အပိုင်း ၃၉
Viewers 4k

အခန်း (၃၉) သူမကို 'မူမူ' လို့ခေါ်တာ ဒါ ပထမဆုံးပဲ။

 

ရှန်းမူမူက ချန်ကျိုးကို ခေါင်းညိတ်ပြလိုက်သည်။

 

"ကျွန်မ အရင် ဖုန်းချလိုက်မယ်။ အိမ်ပြန်ရောက်မှ တွေ့ကြတာပေါ့။" သူမက ဖုန်းမချခင် ဖုန်းတစ်ဖက်မှလူကို ပြောလိုက်သည်။

 

ချီအုပ်စုရုံးချုပ်။

 

ဓာတ်လှေကားရှိရာသို့ လျှောက်လာသည့် ချောမောသော အမျိုးသား၏ ကားသော့ကိုင်ထားသော လက်က တင်းကျပ်သွားသည်။

 

သူ ဘယ်တုန်းကမှ မခံစားဖူးသည့် ခံစားချက်တစ်ခုက နှလုံးသားကို လွှမ်းမိုးသွားပြီး မျက်မှောင်ကြုတ်လိုက်၏။

 

၎င်းက ရုတ်တရက် ဖြစ်ပေါ်လာသည့် နွေရာသီမုန်တိုင်းကဲ့သို့ မွန်းကြပ်စေသည်။

 

ကားထဲတွင်…

 

ရှန်းမူမူက ရှော့ပင်းအိတ်များနှင့် ကားအနောက်ခုံတွင် ထိုင်ခဲ့သည်။

 

သူမက စိုစွတ်နေသည့် အင်္ကျီအနားစများကို တစ်ရှူးနှင့် သုတ်နေပြီး ရှေ့ခုံမှ အမျိုးသားကို ကျေးဇူးတင်စကားဆိုလိုက်သည်။

 

"ချန်ကျိုး ကျေးဇူးပါ။ ရှင် ကျွန်မကို အများကြီး ကူညီပေးခဲ့တာပဲ။"

 

ကားရှေ့ခန်းရှိ အမျိုးသားက ပြန်လှည့်မကြည့်သော်လည်း သူ့အသံက ရွှင်မြူးနေသည်။

 

"ကိစ္စမရှိပါဘူး။ ဒုက္ခလည်းမများဘူး။ ဘာပဲဖြစ်ဖြစ် နီးနီးလေးပဲလေ။"

 

ရှန်းမူမူ : "အခုက အလုပ်ဆင်းချိန်ဆိုတော့ ရှင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချိန် အလဟဿဖြစ်သွားရတဲ့အတွက် အချိန်ပိုကြေးပေးပါ့မယ်။"

 

ချန်ကျိုးက ခေါင်းငဲ့ကြည့်လိုက်ရင်း လျင်မြန်စွာ ငြင်းဆိုလိုက်သည်။ "မလိုပါဘူး။ အစ်မရှန်း အရမ်းယဥ်ကျေးနေပါပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က အလုပ်ဆင်းပြီး အိမ်ကို တစ်ယောက်တည်း ပြန်ရမှာပဲလေ။ ဘာတစ်ခုမှ နှောင့်နှေးမသွားပါဘူး။"

 

ရှန်းမူမူက ခုခံပြောဆိုလိုက်သည်။ "မဟုတ်ဘူး။ အဲဒီလိုဆိုရင် ကျွန်မက အရင်းရှင်တစ်ယောက်လို အလုပ်သမားတွေပပေါ် အမြတ်ထုတ်သလို ဖြစ်သွားလိမ့်မယ်။ အချိန်ပိုကြေး ပေးမှရမယ်။ ကျွန်မ စကား နားထောင်ပါ။"

 

သူ မငြင်းပယ်နိုင်သည်ကို မြင်သောအခါ ချန်ကျိုးက တွန့်ဆုတ်စွာ ပြောလိုက်သည်။ "အိုခေ။"

 

မိုးရေထဲတွင် ကားက ရှီယွိယွဲ့ဗီလာသို့ ဖြေးညင်းစွာ မောင်းလာခဲ့သည်။

 

ရုံးဆင်းချိန် ကားကျပ်သောကြောင့် ကားက ရှန်းမူမူ ထင်ထားသည်ထက်ပင် ဖြေးညင်းစွာ ရွေးလျားနေခဲ့သည်။

 

သူတို့ ဗီလာဝင်ပေါက်သို့ မရောက်ခင် တစ်နာရီခွဲနီးပါးပင် ကြာသွားခဲ့သည်။

 

