Chapter 21
Viewers 3k

🐹 Chapter 21

အမျိုးတူနှင့်တွေ့ဆုံခြင်း



အက်ဂါက သားရဲလူသားများကိုမြင်လိုက်ပြီး သားရဲလူသားများကလည်း သူ့ကိုမြင်သွားကြသည်။


တောအုပ်ထဲတွင် ရုတ်တရက် မြွေကြီးတစ်ကောင်ကိုတွေ့လိုက်ရ၍ သားရဲလူသားများက ချက်ချင်းသတိထားလိုက်ကြသည်။ တစ်ပြိုင်နက်တည်းမှာပင် သူတို့၏မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေကြလေ၏။ ယခုအချိန်တွင် သားရဲလူသားများက သားရဲအသွင်ပြောင်းပြီး အစာအတွက် အသက်စွန့်တိုက်ခိုက်ရန်မလိုတော့ပေ။ သို့ရာတွင် ၎င်းတို့က တိုက်ခိုက်ခြင်းကို နှစ်သက်နေကြသေးသည်။ သူတို့က လက်ဗလာဖြင့်တိုက်ခိုက်ရခြင်းကို ပို၍ပင်နှစ်သက်ကြ၏။ သူတို့၏ အားကောင်းသောလက်နက်များကိုပင် အားမကိုးတော့ပေ။ အင်အားကြီးတောရိုင်းတိရစ္ဆာန်တစ်ကောင်ကိုမြင်လိုက်ရခြင်းက ၎င်းတို့၏ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေသော အရိုင်းဆန်သည့်သဘာဝကို မြင့်တက်သွားစေခဲ့သည်။


"ဘော့စ် ဒီတစ်ခါတော့ ကျွန်တော့်အလှည့်ပဲ.."


သားရဲမျိုးနွယ်များအနက်မှ တစ်ယောက်က အသံကျယ်ကျယ်ဖြင့်ပြောလာလေ၏။ သူ့ခန္ဓာကိုယ်ပေါ်မှအဝတ်ကို ဗြိခနဲဖြဲကာ ဝံပုလွေကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ဖြဲလိုက်သောအဝတ်ကို နေရာရွှေ့ပြောင်းလက်စွပ်ထဲသို့ထည့်လိုက်ကာ အလင်းနှုန်းဖြင့် အက်ဂါထံသို့ ပြေးဝင်သွားလေသည်။ 


အက်ဂါမှာ သူ့အရှေ့မှအမျိုးသားက သူ့ထံသို့ တိုက်ခိုက်ရန်ရောက်လာမှန်း သိလိုက်သည်။ အက်ဂါက ပါးစပ်ထဲမှရစ်ငှက်ကိုဘေး၌ချလိုက်ပြီး တစ်ဖက်လူနှင့်စကားပြောရန် ပါးစပ်ဟလိုက်သည်။ သို့သော် လက်ရှိတွင် သူက မြွေဖြစ်နေ၍ စကားပြောရန်နည်းလမ်းမရှိပေ။ လက်ရှိအခြေအနေတွင် ထိုလူများက သူတို့နှင့်အေးအေးလူလူစကားပြောရန် သူ့ကိုအခွင့်အရေးပေးမည်မဟုတ်ပေ။


အက်ဂါပစ်လိုက်သောရစ်ငှက်က သစ်ပင်နှင့်တိုက်မိပြီး မြေကြီးပေါ်သို့ပြုတ်ကျသွားလေ၏။ ၎င်းက သေသလား၊ ရှင်သလားမသိပေ။ အက်ဂါက အမြှီးကိုယမ်းရင်း တည့်တည့်လာနေသော ဝံပုလွေကြီးကို စောင့်နေလေသည်။ မြွေတစ်ကောင်နှင့်ဝံပုလွေတစ်ကောင်က အသေအကြေတိုက်ခိုက်နေကြသည်။ 


"ဂျေကာ နိုင်မယ်လို့ ဘော့စ်ထင်လား.."


