Chapter 19
Viewers 3k

🐹 Chapter 19

ဘဝကို အတူတကွဖြတ်သန်းကြခြင်း



ရှုရှုက လှုပ်ရှားသည့်အသံကြား၍ နိုးလာသည့်အခါ သူ့ကို နီးကပ်စွာစိုက်ကြည့်နေသော မြွေကြီးကို တိုက်ရိုက်ပင် မြင်လိုက်ရလေသည်။


သူက ချက်ချင်း ခေါင်းကိုအနောက်ဆုတ်ကာ တွင်း၏အထဲဘက်တွင် ပုန်းနေလိုက်သည်။ ခဏကြာမှ ၎င်းကသူ့တပည့်ဖြစ်နေ၍ ကြောက်စရာမလိုကြောင်း သိသွားခဲ့သည်။ သူက တွင်း၏အနက်ဆုံးပိုင်းမှ ဒေါသတကြီး အပြင်သို့ထွက်လာကာ ချက်ချင်းပြောလိုက်သည်။

"ဘာတွေကြည့်နေတာလဲ… မင်းကတော့လေ မြန်မြန်လမ်းဖယ်စမ်း၊ ငါ သွားမလို့..."


အက်ဂါက အသံမပေးဘဲ အနောက်ဆုတ်သွားပြီး ဝေးရာသို့အနည်းငယ်ရွေ့သွားလေ၏။ ထို့နောက် အဆင့်နိမ့်သားရဲလူသားလေးက တွင်းထဲမှအမြန်ခုန်ထွက်ပြီး ထွက်ပြေးသွားလေတော့၏။


ခဏမျှကြာသည်အထိ ပြေးသွားပြီးနောက် အဆင့်နိမ့်သားရဲလေးက ပြန်လှည့်လာခဲ့သည်။

"မင်း ငါနဲ့ပြန်လိုက်ခဲ့ရမယ်..."


ပြန်လိုက်ခဲ့ရမယ်တဲ့လား…


အက်ဂါ၏အမြှီးက ပျော်ရွှင်စွာမြောက်တက်သွားလေသည်။ တကယ်တမ်းတွင် သူ မည်သည့်အခါကမှ မထွက်သွားချင်ခဲ့ပေ။ သူ၏မူလအစီအစဥ်က ရက်အနည်းငယ်ကြာမျှသာ ထွက်သွားရန်ဖြစ်လေသည်။ ယခုလေးတင် ကျင့်ကြံရေးနည်းလမ်းကို ရုတ်တရက်လေ့လာလိုက်ရပြီး သူ့ဒဏ်ရာများကလည်း လုံးဝပြန်လည်သက်သာသွားခဲ့ကာ သူ၏ခွန်အားများကိုလည်း ပြန်ရလာခဲ့သည်။ အဆင့်နိမ့်သားရဲလူသားလေးထံမှ အချက်အလက်အနည်းငယ်ရရန်ကလည်း မရှိမဖြစ်လိုအပ်သည်ဟု ထင်မိသောကြောင့် အဆင့်နိမ့်သားရဲလူသားလေးအနောက်မှလိုက်ကာ ဂူထဲသို့ပြန်လာခဲ့လေသည်။


ဂူထဲသို့ပြန်လာပြီးနောက် ရှုရှုက အက်ဂါကို ကျင့်ကြံရေးနှင့်ပတ်သက်သမျှအားလုံးကို စတင်ရှင်းပြလေသည်။

"မင်း လေ့ကျင့်ပြီးရင်းလေ့ကျင့်ရမယ်…ပြီးရင် မင်းက အရမ်းအရမ်းစွမ်းအားကြီးလာလိမ့်မယ်… မကြာခင် မင်းကငါ့လိုဖြစ်လာလိမ့်မယ်.." 