သူမက ချန်ကျိုးကို နှုတ်ဆက်ပြီး ဗီလာသို့ လမ်းလျှောက်ပြန်ခဲ့သည်။

 

ဖိနပ်လဲနေစဥ် သူမ၏ အမြင်အာရုံကို ထူးခြားသည့် လက်ချုပ် အီတလီလည်သာရှူးဖိနပ်တစ်စုံက ဖမ်းစားသွားသည်။

 

၎င်းက ချီမော့၏ ရှူးဖိနပ် ဖြစ်သည်။

 

သူ ပြန်ရောက်နေပြီလား။

 

ချီအုပ်စုမှ ရှီယွိယွဲ့ဗီလာသို့ လမ်းကြောင်းက ရှော့ပင်းမောလ်ထက် ပိုဝေးပေသည်။

 

သူက ဘယ်လိုလုပ် သူမ မရောက်ခင် ရောက်နေရတာလဲ။

 

သူမက တွေးနေရင်း သူမရှေ့ မြေပြင်၌ အရိပ်တစ်ခု ကျရောက်လာသည်။

 

မော့ကြည့်လိုက်သည့်အခါ သူမရှေ့၌ ချီမော့ ရပ်နေသည်ကို မြင်လိုက်ရသည်။

 

အရပ်မြင့်မြင့် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသား၏ အရိပ်က သူမတစ်ကိုယ်လုံးကို လွှမ်းခြုံထားတော့မလို ထင်မှတ်ရသည်။

 

သူ့အကြည့်က တဖြေးဖြေး ရွေ့လျားလာပြီး သူမ၏ ဖြူဖျော့ နူးညံ့သော လက်များ၌ ရှော့ပင်းအိတ်ကြောင့် အရာထင်နေသည်ကို ကြည့်နေခဲ့သည်။ သူ့မျက်ခုံးများက အလွန် တွန့်ချိုးနေခဲ့၏။

 

ရှန်းမူမူက တောက်ပသော မျက်လုံးများကို မျက်တောင်ခတ်လိုက်သည်။ "ပြန်လာပြီလား။ ဘယ်လို...."

 

သူမ ပြော၍ မပြီးခင် သူမ လက်ထဲမှ အိတ်များက အမျိုးသား၏ ယူဆောင်သွားခြင်းကို ခံလိုက်ရသည်။

 

ထို့နောက် အသံတိုးတိုးတစ်ခု လိုက်ပါလာ၏။ "ကိုယ် သယ်လိုက်မယ်။"

 

ရှန်းမူမူက လက်များကို ဆန့်ထုတ်ပေးလိုက်သည်။ "အိုခေ။"

 

မရည်ရွယ်ပါဘဲ အမျိုးသား၏ လက်ကို ထိမိသွားကာ သူမ လက်ချောင်းလေးများက တုန်ယင်သွားသည်။

 

ဘာလို့ အရမ်းအေးနေတာလဲ။

 

ရေခဲတုံးကျနေတာပဲ။

 

သူမက ဖြေးညင်းစွာ မျက်လွှာ ပင့်ကြည့်လိုက်သည်။

 

အမျိုးသား၏ မျက်နှာက အမုအရာမဲ့နေပြီး သူ့ မျက်ခုံးနှင့် မျက်လုံးတို့တွင် အေးစက်မှုတို့ ရစ်သိုင်းနေသလို ထင်မှတ်ရကာ အစွမ်းထက်သည့် အရှိန်အဝါက သူမကို လွှမ်းမိုးလာသည်။

 

သူမက သူ အခုလေးတင် ပြောလိုက်သော 'ကိုယ် သယ်ပေးမယ်' ဟူသော စကားနှင့် ထိုအေးစက်စက် မျက်နှာကို ချိတ်ဆက်၍ မရနိုင်ခဲ့ပေ။

 

"လက်ဖက်ရည်ပူပူလေး သောက်လိုက်။"

 

ချီမော့က ရှော့ပင်းအိတ်များကို ဧည့်ခန်းထဲမှ စားပွဲပေါ်တွင် ချထားလိုက်ပြီး သူမအား လက်ဖက်ရည်ပူပူတစ်ခွက် ကမ်းပေးလိုက်သည်။

 

လက်ဖက်ရည်မှ ပူနွေးသော အငွေ့များ ဖြန့်ကျက်လာမှ ရှန်းမူမူသည် အမျိုးသား၏ ထက်ရှပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အရှိန်အဝါက မှိန်ဖျော့သွားသလို ခံစားလိုက်ရသည်။ သူမက ပြောလိုက်၏။

