အခန်း (၄၁)
နတ်ဘုရားစုံတွဲနှင့် သူတို့ရဲ့ သက်တော်စောင့်လေး
ရှန်းမူမူက
လမ်းတလျှောက်လုံး ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ကာ လိုက်ပါလာသည်။
"ရှန်မြို့နဲ့
ကျင်းမြို့ရဲ့ ရှုခင်းက အတော်ကွာခြားတယ်နော်။ ဒီရာသီမှာတောင် နှင်းကျနေတုန်းပဲ။"
ချီမော့
အကြည့်များကလည်း ပြတင်းပေါက်အပြင်ဘက်သို့ ကျရောက်သွားသည်။ "ဟုတ်တယ်။ ဒီနေရာမှာ
တစ်နှစ်ပတ်လုံး နှင်းကျတာကို မင်းမြင်ရလိမ့်မယ်။ အဲဒါကြောင့် ဒီနေရာမှာ အပန်းဖြေစခန်း
ဆောက်ဖို့ ကိုယ်ရွေးချယ်ခဲ့တာ။"
"ကောင်းတယ်။
ကောင်းတယ်။"
ရှန်းမူမူက
ရင်းနှီးမြှုပ်နှံရန် အမြင်ကောင်းကောင်းရှိသော ချီမော့ကို ချီးကျူးနေစဥ် ချီရှောင်ပိုင်ထံမှ
အေးစက်စက် အသံကို ရုတ်တရက် ကြားလိုက်ရသည်။
"ခင်ဗျားကို
ကြည့်ရတာ ဘယ်တုန်းကမှ နှင်းမမြင်ဖူးတဲ့ တောင်ပိုင်းသားကျနေတာပဲ။"
ရှန်းမူမူက
သူ့ကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း ပြန်၍ တုန့်ပြန်ရန် အလွန် ပျင်းရိနေသည်။
အချိန်အကြာကြီး
မောင်းလာပြီးနောက် အပန်းဖြေစခန်းထဲသို့ ကားဝင်ရောက်လာကာ သာမာန်ဧည့်သည်ခန်းများကို ဖြတ်ကျော့လာကာ
ဗီလာတစ်ခု၏ ရှေ့၌ ရပ်လိုက်သည်။
ဤဗီလာက
အနီးအနားရှိ သီးသန့်ဗီလာများထက် သိသိသာသာ ကြီးမားသော်လည်း ရှီယွိယွဲ့ဗီလာဝန်းမှ ဗီလာကဲ့သို့
မကျယ်ဝန်းသေးပေ။
သို့သော်
၎င်းမှ ကောင်းမွန်သော ရှုမြင်ကွင်းကို မြင်တွေ့နိုင်သည်။ ထိုဗီလာမှနေ၍ အဝေးရှိ နှင်းဖုံးနေသော
တောင်တန်းနှင့် သာယာကြည်နူးဖွယ် ရှုခင်းတို့ကို လှမ်းကြည့်နိုင်သည်။
လေထုထဲတွင်
မြက်ခင်းနှင့် သစ်ပင်တို့ကို ထွေးပွေ့ထားသည့် နှင်းမှုန်တို့၏ လတ်ဆတ်သော ရနံ့က နှာဖျားဆီသို့
တိုးဝှေ့လာပြီး ၎င်းက အလွန်ကောင်းမွန်သော ရနံ့ရှိသည်။
အပန်းဖြေစခန်း၏
ဋ္ဌာနအသီးသီးမှ မန်နေဂျာများက ချီမော့လာသည်ကို သိသည့်အခါ ဗီလာအပြင်ဘက်၌ စောင့်ဆိုင်းနေကြသည်။
သူတို့ ကားထဲမှ ထွက်လာသည့်အခါ မန်နေဂျာများက လေးစားစွာ နှုတ်ဆက်လိုက်၏။
"မစ္စတာချီ။"
"မဒမ်"
ချီမော့က
တုန့်ပြန်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ရှန်းမူမူက
တောက်ပစွာ ပြုံး၍ နှုတ်ဆက်လိုက်သည်။ "ဟယ်လို သာ့ကျား" (သာ့ကျား =
everyone)
ချီရှောင်ပိုင်က
ဘယ်ညာလိုက်ကြည့်လိုက်သည်။
ငါ့ကျတော့ရော…
ငါက နှုတ်ဆက်ဖို့
မတန်လို့လား။
သူမက
သူ့စိတ်ကို ဖတ်နိုင်သကဲ့သို့ ရှန်းမူမူက သူမ တံတောင်ဆစ်နှင့် သူ့လက်မောင်းကို တွက်လိုက်ပြီး
ခပ်တိုးတိုး ပြောလိုက်၏။
"မင်းက
အပန်းဖြေခရီးထွက်လာတဲ့ မိဘတွေကနေ ခေါ်လာတဲ့ ကောင်စုတ်လေးအဖြစ်ပဲ ရှိသေးတာလေ။"
ချီရှောင်ပိုင်
: "......"