သားရဲမျိုးနွယ်ခေါင်းဆောင်က မြွေကြီးနှင့်တိုက်ခိုက်နေသော သူတို့အဖွဲ့ဝင်ကိုကြည့်ပြီး ဘေးမှ လက်ထောက်ကိုကြည့်လိုက်သည်။ သူတို့က ဂါးစ်ဂြိုဟ် မြို့စောင့်တပ်မှဖြစ်လေသည်။ 


လွန်ခဲ့သောရက်အနည်းငယ်က သူတို့နားရက်အလှည့်ကျလာခဲ့ပြီး သူတို့ထွက်လာချိန်တွင် အပြင်းအထန်နှင်းကျသည့်ဖြစ်ရပ်နှင့် ကြုံခဲ့ရသည်။ ယခုမှထွက်လာကြပြီး ဆောင်းရာသီအမဲလိုက်ခြင်းကို စတင်ကြခြင်းဖြစ်သည်။ 


ဆောင်းတွင်းပိုင်းတွင် သားကောင်များက ရှားပါးကြသည်။ သူတို့ဆောင်းတွင်း၌ အမဲလိုက်ခြင်းကလည်း အသားများသောသားကောင်များကို ဖမ်းရန်မဟုတ်ပေ။ တကယ်တမ်းတွင် သူတို့၏ဆောင်းတွင်းအမဲလိုက်ခြင်းက တောအုပ်ထဲမှရိုင်းစိုင်းကြမ်းတမ်းသည့်သားကောင်များကိုရှာဖွေကာ သတ်ပစ်ပြီး သူတို့ကို ကောင်းကောင်း ပို့ဆောင်ပေးရန်ဖြစ်၏။ 


အစာရေစာရှားပါးလာသည့်အချိန်တွင် ရိုင်းစိုင်းကြမ်းတမ်းသည့်သားရဲများက ပို၍ပင်ရက်စက်လာကြသည်။ သူတို့က တိုက်ခိုက်လျှင်လည်း ထိန်းချုပ်ခြင်းမရှိဘဲ အဆင်အခြင်မဲ့တတ်ကြသည်။ မြို့စောင့်တပ်သားများအနေဖြင့် ကြမ်းတမ်းသည့်သားရဲများကို ရှာဖွေတိုက်ခိုက်နိုင်သော်လည်း သူတို့ဆန္ဒအလျောက် သတ်ပိုင်ခွင့်မရှိပေ။ ခေါင်းဆောင်မှာ တစ်ချိန်က ဧရာမကျားကြီးတစ်ကောင်နှင့်တိုက်ခိုက်ခဲ့ဖူးပြီး ထို့နောက် ဒဏ်ရာရသွားသောကျားကို အသားအချို့ပေးခဲ့၏။


"ဘော့စ် ဂျေကာက ဦးနှောက်သုံးရတာမကြိုက်ပေမဲ့ သူရဲ့တိုက်ခိုက်ရေးစွမ်းအားက ကျွန်တော်တို့ထက်သာတယ်… ဒီလိုမြွေမျိုးကို အလွတ်ပေးမှာမဟုတ်တာတော့ သေချာတယ်..."


ခေါင်းဆောင်ဘေးမှအမျိုးသားက သူ့စကားသူ သံသယစိုးစဥ်းမျှမရှိပုံဖြင့် ပြုံးကာဆိုသည်။ ဧရာမဝံပုလွေကြီးက ဧရာမမြွေကြီးကို အသာစီးရနေပြီဖြစ်သည်။ 


ဤအဖွဲ့မှလူများက ဝံပုလွေကြီးအပေါ်တွင်ယုံကြည်ထားကြသော်လည်း မမျှော်လင့်ဘဲ သူတို့စကားဆုံးသည်နှင့် မျက်စိရှေ့မှ တိုက်ပွဲအခြေအနေပြောင်းလဲသွားပုံမှာ အမြင်မှားခြင်းမဟုတ်ပေ။ လျှပ်တပြက်အတွင်းမှာပင် အသာစီးရနေခဲ့သောဂျေကာက မြွေကြီးထံမှ အသိပ်ခံလိုက်ရသည်။ 