 

"ရှင် ဒီနေ့ အိမ်ကို အစောကြီး ပြန်ရောက်တာပဲ။"

 

ပုံမှန်အားဖြင့် သည်အချိန်တွင် သူက ကုမ္ပဏီ၌သာ ရှိလိမ့်ဦးမည် ဖြစ်သည်။ ယနေ့တွင် သူက ထူးထူးခြားခြား အိမ်သို့ စောစော ပြန်လာခဲ့သည်။

 

ချီမော့က သူမကို နက်နက်ရှိုင်းရှိုင်း ကြည့်ရင်း ဖြေးညင်းစွာ ပြောလိုက်သည်။ "အင်း ကိုယ် မင်းကို ဖုန်းခေါ်တော့ ကားဂိုဒေါင်ထဲ ရောက်နေပြီးပြီ။"

 

ရှန်းမူမူက အများကြီးတွေးမနေခဲ့ပေ။ "အဲဒီလိုကိုး။"

 

လက်ဖက်ရည်သောက်ပြီးနောက် သူမက နွေးထွေးလာသလို ခံစားလိုက်ရသည်။ သူမက ထရပ်ကာ ပြောလိုက်၏။ "ကျွန်မ အပေါ်ထပ်မှာ ရေသွားချိုးလိုက်ဦးမယ်။"

 

ချီမော့ : "အိုခေ"

 

သူမက အပေါ်ထပ်သို့ ဦးတည်လိုက်သည်။

 

လှေကားအနည်းငယ် တက်ပြီးနောက် သူမက ရုတ်တရက် တစ်ခုခုကို သတိရသွားကာ ပြန်လှည့်ကြည့်လိုက်၏။

 

သူမသည် ချီမော့၏ အကြည့်များက သူမ နောက်ကျောတွင် ကပ်ညိနေကြောင်း ရှာတွေ့လိုက်ရသည်။

 

သူမ ပြန်လှည့်ကြည့်သည်ကို မြင်သောအခါ ချီမော့က အကြည့်လွှဲမသွားဘဲ သူမအား တိုက်ရိုက်ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ။"

 

သူ၏ နက်ရှိုင်းကာ ပူလောင်ပြင်းပြသော အကြည့်များအောက်တွင် သူမက ခဏလောက် ရပ်တန့်သွားပြီး စားပွဲပေါ်မှ အိတ်များကို ညွှန်ပြလိုက်သည်။

 

"အဝတ်တွေ တော်လားလို့ စမ်းဝတ်ကြည့်ပါဦး။ ကျွန်မ ရှင်ပြောတဲ့ ဆိုဒ်အတိုင်း မဝယ်ခဲ့ဘူး။ ရှင့် ကြွက်သားတွေက တင်းရင်းပြီး ခန္ဓာကိုယ်ပုံရိပ်က ကောင်းမွန်တာကို သတိပြုမိလို့ ဆိုဒ်နည်းနည်းသေးတာကို ဝယ်ခဲ့တယ်။ တော်လားကြည့်ကြည့်ဦး။"

 

ရင့်ကျက်သည့် အမျိုးသားအတွက် ရောင်းသော အဝတ်အစားများက သက်လတ်ပိုင်းအရွယ် လူများ၏ စတိုင်လ်များကြား ဝင်ဆံ့နိုင်ရန် ချောင်ချောင်ချိချိများ ဖြစ်သည်။

 

ရှန်းမူမူသည် ချီမော့၏ အဝတ်များက သူ့ကိုယ်တိုင်းနှင့် ကိုက်ညီအောင် ပြုလုပ်ထားသည့် စိတ်ကြိုက်မှာယူထားသော ချုပ်ထည်များ ဖြစ်သည်ကို သတိပြုမိသည်။ စံအတိုင်းအတာအတိုင်း ချုပ်ထားသည့် အသင့်ချုပ်များက ကိုယ်တိုင်းနှင့် ကြီးနေမည်မှာ သေချာပေသည်။

 

ချီးမွမ်းခံလိုက်ရသော အမျိုးသား၏ မျက်လုံးများက နူးညံ့သွားပြီး သူ၏ ခက်ထန်ဟန်ရှိသော မေးရိုးကလည်း ပျော့ပျောင်းသွားကာ နူးညံ့စွာ မေးလိုက်၏။

 

"ကောင်းပြီ။ ကိုယ် နောက်ကျ ဝတ်ကြည့်လိုက်မယ်။"

 

"အင်း.. ကျွန်မ အပေါ်ထပ် တက်တော့မယ်။"

 

ရှန်းမူမူ အိပ်ခန်းသို့ ပြန်ရန် လှည့်လိုက်စဥ် ချီမော့က သူမကို ခေါ်လိုက်သည်။

 

"မူမူ"

 

ရှန်းမူမူ : "......"

