Chapter 20
Viewers 3k

🐹 Chapter 20

တောအုပ်ထဲက နတ်သူငယ်



ဤအတောအတွင်း အက်ဂါမှာ ဝမ်းဗိုက်ရှိနေရာအများအပြားက အလွန်အမင်းယားယံသလို ခံစားရလေသည်။ 


အစပိုင်းက သူသည်းခံနေသေးသော်လည်း ပိုဆိုးလာပြီး ကျောက်ဆောင်နှင့် အမြဲတမ်းပွတ်တိုက်ချင်နေသည်။ သူ့ခမျာ ရင်ဘတ်ကို ကျောက်ဆောင်ပေါ်တွင် တိတ်တိတ်လေးတင်ထားရပြီး ယားယံလာသည်နှင့် အချိန်မရွေးကုပ်နိုင်ရန် လုပ်ထားရသည်။ 


သူ ဘာဖြစ်နေသည်ကို သူ့ကိုယ်သူမသိပေ။ အရေခွံလဲရမည့်အချိန်လည်းမဟုတ်သေးသလို သူ အရေခွံမလဲခဲ့သည်မှာလည်း အချိန်အတော်ကြာပြီဖြစ်လေသည်။


ယခုရက်ပိုင်းတွင် အက်ဂါက ညတိုင်းကျင့်ကြံနေခဲ့သည်။ ယင်းက သူ့အတွက် ကြီးကြီးမားမား အကျိုးထူးလာသည်ကိုလည်း ခံစားရ၏။


ယနေ့ သူစတင်ကျင့်ကြံလိုက်နှင့် ယားယံမှုက မကြာခဏနှောင့်ယှက်နေလေသည်။ သူက အသိုက်ထဲတွင် ဖွက်ထားသည့်ကျောက်တုံးဖြင့် ရင်ဘတ်ကိုပွတ်တိုက်ရင်း သူ့အတွက် အဆင့်နိမ့်သားရဲလေး စုပေးထားသော ကြက်မွေးမြက်ပင်ပေါ်တွင် ခေါင်းတင်လျက် အနည်းငယ်လည်း အပြစ်မကင်းသလိုခံစားလိုက်ရသည်။


ကျောက်တုံးဖြင့်မပွတ်ဘဲနေပြီးနောက် အတော်ကြာပြီးချိန်တွင် အက်ဂါမှာ အဆင့်နိမ့်သားရဲလေး အထူးအနေဖြင့် တူးဖော်ထားသောလေဝင်ပေါက်မှတစ်ဆင့် အလင်းရောင်ဝင်လာသည်ကို တွေ့လိုက်ရလေသည်။ အဆင့်နိမ့်သားရဲလေးလည်း နိုးလာသင့်နေပြီ။ 


ဤသို့ဖြင့် အက်ဂါက အဆင့်နိမ့်သားရဲလေးနေထိုင်သောဂူအား လှမ်းကြည့်လိုက်လေ၏။ အဆင့်နိမ့်သားရဲလေးက အိပ်ချင်မူးတူးဖြင့် ဂူထဲမှ တွားသွားပြီးထွက်လာလေသည်။ 


အဆင့်နိမ့်သားရဲလူသားလေး၏ခန္ဓာကိုယ်ကို တိရစ္ဆာန်အရေနှစ်ခုကို ရိုးရိုးရှင်းရှင်းတွဲချုပ်ထားသည့် အဝတ်ဖြင့် ဖုံးကာထားလေသည်။ ဖြူဖွေးပြီး နို့နှစ်ရောင်သန်းကာသွယ်လျသောလက်မောင်းလေးက ထွက်ပြူနေခဲ့သည်။ တိရစ္ဆာန်အရေက ပုံပန်းမကျသော်လည်း အက်ဂါက အဆင့်နိမ့်သားရဲလူသားလေးကို လှသည်ဟုသာ ထင်နေလေသည်။


ရုတ်တရက်ပင် သူက အဆင့်နိမ့်သားရဲလူသားလေး တက်နင်းမိစေရန် အမြှီးကို ဆန့်ထုတ်ချင်သွားသည်။ အဆင့်နိမ့်သားရဲလေးက ဂူထဲတွင် အမြဲခြေဗလာနှင့်ပင်နေတတ်သည်။ ထိုခြေထောက်သေးသေးလေးက သူ့အမြှီးကိုတက်နင်းလိုက်လျှင် အလွန်ခံစား၍ကောင်းမည်မှာ အသေအချာပင်ဖြစ်လေ၏။ 