ချီမော့
လှည့်ကြည့်လိုက်သည့်အခါ ရှန်းမူမူ၏ မျက်လုံးများထဲ၌ ရယ်မြူးရိပ်တို့ ရှိနေပြီး ချီရှောင်ပိုင်က
ပြောစရာ စကားပျောက်ရှနေဟန် ရှိနေသည်အား မြင်လိုက်ရသည်။
သူ၏ ထက်ရှသော
မေးရိုးလိုင်းတို့က မြင့်တက်လာပြီး စိတ်ကျေနပ်နေသည့်အသွင်ဖြင့် နှုတ်ခမ်းတို့ ကွေးညွှတ်သွားကာ
သူ့ခံစားချက်မှာ ရေခဲတောင်ထိပ်ဖျားက အရည်ပျော်လာသကဲ့သို့ လတ်ဆတ်အေးမြနေသည်။
သူက လက်အောက်ငယ်သားများနှင်
ရိုးရှင်းသော စကားလုံးအချို့ ဖလှယ်လိုက်ပြီး လူတိုင်းအား ထွက်သွားခိုင်းလိုက်သည်။
ဗီလာက
တောင်နှင့် ဆန့်ကျင်ဘက်တွင် တည်ဆောက်ထားပြီး အထပ်နှစ်ထပ်ရှိသည်။ အိမ်တွင်းအလှဆင်မှုက
ရိုးရှင်းကာ ခေတ်မီပြီး အပေါစားမဆန်ဘဲ တည်ငြိမ်ပုံပေါ်သည်။
"ဗီလာက
ကောင်းကောင်း အလှဆင်ထားတာပဲ။ တစ်ညနေဖို့အတွက်တောင် ပိုက်ဆံအများကြီး ကုန်ကျလိမ့်မယ်
ဟုတ်တယ်မလား။" ရှန်းမူမူက ဗီလာအတွင်း အလှဆင်မှုကို လှည့်ပတ်ကြည့်ရင်း မေးလိုက်သည်။
ချီမော့က
သူ၏ အနက်ရောင်ကုတ်ကို ချွတ်ကာ ချိတ်တွင် ချိတ်လိုက်ရင်း ပေါ့ပါးစွာ ပြန်ဖြေလိုက်၏။
"ဒီဗီလာကို ခရီးသွားတွေအတွက် မဖွင့်ပေးဘူး။"
ရှန်းမူမူက
ပြူးကျယ်သွားသော မျက်လုံးများနှင့် စိုက်ကြည့်ရင်း စိုးရိမ်ပူပန်စွာ မေးလိုက်သည်။
"ဘာလို့လဲ။ ဒီ အသစ်ဖြစ်နေသေးတဲ့ အခင်းအကျင်းက ဖော်မယ်လ်ဒီဟိုက်ဓာတ်ငွေ့ ဖယ်ရှားမှု
အပြည့်အဝ မလုပ်ရသေးလို့လား။"
ချီမော့က
ပြုံးလိုက်သည်။ သူမ၏ လိုက်မမီနိုင်သော အတွေးများကြောင့် နက်ခ်တိုင်အား ဖြေလျှော့နေသည့်
သူ့လက်က ရပ်တန့်သွားပြီး သူမအား အဓိပ္ပါယ်ပါပါ ကြည့်လိုက်သည်။
အခုလေးတင်
ရှန်းမူမူ၏ ပြောဆိုမှုအောက် ဆွံ့အခဲ့ရသည်ကို တွေးမိသည့်အခါ ချီရှောင်ပိုင်က ရဲတင်းစွာ
ဝင်ပြောလိုက်သည်။
"ခင်ဗျားက
အရမ်းတုံးတာပဲ။ ဒီဗီလာက ကျွန်တော်တို့ အပန်းဖြေခရီးထွက်လာတဲ့အခါ နေဖို့ အထူးသီးသန့်ထားထားတာလေ။
နားလည်ရဲ့လား။"
ရှန်းမူမူ
: "......"
