Chapter 22
Viewers 3k

🐹 Chapter 22

ထွက်ခွာရန်အသင့်ပြင်ခြင်း



ရှုရှုက အခြားသောမိစ္ဆာများအား တွေ့ခွင့်ရရန်မျှော်လင့်နေခဲ့သည်မှာ မည်မျှကြာခဲ့ပြီကို ဘုရားသာသိပေလိမ့်မည်။ သို့ရာတွင် သူက နှစ်များစွာနေထိုင်ခဲ့ပြီး မိစ္ဆာကိုတစ်ကြိမ်လေးပင် မမြင်ခဲ့ရဖူးပေ။


သူ စတင်ကျင့်ကြံပြီးသည့်နောက် သာမန်ဟမ်းစတားလေးမဟုတ်တော့ရာ အခြားသောဟမ်းစတားများနှင့်လည်း မကစားဖြစ်တော့ပေ။ သူက လူသားတစ်ယောက်ဖြစ်ချင်သော်လည်း နောက်ဆုံးတွင် လူသားတစ်ယောက်လည်းမဟုတ်ခဲ့ပေ။


နှစ်တစ်ရာကျော်အတွင်း သူ့ခမျာ အမြဲလိုလို အလွန်တရာအထီးကျန်ခဲ့ရပြီး သက်ဆိုင်သူကိုလည်း ရှာမတွေ့ခဲ့ပေ။ မကြာသေးခင်က မြွေကြီးနှင့်တွေ့ခဲ့ချိန်အထိပင်။ ထိုအခါမှမျိုးနွယ်တူတစ်ယောက်နှင့် ဆုံတွေ့ရသောခံစားချက်နှင့် ကြုံဖူးသွားခဲ့သည်။ ကံဆိုးစွာဖြင့် မြွေကြီးက မြွေတစ်ကောင်သာဖြစ်ပြီး သူ့ကိုအနားမကပ်ရဲအောင် ဖြစ်စေခဲ့သည်။


အခုမူ ရုတ်တရက် ဝံပုလွေမိစ္ဆာကို တွေ့လိုက်ရသဖြင့် ရှုရှုမှာအလွန်တရာမှ ပျော်ရွှင်သွားရ၏။ ဝံပုလွေမိစ္ဆာနှင့်အတူရောက်လာသောလူများကလည်း မိစ္ဆာများအပေါ် ထိခိုက်စေလိုစိတ်မရှိနိုင်သဖြင့် ထိုသူတို့အားလည်း မကြောက်မိတော့ပေ။ 


သေချာသည်မှာ လူသားများက နတ်ဆိုးများအပေါ် အမုန်းတရားမထားလျှင်ပင် ရှုရှုကမူ ဝံပုလွေနတ်ဆိုးကို ပို၍သဘောကျနေဆဲဖြစ်၏။


"ဟယ်လို ကျွန်တော့်နာမည်က ရှုရှုပါ၊ ခင်များကိုရောဘယ်လိုခေါ်ရမလဲ..."


ရှုရှုက ဝံပုလွေနတ်ဆိုးဘက်သို့ နောက်တစ်ကြိမ်လှည့်လိုက်စဥ် မျက်နှာပေါ်တွင် အပြုံးချိုချိုလေးတစ်ပွင့် ရှိနေခဲ့သည်။ ဂျေကာက ရှုရှု၏အပြုံးကိုတွေ့ပြီး တမဟုတ်ချင်းဝမ်းသာသွားရလေ၏။


ဂါးစ်ဂြိုဟ်မှာ ဝေးလံခေါင်ဖျားသောဂြိုဟ်တစ်ခုဖြစ်လေသည်။ ဆက်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးတွင်လည်း အဆင်မပြေပေ။ ရွှေ့ပြောင်းအခြေချနေသူများလည်း မရှိပေ။ ယေဘုယျအားဖြင့် ရွှေ့ပြောင်းအခြေချသူများအားလုံးက ရှေးကျသောဤနေရာကိုနှစ်သက်ကြသော သားရဲလူသားများပင် ဖြစ်လေသည်။ ထို့ကြောင့် အဆင့်နိမ့်သားရဲလူသားဦးရေက နည်းပါးလွန်းသည်။


