အခန်း ၁၉
ခြုံခိုတိုက်ခိုက်ခံရခြင်း (၁)
ရောက်လာသောသူများက
ရေကို အလုံအလောက် သောက်ပြီးနောက် ထောင်ဟွားဝူမှ ရွာသားများကို စိတ်အားထက်သန်သော
မျက်လုံးများဖြင့် ကြည့်နေကြသည်။ သူတို့က ငါးစွပ်ပြုတ်၏ အမွှေးရနံ့ကို
ရှူရှိုက်ရင်း တံတွေးများ မျိုချနေကြကာ
မသိစိတ်မှ ထွက်လာသောအမူအရာများဖြင့် ထောင်ဟွားဝူမှ ရွာသားများဆီသို့ လျှောက်လာနေကြသည်။
ထို့နောက်တွင်မူ သူတို့က ကျိရွှေရှန့်ကို မြင်သွားကြပြီး မဝံ့မရဲ ဖြစ်သွားကြသော်လည်း
ပြန်ထွက်ခွာသွားရန် တွန့်ဆုတ်နေကာ အဝေးတွင် ရပ်နေကြပြီး
စိတ်အားထက်သန်သောမျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
"ယုံခန်း၊ မင်း သူတို့ဆီကို သွားပြီး ဘာတွေဖြစ်နေလဲလို့ မေးကြည့်လိုက်"
ကျိရွှေရှန့်ကလည်း
တစ်ခုခုမှားနေကြောင်း ရိပ်မိလိုက်ပြီး ချိုးယုံခန်းကို သွားကြည့်ရန်
တောင်းဆိုလိုက်သည်။ သူ ချိုးယုံခန်းကို စေလွှတ်ရသည့် အဓိက အကြောင်းအရင်းမှာ သူ့၏ပုံပန်းသွင်ပြင်က
ထိုလူများအတွက် ကြောက်စရာကောင်းနေမည်ဖြစ်ပြီး ယုံခန်းက နူးညံ့သိမ်မွေ့ပြီး
သန့်စင်ပုံပေါက်နေသောကြောင့် ထိုလူများက သူကို ကြောက်ရွံကြမည် မဟုတ်ပေ။
ချိုးယုံခန်းက
ဒုက္ခသည်များဆီသို့ လျှောက်သွားလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း သူတို့က ချိုးယုံခန်းကို
လုံးဝ မကြောက်ဘဲ သူ့၏မေးခွန်းများကို တစ်ခုပြီး တစ်ခုဖြေပေးကြသည်။
စူးချင်းကလည်း
သူတို့ကို အာရုံစိုက်ကာ စောင့်ကြည့်နေခဲ့သည်။ ဒုက္ခသည်များ၏ မျက်နှာများတွင်
ထိတ်လန့်သော အမူအရာများ ရှိနေကြပြီး ၎င်းတို့၏ မျက်လုံးများတွင် ဖုံးကွယ်ထားသော
အကြောက်တရားများဖြင့် ပြည့်နှက်နေသည်။
မကြာခင်မှာပင် ချိုးယုံခန်းက
သတင်းတစ်ခုနှင့် ပြန်ရောက်လာခဲ့ပြီး အကြောင်းအရင်းက မနေ့က ကျိရွှေရှန့်နှင့် သူ့လူများ
ရိုက်နှက်ခဲ့သော လူများက ဓားပြများ ဖြစ်နေခြင်းပင်။ ကျိရွှေရှန့်နှင့် သူ၏လူများထံမှ
ပြင်းထန်စွာ အပြစ်ပေးခံရပြီးနောက်တွင် ဓားပြများက သွေးဆာလာပြီး ရူးသွပ်စွာ
စတင်သတ်ဖြတ်လာကြသည်။ ထို့အပြင် သူတို့က လူရာပေါင်းများစွာကို တောင်ပေါ်သို့ ခေါ်ဆောင်သွားခဲ့ပြီး ယခုရောက်လာသော ဒုက္ခသည်များအားလုံးက ထိုနေရာမှ ထွက်ပြေးလွတ်မြောက်လာသူများ
ဖြစ်ကြသည်။
"ရွှေရှန့်၊ ငါတို့ မြန်မြန်ထွက်သွားရမယ်။ ဒီဓားပြတွေက ငါတို့နောက်ကို
