အပိုင်း ၂၄
Viewers 4k

အခန်း (၂၄) ရှင် အပြင်မှာ သူ့ကို ဘယ်လို ချီးကျူးတယ်ဆိုတာ ဥက္ကဋ္ဌချီရော သိရဲ့လား

 

ပန်းဆိုင်နာမည်ကို ဆုံးဖြတ်ပြီးနောက် ကိစ္စများစွာ ပို၍ အဆင်ပြေလွယ်ကူလာသည်။

 

ဥပမာအနေနှင့် ပန်းစည်းပတ်မည့် စက္ကူဒီဇိုင်းနှင့် ဆိုင်အတွင်း အသေးစားအလှဆင်၍ ဆိုင်လိုဂို ထပ်ပေါင်းထည့်ခြင်းတို့ ဖြစ်သည်။ 

 

တစ်လပင်မကြာလိုက်ဘဲ ခုနှစ်ဆယ်ရာခိုင်နှုန်းလောက် ပြီးသွားခဲ့ပေသည်။

 

လက်ထောက်သုန်း ကူညီဆက်သွယ်ပေးထားသည့် အလှဆင်အဖွဲ့က အတော်လေး ယုံကြည်စိတ်ချရသည်။ ရှန်းမူမူ၏ တောင်းဆိုချက်အရ သူတို့က မှန်လုံအိမ် အပြင်ဘက်ပိုင်းမှန်ကို အဝန်းအဝိုင်း အကွေးသဏ္ဌာန်များစွာနှင့် ရှားပါးလှသည့် ဒီဇိုင်းမျိုး ပုံဖော်ထားခဲ့သည်။

 

အပြင်ဘက်မှ ကြည့်လျှင် အားကောင်းလှသည့် အနုပညာဆန်သော လေထုရှိသည်။ ၎င်းပေါ်သို့ နေရောင်ခြည် တောက်ပလာသည့်အခါ လှုပ်ရှားနေသည့် အလင်းက လှိုင်းထကာ ရောင်ပြန်ဟပ်နေပြီး မြေပေါ်တွင် အရိပ်ထင်ကာ အလွန်လှပသည့် မြင်ကွင်းကို ဖြစ်ပေါ်စေမည် ဖြစ်၏။

 

ဆိုင်အလှဆင်ခြင်းနှင့် ပန်းဒိုင်ဆက်သွယ်မှုတို့အတွက် ဖြေရှင်းပြီးသွားသည့်နောက် ရှန်းမူမူက ပထမဆုံးဧည့်သည်အသုတ်ကို စုဆောင်းရန် စတင်လိုက်သည်။

 

ဘေးအိမ်တွင် နေသည့် မစ္စစုန့်က သူမ၏ မငြင်းနိုင်သော ဦးစားပေးရွေးချယ်မှု ဖြစ်သည်။

 

မစ္စစုန့်က ရှန်းမူမူထံမှ စာကို ရလိုက်သည့်အချိန်၌ မနက်စာစားပြီးရုံသာ ရှိသေးသည်။

 

[ထင်းရန်.. ကျွန်မ ဒီနေ့လယ် ရှင့်ကို တွေ့ဖို့ လာခဲ့မယ်။]

 

ဖုန်းမျက်နှာပြင်ပေါ်မှ သူမ၏ နာမည်ကို မြင်သည့်အခါ မစ္စစုန့်က အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

 

သူမ ယောက်ျားနှင့် လက်ထပ်လိုက်ကတည်းက လူအနည်းငယ်မျှသာ သူမ၏ နာမည်အရင်းကို ခေါ်ကြပေသည်။

 

နောက်ဆုံးတစ်ခေါက် ရှန့်မုမုကို သူမ၏ အမည်ပြောပြခဲ့စဥ်က တစ်ဖက်လူက ပြောခဲ့သည်။

 

"စုထင်းရန်၊ စုထင်းရန်.. အရမ်းကောင်းတဲ့ နာမည်ပဲ။ အဲဒီလို လှပတဲ့ နာမည်နဲ့ ကျွန်မသာဆိုရင် လူတွေက အဲဒီနာမည်ကို နေ့တိုင်း မခေါ်လို့ မုန်းမိလိမ့်မယ်။ ကျွန်မ အခုကစပြီး ရှင့်ကို မစ္စစုန့်လို့ မခေါ်ဘဲ ထင်းရန်လို့ပဲ ခေါ်တော့မယ်။"

