အပိုင်း ၃၄
Viewers 4k

အခန်း (၃၄) သူမ ချမ်းသာတော့ရော ဘာဖြစ်လဲ။ ချမ်းသာတဲ့ အမျိုးသမီးတွေက ချောတဲ့အမျိုးသားတွေကို မကြိုက်ဘူးလား။

 

ရှန်းမူမူနှင့် စုထင်းရန်တို့ ခဏကြာအောင် စကားပြော​​နေပြီးနောက် စုထင်းရန်က မေးလိုက်သည်။ "ငါတို့ ဒီနေ့ မာကျုံး ကစားကြမလား။ မစ္စစွင်းပြောတာ နင် မနေ့က အများကြီး နိုင်သွားတယ်ဆို။ ငါတို့ ဆော့ကြမလား။"

 

ရှန်းမူမူက ပြုံးလိုက်သည်။ "ကျွန်မ ဒီနေ့ မဆော့ဘူး။ အစီအစဥ်တစ်ခု ရှိလို့ပါ။"

 

စုထင်းရန် : "အိုခေ.. ဒါဆို နင် အားတဲ့အခါကျမှ ဆော့ကြတာပေါ့။"

 

"အိုခေ။"

 

ဖုန်းချပြီးနောက် ရှန်းမူမူက မိတ်ကပ်လိမ်းကာ အဝတ်အစားလဲလိုက်သည်။

 

လတ်တလောတွင် ယွဲ့ကျီပန်းဆိုင်၏ အဖွဲ့ဝင်များ တိုးပွားလာပြီး မူလအလုပ်သမား လေးယောက်က ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။

 

ဆိုင်မဖွင့်ခင် ပြင်ဆင်ထားသော ထူးခြားလှပသည့် လက်ဆောင်ကတ်များက ပန်းဆိုင်ကို ရောင်းအားမြှင့်တင်ရာ၌ အရေးကြီးသည့် ကဏ္ဍမှ ပါဝင်ခဲ့သည်။

 

ရှန်းမူမူက ပန်းစည်းတစ်ခု အော်ဒါမှာတိုင်း မတူညီသည့် ကတ်များကို ထည့်ပေးခဲ့သည်။

 

အချို့က ရာသီခွင်များဖြစ်ကာ အချို့က ပန်းအဓိပ္ပါယ်များ၊ အချို့က 'ဒီနေ့ ပျော်ရွှင်စရာဖြစ်ပါစေ' ဟူသည့် ဆုတောင်းစကားများ ဖြစ်သလို ဟာသစကားများ လည်း ဖြစ်နိုင်သည်။

 

တစ်ရာခိုင်နှုန်း အခွင့်အရေးနှင့် ဖောက်သည်များသည် တစ်ဘဝလုံးစာ အခမဲ့ ပန်းများရနိုင်သည့် အထူးကတ်တစ်ခု ရနိုင်ချေရှိပေသည်။

 

ထိုပါးနပ်သည့် ​အိုင်ဒီယာက လှပသော ထုပ်ပိုးမှုများနှင့် ပန်းများကို လက်ခံရရှိသည့်အခါ ဖောက်သည်များကို လျှို့ဝှက်သေတ္တာကို ဖွင့်ရသလို စိတ်လှုပ်ရှားမှု ရရှိစေသည်။ လူအများကြီးက ဓာတ်ပုံများကို အွန်လိုင်းတွင် တင်ခဲ့ကြသည်။

 

ပို့စ်ပေါင်းများစွာက  Influencer များ၏ မျှဝေပေးခြင်းကို ခံခဲ့ရပြီး အာရုံစိုက်မှု အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။

 

သိသိသာသာ လူကြိုက်များလာသည့် ရလဒ်မှာ အလုပ်ဝန် ပိုများလာခြင်းဖြစ်သည်က မလွဲဧကန် ဖြစ်သည်။

 