သူမက
စက္ကန့်အနည်းငယ်လောက် အံ့သြသွားပြီး တည်ငြိမ်မှုကို အလျင်အမြန် ပြန်ရလာသည်။ သူမက မရိုမသေပြုလုပ်နေသည့်
ကောင်လေးကို လက်သီးဝှေ့ယမ်းပြရင်း ပြောလိုက်သည်။
"ငါ့ကို
ရယ်ရဲတယ်လား။ ပြီးတော့ 'နားလည်လား' ဟုတ်လား။ နင့်ရဲ့ ခေါင်းကို ဖရဲသီးလို ထုခွဲလိုက်မယ်ဆို
ဘယ်လိုလဲ။"
ချီရှောင်ပိုင်က
ရယ်မောကာ ရှောင်လိုက်၏။ "ကျွန်တော် ကိုယ့်အခန်းကိုယ် အရင် သွားကြည့်လိုက်ဦးမယ်။"
ထိုသို့ပြောပြီးနောက်
သူက အလွန်သတိရှိစွာဖြင့် ဒုတိယထပ် အိပ်ခန်းသို့ လျှောက်သွားခဲ့သည်။
ချီမော့က
လက်ဆွဲသေတ္တာကို မာစတာအိပ်ခန်းထဲသို့ တွန်းထည့်လိုက်ပြီး ရှန်းမူမူကလည်း သူ့နောက်မှ
လိုက်ဝင်သွားသည်။
သူတို့ဝင်လာသည့်အခါ
ပိတ်ထားသည့် လိုက်ကာများက အလိုအလျောက် ပွင့်ဟသွားခဲ့၏။
အပြင်ဘက်၌
နှင်းကျနေသော မြင်ကွင်းမှာ ကြမ်းပြင်မှ မျက်နှာကြက်ထိ ရှိသည့် ပြတင်းပေါက်မှ မျက်လုံးထဲ
ရောက်ရှိလာသည်။
သို့သော်
ရှန်းမူမူက ရှုခင်းကို နှစ်သက်ခံစားနိုင်သည့် စိတ်မရှိနေပေ။ သူမ၏ မျက်လုံးများက အခန်းထဲမှ
ရှင်းရှင်းလင်းလင်း မြင်နေရသည့် မြင်ကွင်းနှင့် ကြီးမားသော ရေချိုးကန်အား မလှုပ်မယှက်
ကြည့်နေခဲ့သည်။
ရှန်းမူမူ
: ......
သူမ ကြည့်နေသည်ကို
မြင်သောအခါ ချီမော့၏ လည်ဇလုတ်က လှုပ်ရှားသွားပြီး ခပ်နိမ့်နိမ့် အသံနှင့် ပြောလိုက်သည်။
"မင်း
ဒီရေချိုးကန်ကို သုံးလို့ရတယ်။ ကိုယ် ညကျရင် ရေချိုးဖို့ တခြားအခန်းကို သွားလိုက်မယ်။"
ရှန်းမူမူ၏
နားများက နီရဲလာပြီး ပြောလိုက်သည်။ "အိုခေ"
သူတို့၏
အပန်းဖြေ စကိတ်စီးရန် ခရီးစဥ်က မနက်ဖြန်အတွက် စီစဥ်ထားခြင်း ဖြစ်သည်။ ရှန်းမူမူက အိပ်ရာပေါ်တက်ကာ
လဲလျောင်းပြီး အနီရောင်ဆော့ဖ်ဝဲလ်တစ်ခုတွင် ရှန်မြို့ ခရီးသွားလမ်းညွှန်ကို ကြည့်နေသည်။
သူမ သွားလည်ချင်သည့်
နေရာကို တွေ့သည့်အခါ သူမက မှတ်သားပြီး ရေရွတ်လိုက်သည်။ "ဘေးကနေ ဓာတ်ပုံရိုက်ပေးမယ့်လူ
လိုတယ်။"
ခဏကြာပြီးနောက်
သူမက ဧည့်ခန်းထဲသို့ သွားလိုက်သည်။
ချီမော့က
ဆိုဖာပေါ်တွင် ခြေထောက်ချိတ်ကာ သက်သောင့်သက်သာထိုင်ပြီး စီးပွားရေးမဂ္ဂဇင်းတစ်အုပ်
ဖတ်နေသည်ကို မြင်လိုက်ရသည်။
ချီရှောင်ပိုင်က
ငါးမီတာလောက် ဝေးသည့် ဆိုဖာပေါ်တွင် ငပျင်းလေးသဖွယ် ခွေခေါက်၍ ကာတွန်းကြည့်နေ၏။
ရှန်းမူမူ
: ......