 

သူမက သဘောတူလိုက်သည်။

 

စုထင်းရန်က ရှန်းမူမူထက် သုံးနှစ်သာ ကြီးသည်။ သူမက ဘွဲ့ရပြီးနောက် သူမ၏ ခင်ပွန်းနှင့် လက်ထပ်ခဲ့သည်။

 

သူမ ခင်ပွန်းသည် နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်းကို လုပ်ကိုင်ကာ နိုင်ငံထဲ၌ ရှိသည်က ရှားပါးပေသည်။

 

သူမ ရှီယွိယွဲ့ဗီလာဝန်းထဲ ပြောင်းလာကတည်းက အိမ်ကိစ္စမှန်သမျှ ကြီးကြီးသေးသေး အရာအားလုံးကို တစ်ယောက်တည်း စီစဥ်ရသည်။

 

သူမ၏ ပေါင်းသင်းဆက်ဆံရေး လွယ်ကူ၍ သက်ဝင်တက်ကြွသော အကျင့်စရိုက်ကြောင့်လား အမြဲတမ်း အိမ်မှာ တစ်ယောက်တည်း နေရခြင်းကို သနားခြင်းကြောင့်လား မသိသော်လည်း ဗီလာဝန်းထဲမှ မဒမ်များက အမြဲတမ်း သူမကို စျေးဝယ်ထွက်ရန် သို့မဟုတ် မာကျောက်ကစားရန် အမြဲ ခေါ်လေ့ရှိသည်။

 

သို့သော် WeChat အဖွဲ့အတွင်း နေ့တိုင်း စကားပြောနေကြသည့် မဒမ်များသည်ပင် သူမ၏ အမည်ရင်းကို မမှတ်မိကြသည်အား သူမ သိပေသည်။

 

သူမ ခင်ပွန်းသည်၏ မျိုးရိုးအမည်နှင့် တွဲ၍ ခေါ်ခြင်းက အကျင့်ဖြစ်နေကြပြီ ဖြစ်သည်။

 

ထိုသည်မှာ ရှန်းမူမူပေါ်မလာခင်အထိပင်။

 

ရှန်းမူမူက သူမ၏ အမည်ကို ပထမဆုံး သတိရပေးသည့် သူဖြစ်ပြီး သူမ၏ အမည်ရင်းကိုသာ ခေါ်ရန် တောင်းဆိုခဲ့သည်။

 

စုထင်းရန်သည် ရှန်းမူမူက ဗီလာဝန်းထဲမှ အခြားသော မဒမ်များနှင့် အလွန် ကွာခြားသည်ဟု ခံစားခဲ့ရပေသည်။

 

သူမသည် အခြားမိသားစုများ၏ အတင်းအဖျင်းများ ပြောရန် စိတ်ဝင်စားခြင်းမရှိဘဲ ဘယ်လို ပိုပြီး ပိန်အောင် လုပ်ရမလဲနှင့် သူမ ယောက်ျား၏ အာရုံကို အပြည့်အဝ ဖမ်းစားနိုင်ရန် နေ့တိုင်း ​ဘယ်လို လှအောင် နေရမလဲဟုသာ တွေးပေသည်။

 

သူမက နေမင်းငယ်လေးကဲ့သို့ သူမကိုယ်သူမ အဆက်မပြတ် တောက်ပနေအောင် နေထိုင်ပေသည်။

 

နေ့လယ်ခင်းတွင် ရှန်းမူမူက ပန်းဆိုင်ဖွင့်မည့်အကြောင်း သူမကို ပြောသည့်အခါ စုထင်းရန်၏ အတွေးများက ပိုသေချာသွားလေသည်။

 

"အဲဒီ ရောင်စုံမှန်တွေနဲ့ မှန်လုံအိမ်က ရှင့်ရဲ့ဟာလို့ ပြောတာလား။"

 

ရှန်းမူမူက ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းညိတ်လိုက်သည်။ "ယွဲ့ကျီပန်းဆိုင်လို့ ခေါ်တယ်။ အဓိကကတော့ ပန်းပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်တယ်။"

