အပိုင်း ၃၀
Viewers 4k

အခန်း (၃၀) အဖေ ဖောက်ပြန်နေတာလား။

 

ရှန်းမူမူ၏ ဖုန်းက ဘက်ထရီကုန်သွားပြီဖြစ်သောကြောင့် သူမက ချီမော့၏ လက်မောင်းကို ပခုံးဖြင့် တိုက်လိုက်သည်။

 

"အတင်းအဖျင်းတချို့ ကြည့်ချင်လို့ ဖုန်းလေး ခဏငှားပါလား။ ကျွန်မ ဖုန်းက အားကုန်သွားလို့။"

 

ချီမော့က သူ့အိတ်ထဲမှ ကိုယ်ရေးကိုယ်တာ အသုံးပြုသည့်ဖုန်းကို ထုတ်ကာ သူမအား ပေးလိုက်သည်။

 

ရှန်းမူမူက လျင်မြန်စွာပင် သတင်းခေါင်းစည်းကို ရှာဖွေလိုက်ပြီး နောက်ဆုံး၌ ဘာတွေဖြစ်နေသလဲ နားလည်သွားသည်။

 

သတင်းဓာတ်ပုံထဲတွင် မစ္စတာဝမ်က ချမ်းသာသော အမျိုးသမီးတစ်ယောက်၏ ခါးထက်တွင် သူ့လက်ကို ရစ်ပတ်ထားပြီး သူ့မျက်နှာထက်၌ စစ်မှန်ရိုးသား၍ အလေးအနက်ဖြစ်သည့် အကြည့်တစ်ခု ရှိနေသည်။

 

သတင်းခေါင်းစဥ်က ရေးထားသည်မှာ စတီးလုပ်ငန်းရှင်သူဋ္ဌေးကြီး၏ သမီးက တိတ်တဆိတ် လက်ထပ်ထားသည်မှာ ဆယ်နှစ်ရှိပြီဖြစ်ကာ သူ့သားမက်ဖြစ်သူက.....

 

ဝမ်ချင်းဝေ့၏ ခင်ပွန်းက လက်ထပ်ဖူးသူဖြစ်ပြီး သူ့ဇနီးက သူ့ထက် အသက်နှစ်နှစ်ကြီးသည့် စတီးလုပ်ငန်းရှင်သူဋ္ဌေးကြီး၏ သမီး ဖြစ်လေသည်။

 

သတင်းအကြောင်းအရာကို ကျယ်ကျယ်ပြန့်ပြန် ရေးသားထားကြသည်။

 

ပြောကြသည်မှာ ဤသည်က ထိုစုံတွဲ အများရှေ့သို့ သူတို့၏ ဆက်ဆံရေးကို ထုတ်ပြသည့် ပထမဆုံးအကြိမ် ဖြစ်သည်။ အကြောင်းမှာ မစ္စတာဝမ်၏ ကုမ္ပဏီက အခက်အခဲ ကြုံနေရသည့်အတွက် သူက ရွေးချယ်စရာ မရှိဘဲ ယောက္ခထီးဆီမှ အကူအညီတောင်းခဲ့ရသောကြောင့် ဖြစ်သည်။ ဤသတင်းကြေညာချက် အခွင့်အရေးကို ယူကာ ကုမ္ပဏီစတော့ခ်စျေးနှုန်းကို မြှင့်တင်ချင်ခဲ့ခြင်း ဖြစ်သည်။

 

ရှန်းမူမူက စခရင်ကို ဆွဲကြည့်နေရင်း အံ့အားသင့်ခြင်းရော စက်ဆုပ်အထင်သေးခြင်းကိုပါ ခံစားလိုက်ရသည်။

 