ဒီသားအဖက
ဘာဖြစ်နေတာလဲ။
သူတို့က
'အပန်းဖြေခရီး' ဆိုတဲ့ အကြောင်းကို တစ်ခုခု နားလည်မှုလွဲနေကြတာလား။
သူမက
ချီရှောင်ပိုင် နောက်သို့ လျှောက်သွားပြီး သူ့ခေါင်းနောက်ဘက်ကို လက်ညှိုးနှင့် ထိုးလိုက်သည်။
ချီရှောင်ပိုင်က
မျက်ခုံးပင့်ရင်း ခေါင်းလှည့်ကြည့်လာသည်။ "?"
အေးစက်ပြီး
ခန့်ညားသော အမူအရာနှင့် အမျိုးသားကလည်း လှမ်းကြည့်လာသည်။
ရှန်းမူမူက
လက်ပိုက်ထားပြီး လူကြီးတစ်ယောက်လို ဂိုက်ဖမ်းလိုက်သည်။ "ငါတို့ ကျင်းမြို့ကို
ပြန်မရောက်ခင်အထိ အဲဒီကာတွန်းကို ခေါက်ထားလိုက်စမ်းပါ။ အဖိုးကြီးတစ်ယောက်လို အိမ်တွင်းပုန်းလုပ်မနေဘဲ
အပြင်ထွက်ပြီး ကစားမှပေါ့။ ထွက်လာခဲ့။ လူကြီးတွေက မင်းကို လေကောင်းလေသန့်ရအောင် ခေါ်သွားပေးမယ်။"
ချီရှောင်ပိုင်
: "ဘယ်သွားမှာလဲ။"
ရှန်းမူမူ
: "ရေခဲနဲ့ နှင်းကမ္ဘာ။ ရေခဲလျှော၊ နှင်းရဟတ်နဲ့ ရေခဲပြင်စက်ဘီးတွေ ရှိတယ်။ ကြားရတာ
ပျော်စရာကောင်းတယ်မလား။"
"မကောင်းဘူး။
ကလေးတွေပဲ လျှောစီးကြမှာ။" ချီရှောင်ပိုင်က ပျင်းရိစွာ အကြောဆန့်၍ ဖြေးညင်းစွာ
ထရပ်လိုက်သည်။ "ဒါပေမယ့် ကျွန်တော်တို့ ဒီနေရာကို ရောက်နေပြီဆိုတော့ တစ်ချက်လောက်
သွားကြည့်တာလည်း ကောင်းတာပဲ။"
ရှန်းမူမူသည်
ချီမော့က ရေခဲနှင့် နှင်းကမ္ဘာကို စိတ်မဝင်စားကြောင်း သိနေပြီး သူ လိုက်မလိုက် သာမန်ကာလျှံကာမျှသာ
မေးရန် ရည်ရွယ်ထားသည်။
ထင်မှတ်မထားစွာနှင့်
သူမ မော့ကြည့်လိုက်သည့်အခါ ထိုအမျိုးသားက မဂ္ဂဇင်းစာအုပ်ကို ပိတ်ပြီး ချိတ်တွင် ချိတ်ထားသည့်
ကုတ်အင်္ကျီကို ယူကာ တံခါးဆီ ဦးတည်ရင်း ပြောလိုက်သည်။ "သွားကြစို့။"
ရှန်းမူမူက
မျက်တောင်ခတ်လိုက်သည်။ : "???"
.........
