အပိုင်း ၃၁
Viewers 4k

အခန်း (၃၁) မစ္စတာချီ ရှင် ဘစ်ဘော့စ်ကြီး ဘယ်နှယောက်ကို တစ်ချက်တည်းနဲ့ အလဲထိုးနိုင်လဲ။

 

ယနေ့ည ဇနီးများ အဖွဲ့လိုက်စကားပြောခန်းတွင် ပုံမှန်ထက်ပို၍ စည်ကားနေသည်။

 

ရှန်းမူမူနှင့် ဝမ်ချင်းဝေ့က အာရုံ စိုက်မှု ဗဟိုချက် ဖြစ်လာခဲ့၏။

 

[မစ္စစွင်း : လူတိုင်းပဲ ကောလာဟလတွေ မဖြန့်ကြပါနဲ့။ မစ္စချီက ဒီနေ့ ကျွန်မ အိမ်မှာ မာကျောက် လာကစားတာကို ဥက္ကဋ္ဌချီ ကိုယ်တိုင် သူမကို လာကြိုခဲ့တာ။ သူတို့က အရမ်းချစ်တဲ့ စုံတွဲတွေနဲ့ တူတယ်။]

 

[မစ္စကျောက် : ကျွန်မ သိပြီ။ ကျွန်မလည်း အဲဒီ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို မယုံပါဘူး။ မစ္စချီက အရမ်း တက်ကြွပျော်ရွှင်နေတာ အချစ်ခံနေရတဲ့ အမျိုးသမီးတစ်ယောက်ဆိုတာ ရှင်းနေတာပဲ။]

 

[မစ္စစုန့် : ကောလာဟလတွေကို မယုံကြပါနဲ့။ ကောလာဟလတွေ မဖြန့်ကြပါနဲ့။]

 

[မစ္စချန် : ဒီနေ့ မာကျောက် လာမဆော့ဖြစ်တာ ဆောရီးပါ။]

 

[မစ္စစွင်း : @မစ္စချန် , ရှင်က ကျည်ဆန်ကို ရှောင်မိတာပဲ။ ဒီနေ့ မစ္စချီက ကံတွေ အရမ်းကောင်းပြီး သုံးအိမ်လုံးကို အနိုင်ရသွားတာ။]

 

[မစ္စလီ : ဘယ်သူ အများဆုံးရှုံးတာလဲ။ [သိချင်နေ]]

 

[မစ္စစွင်း : မစ္စဝမ်, သူမ ဒီနေ့ အရမ်း ကံဆိုးနေတယ်။ အာ.. အဲဒီအကြောင်း မပြောကြရအောင်။]

 

[မစ္စလီ : ဟမ်? ကျွန်မ ဘာလို့ မစ္စဝမ် အဖွဲ့ထဲမှာ လာစကားပြောတာ မမြင်မိတာလဲ။ သူမက ပုံမှန်ဆို လူတိုင်းနဲ့ စကားပြောရတာ ကြိုက်တယ်လေ။]

 

[မစ္စတာဝူရဲ့ အဖိုးတန်လေး : အိုး မစ္စလီ ရှင် အခုထိ သတင်းမတွေ့သေးဘူးလား။]

 

[မစ္စလီ : ဘာသတင်းလဲ။ ကျွန်မ အခုလေးတင် ဆွစ်ဇာလန်မှာ အပန်းဖြေပြီး ပြန်လာတာ အခု လေဆိပ်မှာပဲ ရှိသေးတယ်။ ဖုန်းလည်း အခုမှ ဖွင့်တာ။]

 

ဝမ်ချင်းဝေ့နှင့် ရင်းနှီးနေသူများက ချက်ချင်း သူမနှင့် အကွာအဝေး ခြားလိုက်ကာ စတင် လှောင်ပြောင်ကြသည်။

 

[မစ္စတာကျန်းရဲ့ ဇနီးလေး : ဘုရားရေ၊ ကြည့်ရတာ မစ္စဝမ်က မာကျောက်မှာတင် ကံမကောင်းတာ မဟုတ်ဘဲ သူ့ရဲ့ အိမ်ထောင်ရေးကလည်း ပြဿနာထဲ ကျရောက်သွားပုံပဲ။ [ပါးစပ်ပိတ်ရယ်နေ]]

