အပိုင်း ၅၄
Viewers 4k

အခန်း (၅၄) ရှင့်ကတ်ကိုဖြတ်ခဲ့တာ

 

ရှန်မြို့တွင် ကျန်သည့် နှစ်ရက်အတွင်း ရှန်းမူမူက ပစ္စည်းအများအပြားကို ဝယ်ယူခဲ့သည်။

 

သူမလာစဥ်က ခရီးဆောင်သေတ္တာတစ်ခုတည်းသာ ယူလာခဲ့သော်လည်း ပြန်သွားချိန်၌ ခရီးဆောင်အိတ်သုံးလုံး ဖြစ်သွားလေသည်။

 

ညနေစောင်း နေဝင်ရီတရောအချိန်၌ သူတို့ သုံးယောက်က ကိုယ်ပိုင်လေယာဉ်ပေါ် တက်လိုက်ကြသည်။

 

၎င်းက စီးပွားဖြစ်လေကြောင်းလိုင်းများလောက် မကြီးသော်လည်း ကိုယ်ပိုင်လေယာဉ်သည် အတော်လေး ကျယ်ဝန်းပြီး ဇိမ်ခံပစ္စည်းများ ထည့်သွင်းထားကာ သက်သောင့်သက်သာရှိပေသည်။

 

ဆိုဖာများ၊ သားရေထိုင်ခုံများ၊ ထမင်းစား စားပွဲများနှင့် ဝိုင်ဘီရိုများကဲ့သို့သော စံပုံစံဖွဲ့စည်းမှုနှင့် အသုံးအဆောင်များအပြင် အစည်းအဝေးခန်းငယ်တစ်ခု၊ ရေချိုးခန်းပါ အိပ်ခန်းတစ်ခုပင် ရှိသေးသည်။

 

ထို့ကြောင့် ရှန်းမူမူသည် သူမ၏ လုပ်ဆောင်ချင်သည့် စာရင်းထဲမှ 'ကိုယ်ပိုင်လေယာဉ်ပေါ်ရှိ ဇိမ်ခံအိပ်ခန်းထဲတွင် လဲလျောင်းရင်း နေဝင်ချိန်ကို ရှုစားခြင်း' ဟူသည့် အချက်ကို အကောင်အထည် ဖော်နေခဲ့သည်။

 

နာရီပေါင်းများစွာ ပျံသန်းပြီးနောက် လေယာဉ်က ကျင်းမြို့ လေဆိပ်သို့ ဆင်းသက်ခဲ့သည်။

 

ယာဥ်မောင်းသူ ရှောင်ဝမ်က လေဆိပ်သို့ ရောက်နှင့်နေပြီး ဖြစ်သည်။ အာရုံဖမ်းစားနိုင်သည့် မိသားစု သုံးယောက်သား လေဆိပ်ခန်းမမှ ထွက်လာသည်ကို မြင်သည့်အခါ သူက အမြန်လာနှုတ်ဆက်လိုက်၏။

 

သူက ချီမော့၏ လက်ထဲမှ ခရီးဆောင်သေတ္တာ သုံးလုံးပါသော လှည်းကို ဂရုတစိုက် တွန်းကာ ခရီးဆောင်အိတ်များကို ကားထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။

 

ကားထဲသို့ ဝင်ပြီးနောက် စက်မနှိုးခင် ရှောင်ဝမ်သည် သူ့ထိုင်ခုံကို တစ်ယောက်ယောက်က လှမ်းပုတ်လိုက်သလို ခံစားလိုက်ရ၏။

 

သူ လှည့်ကြည့်လိုက်သည့်အခါ သူဋ္ဌေးကတော်က တော​က်ပစွာ ပြုံးရင်း သူ့အား သေတ္တာသေးသေးလေးတစ်ခု ပေးလာသည်ကို မြင်လိုက်ရသည်။

 

"ရှောင်ဝမ် ဒါ ငါတို့ မင်းအတွက် ဝယ်လာခဲ့တဲ့ လက်ဆောင်။"

 