ရေခဲနှင့်နှင်းကမ္ဘာ။
ရှည်လျားသည့်
ရေခဲလျှော ဝင်ပေါက်တွင် မြွေကဲ့သို့ လူတန်းရှည်ကြီး ရှိသည်။
ထိုလူတန်းရှည်ကြီး၏
အလယ်တွင် အလွန် ကြည့်ကောင်းသော လူသုံးယောက်ရှိနေကာ အာရုံစိုက်မှုအများအပြားကို ဆွဲဆောင်ထားနိုင်သည်။
အေးစက်သည့်
လေတစ်သုတ် တိုက်ခတ်လာသည်။ ရှန်းမူမူက ဇက်ပုလိုက်ပြီး လည်စည်းအာသ တင်းတင်းကျပ်ကျပ် ရစ်ပတ်လိုက်သည်။
နှင်းတောထဲတွင်
သူမ မျက်နှာက အဖြူရောင်တောက်ပနေပြီး ပါးပြင်နှစ်ဖက်က ပန်းရောင်သမ်းနေသည်။ သူမ၏ နှာခေါင်းသေးသေးလေးက
အေးစက်သည့် လေကြောင့် နီရဲနေပြီး သနားစရာ ချစ်စရာကောင်းသည့် ပုံစံလေး ဖြစ်သည်။
အေးစက်သည့်
လေထဲတွင်ပင် ချီမော့၏ ကိုယ်နေဟန်ထားက ထင်းရှူးပင်ကဲ့သို့ မြင့်မားကာ ဖြောင့်မတ်နေပြီး
သူ၏ အေးစက်ကာ သီးခြားဆန်သည့် စရိုက်က နှင်းထူသော ကောင်းကင်နှင့် လိုက်ဖက်နေပုံရသည်။
သူ၏ သူရဲကောင်းဆန်သော
မျက်ခုံးများ အောက်ခြေတွင် မင်ရည်ကဲ့သို့ မည်းနက်သည့် မျက်လုံးများက နက်ရှိုင်းကာ သိမ်မွေ့နက်နဲနေပြီး
ရေခဲနှင့် နှင်းမှုန် အလင်းတို့က ရောင်ပြန်ဟပ်နေပုံရသည်။ သူက ကောင်းကင်တွင် တည်ရှိနေသည့်
ကြယ်တစ်လုံးကဲ့သို့ ဖြစ်ကာ နက်ရှိုင်းသည့် သမုဒ္ဒရာဖြစ်သော်လည်း ကြည်လင်နေပုံရသည်။
တန်းစီသည့်
နေရာမှ အချို့က အချင်းချင်း ငဲ့ကြည့်ရင်း တီးတိုးပြောနေကြသည်။ "သူတို့က အနုပညာရှင်တွေလား။
အရမ်း မျက်လုံးဖမ်းစားနိုင်တာပဲ။"
"ဘယ်လိုတောင်
နတ်ဘုရားဆန်တဲ့ စုံတွဲလဲ။ အရမ်းလှတာပဲ။"
"သူတို့က
အနုပညာရှင်တွေ ဖြစ်ရမယ်။ ငါ သွားပြီး လက်မှတ်ထိုးခိုင်းရင်း ဓာတ်ပုံရိုက်ချင်တယ်။"
"မလုပ်နဲ့။
မလုပ်နဲ့။ သူတို့ရဲ့ သက်တော်စောင့်က ဘေးတိုက်အမြင်ကတောင် ခက်ထန်မယ့်ပုံရှိတယ်။ သွားမရှုပ်နဲ့။"
သက်တော်စောင့်အဖြစ်
အထင်မှားခံလိုက်ရသည့် ချီရှောင်ပိုင်က အရှေ့တွင် ကျန်ရှိနေသေးသည့် လူတန်းရှည်ကြီးကို
ကြည့်ကာ သူအမူအရာက မည်းမှောင်လာသည်။
သူ့တွင်
ခက်ထန်ကာ အဖက်မလုပ်သည့် အကြည့်တို့ ရှိနေပြီး ဖြစ်သည်။ သူ့မျက်လုံးက အေးစက်ပြီး စူးရှ၏။
ယနေ့တွင်
အနက်ရောင် down jacket ကို ဝတ်ဆင်ထားပြီး သူ၏ ငယ်ရွယ်သော သွင်ပြင်က လုံးဝ ဖုံးကွယ်ခံထားရကာ
ပုံမှန်ထက် ပို၍ ခက်ထန်နေပုံပေါ်သည်။
အညိုဖျော့ရောင်
အအေးဒဏ်ခံဦးထုပ်ကို ဆောင်းထားပြီး လက်နှစ်ဖက်ကို အိတ်ထဲသို့ ထည့်ထားသည့်အခါ အသစ်စက်စက်