ဝံပုလွေကြီးဂျေကာက မြွေကြီး၏ခပ်တင်းတင်းရစ်ပတ်ခံရမှုကြောင့် ဒဏ်ရာရသွားပြီး မြွေကြီး၏ ပြဲထွက်နေသောပါးစပ်က ဂျေကာ၏လည်ပင်းပေါ်တွင် ရှိနေလေသည်။ မြွေကြီးပါးစပ်ဟကာ ကိုက်လိုက်သည်နှင့် ဂျေကာမှာဘဝပျက်သွားပေလိမ့်မည်။


ထိုစဥ်မှာပင် ဘေးတွင်ရပ်ကြည့်နေကြသော အချို့သားရဲများ၏အသားအရောင်မှာ ပြောင်းလဲသွားကြသည်။ 


ဂျေကာက အတွေ့အကြုံရှိတဲ့သားရဲလူသားပါ…ဘယ်လိုလုပ် ရုတ်တရက်ကြီး မြွေကြီးဆီမှာ ဒီလောက်အလွယ်လေးနဲ့ အမိခံလိုက်ရတာလဲ…


ပြီးတော့ ဤမြွေကြီးမှာ စောစောက သူ့အင်အားကိုဖုံးကွယ်ထားခြင်းလား... 

မြွေကြီးသာ အစကတည်းက အသာစီးရနေပါက သူတို့အနေဖြင့် ဂျေကာကို ကူညီကြမည်သာဖြစ်၏။


ရလဒ်မှာ အစပိုင်းတွင် မြွေကြီးက သူတို့ စိတ်ကျေနပ်စေရန်အလို့ငှာ ပြန်မတိုက်ခဲ့ပေ။သူတို့စိတ်အေးနေလိုက်ချိန်မှ ဂျေကာကိုတစ်ချက်တည်း ဖမ်းလိုက်ခြင်းဖြစ်၏။

တောရိုင်းတိရစ္ဆာန်တွေက ဘယ်အချိန်တည်းက ဒီလောက် ဉာဏ်ကောင်းသွားတာလဲ…


လူများက တုံ့ဆိုင်းမနေဘဲ သူတို့လက်နက်များကိုဆွဲထုတ်လိုက်ကြသည်။ သူတို့က သတိဖြင့် မြွေကြီးကိုရင်ဆိုင်နေရင်း မထင်မှတ်ဘဲ မြွေကြီးနှင့်မျက်လုံးချင်းဆုံမိသွားကြသည်။ ခေါင်းဆောင်မှာ အကြောင်းအရင်းမသိဘဲ ရုတ်တရက် သူ့လက်များ တုန်ယင်လာသည်။ မြွေကြီးက သူနှင့်အဆင့်မတူသောခံစားချက်ကို ရလိုက်သည်။ သူကအနည်းငယ်စိတ်ရှုပ်သွားသော်လည်း သူ့ဘေးမှလူများကိုကြည့်လိုက်ချိန်တွင် သူတို့သည်လည်း သူနှင့်အတူတူပင်ဖြစ်နေလေ၏။ မြွေကြီးပတ်ထားသောဂျေကာမှာလည်း သစ်ရွက်လေးပမာ လှုပ်ယမ်းနေလေသည်။


အရေးအကြီးဆုံးက မြွေကြီးရဲ့မျိုးရိုးဗီဇက ဘာလဲ…


လူအများက ထိတ်လန့်သွားသည့်အမူအရာတို့အား ထုတ်ဖော်လာကြသည်။ ထိုအခိုက်အတန့်လေးမှာပင် မြွေကြီးက သူတို့မထင်မှတ်ထားသောအရာကို လုပ်လိုက်သည်။ မြွေကြီးက ဂျေကာကိုမလွှတ်ပေးသော်လည်း မြေကြီးပေါ်တွင် စာအနည်းငယ်ရေးပြလာသည်။


"လက်နက်ချလိုက်စမ်း..."