ရှောင်ဝမ်က ဝမ်းသာသွားသည်။ သူက ဘော့စ်ချီကို ကြည့်ပြီးနောက် ရှန်းမူမူအား ကြည့်လိုက်သည်။

 

သူက လက်ခံရမလား လက်မခံရမလား သေချာမသိပေ။

 

"ဒါ... မဒမ်၊ ခင်ဗျားရဲ့ လက်ဆောင်ကို ကျွန်တော် ဘယ်လိုလုပ် လက်ခံရမလဲ။"

 

ချီမော့က ထိုင်ခုံနောက်ဘက်သို့ ပျင်းရိစွာ မှီလိုက်ရင်း မသိမသာ ခေါင်းညိတ်ပြလိုက်သည်။

 

ဘော့စ်၏ တိတ်တဆိတ် သဘောတူညီချက်ကို ရရှိပြီးနောက် ရှောင်ဝမ်က သေတ္တာလေးကို လက်နှစ်ဖက်နှင့် ယူလိုက်ကာ အပြုံးလေးဖြင့် ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် မဒမ်။"

 

ရှောင်ဝမ်အတွက် ရှန်းမူမူ ရွေးချယ်ခဲ့သည့် လက်ဆောင်က နေရောင်ကာခရင်မ် ဖြစ်သည်။

 

သူမသည် ရှောင်ဝမ်က ချမ်းသာသော သူဌေးများ၏ အခြားကားမောင်းများနှင့်မတူဘဲ လက်အိတ်အဖြူ မဝတ်ထားတတ်ကြောင်း သတိပြုမိခဲ့သည်။

 

သူမသည် ချီမော့က ထိုအလေ့အထအား ဟိတ်ဟန်များလွန်းသည်ဟု သတ်မှတ်ကာ ထိုသို့ မဝတ်ဆင်ရန် တောင်းဆိုခဲ့ခြင်း ဖြစ်လောက်သည်ဟု မှန်းဆလိုက်သည်။

 

တစ်နေကုန် နေရောင်နှင့် ထိတွေ့နေရသည့် ယာဉ်မောင်းတစ်ယောက်အနေ​ဖြင့် လက်များက အရောင်နှစ်မျိုး ဖြစ်နေလျှင် ကျိန်းသေ ကြည့်လို့ကောင်းမည် မဟုတ်ပေ။

 

ရှန်းမူမူက ဆွဲဆောင်မှုရှိသည့် အပြုံးလေး ပေးလိုက်သည်။ "ရပါတယ်။"

 

နေရောင်ခံခရင်မ်က အဖိုးတန်သော လက်ဆောင် မဟုတ်ပေ။ သူမ တစ်နေရာရာ သွားသည့်အခါ သူမ ပတ်ဝန်းကျင်မှ လူများအတွက် လက်ဆောင်ဝယ်လာပေးတတ်ခြင်း အလေ့အထမှာ နှစ်ဆယ့်ရှစ်နှစ်တာ လူမှုဆက်ဆံရေး အတွေ့အကြုံမှ သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။

 

ခရီးသွားသည့်အခါ သူမသည် တခြားသူများအတွက် အမှတ်တရလက်ဆောင်များ ဝယ်ပေးမှာ သေချာပေါက်ပင် ဖြစ်သည်။

 

ဤသည်မှာ သူမ၏ အတွေးအမြင် သင်္ကေတတစ်ခု ဖြစ်သည်။

 

လက်ဆောင်လက်ခံသူ ပျော်ရွှင်ပါက လက်ဆောင်ပေးသူကလည်း ဝမ်းသာရသည်။

 

လေဆိပ်မှ ရှီယွိယွဲ့ဗီလာဧရိယာသို့ သွားသည့်လမ်း၌ ချီရှောင်ပိုင်သည် ရှန်မြို့၌ ဝတ်ခဲ့သော အနွေးဦးထုပ်မှ လျှာထိုးဦးထုပ်ကို ပြောင်း၍ ဆောင်းလိုက်ပြီး ဖြစ်သည်။

 