၎င်းက အဆင့်နိမ့်သားရဲလူသားလေးကို လန့်သွားစေနိုင်၍ နောက်ဆုံးတွင် အက်ဂါက သူ့အစီအစဥ်ကို လက်လျှော့လိုက်ရသည်။ 


အဆင့်နိမ့်သားရဲလူသားလေး သူ့ကိုမကြောက်တော့မည့်နေ့ ရှိလာပါ့မလားပင် မသိတော့ပေ။


ရှုရှုက မျက်လုံးမှိတ်လျက်သားဖြင့် ဂူထဲမှထွက်လာပြီး ဂူအဝသို့ရောက်လာလေသည်။ ထို့နောက် ဂူအဝမှ မြက်ဖြင့်လုပ်ထားသော ကန့်လန့်ကာကို ဟလိုက်ပြီး အပြင်ကိုကြည့်ရန်အတွက် ကျောက်တုံးလေးကို ဘေးဖယ်လိုက်လေသည်။


လေအေးများက သူ့မျက်နှာကိုရိုက်ခတ်သွားကာ နောက်ဆုံး၌ သူနိုးကြားသွားခဲ့လေသည်။ အပြင်ဘက်သို့ကြည့်လိုက်သည့်အခါ ပို၍ပင်အံ့အားသင့်စရာဖြစ်သွားခဲ့သည်။

"နှင်းကျနေတယ်..."


မှန်သည်။ အပြင်ဘက်၌ နှင်းကျနေလေ၏။ ကောင်းကင်မှနှင်းများက မြေကြီးပေါ်သို့ တဖြုတ်ဖြုတ်ကျနေလေသည်။ ချက်ချင်းပင် တလောကလုံးက ဖြည်းဖြည်းချင်း ဖွေးဖွေးလှုပ်လာကာ အလွန်လှပသောရှုခင်းလေးဖြစ်လာလေ၏။


ရှုရှုမှာ ယခင်က နှင်းကို လုံးဝမနှစ်သက်ခဲ့ပေ။ ၎င်းက အေးစက်သောရာသီဥတုကို ကိုယ်စားပြုနေလေသည်။ သို့ရာတွင် ယခုမူ အစောဆုံးနှင်းကျသောမြင်ကွင်းကိုတွေ့ရပြီး မနှစ်သက်ဘဲမနေနိုင်တော့ပေ။


"ငါတို့ နှင်းတွေကိုပုံပြီး နှင်းလူသားလုပ်လို့ရတယ်၊ ဒါမှမဟုတ် နှင်းဘောလုံးနဲ့ကစားလို့ရတယ်၊ နှင်းကျတာရပ်တဲ့အထိစောင့်လိုက်ဦး၊ ပြီးမှငါတို့ အပြင်ထွက်ပြီးကစားကြမယ်၊ ဟုတ်ပြီလား..."


ရှုရှုက ပြောပြီးနောက်မှ မြွေကြီးအနေဖြင့် သူ့ကိုယ်သူ နှင်းတောထဲသို့ထွက်ကာ ရေခဲချောင်းအဖြစ်ခံလိုမည်မဟုတ်ကြောင်း တွေးမိလိုက်ပြီး ခပ်မြန်မြန်ပင်ပြောလိုက်လေ၏။


"အိုး ဟုတ်သားပဲ၊ မင်းကအပြင်ထွက်ကစားရမှာကိုမကြိုက်ဘူးမလား… ဒီတော့ ငါတစ်ယောက်တည်းပဲကစားတော့မယ်.."