ဤနေရာတွင် အခြေစိုက်ထားသောမြို့စောင့်တပ်ထက်ပင် ပိုအင်အားကြီးသည့် တပ်ကိုပိုင်ဆိုင်ထားကြသော အဆင့်နိမ့်သားရဲလူသားများမှအပ အခြားသောအဆင့်နိမ့်သားရဲလူသားတို့အား တစ်နှစ်တွင် နှစ်ကြိမ်မျှသာမြင်တွေ့ခွင့်ရခဲ့သည်။ စိတ်ကူးကြည့်လျှင် သူတို့အနေဖြင့် ယခုအဆင့်နိမ့်သားရဲလူသားလေးကို မြင်ရသည်မှာ ရှားပါးဖြစ်ရပ်ပင်။ 


ဂျေကာမှာ အဆင့်နိမ့်သားရဲလူသားလေး၏စကားကို နားမလည်သော်လည်း အဆင့်နိမ့်သားရဲလူသားလေး၏အသံက နားဝင်ချိုပြီး လူများကိုဆွဲဆောင်နိုင်သည်ဟု ခံစားနေရဆဲပင်။


ဂျေကာမှာ ထိုအတိုင်းခံစားရပြီး ဂျေရပ်စ်နှင့်ဂျေကာဘေးမှအခြားအမျိုးသားများအတွက်လည်း အတူတူပင်ဖြစ်လေသည်။ 


တိရစ္ဆာန်အရေများကို အထပ်ထပ်ခြုံထားသောအဆင့်နိမ့်သားရဲလူသားလေးက အလွန်ချစ်စရာကောင်းသည့်ပုံစံပေါ်လေသည်။ သူတို့မှာ ထိုသူ၏အနားကိုကပ်ချင်စိတ်အား မထိန်းထားနိုင်ပေ။ 


ဖြစ်ချင်တော့ အဆင့်နိမ့်သားရဲလေးက ဂျေကာကိုပဲစိတ်ဝင်စားတာလား…


ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ဂျေကာက အရမ်းသာမန်ဆန်တာကို… မဟုတ်မှ အဆင့်နိမ့်သားရဲလေးက သားရဲပုံစံကိုကြိုက်တာလား…


ဂျေရပ်စ်က ထိုသို့ယူဆလိုက်ပြီး ခြင်္သေ့တစ်ကောင်အဖြစ်ပြောင်းလိုက်သည်။


ခြင်္သေ့ကြီးက ခေါင်းကိုယမ်းခါရင်း ရှုရှု၏ဘေးတွင် ထိုင်ချလိုက်သည်။ ဂျေရပ်စ်က ထိုအမျိုးသားများအနက် အသန်မာဆုံးဖြစ်လေ၏။ ဂျေကာ၏အင်အားက အခြားသူများကို ကျော်နိုင်သော်လည်း ဂျေရပ်စ်အတွက်မူ ပြိုင်နိုင်စရာမရှိပေ။ ဂျေရပ်စ်၏သားရဲမျိုးနွယ်အမျိုးအစားက အလွန်ကြောက်စရာကောင်းပြီး အင်အားကြီးလေသည်။


"ဘော့စ်..."


ဂျေကာက သူအကြောက်ဆုံးခေါင်းဆောင်၏ လုပ်ပုံကိုတွေ့ပြီး မျက်ရည်မကျဘဲ ငိုလိုက်လေသည်။ သူ အလေးစားဆုံးခေါင်းဆောင်က ယခုလိုပုံစံဖြစ်နေလျှင် အဆင့်နိမ့်သားရဲလူသားလေးက သူလေးစားရသောဘော့စ်ကို လုံးဝကြွေသွားလိမ့်မည်။ 


သူ့ကိုမကြည့်ပါနဲ့ ဟုတ်ပြီလား...ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ...


ခြင်္သေ့ကြီးက ဂျေကာကို စကားမပြောဘဲ ကြည့်နေသော်လည်း ခြင်္သေ့ကြီး၏အတွေးတို့ကို ခန့်မှန်းရန်မူ မခက်လှပေ။ သူက အဆင့်နိမ့်သားရဲလေးကို အံ့အားသင့်သွားစေလိုခြင်းပင်။ လူတိုင်းက သူတို့တတ်ထားသော စွမ်းရည်များကိုအမှီပြုပြီး ထုတ်ဖော်ပြသရပေမည်။


"ဝိုးးး"