သူ ကားပေါ်ရောက်သည်နှင့် တပြိုင်နက် ကားနောက်မှီသို့ မှီကာ ဦးထုပ်လျှာကို နှိမ့်ပစ်၍ လက်ပိုက်၍ အနားယူရန် ပြင်လိုက်သည်။

 

ရှန်းမူမူက မနေနိုင်ဘဲ စနောက်လိုက်သည်။ "မင်းက ဒီလောက် အသက်ငယ်ငယ်လေးနဲ့ လေယာဉ်ကို နာရီနည်းနည်းလေး စီးရတာတောင် ပင်ပန်းပြီး တရေးတမောအိပ်ဖို့ လိုနေပြီလား။"

 

ချီရှောင်ပိုင်၏ နှုတ်ခမ်းထောင့်များက အနည်းငယ် တုန်ယင်သွားသော်လည်း သူက ဤတစ်ကြိမ်၌ ပြန်မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။

 

၎င်းက သူ ပင်ပန်းနေ၍ မဟုတ်ပေ။

 

သူက သူတို့အတွက် အပိုမီးလုံးမဖြစ်ချင်သဖြင့် သူ့ တည်ရှိမှုကို လျှော့ချရန် ကြိုးစားနေခြင်း ဖြစ်သည်။

 

မနေ့က သူတို့ ကားပေါ်က ဆင်းလာချိန်မှာ ရှန်းမူမူ၏ နီရဲနေသည့် နားရွက်များနှင့် သူ့အဖေ၏ မျက်နှာထက်မှာ ပေါ်လွင်နေသည့် ပျော်ရွှင်ကြည်နူးမှု အရိပ်အယောင်တို့ကို သူ မမေ့သေးပေ။

 

အမ်း... စကားတစ်ခွန်းတည်း ပြောရရင် - ချိုအီနေတာပဲ။

 

ကားသည် ရှီယွိယွဲ့ဗီလာဧရိယာအတွင်းသို့ ဝင်ရောက်လာပြီး သူတို့၏ ဗီလာသံတံခါးအပြင်ဘက်တွင် ရပ်တန့်သွားခဲ့သည်။

 

အိမ်တော်ထိန်းကျန်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် တံခါးဝတွင် လည်တဆန့်ဆန့်နှင့် စောင့်ဆိုင်းနေသည်။

 

သခင်နှင့် သခင်မ ကားပေါ်မှ ဆင်းလာသည်ကို မြင်လျှင် လက်သုတ်ရန် ရေနွေးစိမ်ထားသည့် ပုဝါများ ယူဆောင်လာရန် အိမ်စေများကို အလျင်အမြန် ညွှန်ကြားလိုက်သည်။

 

"ပြန်လာတာ ကြိုဆိုပါတယ်။ ဆရာ၊ မဒမ်နဲ့ သခင်ငယ်လေးတို့ ပျော်ရွှင်စရာ ခရီးလေးဖြစ်ခဲ့မယ်လို့ မျှော်လင့်ပါတယ်။"

 

အိမ်တော်ထိန်းကျန်းက သူ့လက်တွေကို ပွတ်သပ်ရင်း မျက်လုံးထောင့်မှ အရေးအကြောင်းများ ပေါ်လာတဲ့အထိ ပြုံးပြနေကာ ကြင်နာတတ်သည့် အိမ်တော်ထိန်းတစ်ဦးပုံစံ ပေါ်နေခဲ့သည်။

 

သူက ချီမိသားစုအတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သည်။

 

သူ ချီမိသားစုသို့ မရောက်ခင်တွင် အခြားချမ်းသာသည့် မိသားစုများအတွက် အိမ်တော်ထိန်း လုပ်ခဲ့ဖူးပေသည်။

 

ထိုချမ်းသာသော အိမ်များမှ မိသားစုဝင်များသည် အမြဲတစေ အေးစက်ကာ သီးသန့်ဆန်ကြသည်။

 

လူဦးရေနည်းသော မိသားစုများတွင်ပင် သူတို့၏ ဆက်ဆံရေးများက အေးစက်စက်နှင့် ရင်းနှီးမှုမရှိကြပေ။ မိသားစုဝင် ပိုများသော အိမ်များ၌ အချင်းချင်း အတွင်းကြိတ် ယှဥ်ပြိုင်ခြင်း၊ နောက်ကျောဓားနှင့် ထိုးခြင်းတို့က​ ​ရှောင်လွှဲမရနိုင်သော မိသားစုကံကြမ္မာကဲ့သို့ပင်။