ထိုစာလုံးများကို ရှင်းရှင်းလင်းလင်းမြင်တွေ့ရချိန်တွင် ကြောက်ရွံ့မှု၊ စိတ်လှုပ်ရှားမှု၊ ထိန်းချုပ်ထားမှုနှင့် နောက်ဆုတ်ချင်စိတ်တို့က ချက်ချင်းပျောက်သွားခဲ့သည်။ သားရဲလူသားခေါင်းဆောင်က ရုတ်တရက် တစ်ခုခုကိုတွေးမိသွားလေသည်။


"မင်းက ကျရှုံးသားရဲပဲ..."


အက်ဂါက ခေါင်းလည်းမညိတ်သလို ခေါင်းလည်းမခါပေ။ တစ်ဖက်လူက လက်နက်ချလိုက်သည်ကိုတွေ့မှ သူညှစ်ထားသောဝံပုလွေကို လွှတ်ပေးလိုက်သည်။ ဝံပုလွေကြီးက မတိုင်ခင်ကမျှ အင်အားမရှိတော့ပေ။ အက်ဂါလွှတ်ပေးလိုက်သည်နှင့် ခေါင်းငုံ့ပြီး တအီအီသံပေးကာဖြင့် ခြေထောက်ကြားထဲကိုအမြှီးညပ်ရင်း ထွက်ပြေးသွားလေသည်။ 


သူ့အခြေအနေကိုတွေ့ရသည့်အခါ သားရဲလူသားခေါင်းဆောင်က သူတို့မျက်စိရှေ့မှမြွေကြီးမှာ ကျရှုံးသားရဲဖြစ်နိုင်သည်ဟု ယူဆလိုက်လေသည်။ နောက်ဆုံးတွင် သူ့ဘက်မှစပြီး စိတ်လျှော့လိုက်သည်။ သားရဲလူသားများ ကျရှုံးသားရဲဖြစ်လာပြီးနောက်တွင် သူတို့၏ဆင်ခြင်တုံတရားက တဖြည်းဖြည်းလျော့လာပြီး အဆင့်နိမ့်သားရဲများကိုပင် အန္တရာယ်ပေးတတ်သည်။ သို့ရာတွင် ကျရှုံးသားရဲအများစုမှာ အစကတည်းက သားရဲလူသားများ သို့မဟုတ် အဆင့်နိမ့်သားရဲများလူသားအပေါ် အန္တရာယ်မပေးကြပေ။


"ဟယ်လို ငါ့နာမည်က ဂျေရပ်စ်ပါ… ငါက ခြင်္သေ့မျိုးနွယ်သားရဲလူသားပါ.."


သားရဲလူသားခေါင်းဆောင်က အရင်နှုတ်ဆက်လိုက်သည်။ သူက တိုက်ပွဲဝင်ခဲ့ဖူးသောစစ်သားတစ်ယောက် ဖြစ်လေ၏။ ယခင်က သူ့ဘေးမှလက်ထောက်က တိုက်ပွဲတွင်ဒဏ်ရာရပြီး ကျရှုံးသားရဲဖြစ်သွားပုံကိုတွေ့ခဲ့ရဖူးသည်။ ထို့ကြောင့် ကျရှုံးသားရဲများအပေါ် အကြောင်းအရင်းမသိဘက်လိုက်ကာ ဆန့်ကျင်ခြင်းမရှိဘဲ သူတို့အား ကိုယ်ချင်းစာလေသည်။