ရှုရှုက အံ့ဩသွားသောအသံ လုပ်လိုက်မိသည်။ ဝံပုလွေနှင့်ယှဥ်လျှင် သူက ခြင်္သေ့ကို ပိုနှစ်သက်လေ၏။


ခြင်္သေ့က အလွန်ကြီးမားပြီးစွမ်းအားကြီးသည်။ ဟမ်းစတားကဲ့ကဲ့သို့ သေးငယ်သည့်တိရစ္ဆာန်ငယ်လေး မဟုတ်ပေ။ ဝံပုလွေတစ်ကောင်ဗိုက်ဆာသည့်အခါ ကြွက်တစ်ကောင်ကိုဖမ်းစားလိမ့်မည်။ သို့ရာတွင် ခြင်္သေ့ကမူ ကြွက်ကဲ့သို့သော ခပ်သေးသေးမျိုးစိတ်လေးကို စားလေ့ရှိပုံမရချေ။ ရှုရှုက ယခုလိုတိရစ္ဆာန်မျိုးကို နှစ်သက်လေသည်။


"ဒီတော့ မင်းက မိစ္ဆာပေါ့..."

ရှုရှု၏မျက်လုံးက ခြင်္သေ့ကိုယ်ပေါ်သို့ ရွေ့သွားလေသည်။


သူ့အကြည့်များမှာ မတိုင်ခင်ကထက်ပင် ပိုပြီး စိတ်အားထက်သန်နေလေသည်။ သူက ခြင်္သေ့၏လည်ဆံမွေးများကို ထိတွေ့ပွတ်သပ်လိုက်ချင်သော်လည်း လက်တွေ့တွင် မလုပ်ရဲပေ။ လည်ဆံမွေးများ၏ရှုပ်ထွေးနေသောပုံစံက အလွန်စိတ်ဝင်စားစရာကောင်းလေသည်။


ထို့အပြင် နေရာမှလူတိုင်းက ရုတ်တရက်တိရစ္ဆာန်များဖြစ်ကုန်ကြသည်။ အဆင့်နိမ့်သားရဲလူသားလေးက သားရဲပုံစံကိုကြိုက်‌ပေသည်။ 

အခုအချိန်မှာ သူတို့ကိုယ်သူတို့မပြလိုက်ရင် ဘယ်အချိန်ကျမှ သွားပြရမှာလဲ…


ခြင်္သေ့၊ ဝံပုလွေ၊ တောဆိတ်၊ အာရှဝက်ဝံနက်။ ရှုရှုအနားတွင် တိရစ္ဆာန်အုပ်တစ်အုပ်က ဝိုင်းထားပြီး ၎င်းတို့က အလွန်ခင်မင်တတ်ပုံ ပေါ်နေကြလေသည်။ 


ရှုရှုက ဤမြင်ကွင်းကိုမြင်ပြီးနောက် အမျိုးသားအားလုံးက မိစ္ဆာများဖြစ်နေသည့်အတွက် ပျော်သွားလေ၏။ ဤလူများထံမှ အမုန်းတရားတို့အား မခံစားခဲ့ရရာ ယခုမူ ထိုလူများအပေါ် သူ၏အမြင်က ပို၍ပင်ကောင်းသွားသည်။ သူက တိရစ္ဆာန်များဝိုင်းနေသည့်အလယ်တွင် စကားဖောင်ဖွဲ့နေလေ၏။ 


အဆင့်နိမ့်သားရဲလူသားလေး၏စကားကို သူတို့နားမလည်ကြပေ။ အဆင့်နိမ့်သားရဲလူသားလေး၏စကားကို သေချာနားထောင်နေသောဂျေရပ်စ်က ရုတ်တရက် သဘောပေါက်သွားလေ၏။ သူက ချက်ချင်း လူပုံစံပြောင်းကာ ရှုရှုနှင့်စကားပြောနိုင်ရန် ကြိုးစားတော့သည်။


ရှုရှုမှာ ဤမိစ္ဆာကိုအား အမှန်ပင်နှစ်သက်နေလေသည်။ တစ်ဖက်က လူသားပုံစံပြောင်းလိုက်သည့်တိုင် ထိုသူအပေါ် သဘောမကျခြင်းမျိုး မရှိပေ။ နှစ်ဦးသား ခဏမျှ "စကားပြောဆိုကြပြီး" မှ ရှုရှုမှာ တုံ့ပြန်နိုင်တော့သည်။ သူနှင့် ဤမိစ္ဆာဝိညာဥ်တို့၏ ဘာသာစကားမှာ လုံးဝကွဲပြားနေခဲ့ခြင်းပင်။