 

ချီမိသားစု၌ ဤသို့သော ပြဿနာမျိုး တစ်ခါမှ မကြုံဖူးခဲ့ပေ။

 

ဥက္ကဋ္ဌချီက စည်းကမ်း အများကြီး ချမှတ်ထားခြင်းမျိုး မရှိချေ။ သူတို့ အလုပ်တွေကို ကောင်းကောင်း လုပ်နေသရွေ့ တခြားကိစ္စများ၌ လေးစားမှုနှင့် လွတ်လပ်မှု ပေးထား၏။

 

ကျန်းအိမ်တော်ထိန်းသည် သူ့စိတ်ကူးထဲမှ အကောင်းဆုံးသော သူဌေးနှင့် အကောင်းဆုံးအလုပ်တစ်ခုကို ရှာတွေ့ခဲ့ကြောင်း စိတ်ရင်းမှန်ဖြင့် ခံစားမိသည်။

 

သို့သော်လည်း သူ မထင်မှတ်ထားခဲ့သည်မှာ အိမ်သို့ သခင်မ ရောက်လာပြီးနောက် ပို၍ပင် ကောင်းမွန်လာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

 

သူမ ရောက်ရှိလာမှုကြောင့် ချီအိမ်တော်သည် အခြားချမ်းသာသော အိမ်များတွင် မြင်တွေ့ရခဲလှသော နွေးထွေးမှုတို့ ရှိလာပေသည်။

 

ရှောင်ဝမ်သည် ကားနောက်ဖုံးထဲမှ အိတ်များကို ထုတ်ကာ အိမ်ထဲသို့ ထည့်ပေးရန် ကြံရွယ်လိုက်သော်လည်း ရှန်းမူမူက သူ့ကို တားလိုက်သည်။

 

သူမက အိတ်နှစ်လုံးကို ဖွင့်လိုက်သည်။ ၎င်းတို့ထဲ၌ လက်ဆောင်များနှင့် ပြည့်ကျပ်နေသည်။

 

ရှန်းမူမူက ဖွင့်ထားသော ခရီးဆောင်အိတ်ဘေးတွင် ထိုင်ချလိုက်ကာ မတူညီသော ထုပ်ပိုးမှုအလိုက် လူတိုင်းကို လက်ဆောင်များ ပေးလိုက်သည်။

 

အိမ်အကူ အစ်မယန်နှင့် အစ်မဝမ်အတွက် အကောင်းစားတံဆိပ် လက်လိမ်းခရင်မ်ဖြစ်ကာ စားဖိုမှူးချိုက်အတွက် စားဖိုမှူးသုံး ဓားအသစ်တစ်လက် ဖြစ်၏။

 

ဥယျာဉ်နှင့် ရေကူးကန်ကို ထိန်းသိမ်းပေးရသည့် ဥယာဥ်မှူးလွီအတွက် လည်ပင်းနှိပ်နယ်ပေးနိုင်သည့် အနှိပ်စက်ပါ ပါလေ၏။

 

သူမက မည်သူ့ကိုမှ မချန်ရစ်ထားခဲ့ပေ။

 

အိမ်ရှိ အလုပ်သမားများက အံ့သြဝမ်းသာဖြစ်ကာ ကျေးဇူးတင်ကြောင်း အမြန်ဖော်ပြလာကြသည်။

 

"ကျေးဇူးတင်ပါတယ် ဆရာ။"

 

"ကျေးဇူးတင်ပါတယ် မဒမ်။"

 

......