ရှုရှုမှာ ဝေါဟာရမျိုးစုံကို အကြိမ်များစွာ အရှေ့နှင့်အနောက်သွားလိုက်ပြန်လိုက်လုပ်ရင်း ရှင်းပြနေလေသည်။ ထပ်လောင်းပြောရလျှင် လက်နှင့်ခြေများဖြင့်ပါ အမူအရာပြရင်း ကြိုးစားကာရှင်းပြလေသည်။


အဆင့်နိမ့်သားရဲလေး၏သင်ပြပေးသောနည်းစနစ်အရ ထိုသူ၏စကားပြောအရည်အချင်းသာ ထူးချွန်မနေပါက သေချာပေါက်ပင် အဆင့်နိမ့်သားရဲလေး၏ စကားလုံးတို့အား သူ နားလည်မည်မဟုတ်ဟု ယုံကြည်လိုက်သည်။


သူ့ခမျာ နားလည်သော်လည်း အနည်းငယ်မျှ ရှုပ်ထွေးနေသလိုလည်း ခံစားရလေသည်။ 


ငါသာ သေချာကျင့်ကြံရင် အဆင့်နိမ့်သားရဲလူသားလေးလိုလူမျိုးဖြစ်သွားမှာလား… ပြောင်းလဲသွားပြီး အဆင့်နိမ့်သားရဲလူသားဖြစ်လာမှာလား… သောက်ကျိုးနည်း ဘာကြီးလဲ…


အဆင့်နိမ့်သားရဲလူသားလေးပြောသည့်စကားကိုနားလည်သဘောပေါက်မှုက ရှုပ်ထွေးနေဆဲဖြစ်သည့်တိုင် ကျင့်ကြံခြင်းနည်းလမ်းက သူ့ကို အကျိုးများစွာရှိစေသည်မှာ အမှန်ပင်။ အခြားအကြောင်းများမဆိုထားနှင့်၊ သူ၏မှတ်ဥာဏ်ပင် များစွာ တိုးတက်လာခဲ့၏။


ယခင်က သူ့မှတ်ဉာဏ်မှာ အံ့အားသင့်စရာတစ်ခုဖြစ်ခဲ့သည်။ သူမြင်တွေ့ပြီးကြားသိခဲ့သမျှကို လုံးဝမမေ့သွားပေ။ သို့ရာတွင် ကျရှုံးသားရဲဖြစ်လာပြီးနောက် သူ့အတွက် ထိုသို့ထပ်မဖြစ်နိုင်တော့ပေ။ သို့သော်လည်း ယခု သူ၏မူလမှတ်ဉာဏ်အားလုံးကို ပြန်ရလာခဲ့သည်။


အတိုချုပ်ပြောရလျှင် အဆင့်နိမ့်သားရဲလေးပြောသမျှစကားတိုင်းကို တစ်လုံးချင်းမှတ်ထားနေစရာမလိုပေ။ သူက ၎င်းတို့အားလုံးကို တိကျရှင်းလင်းစွာ မှတ်မိနေခဲ့သည်။ အက်ဂါမှာ အခြားသော ကျရှုံးသားရဲများနှင့်မတူတော့၍ ပျော်ရွှင်သလို ခံစားရလေသည်။ တစ်ချိန်က သားရဲလူသားဖြစ်ခဲ့ဖူးသည်ကိုပင် တဖြည်းဖြည်းမေ့သွားခဲ့သည်။


"မင်းကျင့်ကြံတာ ဘယ်အဆင့်အထိရောက်ပြီလဲဆိုတာ ငါလာကြည့်မယ်..."


ရှုရှုက "မလှုပ်နဲ့" ဟူ၍ ထပ်ပြောလိုက်ပြီး အက်ဂါငြိမ်နေမှ အက်ဂါ၏ဘေးသို့ ရောက်လာလေသည်။ 


သူ့လက်ကိုမြွေကြီး၏ကိုယ်ပေါ်သို့ နောက်တစ်ကြိမ် လက်တင်လိုက်ပြီး ရှုရှုက စတင်စစ်ဆေးကြည့်လေသည်။


ထိုအချိန်၌ သူ့ခန္ဓာကိုယ်မှာ တစ်နှစ်နီးပါးကျင့်ကြံထားပြီးမှ အပူစီးကြောင်းက လေဓာတ်အစုအဝေးငယ်အဖြစ်ပြောင်းလဲသွားကာ နောက်ဆုံး၌ မိစ္ဆာကျင့်ကြံရေးလမ်းကြောင်းပေါ်သို့ခြေချမိသွားခြင်း ဖြစ်၏။ သို့သော်လည်း မြွေကြီးကမူ...