နိုင်ငံခြားကုမ္ပဏီ၌ အလုပ်လုပ်ခဲ့သည့် ကြွယ်ဝသော အတွေ့အကြုံများကြောင့် ရှန်းမူမူသည် လူဆယ်ယောက် ထပ်ငှားရမ်းခြင်းက ကျွမ်းကျင်သည့် မန်နေဂျာတစ်ယောက်ကို မယှဥ်နိုင်ကြောင်း သိရှိထားသည်။

 

ထို့ကြောင့် သူမက လက်ထောက်သုန်းကို အကူအညီတောင်းခဲ့သည်။

 

လက်ထောက်သုန်းက နာမည်ရှိသည့် အလုပ်သမား ရှာဖွေရေးအေဂျင်စီတစ်ခုကို ညွှန်းပေးခဲ့သည်။

 

ဤနေ့လယ်ခင်းတွင် သူမက သူတို့နှင့် တွေ့ရန် စီစဥ်ထားသည်။

 

နေ့လယ်နှစ်နာရီ၌ မြို့လယ်ကောင်ရှိ အဆင့်မြင့်ရုံးခန်းအဆောက်အဦး တစ်ခု၏ မြေအောက်ကားပါကင်၌ အဖြူရောင် Porsche တစ်စီး ရပ်နားလာသည်။

 

ကားတံခါးပွင့်သွားပြီး သွယ်လျသည့် ကျောက်စိမ်းကဲ့သို့သော ခြေထောက်တစ်ဖက် အရင်ဆုံး ထွက်လာခဲ့၏။

 

အနက်ရောင် ဒေါက်ဖိနပ်နှင့် ထူးခြားသော အသွင်အပြင်ရှိသည့် လှပသော အမျိုးသမီးတစ်ယောက် ထွက်လာပြီး သူမ အမြင်၌ ကွယ်နေသည့် ဆံပင်စတို့ကို နားရွက်နောက်၌ ပေါ့ပေါ့ပါးပါး သိမ်းညှပ်လိုက်သည်။

 

သူမက အပြာနုရောင် အင်္ကျီကို စကတ်အကျပ်နှင့် တွဲဝတ်ထားပြီး သူမ၏ ပြီးပြည့်စုံသော ကောက်ကြောင်းကို ထုတ်ဖော်ပြသထားသည်။

 

ကောင်းမွန်သော ရုပ်သွင်၊ ကျက်သရေရှိသော အပြုအမူတို့ဖြင့် သူမက ဓာတ်လှေကားရှိရာသို့ လျှောက်သွားခဲ့၏။

 

မနီးမဝေး၌ အသက်နှစ်ဆယ်အရွယ်ခန့်ရှိ အမျိုးသားလေးယောက်က သူမ ဖြတ်သွားသည်အား ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။

 

သူတို့က ဓာတ်လှေကားတံခါးပိတ်သွားပြီး ထိုဆွဲဆောင်မှုရှိသည့် ပုံရိပ် ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေပြီးမှ တက်ကြွစွာ စတင်ဆွေးနွေးတော့သည်။

 

"ဘယ်လိုတောင် လှပတဲ့ မိန်းကလေးလဲ။"

 

"နတ်သက်ကြွေလာသလိုပဲ။"

 

"သူမရဲ့ ကားက သုံးမီလီယံကျော်တယ်။ သူမက မိန်းကလေးမဟုတ်ဘူး။ ချမ်းသာတဲ့ အမျိုးသမီးပဲ။"

 

တစ်ယောက်က ပြောလိုက်သည်။ "ချမ်းသာတဲ့ အမျိုးသမီးက ပိုင်ရှင်ရှိလား သိချင်မိတယ်။ ငါ သူမနဲ့ ဒိတ်ချင်တယ်။"

 

ကိုရီးယားစတိုင်လ်ဆံပင်ပုံစံနှင့် တစ်ယောက်က ဆံပင်ကို သပ်ရင်း ပြောလိုက်သည်။

 

"မင်း သူမနဲ့ ဒိတ်ချင်ရင် ရှေ့ဆက်တိုးလေ။ ငကြောက်ကောင်။"

 