ဤကိစ္စကို ရှုရှုက အလေးအနက်မထားပေ။ ကမ္ဘာပေါ်တွင် ဘာသာစကားအများအပြားရှိလေသည်။ ၎င်းတို့အများစုကို သူနားမလည်ပေ။ သာမန်လူများသည်လည်း ဘာသာစကားများစွာကို မပြောနိုင်ကြပေ။ 


ဂျေရပ်စ်သည်လည်း အလေးအနက်မထားသည့်တိုင် အဆင့်နိမ့်သားရဲလူသားလေးက တောအုပ်ထဲတွင်အချိန်အတန်ကြာနေလာခဲ့သည့်အကြောင်းကိုမူ ယုံကြည်လေ၏။ သူက မနေနိုင်တော့ဘဲပြောလိုက်မိလေ၏။


"မင်းလိုအဆင့်နိမ့်သားရဲလူသားလေးက တောထဲမှာနေဖို့ အရမ်းအန္တရာယ်များတယ်.."


"ဟုတ်တယ် ဒီမှာက အရမ်းအန္တရာယ်များတယ်၊ ကျရှုံးသားရဲရှိနေရင်တောင် သူက မင်းကို လုံးဝကာကွယ်ပေးနိုင်မှာမဟုတ်တော့ဘူး…ငါတို့နဲ့လိုက်ခဲ့၊ ဟုတ်ပြီလား..."


ဂျေကာက ရှုရှုအားပြောချင်နေသောစကားကို လက်နှစ်ဖက်သုံးကာ ရှင်းပြသည်။


ရှုရှုက ဂျေကာ၏စကားကို သေချာပေါက်ပင် နားမလည်သော်လည်း ဤအမျိုးသား၏အမူအရာအရ သူ့ကို အခြားနေရာတစ်ခုသို့ ခေါ်သွားချင်နေကြောင်း သိလိုက်သည်။ 


မိစ္ဆာတွေနေတဲ့ နေရာများလား…


အမှန်အတိုင်းပြောရလျှင် သူက လူရှုပ်သောနေရာများကို တကယ်မနှစ်သက်သော်လည်း ဤနေရာနှင့်ပတ်သတ်၍ မည်သည့်အရာကိုမှ မသိထားသဖြင့် သူ့အတွက်ခက်ခဲလေသည်။ နောက်ဆုံးတွင် သူ့အနေဖြင့် အပြင်ဘက်လောကကြီးကိုလည်း ကြည့်ချင်မိသည်။ 


ရှုရှုက ခေါင်းညိတ်ပြပြီး အပြင်ထွက်ကာ ပတ်ကြည့်ရန်ကတိပေးလိုက်လေ၏။

"မင်းတို့က ငါ့ကို အပြင်မှာလျှောက်ကြည့်ဖို့ခေါ်သွားပေးချင်တာလား၊ ငါလိုက်ခဲ့မယ်..."


အက်ဂါက ဘေးမှနေပြီး ရှုရှုခေါင်းညိတ်ပြနေသည်ကိုမြင်လိုက်သည်။ သူက ရေခဲနှင့်နှင်းတောထဲတွင် တမဟုတ်ချင်းအေးခဲသွားပြီး ပို၍ပင်အေးစိမ့်လာသလိုခံစားလိုက်ရလေ၏။ ဤအချိန် သူ့ပါးစပ်ထဲမှရစ်ငှက်က သေသည်အထိ အကိုက်မခံရသေးဘဲ အတောင်ပံများကို တဖျတ်ဖျတ်ခတ်ကာ ရုန်းကန်နေလေသည်။ သို့သော်လည်း အက်ဂါက ယင်းကိုသတိမထားမိသေးပေ။ 


တကယ်တမ်း၌ ထိုအခိုက်အတန့်လေးတွင် ရှုရှုသည်လည်း အက်ဂါအကြောင်းကို တွေးနေခြင်းဖြစ်၏။


ဤကမ္ဘာကိုရောက်လာကတည်းက သူနှင့်အနီးကပ်ဆုံးသူမှာ မြွေကြီးသာဖြစ်နေခဲ့သည်။ ထို့အပြင် မြွေကြီးက မိစ္ဆာအဖြစ် စတင်ကျင့်ကြံနေပြီဖြစ်၏။ ယခုသူက အပြင်ထွက်ပြီး လျှောက်ကြည့်ရတော့မည်ရာ သူနှင့်အတူ မြွေကြီးကိုလည်း ခေါ်သွားရလိမ့်မည်။


"မြွေကြီး မြွေကြီး ဒီကိုလာခဲ့..."