မြွေကြီး၏ မွေးရာပါစွမ်းရည်က အလွန်ကောင်းပြီး ယမန်နေ့ကဆိုလျှင် ဝိညာဥ်စွမ်းအားအမြောက်အများကိုဆွဲယူနိုင်ခဲ့သည်။

ဖြစ်နိုင်တာ မြွေကြီးက လေဒြပ်အား စုစည်းပြီးသားများလား…


ရှုရှု၏ ဝိညာဥ်စွမ်းအားက မြွေကြီး၏ခန္ဓာကိုယ်ထဲသို့ဝင်သွားပြီး မြွေကြီး၏တန်ထျန်းကို အမြန်ရှာတွေ့သွားသော်လည်း အထဲတွင် မည်သည့်လေဒြပ်ကိုမျှ ရှာမတွေ့ခဲ့ပေ။


မြွေကြီး၏မွေးရာပါစွမ်းရည်၏ လုပ်ဆောင်နိုင်စွမ်းက ကောင်းမွန်ရုံသာဖြစ်နေသည်။ သူ့အနေဖြင့် သေချာသောလမ်းညွှန်ချက်တစ်ခုလိုအပ်နေသေးသည်။


ခဏလေး ဒါကဘာလဲ...


ရှုရှုမှာ မြွေကြီး၏တန်ထျန်းအတွင်းပိုင်းထဲမှ ဝိညာဥ်စွမ်းအင်အစက်လေးမှာ အရည်အဖြစ်စုစည်းသွားသည်ကိုတွေ့လိုက်ရလေသည်။ တစ်နှစ်ခန့်ကျင့်ကြံပြီးနောက် သူကမူ လေဒြပ်အနည်းငယ်ကိုသာ ရသေးသည်။ နှစ်ပေါင်းနှစ်ရာခန့်ကျင့်ကြံပြီးမှ သူ့ခန္ဓာကိုယ်ထဲမှ လေဓာတ်က အရည်အဖြစ်ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။


နှစ်ပေါင်းနှစ်ရာ အပြည့်အဝကျင့်ကြံပြီးမှ ထိုအဆင့်ကိုရောက်နိုင်ခဲ့၏။ မြွေကြီးကမူ တစ်ညတည်းဖြင့် ထိုအဆင့်သို့ ရောက်သွားခဲ့သည်။ 


ဒါကြီးက မတရားချက်ပဲ…


ရှုရှုမှာ အနည်းငယ်မျှအံ့ဩနေမိလေသည်။ မှားနေသည်ဟုလည်းမခံစားရပေ။ 


လောကကြီးက ဘာတွေဖြစ်နေတာလဲ… ဟမ်းစတားတွေရဲ့ကျင့်ကြံတဲ့စွမ်းရည်က အတော်လေးညံ့တာကိုသိပေမဲ့ ဒီလောက်ကြီးအထိ မဖြစ်သင့်ဘူးလေ…