 

သူမက မရေရာစွာဖြင့် မျက်တောင်ခတ်လိုက်သည်။

 

ဤသည်မှာ သူက သူမအား ပထမဆုံးအကြိမ်အဖြစ် 'မူမူ' ဟု ခေါ်ခြင်း ဖြစ်သည်။

 

၎င်းက အနည်းငယ် ထူးဆန်းသည့် ခံစားချက်ကို ဖြစ်ပေါ်စေသည်။

 

သို့သော်...

 

ထို သံလိုက်ကဲ့သို့ ညှို့ငင်နိုင်သော အသံကို ရှင်းလင်းပြတ်သားစွာ ကြားရခြင်းက သူမအား မဖော်ပြနိုင်လောက်အောင် သက်သောင့်သက်သာ ရှိသည့် ခံစားချက်မျိုး ပေးခဲ့သည်။

 

ရှန်းမူမူ : "အင်း"

 

ချီမော့ : "နောက်ပိုင်းမှာ ဒီနေ့လို အခြေအနေမျိုး ထပ်ဖြစ်ခဲ့ရင် တခြားလူကို ဒုက္ခပေးမယ့်အစား ကိုယ့်ဆီကိုပဲ ဖုန်းခေါ်လိုက်ပါ။"

 

"မဖြစ်နိုင်ဘူး။"

 

ရှန်းမူမူက တွေးပင်မတွေးဘဲ ချက်ချင်း တုန့်ပြန်လိုက်သည်။

 

ဤသည်ကို ကြားသောအခါ အမျိုးသား၏ မျက်လုံးများထဲ၌ မူမမှန်သည့် အလင်းတို့ ဖြတ်ပြေးသွားသည်။

 

သူ့အကြည့်တွေက မှုန်မှိုင်း၍ မည်းမှောင်နေသည်။

 

နောက်တစ်စက္ကန့်၌ ရှန်းမူမူ၏ ရှန်းမူမူ၏ မျက်လုံးလေးများက အနည်းငယ် ကွေးညွှတ်သွားသည်။

 

သူမ၏ တောက်ပသော မျက်လုံးများတွင် ဧည့်ခန်းထဲရှိ တောက်ပသော အလင်းက ရောင်ပြန်ဟပ်နေပြီး ခပ်တိမ်တိမ် ပါးချိုင့်လေးနှစ်ဖက် ပေါ်ပေါက်လာသည်။ သူမ နောက်ပြောင်သလို ပြောလိုက်၏။

 

"ကျွန်မ တခြားလူကို ဒုက္ခပေးရင် သူတို့ကို အချိန်ပိုကြေး ပေးလို့ရတယ်။ ဒါပေမယ့် ရှင့်ကို ဒုက္ခပေးဖို့လား။ မေ့လိုက်ပါ။"

 

သူမက ခေါင်းခါရင်း ချဲ့ချဲ့ကားကားဖြင့် ပြောလိုက်သည်။ "ရှင့်အချိန်က တစ်မိနစ်ကို မီလီယံနဲ့ချီပြီး တန်နေတာ။ ကျွန်မ ဘယ်လိုပေးနိုင်မှာလဲ။"

 

ချီမော့က အံ့သြမှင်တက်သွားပြီး သူ့မျက်ဝန်းထောင့်များက အနည်းငယ် မြင့်တက်လာသည်။

 

"ကျွန်မ အခု အပေါ်ထပ် သွားတော့မယ်။" ရှန်းမူမူက ယနေ့ စျေးဝယ်ထွက်ရာမှ ပင်ပန်းနွမ်းနယ်မှုကို ဆေးကြောရန် ရေနွေးနွေး​လေး စိမ်ချိုးဖို့ရာ စိတ်အားထက်သန်နေပြီ ဖြစ်သည်။

 

ထိုညတွင် သခင်ငယ်လေးချီက ရှန်းမူမူ ဝယ်လာသည့် အဝတ်များကို စမ်းဝတ်ကြည့်ခဲ့သည်။

 

၎င်းတို့က အတော်ပင် ဖြစ်သည်။

 

သို့သော် အရောင်ကတော့ လုံးဝ ထင်မှတ်မထားသည့် အရောင် ဖြစ်သည်။

 

သခင်ငယ်လေးချီက နောက်ဆုံးတွင် အဓိကအိပ်ခန်းတံခါးကို လာခေါက်လိုက်သည်။

 

ရှန်းမူမူက တောက်ပသော အရောင်များနှင့် Iron Man မျက်နှာကပ်ခွာကို ကပ်ထားရင်း တံခါးဖွင့်လိုက်သည်။

 

တံခါးဖွင့်လိုက်သည်နှင့် သခင်ငယ်​လေးချီက အထိတ်တလန့် နောက်ဆုတ်လိုက်၏။ "ဝါး....."