 

[မစ္စတာဝူရဲ့ အဖိုးတန်လေး : ကျွန်မလည်း တစ်ခုခု ထူးဆန်းနေသလို ခံစားခဲ့ရတာ။ မစ္စဝမ်က အမြဲ အဖွဲ့ထဲမှာ သူမ ဘယ်လောက်အချစ်ခံရသလဲ ကြွားတတ်ပေမယ့် သူတို့စုံတွဲကို ဘယ်တော့မှ အတူတွဲပြီး မတွေ့ဖူးဘူးလေ။ ဒါက ဒီလို ဖြစ်သွားမယ်လို့ ဘယ်သူတွေးမိမှာလဲ။]

 

[မစ္စတာကျန်းရဲ့ ဇနီးလေး : အဲဒါဟုတ်တယ်။ သူမ ကြွားခဲ့တဲ့ အဲဒီ နှစ်မီလီယံတန် လည်ဆွဲကလည်း အတုကြီး ဖြစ်နိုင်တယ်မလား။]

 

[မစ္စလီ : ရှင် ခန့်မှန်းတာ မှန်တယ်။ ကျွန်မ ဆွစ်ဇာလန်ကို သွားခဲ့တုန်းက ဆုံခဲ့တဲ့ သူငယ်ချင်းတစ်ယောက် ပြောတာ။ ပြီးခဲ့တဲ့ လက လေလံပွဲမှာ ပန်းပွင့်ပုံလည်ဆွဲကို လေလံအောင်သွားတဲ့သူက ပေကျင်းက ဥက္ကဋ္ဌချီတဲ့။ ပြီးတော့ အဲဒါက တစ်ခုတည်း ရှိတာ။]

 

[မစ္စချန် : ပြီးခဲ့တဲ့လကလား။ အဲဒါ မစ္စချီ လက်ထပ်ခဲ့အချိန်မလား။ မစ္စတာချီက သူ့ရဲ့ ဇနီးအသစ်လေးအတွက် ဝယ်ပေးခဲ့တာ ဖြစ်ရမယ်။]

 

[မစ္စတာဝူရဲ့ အဖိုးတန်လေး : ဟားဟားဟား ရယ်ရလို့ သေတော့မယ်။ မစ္စဝမ်က တကယ်ရှက်စရာပဲ။]

 

[မစ္စကျိုး : ဟုတ်တယ်။ ဒီနေ့ မာကျောက်ကစားတော့ ကျွန်မလည်း ရှိနေတာ။ မစ္စဝမ် အရမ်းဒေါသထွက်နေတာများ။]

 

[မစ္စကျိုး : ကျွန်မက သူမနဲ့ ရင်းနှီးတော့ မစ္စချီအကြောင်း အတင်းအဖျင်းတွေကို ယုံခဲ့တာ။ အခု ပြန်တွေးကြည့်မှ သူမက မစ္စချီ လက်ထပ်ပြီး ပျော်ပျော်ရွှင်ရွှင် နေရလို့ မနာလိုနေတာ ဖြစ်နိုင်တယ်။]

 

[...]

 

ကားထဲတွင် ရှန်းမူမူက ချီမော့၏ ဖုန်းကို သုံးရင်း အနီးအနားရှိ စားသောက်ဆိုင်ကို ရှာရန် အာရုံစိုက်နေသည်။

 

အချိန်အတော်ကြာပြီးနောက် သူမက ရှီယွိယွဲ့ဗီလာဝန်းနှင့် သိပ်မဝေးသည့် ဘာဘီကျူးစားသောက်ဆိုင်ကို ရွေးလိုက်သည်။

 

ရှန်းမူမူက ကားမောင်းရမည့် ဦးတည်ရာကို ချိန်ညှိလိုက်ပြီး ကားပေါ်၌ ဖုန်းတင်ရန် ထားသည့် ထောက်တိုင်လေးကို ရှာလိုက်သည်။

 

ဟိုဟိုဒီဒီ လျှောက်ကြည့်ပြီးနောက် ကားပေါ်တွင် ထိုကဲ့သို့အရာ မရှိကြောင်း သတိပြုမိလိုက်သည်။

 

အိုး...