မြွေကြီးကဲ့သို့သော သွေးအေးသတ္တဝါက နှင်းတောထဲ၌ ခဲနေမည့်ပုံကိုတွေးကြည့်ပြီး ရှုရှု "တဟီးဟီး" ရယ်လိုက်မိလေသည်။ အက်ဂါက အေးသောရာသီဥတုကို လုံးဝမကြိုက်ပေ။ 


သူက ရက်အတန်ကြာသည်အထိ အမဲလိုက်ထွက်ခဲ့ခြင်းမရှိသည်မှာ အနားရှိသားကောင်များက နည်းပါးလာသောကြောင့် ဖြစ်သလို အပြင်မှအအေးဓာတ်က သူ၏လှုပ်ရှားနိုင်စွမ်းကို သက်ရောက်နေ၍လည်းဖြစ်လေသည်။ မည်သို့ပင်ဖြစ်စေ အဆင့်နိမ့်သားရဲလူသားလေးက အနီးအနားတွင်ကစားချင်နေ၍ ထိုသူကို အဖော်လုပ်ပေးရပေမည်။


အဆင့်နိမ့်သားရဲလူသားလေးက ဂူအဝမှနှင်းအနည်းငယ်ကိုစုပြီး ဂူထဲသို့ပြန်ရောက်လာ၏။ သူက ဒူးထောက်ချလျက် နှင်းများကိုဘောလုံးဖြစ်သည်အထိ လှိမ့်ပြီးနောက် ၎င်းနှင်းဘောလုံးဖြင့်ကစားနေသည်ကို ကြည့်နေရင်း အက်ဂါ၏အမူအရာက ပို၍နူးညံ့လာခဲ့သည်။ 


ရှုရှုက နှင်းဘောလုံးကို အပေါ်သို့ပစ်ဖမ်းကစားနေလေသည်။ ခဏကြာသည်အထိ ကစားပြီးသည့်နောက် လက်ထဲမှနှင်းဘောလုံးက မြေကြီးပေါ်သို့ ရုတ်တရက်ကျကာ ကွဲကြေသွားလေသည်။ အနည်းငယ်မှားနေသလိုခံစားရ၍ သူက နှုတ်ခမ်းစူကာ ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။ နောက်ထပ်နှင်းဘောလုံးတစ်လုံးကိုလုံးပြီး ဆက်ကစားနေလေသည်။


အက်ဂါက သူ့ဗိုက်ကိုကုပ်ရင်း ရှုရှုကိုဆက်ကြည့်နေလေသည်။ ကုပ်ရင်းကုပ်ရင်း တစ်ခုခုက မှားနေသလိုခံစားလိုက်ရသည်။


အောက်သို့ငုံ့ကြည့်ပြီးနောက် အကြေးခွံက အများအပြားကွာကျလာ၍ အက်ဂါမှာ ကြောင်အသွားခဲ့သည်။ 


သူ့အကြေးခွံက အလွန်တရာမှ မာကြောလေသည်။ သူ ဧရာမကျားကြီးနှင့်တိုက်ခိုက်ခဲ့စဥ်က သူ့ခန္ဓာကိုယ်သာ မူလကတည်းက ဒဏ်ရာရမထားသလို အကြွေးခွံများသာ ကျွတ်မနေခဲ့ပါက ကျားကြီးအနေဖြင့် သူ့အကြေးခွံများကိုခွာပြီး သူ့ကိုထိခိုက်စေနိုင်ခဲ့မည်မဟုတ်ပေ။ 


ယခုမူ အကြေးခွံများက ကွာကျနေလေ၏။ အကြေးခွံများကို ကုပ်လျှင်ပင် နာကျင်မှုကို မခံစားရချေ။ 

ငါ အရေခွံလဲနေတာလား…


လူအများစုတွင် ဆံပင်မရှိတော့သည့်အခါ ကတုံးဖြစ်သွားကြသည်။ အကြေးခွံမရှိတော့လျှင် သူသည်လည်း ရှည်မျောမျောအသားချောင်းကြီး ဖြစ်သွားလိမ့်မည်။


ရှုရှုမှာ မြွေကြီးထံမှ ထူးခြားချက်ကို မမြင်ရပေ။ သူနှင့်မြွေကြီးတို့က မျိုးနွယ်မတူသလို မြွေမျိုးနွယ်တို့၏အမူအရာကိုလည်း မဖတ်တတ်ပေ။ ထိုအချိန်တွင် သူက သူနှင့်မြွေကြီး၏မနက်စာပြင်ရင်း အလုပ်များနေလေသည်။ 