မစ္စတာဝမ်၏ ကုမ္ပဏီက အခုချိန်ကျမှ ဘာလို့ ရုတ်တရက်ကြီး အခက်အခဲ ဖြစ်နိုင်မှာလဲ။ လွန်ခဲ့တဲ့နှစ်ရက်ကတောင် ဝမ်ချင်းဝေ့က ဇနီးများစကားပြောအဖွဲ့ထဲမှာ နှစ်မီလီယံတန်တဲ့ စိန်လည်ဆွဲကို မစ္စတာဝမ်က သူမအတွက် ဝယ်ပေးခဲ့ကြောင်း ကြွားနေသေးသည် မဟုတ်ပါလား။ သူတို့မှာ ငွေကြေးအခက်အခဲ ဖြစ်နေသည့်ပုံ မပေါ်ပေ။

 

ရှန်းမူမူ မှတ်မိသည်က မှန်ကန်ပုလျှင် ဝမ်ချင်းဝေ့သည် သူမတို့ မာကျောက်ကစားနေစဥ်အတွင်း သူတို့ လက်ထပ်ထားသည်မှာ ငါးနှစ်ရှိပြီဟု ပြောခဲ့သည်။

 

သို့ဆိုလျှင် ဤနှစ်များတလျှောက်တွင် ဝမ်ချင်းဝေ့၏ အမျိုးသား၌ မိသားစုနှစ်ခု ရှိနေခဲ့သည်လား။

 

သူသည် လွန်ခဲ့သော ဆယ်နှစ်က စတီးလုပ်ငန်းရှင်၏ သမီးနှင့် လက်ထပ်ခဲ့ပြီး လွန်ခဲ့သော ငါးနှစ်က ဝမ်ချင်းဝေ့ကို လက်ထပ်ခဲ့သည်။

 

ဒါက မယားပြိုင်ထားထားတာပဲ။

 

ရှန်းမူမူ၏ အကြည့်များက ဖုန်းပေါ်မှ လွှဲဖယ်၍ ဝမ်ချင်းဝေ့ထံ ရောက်ရှိသွားသည်။

 

ဝမ်ချင်းဝေ့က ပြင်းထန်သည့် ရိုက်ချက်ကြောင့် ကြမ်းပေါ်သို့ ပြိုလဲကျသွားပြီး သူမ မျက်နှာထက်တွင် မျက်ရည်များ ကျဆင်းနေခဲ့သည်။

 

ရှန်းမူမူက သူမအား ကြည့်နေသည်ကို မြင်သောအခါ ဝမ်ချင်းဝေ့က လက်သီးတင်းတင်းဆုပ်လိုက်ပြီး ဒေါသအပြည့် မျက်လုံးများနှင့် မော့ကြည့်လိုက်သည်။

 

"အခု ကျေနပ်သွားပြီလား။"

 

"ငါ့ အခြေအနေ ဒီလောက်ဆိုးတာ မြင်ရတော့ နင် ပျော်သွားပြီလား။"

 

ဝမ်ချင်းဝေ့က သူမ၏ နာကြည်းမှုများ၊ ဒေါသတရားများကို မည်သည့်နေရာမဆို ဖွင့်ထုတ်ချင်နေသည့် ရူးသွပ်နေသော မိန်းမတစ်ယောက်ကဲ့သို့ ရှန်းမူမူအပေါ် ပုံချလိုက်သည်။

 

စကားဆုံးသွားပြီးနောက် သူမက ရှန်းမူမူ၏ အဖြေကို မစောင့်ဘဲ သူမ ဖုန်းကို ကောက်ယူကာ သတင်းအား အထပ်ထပ်အခါခါ ကြည့်လိုက်ရင်း စိတ်ပျက်ကြေကွဲစွာ ရယ်မောလိုက်သည်။

 

"ဟား... ဟားဟား... ဟား...."

 

သတင်းဓာတ်ပုံထဲမှ အမျိုးသားသည် စတီးလုပ်ငန်းရှင်သူဋ္ဌေးကြီး သမီးဖြစ်သူ၏ လက်ကိုင်အိတ်ကို သယ်ဆောင်ရန် ကူညီထားရင်း နှိမ့်ချသည့် အပြုံးနှင့် ရှိနေခဲ့သည်။ သူက သူမ ထင်မြင်ချက်ထဲမှ သူမ၏ ခင်ပွန်းနှင့် လုံးဝ ကွဲပြားနေသည်။

 