"သူမရဲ့ အိတ်ကို မြင်လိုက်လား။ ငါတို့ လေးယောက် တစ်နှစ်လုံး အလုပ်လုပ်ရင်တောင် မဝယ်နိုင်လောက်ဘူး။ သူမကို ငါတို့က ဘယ်လိုချဥ်းကပ်နိုင်မှာလဲ။"

 

ကိုရီးယားဆံပင်စတိုလ်နှင့် လူက သရော်လိုက်သည်။

 

"သူမ ချမ်းသာတော့ရော ဘာဖြစ်လဲ။ ချမ်းသာတဲ့ အမျိုးသမီးတွေက ချောတဲ့အမျိုးသားတွေကို မကြိုက်ဘူးလား။"

 

တစ်ယောက်က ရယ်မောရင်း မြှောက်ပေးလိုက်သည်။ "မင်း သွားပြီး ကံစမ်းကြည့်လိုက်လေ။ ချမ်းသာတဲ့အမျိုးသမီးတွေက မင်းလိုမျိုး ပန်းလိုလှတဲ့ ကောင်လေးတွေကို ကြိုက်ကြတယ်။"

 

ကိုရီးယားဆံပင်စတိုလ်နှင့် လူက ခပ်ညစ်ညစ်ပြုံးလိုက်ပြီး ကပ်ခွာမှတ်စုစာရွက်အသေးလေး ထုတ်လိုက်သည်။

 

"ဘောပင်န်ရှိလား။ အထီးကျန်၊ လှပပြီး ချမ်းသာတဲ့ အမျိုးသမီးကို ဘယ်လိုဆွဲဆောင်လဲဆိုတာ လက်တွေ့ပြမယ်။"

 

.......

 

အဆောက်အအုံ၏ ထိပ်ဆုံးထပ်တွင်...

 

လက်ထောက်သုန်းက ဥက္ကဋ္ဌရုံးခန်းတံခါးအား ခေါက်လိုက်သည်။

 

'ဝင်လာခဲ့' ဟူသည့် သံလိုက်ကဲ့သို့ ခပ်နိမ့်နိမ့်အသံကို ကြားမှ သူက တံခါးကို တွန်းဖွင့် ဝင်သွားလိုက်၏။

 

"မစ္စတာချီ... ဒီနှစ် ချီအဖွဲ့အစည်းအတွက် အလုပ်သမားအကျိုးအမြတ်အစီအစဥ် နဲ့ ပတ်သက်ပြီး HR ဋ္ဌာနက ရောက်လာပါတယ်။"

 

ချောမောပြီး နက်မှောင်သော မျက်လုံးများနှင့် အမျိုးသားက အမူအရာမဲ့စွာနှင့် စားပွဲတွင် ထိုင်နေခဲ့ရင်း စာရွက်စာတမ်းတွေ ဖတ်နေကာ တိတ်ဆိတ်ခြင်းဖြင့် သူ့ကို ဆက်ပြောဟု အချက်ပြနေသည်။

 

လက်ထောက်သုန်း : "အရင်နှစ်ထက် ဘောနပ်စ် ငါးရာခိုင်နှုန်း ပိုများပါတယ်။ ပြီးတော့ ချီအုပ်စု ဒါရိုက်တာတွေနဲ့အထက် ရာထူးရှိတဲ့သူအားလုံး သူတို့ မိသားစုတွေနဲ့အတူ ရှန်မြို့အပန်းဖြေစခန်းကို တစ်ပတ်အခမဲ့ ခရီးသွားခွင့်ရှိပါတယ်။"

 

ချီမော့က ပုံမှန်လေသံအတိုင်း ပြောလိုက်သည်။ "အင်း"

 

လက်ထောက်သုန်းက ရုံးခန်းထဲမှ ထွက်သွားတော့မည် ဖြစ်သော်လည်း သူက တစ်စုံတစ်ခုကို သတိရသွားကာ မေးလိုက်သည်။

 

"မစ္စတာချီ ခင်ဗျားရဲ့ ဇနီး ဒီနေ့လယ်က ရောက်လာမှာ။ သူမ ရှီယွိယွဲ့ဗီလာကို ပြန်ဖို့ ကားတစ်စီး စီစဥ်ပေးလိုက်ရမလား။"