မိစ္ဆာကျင့်ကြံရေးလမ်းစဥ်က လူသားများကျင့်ကြံသောလမ်းစဥ်ထက် ပိုမိုခက်ခဲလေသည်။ သူတို့ကျင့်ကြံရေးလမ်းစဥ်တွင် ပထမဆုံးလုပ်ရန်လိုအပ်သည်မှာ ဉာဏ်အလင်းရရန်သာ ဖြစ်လေ၏။ ဉာဏ်အလင်းရသွားသော ကမ္ဘာပေါ်မှတိရစ္ဆာန်များမှာ လက်တစ်ဖက်စာပင် မပြည့်ပေ။ ဉာဏ်အလင်းရပြီးနောက် ကိုယ်တွင်းမှလေဓာတ်ကိုဖွံ့ဖြိုးစေသော ချီစုဆောင်းခြင်းကို လေ့လာရသည်။ ချီစုဆောင်းသောကာလက လူပုဂ္ဂိုလ်တစ်ယောက်အတွက် အခြေခံဖြစ်လေ၏။ နောက်ပိုင်းမှ ချီစွမ်းအင်ပုံစံက အရည်ဖြစ်သွားခဲ့သည်။ ထို့နောက် အခြေခံတည်ဆောက်ပုံအဆင့်ကို ဝင်ရောက်ရလေသည်။


ရှုရှုက အခြေခံတည်ဆောက်ပုံအဆင့်သို့မရောက်မီ နှစ်ပေါင်းနှစ်ရာခန့် ချီစုဆောင်းသောအဆင့်တွင် လည်နေခဲ့သည်။ သူက အခြေခံတည်ဆောက်ပုံအဆင့်တွင် ပို၍ပင်ကြန့်ကြာနေခဲ့သည်။ သူ့အတွေးကိုချဲ့ကားပြောရပါက သူ့ဘဝတွင် လူသားအသွင်သို့ပြောင်းနိုင်မည့် မိစ္ဆာအမြုတေအထိ ပြောင်းလဲသွားနိုင်ခြင်းမရှိခဲ့ပေ။ ထိုအခြေအနေတွင် သူက ရိုးရှင်းစွာပင် လူသားလောကသို့ သွားပြီး အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင် ဖြစ်လာခဲ့သည်။ 


အိမ်မွေးတိရစ္ဆာန်တစ်ကောင်ဖြစ်ရခြင်းမှာ မလွတ်လပ်သော်လည်း နှစ်ရာချီကြာအောင် လွတ်လပ်စွာနေခဲ့ရသောကြောင့် သူစိတ်ထဲမထားခဲ့ပေ။


နှစ်ပေါင်းများစွာ အိမ်မွေးတိရစ္ဆာန်အဖြစ်နေထိုင်ရင်း နောက်ဆုံးတွင် မသိလိုက်ပါဘဲ ကံကောင်းခြင်းတို့ ရောက်လာကာ မမျှော်လင့်စွာဖြင့် ရုတ်တရက် ကျော်ဖြတ်နိုင်ခဲ့ပြီး ကိုယ်ပိုင်မိစ္ဆာအမြုတေတစ်ခု ဖြစ်တည်လာခဲ့သည်။


မိစ္ဆာအမြုတေရပြီးနောက် ထုံးစံအတိုင်း မိစ္ဆာတို့ကြုံရလေ့ရှိသည့် ကောင်းကင်ဘုံအတိဒုက္ခကို ကျော်ဖြတ်ရသည်။ ထို့နောက်မှ လူသားအသွင်သို့ ပြောင်းလဲနိုင်ခဲ့သည်။ ကံဆိုးစွာဖြင့် သူက အတိဒုက္ခကို တစ်ဝက်တစ်ပျက်ကျော်ဖြတ်နေရသည့် အခိုက်အတန့်လေးတွင် ရှိနေ၏။ မိစ္ဆာအမြုတေ၏တည်ရှိမှုကလည်း ပျောက်ကွယ်သွားပြီး သူပြောင်းလဲနိုင်သည်ကလည်း လူသားတစ်ဝက်ပုံမျှသာရှိသည်။


ရှုရှုမှာ သူ့အခြေအနေကိုတွေးပြီး သက်ပြင်းချမိသည်။ ထို့နောက်မြွေကြီးကို မနာလိုစွာဖြင့် ကြည့်မိလိုက်သည်။