လိုက်လာမှာ သေချာတယ်”
ချိုးယုံခန်း၏ အမူအရာက
လေးနက်နေသည်။ ထောင်ဟွားဝူအဖွဲ့တွင် သန်မာသော
အမျိုးသားအယောက်သုံးဆယ်ခန့်ရှိသော်လည်း ၎င်းတို့ထဲမှ အနည်းငယ်ကသာ ကိုယ်ခံပညာကို တက်မြောက်ထားကြသည်။
ကျန်သူများအားလုံးက ရိုးသားသောလယ်သမားများ ဖြစ်ပြီး အမှန်တကယ် တိုက်ခိုက်လျှင်
သူတို့က ထိုရူးသွပ်နေသူများ၏ ပြိုင်ဖက်ဖြစ်နိုင်မည် မဟုတ်ပေ။
ထို့အပြင် သူတို့က
အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများကို ကာကွယ်စောင့်ရှောက်ရန်
လိုအပ်နေပြီး သူတို့၏အခြေအနေက ပို၍ပင် ခက်ခဲလာမည်ဖြစ်သည်။
"ကောင်းပြီ၊ အခု ချက်ခြင်း သွားကြရအောင်"
ကျိရွှေရှန့်က ခေါင်းညိတ်လိုက်သည်။
သူက ဓားပြများကို မကြောက်သော်လည်း ထောင်ဟွားဝူမှ သက်ကြီးရွယ်အိုများနှင့်
ငယ်ရွယ်သူများအတွက် သူ တာဝန်ယူရမည်ဖြစ်သည်။
ထောင်ဟွားဝူမှ ရွာသူရွာသားများက
တစ်ဖန်ခရီးဆက်ခဲ့ကြပြန်သည်။ နေရောင်အောက်တွင် အချိန်အတော်ကြာ လမ်းလျှောက်နေကြပြီးနောက်
ချွေးများဖြင့် ဖုံးလွှမ်းလာပြီး ပူလာသောအခါ ရေငတ်လာကြသည်။ ရေငတ်သောအခါ ရေကို ခဏခဏ
သောက်နေကြပြီး သူတို့ယူလာလာသော ရေအိတ်များက ခဏလေးအတွင်း ကုန်ဆုံးသွားခဲ့သည်။
စူးချင်းနှင့်ကျိရှောင်ယင်တို့က
ရေအိတ်တစ်လုံးကို မျှဝေသုံးစွဲခဲ့ကြသော်လည်း စူးချင်းက ရေမသောက်ရန် ထိန်းချုပ်ထားခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူမက ထိုအခြေအနေမျိုးအတွက် လေ့ကျင့်ထားခဲ့ရသောသူ ဖြစ်သည်။
သို့သော်လည်း ကျိရှောင်ယင်က
သည်းမခံနိုင်တော့ပေ။ သူမ၏မျက်နှာလေးက နေရောင်ကြောင့် နီရဲနေပြီး သူမ၏ ခြေထောက်များက
အပူဒဏ်ကြောင့် အားနည်းနေပုံရသည်။ သူမက ရေထဲမှ ထွက်လာသော ငါးလေးနှင့်တူနေပြီး သူမ၏နှုတ်ခမ်းများက
ခြောက်သွေ့နေကာ အက်ကွဲမူ့ကြောင့် သွေးများပင်ထွက်နေခဲ့သည်။
သို့သောလည်း ကျိရှောင်ယင်က
သူမဘာသာ ရေသောက်ရန် ငြင်းဆန်နေသေးသည်။ သူမက သူမ ရေသောက်တိုင်း စူးချင်းကို
တစ်ငုံပေးနေသည်။ ထိုကြောင့်ပင် စူးချင်းက သူမကို သဘောကျခဲ့ခြင်းဖြစ်ပြီး သူမက
ကိုယ်ကျိုးမဖက်တက်သည့် ကြင်နာတတ်သူသာ ဖြစ်သည်။
သူမတို့နှစ်ယောက်
ရေအိတ်ကို တစ်ယောက်စီတစ်ယောက် တွန်းပို့နေသည်ကို ကျိရွှေရှန့်က မြင်သွားပြီး သူက သူ့ရေအိတ်ကို
သူ့ညီမလေးဆီ လှမ်းပေးလိုက်သည်။
"မင်း ယူထားလို့ရတယ်၊ ငါ ရေမဆာဘူး"