 

သူက သူမ ကားမောင်းလာလိမ့်မည်ကို မသိဘဲ ပုံမှန်အတိုင်း မေးလိုက်ခြင်း ဖြစ်သည်။

 

ထိုစကားကို ကြားသည့်အခါ ဘာကိုမှ ဂရုမစိုက်သည့် အမျိုးသားက နောက်ဆုံးတွင် ခေါင်းမော့ကြည့်လာသည်။

 

သူက နောက်ဆုံး၌ စကားလုံးနှစ်လုံးထက် ပိုပြောခဲ့သည်။

 

"ငါ့ဇနီး လာနေတာလား။"

 

လက်ထောက်သုန်းက မစ္စတာချီ သိပြီးသားဟု ထင်ထားသောကြောင့် ထိုစကားကို ကြားသည့်အခါ လန့်သွားခဲ့သည်။

 

ချီမော့၏ လေသံကို နားထောင်ပြီးမှ လက်ထောက်သုန်းသည် ချီမော့က ဘာမှသိမထားကြောင်း သတိပြုမိလိုက်ပြီး ရှန်းမူမူက အလုပ်သမား ရှာဖွေရေးအေဂျင်စီ အကြောင်း မေးမြန်းလာခြင်းနှင့် သူက ဘာကို ညွှန်းဆိုပေးလိုက်သလဲဆိုသည်ကို အပြည့်အဝ တင်ပြလိုက်သည်။

 

သူ ပြောပြီးသွားသည့်နောက် လက်ထောက်သုန်းက ဇဝေဇဝါ ဖြစ်သွားသည်။

 

ရှန်းမူမူက သူ့ကို ဖုန်းခေါ်သည့်အခါတိုင်း သူမက စကားအဆုံးသတ်ခါနီးတွင် ချီမော့အကြောင်း မေးမြန်းတတ်သည်ကို မှတ်မိပေသည်။

 

သူတို့၏ ဆက်ဆံရေးက ကောင်းမွန်သည့်ပုံပေါက်ပြီး ချီမော့က ယနေ့ သူမ လာမည့်အကြောင်းကို ဘာလို့ မသိရပါသနည်း။

 

သူတို့စုံတွဲ ရန်ဖြစ်ထားတာ ဖြစ်နိုင်သလား။

 

"မစ္စတာချီ ခင်ဗျားဇနီးက ကျွန်တော့်ကို ဖုန်းဆက်တိုင်း ခင်ဗျား အစာအိမ်ဆေးသောက်ဖို့ မမေ့အောင်၊ အစားအသောက်နဲ့ အနားယူချိန်ကို သတိထားဖို့ အမြဲ ဂရုတစိုက် မှာကြားတတ်ပါတယ်။"

 

'တစ်ဖက်လူ၏ ကောင်းကွက်များကို ပြောခြင်းက ထိခိုက်နစ်နာမှုမရှိ' ဟူသည့် သဘောထားကို လက်ကိုင်ထားကာ လက်ထောက်သုန်းက ရှန်းမူမူ ပြောဖူးသည့် စကားများကို ချီမော့ထံ ပြန်ပြောပြလိုက်သည်။

 

သူ ပြောပြီးသွားသည့်နောက် သူ၏ ဉာဏ်ကောင်းမှုကို သူ့ကိုယ်သူ မချီးကျူးရသေးခင် စားပွဲနောက်ရှိ အမျိုးသားက မျက်လုံးများအား ကျဥ်းမြောင်းလိုက်သည်ကို မြင်လိုက်ရသည်။

 

..........

 

ဘေးအဆောက်အဦးရှိ ဆယ့်နှစ်လွှာတွင်...