မြွေကြီးက ချီစုဆောင်းသောအဆင့်ကိုကျော်သွားပြီး တစ်ညတည်းဖြင့် အခြေခံတည်ဆောက်ပုံအဆင့်သို့ ရောက်သွားလေသည်။ မြွေကြီးအနေဖြင့် နှစ်ညမြောက် ကျင့်ကြံပြီးသည့်အခါ မိစ္ဆာအမြုတေကိုရနိုင်ချေရှိနိုင်မလား သူ မသိပေ။


ဘယ်လိုလုပ်ပြီး ဒီလောက်တောင်မြန်ရတာလဲ…


တွေးနေရင်း ရှုရှုမှာ မြွေကြီးကို ခဏမျှကြာအောင်စိုက်ကြည့်နေလိုက်သည်။ သို့ရာတွင် မြွေကြီးလူသားဖြစ်လာသည်နှင့် ကြောက်စရာမလိုတော့ကြောင်းစိတ်ကူးကြည့်ပြီး ထပ်မံပျော်ရွှင်သွားရပြန်၏။ မြွေကြီး၏ဘေးသို့ဖြည်းဖြည်းချင်းလျှောက်သွားလိုက်ပြီး နောက်တစ်ခေါက်ပေါ်လာသော ထွက်ပြေးချင်စိတ်ကို ခက်ခက်ခဲခဲ ခုခံထားရင်း မြွေကြီး၏ခေါင်းကို ဂရုတစိုက်ပုတ်ပေးလိုက်သည်။

"မင်းက ကောင်းကောင်းကျင့်ကြံနေတာပဲ၊ တော်တယ်..."


အက်ဂါက ခေါင်းအသာညိတ်ပြပြီး သူသိကြောင်းပြသလိုက်သည်။


ရှုရှုမှာ ဤတပည့်လေးကိုပို၍ပင် စိတ်ကျေနပ်သွားလေသည်။


ရှုရှုက မြွေကြီး လူသားဖြစ်လာမည့်ရက်များကိုတွေးမိသော်လည်း မဖြစ်နိုင်သည်မှာ သေချာနေလေ၏။ နောက်ရက်များတွင် အက်ဂါက အားလပ်ချိန်ရှိလာတိုင်း ကျင့်ကြံရာတွင်အာရုံစိုက်နေခဲ့ပြီး သူ၏ခွန်အားမှာလည်း အနည်းငယ်စီတိုးလာခဲ့သည်။ အမြုတေဖြစ်လာရန် သွားရမည့်ခရီးက အဝေးကြီးလိုသေးသည်။


ရလဒ်မှာ မြွေကြီး၏ကျင့်ကြံသည့်အမြန်နှုန်းအား အစောကြီးကတည်းက မနာလိုဖြစ်နေသည့် ရှုရှုမှာ စိတ်ဓာတ်ကျသွားရသည်။

"ဘယ်လိုလုပ်ပြီး မင်းရဲ့ကျင့်ကြံဆင့်က အရမ်းနှေးနေရတာလဲ..."


အဆင့်နိမ့်သားရဲလေး၏စကားကိုကြားရသည့်အခါ အက်ဂါမှာ အရှက်ရမိပြီး ခက်ခဲသလိုခံစားရလေသည်။ အဆင့်နိမ့်သားရဲလေးက သူ့အပေါ်စိတ်ပြောင်းသွားမည်ကို စိုးရိမ်လာခဲ့သည်။ သူက အားလပ်ချိန်အားလုံးကို ကျင့်ကြံရန်အတွက် အသုံးချခဲ့သော်လည်း နှေးနေဦးမည်ဟု မထင်ထားခဲ့ပေ။