ဂျေရပ်စ်က ထိုသို့သောလူမျိုးဖြစ်လေရာ သူ့ဘေးမှလူများကသည်လည်း သဘာဝကျကျပင် ထိုသို့ဖြစ်လာကြသည်။ ဂျေကာအတွက်မူ သူက သားရဲအမြုတေကိုဆုံးရှုံးထားရသော ကျရှုံးသားရဲကိုပင် မထင်မှတ်ဘဲရှုံးသွားရသဖြင့် သူတကယ်အရှက်ကွဲသလိုခံစားနေရသည်။ ယုတ္တိကျကျပင်လူသားအသွင်မပြောင်းချင်သလို စကားလည်းမပြောချင်ပေ။


သူက အမြှီးကို ကုပ်ထားပြီး ခေါင်းငုံ့ကာ ဂျေရပ်စ်၏အနောက်တွင် ပုန်းနေလေသည်။ အက်ဂါမှာ ထိုလူများကိုနှုတ်ဆက်ချင်သော်လည်း မကြာမီမှာပင် အရှုံးပေးလိုက်လေသည်။ သူက ရှုရှုအရှေ့တွင် အမြှီးယမ်းပြချင်သော်လည်း ယခုလို "ငတုံး" သားရဲလူသားများအရှေ့တွင် အမြှီးယမ်းချင်စိတ်မရှိပေ။ မြွေအမြှီးက လှုပ်ရှားသွားပြီး မြေကြီးပေါ်တွင် စာအချို့ရေးပြလိုက်သည်။


"တောအုပ်ထဲမှာ အဆင့်နိမ့်သားရဲလူသားလေးတစ်ယောက်ရှိတယ်၊ ခေါ်သွားလိုက်..."


တောအုပ်ထဲမှာ အဆင့်နိမ့်သားရဲလူသားလေး ရှိနေတာလား… ဒီလိုအန္တရာယ်များတဲ့နေရာမှာ အဆင့်နိမ့်သားရဲလေးက တကယ်နေတာလား…

ဂျေရပ်စ်နှင့်အခြားသူများမှာ ထိတ်လန့်ကာ ဖြူရော်သွားကြသည်။ 


အက်ဂါက တစ်ဖက်လှည့်ကာ ထွက်သွား၏။ အနည်းငယ်ဝေးသည်အထိသွားပြီးမှ မကြာမီက သူပစ်ထုတ်လိုက်သောရစ်ငှက်ကို ပြန်လှည့်ကာ ကောက်ယူလိုက်လေသည်။ ပြန်လာသည့်လမ်းတွင် အက်ဂါ အနည်းငယ်မျှ အတွေးများနေခဲ့သည်။ စောစောကတိုက်ပွဲတွင် အဆင့်နိမ့်သားရဲလူသားလေး သင်ပေးထားသောကျင့်ကြံရေးနည်းလမ်းများက သူထင်ထားသည်ထက်ပိုပြီး စွမ်းအားကြီးနေခဲ့သည်။ 


သူက ကြယ်ရှစ်ပွင့်အဆင့်ရှိသော သားရဲလူသားဖြစ်ပြီး သားရဲတိုင်းပြည်မှ လူငယ်မျိုးဆက်ထဲတွင် အသန်မာဆုံးတစ်ယောက်လည်းဖြစ်လေသည်။ သို့ရာတွင် သူ၏သားရဲအမြုတေကို ဆုံးရှုံးလိုက်ရပြီးနောက်ပိုင်း သူ့အင်အားက တဖြည်းဖြည်းလျော့နည်းလာလေသည်။ သူ့ခွန်အားကို ပြန်ရလျှင်ပင် ကြယ်သုံးပွင့်အဆင့်မျှကိုသာ ပြန်ရနိုင်လေ၏။ ယခု ဝံပုလွေသားရဲမျိုးနွယ်က ကြယ်ပွင့်လေးပွင့်အဆင့်ဖြစ်လေသည်။ 