မြွေကြီးစားရန်အတွက် အသားခြောက်ကိုရေဖြင့်ချက်လိုက်၏။ သူ့အတွက်ကမူ မချက်ပြုတ်ရသေးသောအသားခြောက်များနှင့် ကန်စွန်းဥဖုတ်များကို စားမည်။


ကန်စွန်းဥများကို အချိန်အတန်ကြာသည်အထိ အခန်းငယ်ထဲတွင်ထည့်ထားခဲ့၍ ကင်လိုက်သည့်အချိန်တွင် ပိုချိုလေသည်။ ရှုရှုက ကန်စွန်းဥကို အလွန်ပင် နှစ်သက်လေ၏။ သူက အလုတ်ကြီးကြီးတစ်ကိုက်ကို အသက်တစ်ရှိုက်စာအတွင်းစားပစ်ပြီး အသားခြောက်များကို အံသွားသုံးလျက် ဝါးစားနေလေသည်။


အက်ဂါမှာ သူ့အရှေ့မှ ကျက်အောင်ချက်ထားသောအသားခြောက်များကိုစားလိုက်ပြီး အဆင့်နိမ့်သားရဲလေးစားနေပုံကို တိတ်တဆိတ်ကြည့်နေလေသည်။ ညနေတွင် နှင်းကျနေသည်က ရပ်သွားသော်လည်း မြေကြီးပေါ်တွင် နှင်းထုကြီးက ကျန်နေသေးသည်။


ရှုရှုက ပျော်ရွှင်စွာအော်ပြီး ပြေးထွက်သွားခဲ့သည်။ ခဏအကြာ၌ တုန်တုန်ယင်ယင်ဖြင့် ပြန်ပြေးလာပြန်၏။ သူ့ခန္ဓာကိုယ်ကို ဂူထဲမှ ရှိသမျှတိရစ္ဆာန်အရေများဖြင့် ပတ်ထားလိုက်သည်။ သူ့ကိုယ်သူ ဘောလုံးလေးတစ်လုံးအဖြစ်ကျုံ့ထားရင်း ရှုရှုမှာ ဂူထဲမှထွက်သွားပြန်သည်။ တချိန်တည်းမှာပင် သူ၏လေးလံသောအနေအထားကြောင့် အပြင်ဘက်သို့တစ်ကြိမ်လှမ်းလျှင် ခြေတစ်လှမ်းသာလှမ်းနိုင်လေ၏


နှင်းတောထဲတွင် တိရစ္ဆာန်အရေဖြင့် ကောင်လေးတစ်ယောက်ရှိနေခဲ့သည်။ သူ့ခေါင်းကို တိရစ္ဆာန်အရေအားလုံးဖြင့်ခြုံထားပြီး မျက်လုံးလေးနှစ်လုံးကိုသာဖော်ထားလေ၏။ အပေါ်ယံကြည့်လျှင် သူက အလွန်ရုပ်ဆိုးသော်လည်း အက်ဂါကမူ အဆင့်နိမ့်သားရဲလေးကို လှပသောနတ်သူငယ်လေးနှင့်တူသည်ဟု ထင်နေမိသည်။


ယနေ့က အေးစက်သောနေ့လေးတစ်နေ့ပင်ဖြစ်လေ၏။ အဆင့်နိမ့်သားရဲလေး ကစားပြီးသည့်နောက် ချိုမြိန်ပြီးနွေးထွေးသောသောက်စရာတစ်ခုရလိုက်လျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။ 


ပွက်ပွက်ဆူနေသောအသားခြောက်ပြုတ်ရည်မှာ သောက်လျှင် အရသာမရှိပေ။ အက်ဂါသာ အမဲကောင်တစ်ကောင်လောက်ဖမ်းနိုင်ပါက မည်မျှကောင်းမလဲဟု ‌တွေးနေမိသည်။ သူသာ ကြက်လေးတစ်ကောင်ဖမ်းလာနိုင်လျှင် အဆင့်နိမ့်သားရဲလေးအနေဖြင့် ကြက်စွပ်ပြုတ်အနည်းငယ်ကို သောက်နိုင်လိမ့်မည်။