ခုနကလေးတင် သူမက ရန်လိုစွာနှင့် အခြားလူကို လှောင်ပြောင်သရော်နေခဲ့သေးသော်လည်း သူမကိုယ်တိုင်က သူမ ခင်ပွန်း၏ နှလုံးသားကို ဖမ်းဆုပ်မထားနိုင်ဘဲ သူမ ခင်ပွန်းထံ၌ သူမအပြင် အပိုသိမ်းဆည်းထားသည့် အမျိုးသမီးတစ်ယောက် ရှိနေခဲ့သည်။

 

အိုး... မဟုတ်ဘူး။

 

တိတိကျကျ ပြောရရင်..

 

သူမကသာ အပိုသိမ်းဆည်းခံထားရသည့် အမျိုးသမီးဖြစ်သည်။

 

၎င်းက အမှန်တကယ် စိတ်ပျက်ဖွယ်ရာပင်။

 

ရှန်းမူမူက နှုတ်ခမ်းကို စေ့ပိတ်လိုက်ပြီး သူမ၏ ကောင်းမွန်လှပသော မျက်ခုံးတန်းတို့က စုကျုံ့သွားကာ အချိန်အတော်ကြာပြီးမှ သူမက တည်ငြိမ်သောအသံနှင့် ပုံမှန်အတိုင်း ပြောလိုက်သည်။

 

"ကျွန်မ ရှင့်ကို မရယ်ပါဘူး။ ဒီကိစ္စက ဘာတစ်ခုမှ ရယ်စရာ ပါမနေဘူးလေ။"

 

ဝမ်ချင်းဝေ့က ဗလာဖြစ်နေသော အကြည့်တို့နှင့် ရှန်းမူမူကို စိုက်ကြည့်နေခဲ့ပြီး သူမ နှုတ်ခမ်းများက လှုပ်ရှားသွားသော်လည်း မည်သည့်စကားမှ ထွက်မလာခဲ့ပေ။

 

ရှန်းမူမူက ခေါင်းကို လှည့်ကာ ချီမော့အား ပြောလိုက်သည်။ "ပြန်ကြရအောင်။"

 

ချီမော့က မျက်တောင်ခတ်လိုက်ပြီး သူမကို ပေါ့ပါးစွာ ခေါင်းညိတ်ပြလိုက်သည်။

 

စွင်းအိမ်မှ ထွက်လာပြီးနောက် ရှန်းမူမူနှင့် ချီမော့က လမ်းမထက် ဘေးချင်းယှဥ်ကာ လျှောက်လာခဲ့သည်။

 

သူမက အခုလေးတင် ဖြစ်သွားသည့်အကြောင်းကို တွေးနေဆဲ ဖြစ်သည်။

 

လောကကြီးက အမှန်တကယ် ကြိုတင်ခန့်မှန်း၍ မရနိုင်ပေ။

 

ဇနီးသည်များ အဖွဲ့လိုက်စကားပြောခန်းတွင် ကြွားရတာကို အကြိုက်ဆုံး၊ သူများအတင်းအဖျင်း ပြောရတာကို အကြိုက်ဆုံးတစ်ယောက်က သူမကိုယ်တိုင် အကြီးဆုံး အတင်းအဖျင်း အရင်းအမြစ်အဖြစ် အဆုံးသတ်သွားလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

 

သူမ ဖုန်းဘက်ထရီကုန်သွားသော်လည်း ယခုအချိန်၌ ဇနီးသည်များ အဖွဲ့လိုက်စကားပြောခန်းအတွင်း ပေါက်ကွဲထွက်နေမည်ကို ပြောနိုင်ပေသည်။

 

ယနေ့မနက်တွင် သူမသည် အတင်းအဖျင်းအသစ်တချို့ ပေါ်လာပြီး ဇနီးသည်များ အဖွဲ့လိုက်စကားပြောခန်းအတွင်း သူမကို အာရုံစိုက်နေမှုက တတ်နိုင်သမျှ မြန်မြန် လျော့သွားစေရန် မျှော်လင့်ခဲ့သည်။ 

 