 

စုထင်းရန်က ချီးမွမ်းရန် ကပ်စေးမနည်းခဲ့ပေ။ "ကျွန်မ အဲဒီကို အကြိမ်ရေတော်တော်များများ ဖြတ်သွားတော့ အဲဒီအကြောင်း အမြဲ သိချင်နေခဲ့တာ။ အပြင်အဆင်ကြောင့် ဆွဲဆောင်ခံရပြီး မနေနိုင်ဘဲ ခဏခဏတောင် ကြည့်မိခဲ့သေးတယ်။"

 

"ပန်းပို့ဆောင်ရေးဝန်ဆောင်မှုက ကောင်းတယ်။ ကျွန်မ ရှင့်ဆိုင်ရဲ့ စီးပွားရေးကို ပံ့ပိုးပေးရမှာပေါ့။ ဘယ်လိုဝယ်ရမလဲ၊ ရာသီအလိုက်လား။ နှစ်အလိုက်လား။"

 

"မစ္စချီ ရှင့်မှာ စီးပွားရေးအမြင်ကောင်းတွေ ရှိမယ်လို့ ကျွန်မ တကယ် ထင်မထားမိဘူး။"

 

ရှန်းမူမူက ချီးမွမ်းမှုကြောင့် အနည်းငယ် ရှက်ရွံ့စွာဖြင့် ရယ်လိုက်သည်။

 

"မဟုတ်ဘူး။ မဟုတ်ပါဘူး။"

 

ပြောရင်းနှင့် သူမက ပြင်ဆင်ထားသည့် မိုဘိုင်းဖုန်းကြော်ငြာပေ့ချ်ကို စုထင်းရန် ကြည့်နိုင်ရန် ထုတ်ပြလိုက်သည်။

 

ပန်းများ၏ မတူညီသော အမျိုးအစားများနှင့် အရောင်အသွေးများ ကွဲပြားမှုအရ ရှန်းမူမူသည် ပန်းပို့ဆောင်ရေးဝန်ဆောင်မှုကို လေးမျိုး ခွဲခြားထားသည်။

 

ဇိမ်ခံအမျိုးအစား၊ National စတိုင်လ်၊ လျှို့ဝှက်ဆွဲဆောင်မှု၊ သက်ဝင်တက်ကြွခြင်း။

 

စျေးနှုန်းများမှာ ပန်းစည်းတစ်စည်းလျှင် 388, 588, 788 နှင့် 988 အသီးသီး ကျသင့်မည် ဖြစ်သည်။

 

၎င်းက အနည်းငယ် စျေးကြီးသော်လည်း ထုပ်ပိုးထားသည်ကို တစ်ချက်ကြည့်ရုံနှင့် အတွေးများစွာ ထည့်သွင်းထားကြောင်း ပြောနိုင်ပေသည်။

 

အရောင်အစပ်အဟပ်က ကျော့ရှင်းကာ အနုပညာဆန်ပြီး ကုန်ပစ္စည်းများကလည်း ထိပ်တန်းအဆင့်ဖြစ်ကာ ဖဲကြိုးရွေးချယ်မှုတစ်ခုတည်းနှင့်တင် သူမက စိတ်ကျေနပ်လောက်သည့် ရလဒ်မရခင်အထိ လက်လုပ်ပိုးထည်ပစ္စည်းဆိုင်များစွာကို သွားခဲ့ရသည်။

 

တင် - ဖုန်းထက်တွင် ငွေပေးချေမှုအသိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

 

[**** နှင့် ဆုံးသည့် သင်၏ ဘဏ်အကောင့်သို့ 360,620.00 ယွမ် လက်ခံရရှိပါသည်။]

 

တစ်ချက်လေးမှ မတွေးဘဲ စုထင်းရန်က စျေးအကြီးဆုံး 'သက်ဝင်တက်ကြွခြင်း' အမျိုးအစားကို ရွေးချယ်ကာ တစ်နှစ်တာပက်ကေ့ချ်အဖြစ် ရက်ရက်ရောရော ဝယ်ယူခဲ့သည်။

 