 

သူက ဘယ်နေရာသွားသွား ဒရိုင်ဘာ ရှိသည့်အတွက် ဦးတည်ရာရှာဖွေရန် ဖုန်းကို အသုံးပြုစရာ မလိုသည့်အတွက် ဖုန်းတင်သည့် ထောက်တိုင်မရှိပုံရသည်။

 

ချီမော့က ရှန်းမူမူ၏ လေထဲ၌ တန့်နေသည့် လက်ကို ကြည်လိုက်သည်။

 

"နေရာရွေးပြီးပြီလား။"

 

ရှန်းမူမူက ပြန်ပြောလိုက်သည်။ "အင်း.. ဘာဘီကျူးစားသောက်ဆိုင် တစ်ခုပဲ။ သိပ်မဝေးပေမယ့် လမ်းသွယ်ထဲမှာ ရှိတာမို့ သွားဖို့ ခက်နိုင်တယ်။"

 

ချီမော့က လမ်းကို ကြည့်လိုက်သည်။ "ကိုယ် ကားမောင်းနေရင်း လမ်းညွှန်မကြည့်တတ်ဘူး။ မင်း ဦးတည်ချက်ကို လိုက်ပြီး လမ်းညွှန်ပေးလေ။"

 

"အိုခေ။"

 

ချီမော့က ကားမောင်းရင်းနှင့် ရှန်းမူမူကို ဒေါက်တာကျန်းအကြောင်း ​​ပြောပြရန် စီစဥ်နေသည်။

 

သူမက လမ်းညွှန်ကို အပြည့်အဝ အာရုံစိုက်နေသည်ကို မြင်သောအခါ လမ်းမှားသွားမိမည်စိုးသဖြင့် သူက သူတို့ စားသောက်ဆိုင်သို့ ရောက်သည်အထိ စောင့်ရန် ဆုံးဖြတ်လိုက်သည်။

 

ကားက ဗီလာဝင်ပေါက်သို့ ချဥ်းကပ်လာသည်နှင့် ရှန်းမူမူ၏ အာရုံကို ရင်းနှီးနေသည့် ပုံရိပ်တစ်ခုက ဖမ်းစားသွားသည်။

 

"အရှေ့က ချီရှောင်ပိုင် မဟုတ်ဘူးလား။"

 

ဤသည်ကို ကြားသည့်အခါ ချီမော့က အရှိန်လျှော့လိုက်ပြီး သူမ ကြည့်နေရာဘက်သို့ ကြည့်လိုက်သည်။

 

ချီရှောင်ပိုင်က လမ်းဘေးမှ ခုံတန်းတစ်ခုပေါ်တွင် ထိုင်နေပြီး တံတောင်ဆစ်များကို ဒူးပေါ်တင်ထားကာ အတွေးထဲနစ်နေသလို မြေပြင်သို့ စိုက်ကြည့်နေသည်။

 

ကားက ချီရှောင်ပိုင်၏ ရှေ့၌ ရပ်တန့်သွားသည်။

 

ရှန်းမူမူက ကားပြတင်းမှန်ကို ချလိုက်သည်။

 

"ရှောင်ချီ ဒီနေရာမှာ ဘာထိုင်လုပ်နေတာလဲ။"

 

ချီရှောင်ပိုင်က အငိုက်မိသွားပြီး အထိတ်တလန့်နှင့် မော့ကြည့်လိုက်သည်။

 

သူ မတုန့်ပြန်နိုင်ခင် ရှန်းမူမူက ပျော်ရွှင်စွာ ဖိတ်ခေါ်လိုက်သည်။

 

"မင်း အဖေနဲ့ ငါ ဘာဘီကျူးသွားစားမလို့။ လိုက်ချင်လား။"

 