သို့သော် အတင်းအဖျင်းသတင်း အမှန်တကယ် ထွက်လာသည့်အခါ သူမသည် စိတ်ထဲ၌ သက်သောင့်သက်သာ မဖြစ်သလို ခံစားခဲ့ရပေသည်။

 

အဆုံးမှာတော့ ဤကဲ့သို့သော အတင်းအဖျင်းအားလုံးသည် ထိုသတင်းနှင့် ပတ်သက်နေသော အမျိုးသမီး၏ နာကျင်မှုက ပါဝင်ပတ်သက်နေမည် ဖြစ်သည်။

 

ဤသို့ တွေးလိုက်မိသည့်အခါ သူမက သက်ပြင်းချရင်း နောင်တရသလို ခံစားလိုက်ရသည်။

 

သူမ ဝမ်းနည်းနေစဥ် ချီမော့က အိမ်တော်ထိန်းကျန်းကို ကားယူလာခဲ့ရန် ဖုန်းခေါ်ခဲ့သည်။

 

အိမ်တော်ထိန်းကျန်းက ကားထဲမှ ထွက်လာပြီး ကားသော့ကို ချီမော့ထံ လှမ်းပေးလိုက်ကာ လေးစားမှုအပြည့်နှင့် ခေါင်းညိတ်ပြရင်း နှုတ်ဆက်လိုက်သည်။ "ဆရာ... မဒမ်။"

 

ချီမော့က သော့ကို ယူလိုက်ပြီး အိမ်တော်ထိန်းကျန်းအား ပြောလိုက်သည်။ "ကောင်းပြီ။ ခင်ဗျား အရင်ပြန်နှင့်လိုက်။"

 

ရှန်းမူမူက အသိပြန်ဝင်လာသည်။ "ကျွန်မတို့ အိမ်မပြန်ဘူးလား။"

 

ချီမော့က ကားမောင်းသူဘက်သို့ လျှောက်သွားခဲ့ပြီး တံခါးဆွဲဖွင့်၍ တံခါးကို မှီလိုက်သည်။ သူက သူမကို စနောက်ချင်ဟန်ဖြင့် ကြည့်လိုက်၏။

 

"မင်းရဲ့ အစာအိမ်က အခုလေးတင် သံစုံမြည်နေတာ။ မင်းကို တစ်ခုခုစားဖို့ ခေါ်မသွားခဲ့ရင် မင်း ဒီည ကိုယ့်ကို အိပ်မရအောင် လုပ်တော့မှာမလား။"

 

ရှန်းမူမူ၏ နားရွက်လေးများက အနည်းငယ် နီရဲလာသည်။

 

သူမသည် အစောပိုင်းက အတွေးထဲတွင် နစ်မြုပ်နေသောကြောင့် ဗိုက်က အော်မြည်နေသည်ကို သတိမပြုမိလိုက်ပေ။

 

သူမက ရှိုးတို့ရှန်းတန်းနှင့် ပြုံးလိုက်ပြီး ခရီးသည်ထိုင်ခုံရှိရာဘက်တံခါးကို ဆွဲဖွင့်လိုက်သည်။

 

သူမ ထိုင်ချလိုက်သည်နှင့် ချီမော့က ကားထဲသို့ ဝင်လာပြီး သင်းမြသော ရနံ့လေးတစ်ခုက ရှန်းမူမူ၏ နှာဖျားကို ကျူးကျော်လာသည်။

 

သူမက လည်ပင်းကို ကျုံ့လိုက်ပြီး ကားထိုင်ခုံထဲသို့ နစ်ဝင်မတတ် မှီကာ တောင့်တင်းစွာ ထိုင်နေမိလိုက်သည်။

 

အိမ်တော်ထိန်းကျန်းက ကားဂိုဒေါင်ထဲမှ ဇိမ်ခံကားတစ်စီးကို ကျပန်းထုတ်ယူခဲ့ပြီး ၎င်းက အတွင်းပိုင်း နေရာသိပ်မကျယ်သည့် ကားမျိုး ဖြစ်နေခဲ့သည်။

 