မည်သို့ပင်ဖြစ်စေ ဤကျင့်ကြံသောနည်းလမ်းက အမှန်တကယ််ကောင်းသည့်အရာပင် ဖြစ်လေ၏။ ကျင့်ကြံပြီးသည့်နောက် သူ့တစ်ကိုယ်လုံးက ကြည်လင်ပြီးတည်ငြိမ်သွားခဲ့ကာ သူ၏သားရဲဗီဇများနှင့်စိတ်ရိုင်းတို့ကိုလည်း ထိန်းချုပ်မှုအောက်တွင် ဖိနှိပ်ထားနိုင်ခဲ့သည်။ ဤသို့ဖြင့် သူ့ဘက်မှ အဆင့်နိမ့်သားရဲလေးကိုအန္တရာယ်ပေးမိမည့်အခြေအနေအပေါ် စိုးရိမ်နေစရာမလိုတော့ပေ။


ယခု သူစိတ်ချလက်ချနေနိုင်ပြီဖြစ်၏။ ၎င်းက ကောင်းသည့်ကိစ္စပင်။


အက်ဂါ၏ယခင်ဂူက သူကြုံရာရှာတွေ့ထားသော ဂူတစ်လုံးအပြင်မပိုပေ။ ထိုဂူသို့သွားရန် သူစိတ်မပါပေ။

သူက ဤနေရာတွင် ရှုရှုနှင့်နေလာပြီးနောက်ပိုင်း ထိုနေရာသို့သွားကြည့်ရန်လည်း တစ်ကြိမ်မှမတွေးဖြစ်တော့ပေ။ ရှုရှုကမူ သူ၏ "သန့်စင်ခန်း" ထဲတွင် မြွေကြီး၏အနံ့မရတော့၍ နောက်ဆုံး၌စိတ်အေးသွားခဲ့လေသည်။


မြွေကြီးမှာ နေ့တိုင်းအပြင်ထွက်ပြီး အမြှီးဖြင့် ထင်းစည်းတစ်စည်းကိုလိပ်ကာ ဂူထဲသို့ ပြန်ယူလာတတ်သည်။ ရှုရှုမှာ အစကသူလုပ်ခဲ့ဖူးသလို ပစ္စည်းများလိုက်ရှာရန်အတွက် နေရာတိုင်းသို့ လျှောက်ပြေးနေစရာမလိုတော့ပေ။


မြွေကြီးက ရေကန်ထဲမှရေကိုလည်း ဂရုတစိုက်ယူပေးပြီး အလုပ်အားလုံးကို မြွေကြီးကသာ သိမ်းကြုံးလုပ်နေလေသည်။ သူကမူ ပို၍အနားရလာကာ တနေကုန်အပြင်ထွက်နေစရာမလိုတော့ပေ။


ဤအချက်ကြောင့် ရှုရှုမှာ အလွန်တရာမှ ကျေနပ်နေလေသည်။ သူက ဆောင်းရာသီကြီးတွင် လုံးဝအပြင်မထွက်ချင်ပေ။ á€žá€°á€€ အကောင်းဆုံး အိမ်မွေးတိရိစ္ဆာန်ပိုင်ရှင်ဖြစ်ချေ၏။


မဟုတ်သေးပေ။ သူက အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်မဟုတ်ချေ။ ယင်းက ဂရုစိုက်ပေးတတ်သည့် တပည့်လေးကို ရထားခြင်းဖြစ်၏။


"မြွေကြီး ဒီမှာ အပေါက်နည်းနည်းလောက်ဖောက်လိုက်..."


မတိုင်ခင်ကရလာသော သားမွေးမှာ အလွန်နူးညံ့လေသည်။ ရှုရှုက ဖောက်ရမည့်အစွန်ဘက်ကို လက်ညိုးထိုးပြလိုက်သည်။ သားမွေးကို အောက်သို့ချပြီးနောက် သူက ထပ်ပြီးထွက်ပြေးသွားပြန်သည်။


မြွေကြီးက သူ့အနားကိုလာရန် ယခုထိကြောက်နေသေးသော အဆင့်နိမ့်သားရဲလူသားလေးကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ပါးစပ်ဟကာ သားမွေးပေါ်တွင် သွားကိုသုံးပြီး အပေါက်နည်းနည်းဖောက်လိုက်သည်။ 