"မလိုပါဘူး၊ ညီမလေးတို့ လုံလောက်ပါတယ်"
ကျိရှောင်ယင်၏
နှလုံးသားကလည်း သူမ၏အစ်ကိုအတွက် နာကျင်နေရသည်။ သူက ဤမျှလေးလံသော လှည်းကို
ဆွဲနေရဆဲဖြစ်ပြီး ချွေးအလွန်ထွက်နေသောကြောင့် ရေဆာနေမည်ပင်။
နောက်ဆုံးတွင်
ရေအရင်းအမြစ်ကို ရှာတွေ့ပြီးနောက် ကျိရွှေရှန့်က လူတိုင်းကို ခဏတာ အနားယူစေပြီး သူတို့၏
ရေအိတ်များကို ဖြည့်ခိုင်းလိုက်သည်။
ရွာသူရွာသားများက
ရေသောက်ရန် ကမ်းစပ်သို့ ပြေးသွားကြသည်။ ရေကို အလုံအလောက်သောက်ပြီးနောက်တွင်
စူးချင်းက ဂရုတစိုက် ကြည့်ရှုလိုက်သည်။ မြစ်ရေက အလွန်တိမ်နေကာ အောက်ဘက်ရှိ ကျောက်တုံးများကိုပင်
သိသိသာသာ မြင်နေရသည်။ အထက်ပိုင်းမှ စီးဆင်းလာသောရေစီးကလည်း နည်းပါးပြီး နှေးကွေးလွန်းလှသည်။
သူမ ခေါင်းကို မော့ကြည့်လိုက်လာ ရာသီဥတုက ပိုခြောက်သွေ့လာကြောင်း နားလည်လိုက်ပြီး
အရှေ့ဘက်ရှိ ရေအရင်းအမြစ်က ခန်းခြောက်သွားနိုင်ကြောင်း ရိပ်မိလိုက်သည်။
လက်ရှိအခြေအနေက
မလွယ်ကူနိုင်တော့ကြောင်း သူမ ခံစားလိုက်ရသည်။ သူမက ရေသိုလှောင်နိုင်ရန် စနစ်ထဲတွင်
ကွန်တိန်နာ ရှာဖွေလိုက်သော်လည်း စနစ်တွင် ကွန်တိန်နာများ မရှိခဲ့ပေ။ ထို့နောက် သူမက
တောင်ပေါ်ရှိ ဝါးပင်များကို တစ်ချက်ကြည့်လိုက်သည်။ ထိုဝါးများက ဆယ်စုနှစ်များစွာ ရှင်သန်ကြီးထွားခဲ့ပုံရပြီး
ရေသိုလှောင်ရန် အလုံအလောက် ထူထဲသည်။
သူမက
ဓားရှည်တစ်လက်ကို ယူကာ တောင်ပေါ်ဘက်သို့ လျှောက်သွားလိုက်သည်။ ကျိရွှေရှန့်က
သူမကို ကြည့်နေပြီး မျက်မှောင်ကြုတ်သွားသည်။
ဒီအမျိုးသမီးက
အမြဲတမ်း တစ်ယောက်တည်း လုပ်ချင်ရာ လုပ်နေပြီး သူ့ကို စိတ်ပူရအောင် လုပ်တယ်။
သူက သူမနောက်ကို
လိုက်လာပြီး “အခု ဘာလုပ်နေတာလဲ?”
“မြစ်ရေက
ခန်းခြောက်တော့မယ့် လက္ခဏာတွေ ပြနေတယ်။ ကျွန်မတို့ ဒီထက်ပိုသွားရင် ရေအရင်းအမြစ် မရှိနိုင်တော့ဘူး။
အဲ့အတွက် ရေများများ သယ်သွားရမယ်” စူးချင်းက ဘာမှ မဖြစ်သလို ခပ်အေးအေး
ပြန်ဖြေလိုက်သည်။
သူမကတော့
ပြောပြီးပြီ၊ ယုံတာ မယုံတာကတော့
သူ့အပေါ်မှာပဲ မူတည်တော့တယ်။
ကျိရွှေရှန့်က
မြစ်ကို ပြန်လှမ်းကြည့်လိုက်သည်။ မြစ်ရေက တိမ်လွန်းနေပြီး မြစ်အောက်ခြေရှိ
ကျောက်တုံးများပင် ပေါ်ထွက်နေခဲ့ကာ သူမပြောခဲ့သည့်အတိုင်း အမှန်တကယ် ဖြစ်နေခဲ့သည်။
ကျိရွှေရှန့်က စူးချင်းကို
ကြည့်ပြီး ထပ်မေးလိုက်သည်။
"မင်း
ဘယ်လိုတွေးလဲ?"