အလုပ်ဝင်လာသည့် လူငယ်သက်တော်စောင့် တစ်ယောက်နှင့် ပိုတူနေသည်။
မိနစ်နှစ်ဆယ်ကြာပြီး
နောက်ဆုံး၌ သူတို့အလှည့်သို့ ရောက်လာပြီ ဖြစ်သည်။
ဤနေရာ၌
အလွန် ရှည်လျားသည့် လျှောရှစ်ခုရှိပြီး အကုန်လုံးကို ရေခဲများဖြင့် ပြုလုပ်ထားသည်။
အထက်မှ ငုံ့ကြည့်သည့်အခါ အဆုံးကို မမြင်နိုင်ပေ။
ဝန်ထမ်းက
သေးငယ်သော စွတ်ဖား၏ အနေအထားကို ချိန်ညှိကာ ရှန်းမူမူကို ၎င်းပေါ်၌ ထိုင်ရန် လမ်းညွှန်လိုက်သည်။
သူမက
ဘယ်ညာကို ကြည့်လိုက်သည့်အခါ ချီရှောင်ပိုင်က စွတ်ဖားပေါ်၌ ထိုင်နေပြီး ခြေထောက်များကို
ဖြောင့်ဖြောင့်ထားကာ တည်ငြိမ်နေသော်လည်း လူငယ်လေး၏ မျက်လုံးများထဲ၌ ရှားရှားပါးပါး
စိတ်လှုပ်ရှားမှုတို့ ရှိနေကြောင်း မြင်လိုက်ရသည်။
အခြားတစ်ဖက်တွင်
ချီမော့က စွတ်ဖားပေါ်တွင် ချက်ချင်းမထိုင်ဘဲ လုံခြုံရေးအချက်ပြများရှေ့တွင် ရပ်ရင်း
မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
တခဏကြာပြီးနောက်
သူက ရှန်းမူမူ နားသို့ ငုံ့ကိုင်းလာသည်။
အေးစက်သော
လေက သူ၏ သံလိုက်ကဲ့သို့ နက်ရှိုင်းသည့် အသံကို သူမနားထဲသို့ ပို့ဆောင်ပေးလိုက်သည်။
"မင်း
လက်ကို စွတ်ဖားအပြင်မထုတ်နဲ့။ ဂရုစိုက်။"
ရှန်းမူမူက
ခေါင်းကို ဖြေးညင်းစွာ လှည့်ကြည့်လိုက်ပြီး သူမအကြည့်များက အမျိုးသားပေါ်သို့ ကျရောက်သွားသည်။
သူမက ခဏလောက် ရပ်တန့်သွားပြီးမှ ပြန်ဖြေလိုက်၏။ "...ကောင်းပြီ။"
စကားပြောပြီးနောက်
အမျိုးသားက ထရပ်ကာ သူတို့ဘေးရှိ လျှောရှိရာသို့ လျှောက်သွားခဲ့သည်။
ထိုသည်ကို
မြင်သောအခါ ချီရှောင်ပိုင်၏ နှုတ်ခမ်းများက မျဥ်းတစ်ကြောင်းတည်းအဖြစ် ဖိပိတ်သွားသည်။
သူ့အဖေက
သူ့ကို ဂရုမစိုက်ဘူးဟု ခံစားမိသည့်အခါ သူ့နှလုံးသားလေးက ရှင်းမပြနိုင်စွာ ချဥ်တူးသွား၏။
သူက ဘာမှမဖြစ်သလို အကြည့်တို့ကို အဝေးသို့ လွှဲဖယ်လိုက်သည်။
"မင်းရောပဲ။"
ရုတ်တရက်
ခပ်နိမ့်နိမ့်နှင့် တုံးတိတိအသံတစ်ခု ထွက်ပေါ်လာသည်။
ချီရှောင်ပိုင်ဘေးမှ
ဖြတ်သွားစဥ် ချီမော့က သူ့ကို သတိပေးလိုက်ခြင်း ဖြစ်သည်။
ချီရှောင်ပိုင်က
အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။ ခဏလောက် တန့်သွားပြီးနောက် ကောင်လေး၏ မျက်ဝန်းများထဲမှ
ဆူးတို့က အရည်ပျော်သွားပုံရသည်။ သူက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
"သိပါပြီ။"