 

ချီမော့က ဘေးတွင် ရပ်နေကာ အေးဆေးတည်ငြိမ်သော အကြည့်များဖြင့် ကြည့်နေခဲ့သည်။

 

"ကျုပ်ကို ကျေးဇူးတင်စရာ မလိုပါဘူး။ မင်းတို့အတွက် လက်ဆောင်ဝယ်လာပေးတာ မင်းတို့ သခင်မပဲ။"

 

ထိုစကားကို ကြားသည့်အခါ ရှန်းမူမူက တောက်ပသည့် မျက်လုံးများကို မှေးကျဥ်းလိုက်ကာ အလေးအနက် ပုံစံဖြင့် ခေါင်းယမ်းလိုက်သည်။

 

"ရှင် မှားနေပြီ။ ရှင်သာ မရှိရင် ကျွန်မ ဒါတွေကို မဝယ်နိုင်ဘူး။"

 

ချီမော့က မျက်ခုံးများကို အနည်းငယ် ပင့်လိုက်သည်။ "အိုး…"

 

ရှန်းမူမူ မျက်လုံးများတွင် ရယ်မြူရိပ်တို့ ဖြစ်ပေါ်လာပြီး အသံထွက်အောင် ရယ်မောလိုက်သည်။ 

 

"ကျွန်မ ရှင့်ကတ်ကို သုံးပြီး သူတို့အတွက် ဝယ်လာခဲ့တာ။"

 

သူမ ထိုသို့ ပြောလိုက်သည်နှင့် အားလုံးက ရယ်မောလိုက်ကြသည်။

 

ခြံဝင်းငယ်လေးသည် နွေးထွေးပြီး သဟဇာတရှိသော လေထုဖြင့် ချက်ချင်း လွှမ်းခြုံခံလိုက်ရသည်။

 

ချီမော့၏ မျက်လုံးများတွင် ပျော်ရွှင်ကြည်နူးနေသည့် အရိပ်အယောင်တို့ဖြင့် အလင်းလေးက တဖျတ်ဖျတ် တောက်ပနေခဲ့သည်။

 

သူက ပြန်၍ တုံ့ပြန်ခြင်းမပြုမီ စက္ကန့်အနည်းငယ်မျှ ငြိမ်သက်သွားခဲ့သည်။

 

"ကိုယ် ပိုင်တာမှန်သမျှ မင်း အပိုင်ပဲ။ ခွဲခြားပြီး ပြောစရာ မလိုဘူး။"

 

ရှန်းမူမူက ခေတ္တမျှ ထိတ်လန့်ကြောင်အသွားသည်။

 

သူမ ဝန်ခံရမည်မှာ ချီမော့က သူမထက်ပိုပြီး သရုပ်ဆောင်မှုတွင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားကာ အမြဲတမ်း အလိုလိုက်ချစ်ခင်ပေးသည့် ခင်ပွန်းတစ်ယောက်၏ ဇာတ်ရုပ်ကို သရုပ်ဆောင်ရန် အမြဲအဆင်သင့်​ဖြစ်နေခဲ့သည်ကိုပင် ဖြစ်သည်။

 

သူမက ဘယ်လိုလုပ်ပြီး သူ့ကို အကောင်းဆုံး သရုပ်ဆောင် ဖြစ်ခွင့်ပေးနိုင်မှာလဲ။

 

သူမက ဆွဲဆောင်မှုရှိသည့် အပြုံးလေးဖြင့် သူ့ လက်မောင်းကို ချိတ်လိုက်ကာ ချိုမြိန်လှသော အသံလေးဖြင့် ချွဲချွဲနွဲ့နွဲ့ ပြောလိုက်သည်။

 

"လောင်ကုန်း ရှင်က သိပ်ကို အံ့သြဖို့ ကောင်းတာပဲရော်~"

 

ထိုစကားကို ပြောပြီးသည်နှင့် သူမက ခြေဖျားထောက်ကာ အနားသို့ ကပ်သွားပြီး နှစ်ယောက်သားသာ ကြားနိုင်စေရန် တိုးတိုးလေး ကပ်၍ ပြောလိုက်သည်။

 

"ကျွန်မ လုပ်တာ ဘယ်လိုနေလဲ။ ရှင်နဲ့ ယှဉ်ရင် မဆိုးဘူးမဟုတ်လား။"

 