အက်ဂါ၏လက်ရှိခန္ဓာကိုယ်အခြေအနေနှင့်တိုက်ပွဲအတွေ့အကြုံတို့အရ ဤကြယ်လေးပွင့်အဆင့်ရှိသောသားရဲလူသားကို ရှုံးနိမ့်နိုင်ချေ မရှိသော်လည်း သူက ယခုကဲ့သို့ အလွယ်တကူလည်း အနိုင်မရနိုင်ပေ။ သို့ရာတွင် သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားကိုစုစည်းပြီး ချက်ချင်းအောင်ပွဲရခဲ့သည်။


သူက ပိုပြီးသန်မာလာသော်လည်း ကံဆိုးစွာဖြင့် လက်ရှိတွင် သူက သားရဲတစ်ကောင်အဖြစ်သာ ရှိနေသေးသည်။


*****


ရှုရှုက ထူထဲသောတိရစ္ဆာန်အရေကို ဝတ်ထားသည်။ သူက ဂူပေါက်ဝနှင့် မနီးမဝေးတွင် နှင်းလူသားကို ထုထားပြီး ထိုအနားတွင်မူ မြွေတစ်ကောင်ပုံကို နှင်းများဖြင့်လုပ်နေသည်။


ပြီးသည့်အခါ အလုပ်နှစ်ခါလုပ်လိုက်ရ၍ ချွေးများထွက်လာသဖြင့် ဝတ်ထားသော တိရစ္ဆာန်သားအရေခေါင်းစွပ်ကိုချွတ်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူလုပ်ထားသောနှင်းရုပ်များက တစ်ခုခုမှားနေသလို ခံစားလိုက်ရလေသည်။ 

နှင်းလူသားကို ငါ သဘောကျလို့ လုပ်လိုက်တာလေ ဒါပေမဲ့ ဘာလို့မြွေရုပ်ကိုပါ လုပ်လိုက်မိတာလဲ…


နှင်းမြွေရုပ်၏ခေါင်းကို ခြေထောက်ဖြင့်နင်းလိုက်ရာ အပေါက်တစ်ပေါက်ဖြစ်သွားသည်။ ရှုရှုက တစ်ယောက်တည်းကျေနပ်သွားသလို ပြုံးလိုက်ပြီး မြွေတစ်ကောင်လုံးကို တက်နင်းလိုက်လေသည်။


သူက အသေအချာတက်နင်းနေစဥ် လှုပ်ရှားသံအချို့ကိုကြားလိုက်ရပြီး မြွေကြီးက ပါးစပ်တွင် ရစ်ငှက်တစ်ကောင်ကိုကိုက်ကာ ပေါ်လာသည်ကိုတွေ့လိုက်ရလေသည်။


သူက "မြွေကြီး" အပေါ် တက်နင်းထားကြောင်းသတိရသွားပြီး ရှုရှုမှာ အပြစ်ရှိစိတ်ဝင်သွားမိသည်။ သူက မျက်လုံးလွှဲကာ ခေါင်းစဥ်ပြောင်းလိုက်လေ၏။


"မြွေကြီး ရစ်ငှက်ဖမ်းမိလာတာလား… ငါမင်းစားဖို့အတွက် ငှက်သားဟင်းချက်ပေးမယ် စောင့်နေ..."


သူ စကားပြော၍ပင်မပြီးသေးမီ မြွေကြီးအနောက်မှ ဝံပုလွေတစ်ကောင်က ရုတ်တရက်ပြေးလာပြီး သူ့ကိုအူကြောင်ကြောင်ဖြင့် ကြည့်နေလေသည်။ ထို့နောက် လူအများအပြား ထွက်လာလေသည်။


လူတွေ…

ရှုရှုက ထိုလူများကို မြင်လိုက်သည်နှင့် သူ့မျက်လုံးတို့က ထိန်းမနိူင်သိမ်းမရပျော်ရွှင်သွားလေသည်။ သို့သော်လည်း မကြာမီမှာပင် သူ၏အသားအရေမှာ တမဟုတ်ချင်းဖြူဖျော့သွားရလေသည်။