ရှန်းမူမူသည် ချီမော့က သူ၏ လက်ကို ဆန့်ထုတ်ကာ သူမအား ထိုင်ခုံခါးပတ် ပတ်ပေးလိုက်သည်အား မြင်လိုက်ရသည်။

 

၎င်းက အလွန် အဖြစ်များသည့် လူကြီးလူကောင်းဆန်သော အပြုအမူ ဖြစ်သော်လည်း သူ  သူမဘက်သို့ ကိုယ်ကို ကိုင်းလာသည့်အခါ ရုတ်တရက် စိတ်လှုပ်ရှားသွားခဲ့သည်။

 

သူ၏ ချောမောကာ ထင်ရှားသည့် အသွင်အပြင်ကို အနီးကပ် မြင်တွေ့လိုက်ရပြီး နက်မှောင်သော မျက်ခုံးများနှင့် မျက်လုံးတို့က စုပ်ဝဲတစ်ခုကဲ့သို့ အားပြင်းလှသည့် ဆွဲဆောင်မှုတို့ ရှိနေပြီး အကြည့်များကို အဝေးသို့ လွှဲဖယ်ရန် ခက်ခဲစေသည်။

 

သူမသည် မစ္စစွင်း၏ အိမ်ရှိ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် ချီမော့ကြောင့် ဖမ်းစားခြင်း မခံခဲ့ရသော်လည်း အနည်းငယ် မှောင်သည့် ကားအတွင်းပိုင်းထဲ၌ သူ၏ အနီးကပ်အသွင်အပြင်ကြောင့် တိုက်ခိုက်ခံလိုက်ရတော့သည်။

 

ရှန်းမူမူ : "ကျေးဇူးတင်ပါတယ်။"

 

ချီမော့က ပေါ့ပါးလွတ်လပ်စွာ နောက်သို့ ပြန်မှီထိုင်လိုက်ပြီး သူ့အင်္ကျီလက်များကို ခေါက်တင်နေသည့် လှုပ်ရှားမှုတို့က တည်ငြိမ်ကာ အေးဆေးနေသည်။

 

သူ၏ ဖြူဖျော့သော်လည်း အားအင်ရှိသည့် လက်ဖျံကို တစ်စိတ်တစ်ပိုင်း ဖော်ပြကာ စတီယာရင်ပေါ် တင်လိုက်ပြီး သူမဘက် လှည့်ကြည့်၍ ပြောလိုက်သည်။

 

"နောက်ပိုင်းကျရင် မင်း ဒီလို လောင်းကစားစုဝေးပွဲတွေမှာ မပါဝင်ချင်ရင် တိုက်ရိုက်ငြင်းပစ်လိုက်။ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးဖို့ မလိုဘူး။"

 

လောင်းကစားစုဝေးပွဲဟု ပြောသံကြားလိုက်သည့်အခါ ရှန်းမူမူ၏ မျက်နှာက ဝင်းလက်သွားသည်။

 

"ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးပါဘူး။ ကျွန်မ ဒီနေ့ သွားလိုက်တာ တော်တော်ကောင်းတယ်။ မဟုတ်ရင် ကျွန်မက လောင်းကစားမှာ ဒီလောက်တော်မှန်း သိမှာ မဟုတ်ဘူး။"

 

ချီမော့၏ အကြည့်များက သူမအပေါ်၌ မြဲမြံစွာ ကျရောက်နေသည်။ "အိုး.. မင်း ဘယ်လောက်နိုင်ခဲ့လဲ။"

 

ရှန်းမူမူက သူမ၏ ဖောင်းနေသော အိတ်ကို ပုတ်လိုက်သည်။ "တစ်သိန်းနီးပါးလောက် နိုင်ခဲ့တယ်။ ကျွန်မ အံ့သြစရာမကောင်းဘူးလား ရှင်ပြောကြည့်။"

 

ချီမော့၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကော့တက်သွားပြီး သူ့အသံတွင် ရယ်မြူးရိပ်အနည်းငယ် သယ်ဆောင်ထားသည်။

 

"မိုက်တယ်။"

 