 

"မစ္စရှန်း ကျေးဇူးပြုပြီး စိတ်ချပါ။ မစ္စရဲ့ လိုအပ်ချက်အတိုင်း ကျွန်မတို့က အသင့်တော်ဆုံးလူကို ရှာပေးပါ့မယ်။"

 

အလုပ်သမားရှာဖွေရေး အေဂျင်စီမှ မန်နေဂျာ အစ်မချန်က သူမ၏ ဧည့်သည်ကို ပရော်ဖက်ရှင်နယ်ကျစွာ ပြုံးပြလိုက်သည်။

 

ရှန်းမူမူက ပြုံးလိုက်၏။ "ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

 

အစ်မချန် : "ဒါ ကျွန်မတို့ အလုပ်ပါ။ မစ္စရှန်း ပညာရေးနဲ့ အလုပ်အတွေ့အကြုံကလွဲပြီး အလုပ်လျှောက်သူရဲ့ ရုပ်ရည်သွင်ပြင်နဲ့ အသက်အရွယ်အတွက်ရော တောင်းဆိုချက် ရှိသေးလား။"

 

မကြာခဏပင် လျှောက်ထားသူများသည် အရည်အချင်း ပြည့်မီသော်လည်း သူတို့၏ လိင်အမျိုးအစား၊ အသက်နှင့် ရာသီခွင်တို့ကြောင့် ငြင်းပယ်ခံရခြင်းမျိုး ရှိတတ်သည်။

 

မစ္စရှန်း၏ ပန်းဆိုင်လုပ်ငန်း၌ ရုပ်ရည်သွင်ပြင်က စံနှုန်းတစ်ခုအဖြစ် ပို၍ လိုအပ်နိုင်သောကြောင့် စဥ်းစားပြီး မေးလိုက်ခြင်း ဖြစ်သည်။

 

အလုပ်သမားရှာဖွေရေးအေဂျင်စီမှ မန်နေဂျာ ထင်ထားသည့်အတိုင်း တုန့်ပြန်မှုကို  ကြားလိုက်သည်။

 

"အမျိုးသမီးအတွက်တော့ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုရှိရင် အဆင်ပြေပြီ။ ဒါပေမယ့် အမျိုးသားကတော့.."

 

ရှန်းမူမူက နှုတ်ခမ်းကို ကွေးလိုက်ပြီး မေးကို ထိရင်း ခပ်မြူးမြူးဆိုလိုက်၏။

 

"အရပ်က 180 cm ကျော်ပြီး ကိုယ်အလေးချိန် 150kg အောက် ဖြစ်ရမယ်။"

 

"သာမန်ကြည့်ကောင်းတာထက် ပိုပြီး ဝမ်းဗိုက်ကြွက်သားအနည်းဆုံး လေးခု ရှိရမယ်။ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ပြီး ဒေါသထွက်လွယ်တဲ့သူ မဖြစ်ရဘူး။"

 

"အမျိုးသမီး လုပ်ဖော်ကိုင်ဖက်တွေအပေါ် ကိုယ်ထိလက်ရောက် စော်ကားဖူးတဲ့ မှတ်တမ်းမရှိရဘူး။ ဆေးလိပ်သောက်တာ အရက်သောက်တာနဲ့ တခြား အကျင့်ဆိုးတွေ မရှိရဘူး။"

 

တစ်မိနစ်ကြာပြီးနောက်...

 

ရှန်းမူမူက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။ "အခုတော့ ကျွန်မ တွေးနိုင်တာ အဲဒါအကုန်ပဲ။ တခြားအချက်တွေ ရှိလာရင် ကျွန်မ ရှင့်ကို အသိပေးမယ်။"

 

အလုပ်အကိုင်ရှာဖွေရာ၌ အမျိုးသမီးများအတွက် တင်းကျပ်သော သတ်မှတ်ချက်များ ရှိသော်လည်း အမျိုးသားများအတွက် လျှော့​ပေါ့ပေးထားသည်က များသည်။

 

သူမသည် ၎င်းကို မျှတသည်ဟု တစ်ခါမှ မတွေးဖူးပေ။

 

ယခု သူမကိုယ်တိုင် အလုပ်သမားငှားရမ်းသူ ဖြစ်လာလေရာ မနေနိုင်တော့ဘဲ စံနှုန်းကို မြှင့်ပစ်လိုက်တော့သည်။

 