 

ရှန်းမူမူက မျက်ခုံးပင့်လိုက်သည်။ "ဘာလဲ။"

 

သခင်ငယ်လေးချီက စကားပြောချင်သော်လည်း တွေဝေနေသည်။ "အမ်း.. အဲဒါ.. ကျွန်တော် တကယ် နှင်းလျှောစီးဝတ်စုံကို ဝတ်ဖို့ လိုတာလား။"

 

ရှန်းမူမူ : "မတော်လို့လား။ ဆိုဒ်မတော်ရင် ငါတို့ ပြန်လဲလို့ရတယ်။"

 

သခင်ငယ်လေးချီက ​မျှော်လင့်ချက်မဲ့နေဟန်ဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ဒါပေမယ့် အဲဒါက ပန်းရောင်ကြီး ဖြစ်နေတယ်။" 

 

ရှန်းမူမူက နားမလည်ပေ။ "ပန်းရောင်က အရမ်းကောင်းပါတယ်။ နေရောင်လို နူးညံ့နေရော။"

 

ခေါင်းမာသည့် ဆယ်ကျော်သက်လေးကို ပျော့ပျောင်းသွားစေရန် အသင့်တော်ဆုံး ဖြစ်သည်။

 

သခင်ငယ်လေးချီ : "......"

 

ရှန်းမူမူက စိတ်အေးသွားအောင် သူ့ပခုံးကို ပုတ်လိုက်သည်။ "မင်း အဖေရဲ့ ဝတ်စုံက အနီတောက်တောက်ပဲ။ အဲဒါက သားအဖဝတ်စုံလို လိုက်ဖက်နေတာ အရမ်းကောင်းတယ်။"

 

သခင်ငယ်လေးချီ၏ မျက်လုံးများက မယုံသင်္ကာဖြင့် ပြူးကျယ်သွားသည်။ "............"

 

သူ့အဖေက အနီ.... ရောင် တောက်တောက်လား။

 

သခင်ငယ်​လေးချီ ထိတ်လန့်အံ့သြမှင်တက်နေဆဲတွင် သူက ရှန်းမူမူ ဆက်ပြောလာသည်ကို ကြားလိုက်ရသည်။

 

"မင်းက အခုမှ ဆယ့်ခုနစ်ပဲ ရှိသေးတာ။ တစ်ချိန်လုံး အနက်၊ အဖြူနဲ့ မီးခိုးရောင်တွေပဲ ဝတ်ပြီး အဖိုးကြီးလို မနေစမ်းနဲ့။ အဲဒါက တော်တော် နိမိတ်မရှိဘူး။"

 

ထိုသို့ပြောပြီးနောက် ရှန်းမူမူက တံခါး ပိတ်ပစ်လိုက်သည်။

 

သခင်ငယ်​လေးချီ : "......"

 

အချိန်အကြာကြီး တိတ်ဆိတ်နေပြီးမှ ထိုအချက်ကို လက်ခံလိုက်နိုင်သည်။

 

ကောင်းပြီလေ။ သူ့အဖေသာ အနီရောင်တောက်တောက် ဝတ်ရင် သူ ပန်းရောင်ဝတ်ရတာ ဘယ်လောက် ထူးဆန်းမှာမို့လို့လဲ။

 

ဘာပဲဖြစ်ဖြစ် ဒါက နှင်းလျှောစီးရမယ့် ဝတ်စုံပဲ။ ကျောင်းယူနီဖောင်းမှ မဟုတ်တာ။

 

အခန်းထဲတွင်

 

ကုတင်ခေါင်းရင်းကို မှီထိုင်ရင်း စီးပွားရေး မဂ္ဂဇင်း ဖတ်နေသည့် အမျိုးသားက တံခါးပေါက်မှ စကားဝိုင်းကို ကြားလိုက်ရပြီး သူ့လက်ချောင်းများက တောင့်တင်းသွားသည်။

 

အနက်၊ အဖြူ၊ မီးခိုးရောင်...... အဖိုးကြီးလား။