သူမ၏ ရေမွှေးရနံ့သင်းသင်းလေးက ချီမော့ နှာခေါင်းထဲသို့ တိုးဝင်လာသည်။ သူက အနည်းငယ် တောင့်တင်းသွားပြီးနောက် ခေါင်းကို ဖြေးညင်းစွာ လှည့်ကြည့်လိုက်သည်။

 

သူတို့ နှစ်ယောက်၏ အကြည့်များက လေထဲတွင် တွေ့ဆုံသွားပြီး တစ်ဖက်လူ၏ မျက်လုံးများထဲမှ ထူးဆန်းသည့် အရိပ်အယောင်တို့ကို ဖမ်းမိလိုက်ကြသည်။

 

အမျိုးသား၏ မျက်လုံးများက အောက်ခြေမရှိသည့် တွင်းနက်ကြီးကဲ့သို့ နက်မှောင်နေသည်။

 

သူမ မျက်လုံးများက တောက်ပကာ ကြည်လင်နေပြီး သူမ အပြုံးက အလွန် ဆွဲဆောင်မှုရှိလှကာ လူအများကို အကြည့်မလွှဲနိုင် ဖြစ်စေသည်။

 

ချီမော့၏ လည်ဇလုတ်က  လှုပ်ရှားသွားပြီး မျက်လွှာအနည်းငယ် ချလိုက်ကာ သူ့လက်မောင်းကို ချိတ်ထားသည့် ဖြူဖွေးသော လက်ကလေးပေါ် အကြည့်ရောက်သွားရင်း ခပ်တိုးတိုး ပြောလိုက်သည်။

 

"မလုံလောက်ဘူး။"

 

သူ့ အသံက အနည်းငယ် အက်ရှနေကာ ညှို့မြှူနေသလို ထင်မှတ်ရသည်။ အနည်းငယ် အေးစက်သော အငွေ့အသက်တို့ သယ်ဆောင်ထားသည့် ညှို့ငင်နိုင်သော သူ၏ အသံက ရှန်းမူမူနားထဲသို့ တိုးဝင်ရောက်ရှိလာ၏။

 

သူ၏ အလွန် ညှို့မြှူနိုင်သော အသံက သူမကို ရစ်ပတ်လွှမ်းခြုံသွားကာ သူမအား အနည်းငယ် အသိစိတ် လွတ်သွားစေသည်။

 

သူ့ စကားနောက်ကွယ်က အဓိပ္ပါယ်ကို သူမ မစဉ်းစားနိုင်ခင်မှာ သူမ၏ လက်က ဆုပ်ကိုင်ခြင်း ခံလိုက်ရသည်။

 

သူမ၏ လက်ချောင်းလေးများက အမျိုးသား၏ နွေးထွေးကာ ကြီးမားသည့် လက်ဝါးဖြင့် ထွေးဆုပ်ခြင်းကို ခံလိုက်ရပေသည်။

 

ထို့နောက်တွင် သူမတို့နှစ်ယောက်၏ လက်ချောင်းများက အချင်းချင်း တင်းကျပ်စွာ သွယ်ယှက်သွားခဲ့သည်။

 

သူက သူမကို ဦးဆောင်ကာ ဗီလာထဲသို့ ခေါ်သွားခဲ့သည်။

 

ရှန်းမူမူသည် သူ့နောက်မှ ခြေတစ်လှမ်း နောက်ကျကျန်ခဲ့ပြီး သူ ခေါ်ဆောင်သည့်အတိုင်း လိုက်ပါသွားကာ သူမ၏ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ခံထားရသော လက်ကို ငေးကြောင်ကြည့်နေခဲ့သည်။

 

သူမ၏ လက်ဖဝါးဆီမှ ဓာတ်လိုက်ခံရသလို ခံစားချက်က တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားကာ နားမလည်နိုင်စွာဖြင့် သူမ နားရွက်များက ပူလောင်ကာ နီမြန်းလာသည်။

 

သူမက အရေပါးသော သူမျိုး မဟုတ်ပေ။ (လွယ်လွယ်နှင့်ရှက်တတ်သူမဟုတ်။)

 

သို့သော် ယခုတွင် သူမသည် အလွန်ပင် ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့သည်။