ရှုရှုက မြွေကြီးကို လက်ယပ်၍ခေါ်လိုက်လေသည်။


အက်ဂါက ပါးစပ်ထဲတွင် ငှက်ကိုကိုက်ထားရင်း ရှုရှုထံသို့ဦးတည်သွားလိုက်သည်။ သူက အလွန်နီးကပ်သွားမည်ကိုစိုးရိမ်နေသလို သူ့ကြောင့် ရှုရှုထွက်ပြေးသွားမည်ကိုလည်းစိုးရိမ်နေခဲ့သည်။ နောက်ဆုံးတွင် သူက ရှုရှုနှင့် နှစ်မီတာ သို့မဟုတ် သုံးမီတာအကွာတွင် ရပ်လိုက်သည်။ သူက ဂူထဲတွင် အတော်ကြာကြာ နေခဲ့ပြီး၍ ဖြစ်နိုင်၏။ ရှုရှုက ဤအကွာအဝေးကိုလုံးဝလက်ခံလိုက်ပြီး မကြောက်တော့ပေ။ 


အဆင့်နိမ့်သားရဲလေးက ငါ့ကိုနှုတ်ဆက်စကားပြောမလို့လား…


"လိမ္မာတဲ့တပည့်လေး မင်းရဲ့ဆရာငါက လောကကြီးကိုကြည့်ဖို့ခေါ်သွားပေးမယ်..."


ရှုရှုက မြွေကြီးကို ပျော်ရွှင်စွာပြောနေခဲ့သည်။ မြွေကြီးနားမလည်မည်ကိုစိုးရိမ်၍ သူက အသေးစိတ်ရှင်းပြလိုက်သေးသည်။


"ငါမင်းကို ပျော်ရအောင် အပြင်ခေါ်သွားပေးမယ်..."


အက်ဂါက ငရဲမှနတ်ပြည်ကိုတက်သွားရသလို တုန်လှုပ်သွားလေသည်။ အဆင့်နိမ့်သားရဲလေးက သူ့ကို လုံးဝမမေ့ပေ။ သူ့အကြောင်းကိုတွေးပေးနေပြီး ထွက်သွားတော့မည့်အချိန်တွင် ခေါ်သွားပေးမည်။ အက်ဂါက ထိုအကြောင်းကိုတွေးမိပြီး ပါးစပ်ထဲမှ ရစ်ငှက်ကိုလွှတ်ချလိုက်သည်။ ထို့နောက် သူပေးသောဆုအတွက် ကျေးဇူးတုံ့ပြန်ကြောင်းပြသည့်အနေဖြင့် ၎င်းကိုရှုရှုအရှေ့၌ ချပေးလိုက်လေ၏။


"မြွေကြီးက တကယ်တော်တာပဲ၊ ဒီနေ့ ငါတို့ ငှက်စွပ်ပြုတ်သောက်လို့ရပြီ..." 


ရှုရှုက ပျော်နေပြီး ဂျေရပ်စ်နှင့်အခြားသူများကို သူနှင့်အတူလိုက်လာပြီး အတူစားသောက်ကြရန် လက်ပြကာခေါ်နေလေသည်။ လူအများကြီးအတွက် ငှက်တစ်ကောင်ကိုဝေစားရန်မလောက်ငှပေ။ တပည့်လေးက ဖမ်းလာပြီး ဆရာသခင်ကိုလက်ဆောင်ပေးလာသောကြောင့် သူနှင့်တပည့်လေးတို့အတူမျှစားခြင်းက အကြောင်းသင့်ပေသည်။ သူ့တွင် ဧည့်သည်များကိုဧည့်ခံအတွက် ဝက်သစ်ချသီး၊ သစ်မြစ်များနှင့် အခြားသောအရာများရှိလေသည်။ သူက အသားခြောက်အချို့ကိုလည်း ဧည့်ခံ၍ရလေသည်။



🐹🐹🐹