ရှုရှုက သားမွေးကိုပြန်ယူလိုက်ပြီး သူရှာတွေ့ထားသော မာကျောပြီးကြမ်းရှရှမြက်များကိုသုံးကာ ထိုအပေါက်များမှတစ်ဆင့် ထိုးလိုက်သည်။ အဝတ်အစားတစ်ထည်ရပြီးနောက် ရှုရှုက နောက်တစ်ထည်ကို စလုပ်လေသည်။


အက်ဂါက မီးပုံဘေးတွင်လှဲနေရင်း အဆင့်နိမ့်သားရဲလေး မီးတောက်ဘေးတွင် အဝတ်အစားချုပ်နေသည်ကိုထိုင်ကြည့်နေရင်း နှလုံးသားလေးက သက်သောင့်သက်သာဖြင့်နွေးထွေးသွားခဲ့သည်။


သူက တစ်ကြိမ်လေးမျှပင် အဆင့်နိမ့်သားရဲလူသားတစ်ယောက်အပေါ် နှစ်သက်ခြင်းမျိုး မရှိဖူးပေ။ ယခုမူ ဤအဆင့်နိမ့်သားရဲလူသားလေး သူ့ဘေးတွင်ရှိနေလျှင် စိတ်အေးချမ်းရသည်ကို နားလည်လာခဲ့သည်။


ရှုရှုက သူ့အတွက် အဝတ်အစားချုပ်နေပြီး မြွေကြီးအိပ်သည့်နေရာကိုလည်း အသေအချာရက်လုပ်ပေးနေလေသည်။


မြွေကြီးကကျင့်ကြံပြီးသည့်နောက်ပိုင်းတွင် ဆောင်းခိုတော့မည်မဟုတ်ပေ။ သို့ရာတွင် မြွေကြီး၏အပူချိန်က အလွန်တရာမှနိမ့်လေသည်။ ၎င်းက မြွေကြီးကို မသက်မသာဖြစ်စေလိမ့်မည်။ ထို့ကြောင့် ရှုရှုက သူ့ကို နွေးထွေးမှုရှိသောအသိုက်တစ်ခုပေးရပေမည်။ 


သားမွေးအများအပြားကိုကြည့်ရင်း မြွေကြီးအတွက် အဝတ်အချို့လုပ်ပေးချင်သွားသည်။ မြွေကြီးက အလွန်ဖြောင့်တန်းပြီး ရေပြင်ညီအတိုင်းနေထိုင်သူဖြစ်၍ နှမြောစရာကောင်း၏။ သူဝတ်လိုက်သည်နှင့် လျှောကျသွားမည်မှာ သေချာ၏။ မြွေကြီးက သူ၏အကြေးခွံများဖြင့် တွန့်လိမ်လျှောတိုက်သွားတတ်ရကား အဝတ်ခြုံထားချိန်တွင် လျှောတိုက်တွန့်လိမ်သွားရန် လွယ်ကူမည်မဟုတ်ပေ။ နောက်ဆုံး၌ ရှုရှုက သူ့အကြံကိုလက်လျှော့လိုက်ရသည်။ 


အက်ဂါမှာ ရှုရှုတစ်ယောက်တည်း ပြောနေသည်ကိုကိုကြားပြီး စိတ်မကောင်းဖြစ်သွားရသည်။ 


သူ့တွင် လက်နှင့်ခြေထောက်များရှိနေလျှင် အဆင်ပြေသေးသည်။

ဒါပေမဲ့ ဘယ်မြွေက ခြေထောက်တွေလက်တွေ ရှိမှာလဲ…


သူ့ဘေးမှ ကျောက်ဆောင်ကိုမှီကာပွတ်သပ်လိုက်ရင်း ဘာကြောင့်မှန်းမသိ သူ့ဗိုက်က ရုတ်တရက်ယားယံလာလေသည်။ အက်ဂါမှာ စိတ်ထဲမှပင်သက်ပြင်းချမိလေ၏။



🐹🐹🐹