ရှန်းမူမူက စိတ်ထဲတွင် အလွန် စိတ်လှုပ်ရှားနေသော်လည်း အပေါ်ယံတွင် တည်ငြိမ်အောင် ထိန်းထားခဲ့သည်။ သို့သော် သူမ၏ နှုတ်ခမ်းထောင့်လေးများက ရပ်တန့်မရနိုင်အောင် မြင့်တက်လာပေသည်။

 

"ထင်းရန်.. ရှင်... ရှင်က အရမ်းကြင်နာတတ်တာပဲ။"

 

စုထင်းရန် : "ကြင်နာတာ မဟုတ်ရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့ မိသားစုက နေ့တိုင်း ပန်းတွေ ဝယ်နေရတာလေ။ ရှင့် ဆိုင်က ပန်းတွေက အရမ်းလှတာကို ရှင့်ဆီကမှ မဝယ်ရင် ဘယ်သူ့ဆီက သွားဝယ်ရမလဲ။ ကျွန်မ စောစောအော်ဒါတင်မထားရင် တခြားမဒမ်တွေက သူတို့အိမ်နားတွင် ဒီလိုပန်းဆိုင်ရှိတာ သိသွားပြီး လိုချင်သလောက် အားလုံး ဝယ်သွားမှာ စိုးရိမ်လို့လေ။"

 

ရှန်းမူမူက ပို၍ပင် တောက်ပစွာ ပြုံးလိုက်သည်။ "စိတ်မပူပါနဲ့။ ကျွန်မ ရှင့်အတွက် သေချာပေါက် ချန်ထားပေးပါ့မယ်။"

 

စုထင်းရန်၏ စကားများကို ကြားပြီးနောက် ရှန်းမူမူသည် ငွေပေးချေသည့် အသိပေးချက်များ အဆက်မပြတ်ဝင်လာနေသည့် မြင်ကွင်းကို မြင်ယောင်နေပြီ ဖြစ်သည်။

 

ရှန်းမူမူ နေ့ခင်းအိပ်မက်မက်၍ မပြီးသေးခင် စုထင်းရန်၏ လေသံက ရုတ်တရက် ပြောင်းလဲသွားသည်။

 

"ဒါနဲ့ ရှင် ပန်းဆိုင်ဖွင့်တာကို မစ္စတာချီ ဘယ်လိုတွေးလဲ။ သူ ဘာမှ မကန့်ကွက်ဘူးလား။"

 

ဗီလာဝန်းထဲမှ မဒမ်များ အားလုံးနီးပါးက အလုပ်လက်မဲ့များ ဖြစ်သည်။

 

အချို့ကသာ သူတို့ ယောက်ျားများက အပြင်ဘက်၌ အခြားအမျိုးသမီးများနှင့် ဖောက်ပြန်မည်ကို တားဆီးနိုင်ရန် သူတို့အမျိုးသားများ၏ ကုမ္မဏီများ၌ ရေသာခိုနိုင်သော အလုပ်ရာထူးများကို ပိုင်ဆိုင်ထားကြခြင်း ဖြစ်သည်။

 

အကယ်၍ မဒမ်တစ်​ယောက်က အပြင်ဘက်၌ အလုပ်လုပ်ခြင်း သို့မဟုတ် စီးပွားရေးတစ်ခု စတင်ခဲ့လျှင် ၎င်းက ကွာရှင်းရန် ပြင်ဆင်နေခြင်းဟူသည့် ခန့်မှန်းချက်များကို မြင့်တက်လာစေမည်မှာ မရေးထားသည့် စည်းမျဥ်းတစ်ခုလိုပင် ဖြစ်၏။

 

ရှန်းမူမူက အသိစိတ်ပြန်ဝင်လာပြီးနောက် ခေတ္တမျှ မှင်တက်သွားသည်။ "သူလား။ မကန့်ကွက်ပါဘူး။"

 

စုထင်းရန်၏ အမူအရာက အနည်းငယ် တောင့်တင်းသွားပြီး သူမက မထိသင့်သည့် ခေါင်းစဥ်တစ်ခုကို ထိမိသွားသလား သိချင်မိရင်း စကားလုံး အနည်းငယ်နှင့် နှစ်သိမ့်ပေးကာ ထိုအကြောင်းအရာကို ထပ်မပြောတော့ရန် ရည်ရွယ်လိုက်စဥ် ရှန်းမူမူ ပြောလာသည်ကို ကြားလိုက်ရ၏။