အတည်ပြုချက်ကို ရရှိသည့်အခါ ရှန်းမူမူက သူမကိုယ်သူမ အလွန်ဘဝင်ခိုက်သွားပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် မေးကို မော့ထားလိုက်သည်။

 

"သွားကြစို့။ ဒီနေ့ ကျွန်မ ဝယ်ကျွေးမယ်။ လောင်းကစားက ရတဲ့ ပိုက်ဆံကို မြန်မြန် သုံးပစ်ရမယ်။ အဲဒါမှ ကံကောင်းခြင်းက ဆက်ဝင်လာလိမ့်မယ်။"

 

ထိုကဲ့သို့သော အယူအဆကို ချီမော့ ပထမဆုံး ကြားဖူးခြင်းဖြစ်ပြီး သူသည် ၎င်းက ပျော်စရာကောင်းကြောင်း သိလိုက်ရသည်။ သူက ခေါင်းညိတ်လိုက်၏။

 

"ကောင်းပြီ။ မင်း ဘာစားချင်လဲ။"

 

ရှန်းမူမူက ဝင့်ကြွားစွာ မျက်ခုံးပင့်ရင်း တောက်တောက်ပပ ပြုံးလိုက်သည်။ "ရှင် ဘာရွေးရွေး အဆင်ပြေတယ်။"

 

......

 

အိမ်တော်ထိန်းကျန်းက လက်နှစ်ဖက်နောက်ပစ်ရင်း လမ်းမတွင် ရပ်နေကာ ကားနောက်မီးအလင်းက အဝေးသို့ တဖြေးဖြေး ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေခဲ့သည်။ သူ၏ အိုမင်းနေသော မျက်နှာထက်တွင် ကျေနပ်နှစ်သက်နေသော အပြုံးတစ်ခု ဖြ​စ်ပေါ်လာသည်။

 

အိမ်တော်ထိန်းကျန်း : အာ.. ဒီမိသားစုမှာ ငါ မရှိလို့ မရဘူးပဲ။

 

သူ အစောပိုင်းက ထွက်လာသည့်အခါ သူက ဂိုဒေါင်ထဲရှိ ဇိမ်ခံကားများစွာထဲမှ ဘာစိတ်ကူးပေါက်ပြီး ထိုကားကို ရွေးလာမိမှန်း မသိခဲ့ပေ။

 

ဆရာက သူမ ထိုင်ခုံခါးပတ်ပတ်ရန် ကူညီပေးသည့်အခါ ​မဒမ်၏ မျက်နှာထက်မှ ရှက်ရွံ့နေသည့် အမူအရာကို မြင်ကာမှ အိမ်တော်ထိန်းကျန်းသည် သူက အိမ်တော်ထိန်းတစ်ယောက်အနေနှင့် သူ့တာဝန်ကို ကျေပွန်စွာ လုပ်ဆောင်ခဲ့သည်ဟု ခံစားလိုက်ရသည်။

 

ထိုအချိန်၌ တီရှပ်နှင့် ဘောင်းဘီအတိုကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် ဆယ်ကျော်သက်လေးတစ်ယောက်က ဗီလာဝန်း အပြင်ဘက်မှ လျှောက်ဝင်လာသည်။

 

ကောင်လေးက ဘက်စကက်ဘောလုံးတစ်လုံးကို ကိုင်ထားပြီး သူ့လက်ထဲတွင် လှည့်ကာ ကစားနေသည်။

 

အိမ်စေနှင့် တူသည့် လူနှစ်ယောက်က သူ ရှိရာဘက်သို့ လျှောက်လာရင်း စကားစမြည်ပြောလာသည်။

 

သူသည် စကားဝိုင်း၏ တစ်ပိုင်းတစ်စကို ယောင်ဝါးဝါး ကြားလိုက်ရသည်။

 

"မင်း ကြားပြီးပြီလား။ ဒီဗီလာဝန်းထဲမှာ ခင်ပွန်းက အငယ်အနှောင်းထားပြီး ဇနီးသည်ဆီက ဖမ်းမိခံလိုက်ရတဲ့ နောက်ထပ် မိသားစုတစ်ခု ရှိလာပြန်ပြီတဲ့။"