ချီရှောင်ပိုင်၏ အကြည့်က ရှန်းမူမူကို ဖြတ်ကျော်ပြီး ဒရိုင်ဘာခုံ၌ ထိုင်နေသည့် အမျိုးသားထံ ကျရောက်သွားသည်။ သူက စက္ကန့်အနည်းငယ်လောက် စဥ်းစားနေပြီးနောက် သက်ပြင်းချလိုက်ပြီး တိတ်ဆိတ်စွာပင် ထရပ်ကာ ကားနောက်ခန်းတံခါးကို ဖွင့်၍ ဝင်ထိုင်လိုက်သည်။

 

အမှန်၌ သူ့တွင် စားချင်စိတ် သိပ်မရှိပေ။

 

သို့သော် ခဏလောက်တွေးပြီးနောက် ဤသည်က နှုတ်ဆက်ညစာ ဖြစ်နိုင်ကြောင်း တွေးမိကာ သူပါ အတူလိုက်လာခဲ့ခြင်း ဖြစ်သည်။

 

သူသည် ဤမိထွေး ရှန်းမူမူကို အချိန်အကြာကြီး မသိခဲ့ရသော်လည်း သူ့ထင်မြင်ချက်ထဲ၌ သူမက သင့်တင့်လျောက်ပတ်စွာ ကောင်းမွန်ပေသည်။

 

အကယ်၍ သူ့အဖေတွင် အငယ်အနှောင်းရှိသည်ဟူသော ကောလာဟလများက မှန်ကန်ပြီး ကွာရှင်းသွားခဲ့ရလျှင်...

 

သားတစ်ယောက်အနေနှင့် သူက အပြစ်ရှိစိတ်ကို ခံစားရပေလိမ့်မည်။

 

ချီရှောင်ပိုင်က လေးလံနေသည့် စိတ်နှင့်အတူ ကားထဲ ဝင်ထိုင်လိုက်သည်။

 

သူသည် ကားရှေ့ခန်းရှိ နှစ်ယောက်၏ လေထုအခြေအနေက လေးလံနေမည်ဟု ယူဆထားခဲ့သော်လည်း အမှန်တရားက သူ ထင်ထားသည်နှင့် ကွာခြားပေသည်။

 

မစ္စစွင်းအိမ်၌ ရှိစဥ် ချီမော့ ရုတ်တရက် ထွက်ပေါ်လာသည့် အချိန်ကို ပြန်စဥ်းစားမိသောအခါ ရှန်းမူမူက မနေနိုင်ဘဲ စနောက်လိုက်သည်။

 

"ရှင် အဲဒီမှာတုန်းက ပြောခဲ့တဲ့စကားက TV ဒရာမာတွေထဲကလိုပဲ။"

 

ချီမော့က သာမန်ကာလျှံကာ ကြည့်ရင်း ပုံမှန်လေသံနှင့် မေးလိုက်သည်။ "ကိုယ် ဘာပြောခဲ့လို့လဲ။"

 

ရှန်းမူမူက လည်ချောင်းရှင်းလိုက်ပြီး သူမ အသံကို နှိမ့်ကာ အစောပိုင်းက ချီမော့ပြောသည့် လေသံကို အတုခိုးလိုက်သည်။

 

"အဟမ်း.... မင်းကို ဘယ်သူက သတ္တိတွေ ပေးခဲ့တာလဲ။"

 

အတုခိုးကာ လိုက်ပြောပြီးနောက် သူမက စိတ်မကျေနပ်သေးဘဲ လက်ကို မိုက်ကရိုဖုန်း ကိုင်ထားသည့်ဟန် လုပ်လိုက်ပြီး ချီမော့ရှေ့ ထိုးပေးလိုက်သည်။

 

"မစ္စတာချီကို အင်တာဗျူးလုပ်ပါရစေ။ ရှင် ဘစ်ဘော့စ်ကြီး ဘယ်နယောက်ကို တစ်ချက်တည်းနဲ့ အလဲထိုးနိုင်လဲ။ ဒီ​လောက် အံ့အားသင့်စရာကောင်းတဲ့ အရှိန်အဝါကြီးနဲ့လေ။"

 

ချီမော့ : "......"