 

"သူက ကျွန်မကို လက်တွေ့ကျတဲ့ အကြံဉာဏ်တွေ အများကြီး ပေးတယ်။ သူ့ကြောင့်သာ မဟုတ်ရင် ပန်းဆိုင်ကို ဒီလောက် ချောချောမွေ့မွေ့ ဖွင့်နိုင်လိမ့်မှာ မဟုတ်ဘူး။"

 

စုထင်းရန် : "..."

 

သူမ ပါးစပ်က အနည်းငယ် ပွင့်ဟလာသည်။ သူမက အချိန်အကြာကြီး တိတ်သွားပြီးမှ မယုံသင်္ကာ ရေရွတ်လိုက်သည်။

 

"ဥက္ကဋ္ဌချီက တကယ် ကောင်းတာပဲ။"

 

သူက ဇနီးသည် အပြင်၌ ထွက်၍ စီးပွားရေးလုပ်မည်ကို မကန့်ကွက်သည့်အပြင် အကူအညီပင် ပေးလိုက်သေးသည်။

 

ထိုသည်က သူမကို အမှန်တကယ် အံ့သြစေသည်။

 

သူမ ဗီလာဝန်းသို့ ပြောင်းလာစဥ်က သူမသည်လည်း အပျင်းပြေစေရန် ပေါ့ပေါ့ပါးပါး အချိန်ပိုင်းအလုပ်တစ်ခုလောက် လုပ်ချင်ကြောင်း သူမ ယောက်ျားကို ပြောခဲ့သည်။

 

သို့သော် သူမ ယောက်ျားက ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့၏။ "မလုပ်ရဘူးမင်းက ငါ့ကို လက်ထပ်ထားပေမယ့် အပြင်ထွက်ပြီး အလုပ်လုပ်နေရတုန်းဆိုရင် လူတွေက ဘယ်လိုပြောကြမလဲ။ ဂုဏ်သရေရှိ မဒမ်စုန့်က အလုပ်လုပ်နေရတာလား။ မလုပ်ရဘူး... မင်း အိမ်မှာပဲ နာနာခံခံနေပြီး အိမ်ထောင်မှုကိစ္စတွေလုပ်ရင်း ငါ့ ပိုက်ဆံကို ကြိုက်သလောက် သုံးလို့ရတယ်။"

 

ထိုအချိန်က စုထင်းရန်သည် သူမယောက်ျားက သူမ၏ ပုံရိပ်ကို ကာကွယ်ရန် ကြိုးစားနေသကဲ့သို့ ထိုစကားများက အလွန် ချိုမြိန်သည်ဟု တွေးခဲ့သည်။

 

သို့သော် ယခုတွင် သူမ ပြန်တွေးမိသောအခါ ဖော်မပြနိုင်လောက်အောင် မသက်မသာဖြစ်ပြီး မကောင်းသော ခံစားချက်မျိုးစုံကို ခံစားရပေသည်။

 

သူမ တွေးနေစဥ်မှာပဲ ရှန်းမူမူက အလေးအနက် ခေါင်းညိတ်ကာ သူမ စကားကို ပြန်ဖြေလာသည်အား ကြားလိုက်ရသည်။

 

"ဟုတ်တယ်။ သူက သိပ်မဆိုးရှာပါဘူး။ အလုပ်အရမ်းရှုပ်နေတတ်တာကလွဲရင် အပြစ်ပြောလောက်စရာ သိပ်မရှိဘူး။"

 

စုထင်းရန် : "..."