 

"မင်းက ဟိုအကြီးဆုံး ဗီလာအကြောင်း ပြောနေတာလား။"

 

"သေချာတော့မသိဘူး။ ငါ့ဇနီးက တခြားတစ်ယောက်ကို ပြောနေတာ ကြားမိတာတော့ မျိုးရိုးနာမည် ချီတဲ့။ ချီလျိုဟိုင်ဆိုတဲ့ စာလုံးက ချီ မလား။  ဘယ်မိသားစုလဲဆိုတာကို သိလား။"

 

"မဟုတ်ဘူး။ အဲဒီ ချီ() မဟုတ်ဘူး။ ချီ() ပါကွ။ အကြီးဆုံး​ဗီလာမှာ နေတာလေ။"

 

"သူတို့က ကွာရှင်းလုနီးပါးဖြစ်နေပြီလို့လည်း ကြားမိတယ်။"

 

ဗုန်း  - ဗုန်း ဗုန်း -

 

ဆူညံသံကို ကြားသည့်အခါ သူတို့ နှစ်ယောက်က စကားပြောနေသံကို တိုး၍ ထိုနေရာသို့ ကြည့်လိုက်သည်။

 

သူတို့သည် ထိုအသံက ဆယ်ကျော်သက်ကောင်လေး မတော်တဆ ဘောလုံး လွတ်ကျရာမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိလိုက်ကြသည်။ သူတို့က ခေါင်းပြန်လှည့်ကာ စကားဆက်ပြောလိုက်ကြ၏။

 

ချီရှောင်ပိုင်က ကိုယ်ကို ကိုင်းရင်း ဘောလုံးကို ကောက်လိုက်သည်။ သူ့မျက်လုံးများက တဖြေးဖြေး မည်းမှောင်လာ၏။

 

သူ ထရပ်လိုက်ပြီးနောက် ကောင်းကင်သို့ မော့ကြည့်ရင်း ခပ်လေးလေး သက်ပြင်းတစ်ချက် ချလိုက်သည်။

 

သူ၏ အသက်အရွယ်၌ သူသည် စိုးရိမ်ပူပန်မှုများကို နှလုံးသားထဲ၌ ဖွက်ထားနိုင်သည့် စွမ်းရည်မျိုး မရှိသေးပေ။ ယခင် သူ့မျက်နှာထက်မှ တည်ငြိမ်သော အမူအရာက ပျောက်ကွယ်သွားပြီး မည်းမှောင်သထက် မည်းမှောင်လာ၏။

 

သူက ထိုအကြောင်း မတွေးရန် ကြိုးစားလျှင် သူ့စိတ်ထဲ၌ ထပ်ခါတလဲလဲ ကြားယောင်နေ၏။

 

လမ်းမီးတိုင်၏ အလင်းက ချီရှောင်ပိုင်၏ အေးစက်သော မျက်နှာပေါ်သို့ ထွန်းလင်းနေသည်။

 

သူက အံကြိတ်လိုက်ရင်း မျက်ခုံးများက တင်းတင်းကျပ်ကျပ် စုကျုံ့သွားသည်။

 

အဖေက ဖောက်ပြန်နေတာလား။

 

သူ့ နှလုံးသားထဲ၌ ခပ်ရေးရေး ပုံပေါ်လာရုံရှိသေးသည့် 'မိသားစု' ဟူသော စိတ်ကူးယဥ်ပုံရိပ်က ချက်ချင်း ပြိုလဲသွားလေသည်။

 

ဇူလိုင်လတွင် ညနေခင်းလေ၏ အပူချိန်က ပူနွေးကာ ထိုင်းမှိုင်းပေသည်။

 

ချီရှောင်ပိုင်၏ ရင်ထဲ၌ ခဲဆွဲထားသလို လေးလံနေကာ သူ့လည်ချောင်းက နွေရာသီည ရာသီဥတုထက်ပင် ကျပ်ဆို့နေခဲ့သည်။