 

သူမတို့ သရုပ်ဆောင်နေခြင်း ဖြစ်သည်ကို ရှင်းရှင်းလင်းလင်းသိထားပေမယ့် သူက သူမကို ရှက်ရွံ့သွားအောင် လုပ်နိုင်နေဆဲ ဖြစ်သည်။

 

နတ်ဘုရားမနွီဝါးက လက်စွမ်းပြကာ ဖန်တီးထားသကဲ့သို့ အရပ်ရှည်ကာ အချိုးအဆစ်ကျကျနနဖြင့် ချောမောလှသော အမျိုးသား၏ နှုတ်ခမ်းပါးတို့က မသိမသာ ကွေးညွှတ်သွားသည်။

 

သူက ဂုဏ်ယူဝင့်ကြွားနေမှုကို ထိန်းချုပ်ထားဟန်တူသည်။

 

ဖြစ်စဥ်တစ်ခုလုံးကို မြင်လိုက်ရသည့် ခြံထဲရှိ လူတိုင်းက ခွေးစာအပြည့် သွပ်ထည့်ခံလိုက်ရပေသည်။

 

သူတို့၏ အတွင်းစိတ် အတွေးများကို စာတန်းထိုးအဖြစ် ပြောင်းလဲနိုင်မည်ဆိုလျှင် ထိုအခိုက်အတန့်၌ ရှီယွိယွဲ့ဗီလာဝန်းအတွင် ဤကဲ့သို့ စာတန်းများ မျောလွင့်နေမည် ဖြစ်သည်။

 

[အားးးးးးး!! သူတို့က အရမ်းလိုက်ဖက်တာပဲ။]

 

[သခင် နဲ့ မဒမ်ကို အတူတူတွဲပြီး မြင်ရတာ အရမ်း ပြီးပြည့်စုံနေရော။]

 

[ဒီလိုချိုမြိန်မှုမျိုးကို ပိုက်ဆံမပေးဘဲ ကြည့်ခွင့်ရတာ အရမ်းကောင်းတာပဲ။]

 

..........

 

အိမ်တော်ထိန်းကျန်းက သူ၏ ကျေနပ်နေသော အပြုံးကို ဖယ်ရှားလိုက်ပြီး အိမ်တော်ထိန်းတစ်ယောက်၏ တင်းမာသော အမူအရာကို ပြန်လည် ယူဆောင်ခဲ့သည်။

 

သူက လည်ချောင်းရှင်းပြီးနောက် လူစုခွဲရန် အမိန့်ပေးလိုက်သည်။

 

"အဟမ်း... ငေးနေတာတွေ ရပ်ပြီး ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ကြ။"

 

ဘဝ အတွေ့အကြုံ မရှိသည့် ယနေ့ခေတ် လူငယ်များသည် အရာရာကို ပုံကြီးချဲ့တတ်ကြသည်။

 

ဤကဲ့သို့သော မြင်ကွင်းများသည် ယခုမှစပြီး နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေမည် ဖြစ်သည်။ ထို့ကြောင့် ၎င်းကို ရေးကြီးခွင်ကျယ် လုပ်နေစရာ မလိုပေ။

 

ချီရှောင်ပိုင်က စိတ်ရှုပ်နေသော အမူအရာနှင့် ဘေးမှာရပ်နေပြီး သူက စိတ်မသက်မသာ ဖြစ်နေသလို ကျေနပ်အားရနေဟန်လည်း ပေါ်နေသည်။

 

သူသည် သူ့အဖေကို ဤကဲ့သို့ပုံစံမျိုးဖြင့် တစ်ခါမှ မမြင်ဖူးခဲ့ပေ။

 

သူက ၎င်းနှင့် အသားမကျသော်လည်း အလွန် သဘောကျပေသည်။

 

သူ့ စိတ်ထဲမှာ ဤအကဲဖြတ်ချက်ကို အတည်ပြုလိုက်သည်။

 

သူ့အဖေက အမှန်တကယ်ကို နူးညံ့ချိုမြိန်သူ ဖြစ်လေသည်။