အစ်မချန်က အလွန် အံ့သြနေသော်လည်း သူမ၏ အမူအရာကို ထိန်းသိမ်းထားသည်။ သူမက မသိမသာလေး တံတွေးမြိုချလိုက်၏။

 

"ကောင်းပါပြီ မစ္စရှန်း။ ကျွန်မ ရှင်ပြောသမျှ အချက်တွေကို လိုက်မှတ်ထားပါတယ်။ အလုပ်လျှောက်သူ ရွေးချယ်တဲ့အခါ ရှင့်ရဲ့ လိုအပ်ချက်တွေနဲ့ တင်းတင်းကျပ်ကျပ် စိစစ်ပြီး တစ်ပတ်အတွင်း အကြောင်းပြန်ပါ့မယ်။"

 

ရှန်းမူမူက ထရပ်လိုက်ပြီး ပရော်ဖက်ရှင်နယ်ကျကျ လက်ဆွဲနှုတ်ဆက်ကာ ကျေးဇူးတင်စကားဆိုလိုက်သည်။ "အလုပ်ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်။"

 

တစ်ဖက်လူကလည်း ပြောလိုက်သည်။ "ယဥ်ကျေးလွန်းနေပါပြီ။"

 

အလုပ်သမားရှာဖွေရေးအေဂျင်စီမှ ထွက်လာပြီးနောက် ဓာတ်လှေကားထဲ ဝင်လိုက်ချိန်၌ သူမ ဖုန်းက မြည်လာသည်။

 

ဖုန်းမျက်နှာပြင်၌ ပေါ်လာသည်က 'လောင်ကုန်း' ဟူ၍ ဖြစ်သည်။

 

သူမက ဖုန်းမကိုင်ခင် စက္ကန့်အနည်းငယ် ကြောင်အနေသည်။

 

ဖုန်းကိုင်လိုက်ပြီးနောက် ချီမော့၏ သံလိုက်ကဲ့သို့ ညှို့ငင်နိုင်သော အသံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။

 

"ကိုယ် လက်ထောက်သုန်းဆီက ကြားတာ မင်း ဘေးအဆောက်အဦးက အလုပ်သမားရှာဖွေရေး အေဂျင်စီကို ရောက်လာတယ်ဆို။"

 

ရှန်းမူမူ: "ဟုတ်တယ်။ ကျွန်မ အခုလေးတင် အဲဒီက ထွက်လာတာ။"

 

ချီ​မော့: "အဆင်ပြေသွားရဲ့လား။"

 

ရှန်းမူမူက အလွန် ပျော်ရွှင်နေသည်။ "အဆင်ပြေတယ်။ အစ်မချန်က တကယ် ကျွမ်းကျင်တယ်။ သူမက ကျွန်မရဲ့ အလုပ်သမားငှားရမ်းမှုကို တစ်ပတ်အတွင်း ဖြေရှင်းပေးနိုင်တယ်လို့ ပြောတယ်။"

 

ဖုန်းတစ်ဖက်မှ 'အင်း' ဟူသော နူးနူးညံ့ညံ့ အသံတစ်ခု ထွက်ပေါ်လာသည်။

 

ခဏရပ်သွားပြီး​နောက် သူတို့ကတစ်ချိန်တည်း ပြောလိုက်သည်။

 

ရှန်းမူမူ : "ဘာဖြစ်လို့လဲ။ ကျွန်မဆီ ဖုန်းခေါ်တာ ကိစ္စတစ်ခုခုရှိလို့လား။"

 

ချီမော့ : "ကိုယ် ဒီနေ့ အလုပ်ပြီးသွားပြီ။ အိမ်ကို အတူတူပြန်ကြမလား။"

 

ဓာတ်လှေကား၏ ပုံရိပ်ထင်နေသော မျက်နှာပြင်ကို ကြည့်ကာ ရှန်းမူမူက ဖြူစင်ရိုးသားစွာ မျက်တောင်ခတ်လိုက်၏။

 

သူမက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ကောင်းပြီလေ။"

 

ဖုန်းတစ်ဖက်မှ အသံထွက်လာ၏။ "ကားပါကင်မှာ တွေ့ကြမယ်။"