ငါ့မှာအခုထိ ဟမ်းစတားနားရွက်တွေ ရှိနေသေးတယ်… ဒီလူတွေက ငါ့ကို မိစ္ဆာဆိုပြီး ဖမ်းသွားကြတော့မယ်… ငါက မိစ္ဆာဆိုတာသိသွားရင် ငါ့ကိုစမ်းသပ်ခန်းထဲပို့ပြီး ပိတ်လှောင်ထားကြတော့မှာလား… သူတို့က ငါ့ကို စမ်းသပ်တော့မှာလား… ဒါမှမဟုတ် ဒီမှာပဲ သူ့ကို အခုချက်ချင်းမီးရှို့သတ်လိုက်ကြမှာလား…


ရှုရှုမှာ ခေါင်းမှခြေထောက်အထိ တောင့်တင်းနေလေသည်။ သူတို့ ဤနေရာအထိ ရောက်လာပြီးနောက် အဆင့်နိမ့်သားရဲလူသားလေးတစ်ကောင်က အမှန်တကယ်ရှိနေသည်ကို သိသွားသည့်အခါ သူတို့အားလုံး ကြောင်အသွားကြလေသည်။


ဘာပဲဖြစ်ဖြစ် ဒီအဆင့်နိမ့်သားရဲလေး နှင်းတောထဲမှာလမ်းလျှောက်နေတာလေးက ချစ်စရာကောင်းသားပဲ…


ဂျေရပ်စ်နှင့် အခြားအမျိုးသားများ၏ အဆင့်နိမ့်သားရဲလူသားလေးအပေါ်အမြင်က ကောင်းမွန်ကြလေသည်။ ထိုအချိန်တွင် သူတို့က အဆင့်နိမ့်သားရဲလေးကြောက်နေသည်ကိုမြင်လိုက်ပြီး ဂျေရပ်စ်က ဝံပုလွေပုံစံဖြစ်နေသော ဂျေကာကို ကန်ပစ်လိုက်လေသည်။


"အမြန်ပြန်ပြောင်းလိုက်စမ်းပါ.."


အဆင့်နိမ့်သားရဲလူသားလေးက မြွေကြီးကိုနှုတ်ဆက်လိုက်ချိန်တွင် သူတို့နားမလည်သောစကားဖြင့် ပြောနေခဲ့သည်။ နောက်ပိုင်း သူတို့ကိုမြင်မှ ကြောက်နေသောပုံစံကို ပြလာခဲ့လေ၏။ သူတို့ကြောင့်ကြောက်သွားသည်မှာ လုံးဝမဖြစ်နိုင်ပေ။ 


သူ့ကိုကြောက်အောင်လုပ်လိုက်သူက ဝံပုလွေဂျေကာပင်ဖြစ်ရမည်။ အဆင့်နိမ့်သားရဲလေးကိုကြောင်ကြည့်နေသောဂျေကာမှာ အကန်ခံလိုက်ရပြီး ထိုအခါမှ အသိပြန်ဝင်လာလေသည်။ သူက လူသားပုံစံပြောင်းပြီး သူ့အဝတ်များကို အပြင်သို့ ပြန်ထုတ်လိုက်လေသည်။


"မိစ္ဆာကြီး..." 


ရှုရှုက ဂျေကာကိုကြည့်ပြီး အံ့ဩဝမ်းသာဖြစ်သွားလေသည်။ 


ဒီလူက လူမဟုတ်ဘဲ မိစ္ဆာပဲ… နောက်ဆုံးတော့ ငါနဲ့အမျိုးတူကိုတွေ့ပြီ…


ရှုရှုမျက်နှာပေါ်မှအကြောက်တရားများ ပျောက်ကွယ်သွားကာ ဝံပုလွေသားရဲလူသားကို ဖော်ရွေစွာကြည့်လိုက်လေ၏။

"ခင်များလည်း မိစ္ဆာပဲလား..."



🐹🐹🐹