သူ့ခန္ဓာကိုယ်ထဲတွင် ဝိညာဥ်စွမ်းအား လှည့်ပတ်နေပြီးနောက်ပိုင်း အက်ဂါမှာ အအေးဒဏ်ကို မခံစားရတော့၍ အပြင်သို့ ခပ်သုတ်သုတ်ထွက်သွားလေသည်။


နှင်းကျသည့်အခါ တောအုပ်က ပုံမှန်ထက် တိတ်ဆိတ်နေတတ်သော်လည်း တိရစ္ဆာန်များ၏ လှုပ်ရှားသံအချို့ကို ကြားနေရသေးသည်။ အက်ဂါ နောက်ဆုံးတစ်ကြိမ်က ပိန်ကပ်ကပ်ဝံပုလွေတစ်ကောင် ၎င်း၏အသိုက်မှ ထွက်လာသည်ကိုမြင်လိုက်သည်။ သူက ၎င်းကိုအမြှီးကုပ်ပြီးပြေးသွားသည်အထိ ခြောက်လှန့်ကာ ဖိအားပေးရန် အတွင်းအားဖြင့် ဝိညာဥ်စွမ်းအားကိုပစ်လွှတ်လိုက်သည်။ ပြီးမှ ဆက်သွားလိုက်၏။


နှင်းများဖြင့်ဖုံးနေသောအပင်ပုလေးများထဲတွင် ရစ်ငှက်တစ်ကောင်၏အသံကို ခပ်ဖျော့ဖျော့ကြားလိုက်ရသည်။ အက်ဂါက ဂရုတစိုက်ဖြင့်ချဥ်းကပ်သွားကာ အမြှီးကို ဘယ်ညာယမ်းပြီး အပင်ပုလေးတစ်ဝက်ကျိုးသည်အထိ ရိုက်ချလိုက်သည်။


ရစ်ငှက်များက အပင်ပုလေးများကြားမှပျံထွက်လာပြီး နေရာအနှံ့ကို တကွဲတပြား ပျံသန်းထွက်ပြေးသွားကြသည်။ အက်ဂါက တစ်ချက်ကြည့်ပြီး အသားအများဆုံးကောင်တစ်ကောင်ကို ဖမ်းလိုက်သည်။ သူသွားတော့မည်အလုပ်တွင် မထင်မှတ်ဘဲ လူအချို့၏အသံကိုကြားလိုက်ရလေ၏။


"ဘော့စ် အရှေ့မှာအသံကြားတယ်..."


"ရစ်ငှက်တွေ ရစ်ငှက်တွေပျံလာတယ် ဝတုတ်နေတဲ့ရစ်ငှက်တွေ..."


"တစ်ယောက်ယောက်က ခြောက်လိုက်တာပဲ အရှေ့မှာ အသိုက်ရှိတယ်မဟုတ်လား..."


.....


သားရဲတိုင်းပြည်မှ ရင်းနှီးနေသောစကားသံက အက်ဂါ၏နားထဲတွင် တစီစီမြည်နေလေသည်။ အက်ဂါသေသည်အထိ မကိုက်သတ်ရသေးသည့် လက်ထဲတွင်ကိုင်ထားသောငှက်က စတင်ရုန်းကန်လာသည်အထိ ထိုနေရာတွင် ကြက်သေသေနေခဲ့သည်။ ထိုအခါမှ သူက အသိပြန်ဝင်လာလေ၏။ မကြာမီ အရပ်ရှည်ရှည်ဖြင့် အမျိုးသားတစ်စုက အက်ဂါအရှေ့တွင် ပေါ်လာလေသည်။ ၎င်းတို့က တောအုပ်ထဲသို့အမဲလိုက်ထွက်လာကြသော သားရဲလူသားမျိုးနွယ်များဖြစ်လေ၏။


သူက အဆင့်နိမ့်သားရဲလူသားလေးအား သားရဲလူသားများကိုလိုက်ရှာရန် ခေါ်သွားပေးချင်ခဲ့သည်။ သို့ရာတွင် မမျှော်လင့်ဘဲ သူ အဆင့်နိမ့်သားရဲလေးကို မခေါ်သွားသေးနိုင်မီ သားရဲလူသားများက ရောက်လာခဲ့လေသည်။


ငါနဲ့အဆင့်နိမ့်သားရဲလေး ခွဲရတော့မှာလား…



🐹🐹🐹