 

"ဖူး-" အပြစ်​ပြောလောက်စရာ ဟူသည့် စကားလုံးက အလွန် ရွှင်မြူးဖွယ်ကောင်းရာ စုထင်းရန်က မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။ "ရှင် အပြင်မှာ သူ့ကို ဘယ်လို ချီးကျူးတယ်ဆိုတာ ဥက္ကဋ္ဌချီရော သိရဲ့လား။"

 

ရှန်းမူမူက ပျင်းရိစွာ ပခုံးတွန့်ရင်း အရှက်မရှိ ပြောလိုက်သည်။ "သူ ဘယ်လို သိနိုင်မှာလဲ။ သိသွားရင် အရမ်း ဂုဏ်ယူဝင့်ကြွားနေတော့မှာပေါ့။"

 

သူမ ပြောပြီးသွားသည့်နောက် စုထင်းရန်က ပို၍ပင် ရယ်မောလာကာ မျက်ရည်ပင် ထွက်လုမတတ်ဖြစ်လာသည်။

 

အမှန်တွင် ရှန်းမူမူ၏ စကားလုံးများက ပုံကြီးချဲ့ထားခြင်း ဖြစ်သည်။

 

သူတို့က သ​ဘောတူစာချုပ်နှင့် လက်ထပ်ထားခြင်းဖြစ်ရာ အခြားလူများရှေ့၌သာ ချစ်ခင်ရင်းနှီးကာ ကြင်နာယုယသည့်အသွင် ဟန်ဆောင်နေခြင်း ဖြစ်သည်။

 

သို့သော် သူမ မသိခဲ့သည်မှာ ထိုကဲ့သို့ ချစ်ခင်ကြင်မှုပြသသည့် အမူအရာတို့က စုထင်းရန်ကဲ့သို့ ရှေးရိုးဆန်သည့် လက်ရွေးစင်မဒမ် တစ်ယောက်အတွက် အလွန် ဆန်းသစ်ပြီး အံ့အားသင့်ဖွယ် ဖြစ်နေခဲ့သည်ကိုပင်။

 

နေ့ခင်းအချိန်၌ အခြားလူများ၏ နောက်ကျောတွင် သူတို့၏ အတင်းအဖျင်းများကို မပြောသင့်ပေ။

 

ထိုအချိန်၌ ပေကျင်း၏ ကုန်သွယ်ရေးအဆောက်အဦး တစ်ခုတွင်....

 

ထိပ်ဆုံးအထပ်မှ နှာချေသံနှစ်ချက် ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာသည်။

 

"ဟက်ချိုး ဟက်ချိုး"

 

ဥက္ကဋ္ဌ၏ အခန်းမှ ထွက်လာသော အသံကို ကြားသည့်အခါ လက်ထောက်သုန်းက ဝင်မလာခင် တံခါးနှစ်ချက်ခေါက်လိုက်သည်။

 

"ဥက္ကဋ္ဌချီ မိသားစုဆရာဝန်နဲ့ ဆက်သွယ်ပေးရမလား။"

 

အေးစက်၍ ခန့်ညားသော အမူအရာနှင့် အမျိုးသားက တစ်ချက် မော့ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "မလိုဘူး။"

 

သူ ​ပြောပြီးသွားသည့်နောက် စားပွဲပေါ်မှ သူ့ဖုန်းက လင်းလာသည်။

 

သူက ရှန်းမူမူထံမှ မက်ဆေ့ချ်တစ်စောင် လက်ခံရရှိလိုက်၏။

 

ရှန်းမူမူ : "ပထမဆုံးအော်ဒါက ကျိန်းသေသွားပြီ။ ပြန်ပေးရမယ့် ငွေကြေးရဲ့ ဆယ်ရာခိုင်နှုန်း တိုးတက်လာပြီ။ မိုက်တယ်မလား။"

 

ထက်ရှသော အသွင်အပြင်နှင့် အမျိုးသားက ဖုန်းစခရင်ကို ကြည့်ရင်း သူ့မျက်လုံးများထဲမှ အလင်းရောင်က နူးညံ့သိမ်မွေ့သွားပုံပေါ်ကာ သူ့နှုတ်ခမ်းများကလည်း ကွေးညွှတ်သွား၏။

 

သူ၏ ကောင်းမွန်လှပသော လက်ချောင်းများက ဖုန်းစခရင်ကို ထိတွေ့သွားရင်း စာရိုက်လိုက်သည်။ "အင်း"

 

တခဏမျှ တွေးပြီးနောက် သူက မက်ဆေ့ချ်ကို ဖျက်လိုက်ပြီး နောက်တစ်ခါ ပြန်ရိုက်ပြီးမှ ပို့လိုက်သည်။ 

 

"မိုက်တယ်။"