 

သူက သူ့မျက်နှာရှေ့ ထိုးပေးထားသည့် ဖြူဖွေးဖွေး လက်သီးဆုပ်လေးကို ငုံ့ကြည့်လိုက်ပြီး ခပ်တိုးတိုး ရယ်မောလိုက်ကာ သူ့ဝန်းကျင်ရှိ လွှမ်းမိုးနိုင်သော အရှိန်အဝါတို့က သိမ်မွေ့ညင်သာသွားသည်။

 

သူ ရယ်မောနေသည်ကို ကြည့်ရင်း ရှန်းမူမူက ပို၍ပင် ရွှင်မြူးလာသည်။ "အိုး.. မစ္စတာချီ ရှင်လို အောင်မြင်နေတဲ့ အမျိုးသားတွေ အမြဲပြောတဲ့ စကားရှိပါတယ်။ 'ရာသီဥတုအေးလာပြီ။ ဝမ်မိသားစု ဒေဝါလီခံရမယ့် အချိန်ပဲ။'"

 

ချီမော့က စတီယာရင်ဘီးကို လက်တစ်ဖက်နှင့် ထိန်းကိုင်ထားပြီး ပြတင်းထက် တံတောင်ဆစ်ကို တင်းထားရင်း ရယ်ချင်နေသော မျက်လုံးများနှင့် လှမ်းကြည့်လိုက်သည်။

 

သူ၏ ထက်ရှသော မေးရိုးလိုင်းများကပင် နူးညံ့သိမ်မွေ့နေဟန်ပေါ်ကာ သူ့လေသံက ညင်သာနေပြီး ရယ်မြူးရိပ်တို့ စွက်နေခဲ့သည်။

 

"ဘယ်သူမှ အဲဒီလို မပြောပါဘူးကွာ။"

 

သူက တစ်ခုခု ပြုလုပ်ချင်လျှင် တိုက်ရိုက်ပြုလုပ်လိုက်မည်ဖြစ်ပြီး ကြေညာနေစရာ မလိုပေ။

 

"ရှင့်ရဲ့ ချမ်းသာမှုနဲ့ဆို ရှင် ပိုပြီး မောက်မာဝင့်ကြွားလို့ ရပါတယ်။" ရှန်းမူမူက ခေါင်းခါရင်း ငြင်းဆန်စကားဆိုလိုက်သည်။

 

ချီမော့က အကူအညီမဲ့စွာနှင့် နားထင်ကို ပွတ်လိုက်ရင်း ရယ်သံတချို့ ထွက်ပေါ်လာ၏။

 

ရှန်းမူမူသည်လည်း သူမ လုပ်ရပ်က အဓိပ္ပါယ်မရှိ​ကြောင်း တွေးမိကာ စတင်ရယ်မောတော့သည်။

 

အမျိုးသား၏ နွေရာသီလေပြေညင်းကဲ့သို့ ခပ်နိမ့်နိမ့် ရယ်သံနှင့် အမျိုးသမီး၏ ရူးကြောင်ကြောင် ရယ်သံတို့က ရောယှက်ပြီး ကားနောက်ဘက်ခုံတွင် ထိုင်နေသည့် 'အရူးသားလေး' ၏ နားထဲသို့ ရောက်ရှိသွားသည်။

 

ချီရှောင်ပိုင်က လုံးဝ ဇဝေဇဝါ ဖြစ်သွားခဲ့၏။ : "???"

 

ပုန်ကန်တတ်သည့် ဆယ်ကျော်သက်အရွယ် ဆယ့်ခုနစ်နှစ်ကောင်လေး၏ ပုံမှန် အေးစက်သော မျက်လုံးများထဲတွင် အရင်က တစ်ခါမှ မရှိဖူးသော စိတ်ရှုပ်ထွေးမှုများ ရှိနေခဲ့သည်။

 

အရွယ်ရောက်ပြီးသူများ၏ လောကက ဘာမှ မဖြစ်သလို ရယ်မောနေနိုင်သည်အထိ ကြံ့ခိုင်သန်မာကြတာလား။ သူပဲ တစ်ခုခု မှားယွင်းသိရှိထားတာလား။

 

ဒီနှစ်ယောက်က ကွာရှင်းမည့်ပုံစံ လုံးဝ ရှိမနေခဲ့ပါချေ။