသိမသာ ကြည့်လိုက်သည်။

 

ချန်ကျိုးသည် ချီမော့နှင့် ယှဥ်လျှင် ပေါ့ပေါ့ပါးပါး ၀တ်စုံများကို ၀တ်ဆင်ထားပြီး ငယ်ရွယ်ပုံပေါ်သော်လည်း အရည်အသွေးမှာ နိမ့်ကျပေသည်။

 

သူက ဆံပင်တိုတိုကို သပ်ရပ်သန့်ရှင်းစွာ ဖြီးသင်ထားပြီး ချောမောသည့် အသွင်အပြင်တွင် တက်ကြွမှုအပြည့်နှင့် ဖြစ်သည်။

 

သူ၏ နာမည်ကဲ့သို့ပင် မီးတောက်လေးနှင့် တူပေသည်။

 

ချန်ကျိုး၏ ကိုယ်ရေးအကျဉ်းကို သူမ ဖတ်ခဲ့ဖူးပြီး သူ့အသက် နှစ်ဆယ့်ခုနစ်နှစ် ရှိပြီ ဖြစ်ကြောင်းသာ မသိပါက သူ၏ ရုပ်ရည်တစ်ခုတည်းကို အခြေခံလျှင် ကောလိပ်ကျောင်းဆင်းကာစလေး ဖြစ်မည်ဟု သူမခန့်မှန်းမိမည်ဖြစ်သည်။

 

ရှန်းမူမူက ၎င်းကို တွေးတောရင်း စုထင်းရန်၏ အဓိပ္ပါယ်ရှိသည့် သတိပေးချက်ကို ပြန်အမှတ်ရလိုက်မိသည်။

 

"နင့်မှာ ဘာရည်ရွယ်ချက်မှ မရှိဘူးဆိုပေမယ့် တစ်ဖက်လူကတော့ မသိနိုင်ဘူးလေ။ လှည့်စားမခံရဖို့ ပိုသတိထားရမယ်။"

 

"အခုခေတ်မှာ ရုပ်ရည်ချောမောတဲ့ အမျိုးသားတွေ တော်တော်များများက ပိုက်ဆံချူနိုင်ဖို့ ချမ်းသာတဲ့ ဇနီးမယားတွေကို ပစ်မှတ်ထားပြီး လှည့်စားဖို့ပဲ ရည်ရွယ်နေကြတာ။"

 

"ဒီလိုလူမျိုးတွေက သူတို့ကိုယ်သူတို့ နောက်ခံကောင်းတွေ ရှိတယ်ဆိုတဲ့ ပုံစံမျိုး ဖမ်းထားတတ်တယ်။ ပြီးတော့ တခြားလူတွေကို လှည့်စားဖို့အတွက် ချိုမြိန်တဲ့ စကားမျိုးတွေ ပြောတတ်ကြတယ်။"

 

.......

 

သူမက ထိုအကြောင်းကို တွေးတောနေစဥ် ချန်ကျိုးက တံခါးကို သော့ခတ်ပြီးသွားပြီ ဖြစ်ကာ သူမနားသို့ လျှောက်လာရင်း သော့လှမ်းပေးလိုက်သည်။

 

"အစ်မရှန်း ခင်ဗျား ဗိုက်ဆာလား။ ညလယ်စာ အတူတူသွားစားချင်လား။"