“တောင်ပေါ်မှာရှိတဲ့
ဝါးတွေနဲ့ဆိုရင် ရေထည့်ဖို့ ဝါးကျဥ်တောက်တွေ လုပ်လို့ရတယ်။ လူတိုင်းက
ခြင်းတောင်းနဲ့ တတ်နိုင်သလောက် သယ်သွားလို့ရတယ်”
စူးချင်းက
တောင်ပေါ်ရှိ စိမ်းလန်းသော ဝါးပင်များကို ညွှန်ပြလိုက်သည်။ ဝါးများက
ဆယ်စုနှစ်များစွာ ရှင်သန်ကြီးထွားနေပုံရပြီး ကောင်းကင်ကိုပင် ဖုံးလွှမ်းတော့မယောင်
ဖြစ်နေခဲ့သည်။ ထိုအပြင် လမ်းတွင် စားနိုင်ရန် မျှစ်များပင် ရရှိနိုင်သေးသည်။
"ကောင်းပြီ၊ ငါက လူတချို့ကို ခေါ်သွားပြီး ဝါးနဲ့ နွယ်ပင်တွေကို ခုတ်လှဲပေးမယ်၊
မင်းက လူတချို့ကို ဦးဆောင်ပြီး ကျောပိုးနိုင်မယ့် ခြင်းတောင်းတွေ ရက်ပေးပါ" ကျိရွှေရှန့်က
ခေါင်းညိတ်လိုက်သည်။ စူးချင်းက ခြင်းတောင်းရက်လုပ်နည်းကို သိသောကြောင့်
ဤအရေးကြီးသော တာဝန်ကို သူမထံသို့ အပ်နှင်းလိုက်သည်။ သူတို့အဖွဲ့တွင် ခြင်းတောင်း ရက်လုပ်နည်းကို
သိသော သက်ကြီးရွယ်အိုနှစ်ဦးရှိသော်လည်း သူမတို့က အသက်ကြီးနေပြီး မျက်လုံးများ
မှုန်နေကာ နှေးကွေးသောကြောင့် အချိန်ကုန်စေလိမ့်မည်။
"အင်း"
စူးချင်းက ခေါင်းညိတ်ပြလိုက်သော်လည်း
သူမက တောင်ပေါ်သို့ ဆက်လက်လျှောက်လှမ်းနေဆဲဖြစ်သည်။
“မင်း
ဆေးပညာကျွမ်းကျင်တယ်ဆိုရင် မင်းခန္ဓာကိုယ်ရဲ့ အခြေအနေကို မင်း သိရမယ်။
တစ်ယောက်တည်း မလုပ်ပါနဲ့” ကျိရွှေရှန့်က စူးချင်းနောက်မှ လှမ်းအော်ကာ သူမဘာသာသူမ
မလုပ်ရန် သတိပေးလိုက်သည်။
"ကျွန်မ သိတယ်၊ ဒါကြောင့် ကုသမှုအတွက် ဆေးပင်တွေကို အမြန်စုဆောင်းဖို့
လိုတယ်” စူးချင်းက နောက်ပြန်လှည့်လာပြီး ကျိရွှေရှန့်ကို အေးဆေးသောလေသံဖြင့် ပြန်ပြောလိုက်သည်။
ကျိရွှေရှန့်က စူးချင်း၏မျက်လုံးများကို
စိုက်ကြည့်လိုက်ပြီး “အင်း၊ ငါ မင်းကို ကုသပေးမယ်လို့ ကတိပေးခဲ့တယ်၊ ဒါကြောင့်
မင်း ဆေးလိုရင် ငါ့ကို ပြောလို့ရတယ်၊ ငါ မင်းအတွက် စုဆောင်းပေးမယ်။ ရှာလို့ မရရင်
ဝယ်လို့ ရတယ်"
ယောက်ျားတစ်ယောက်ရဲ့ကတိက
ရွှေအချောင်းတစ်ထောင်တန်လို့ ပြောကြတယ်။ သူကလည်း သူ့စကားကို ဘယ်တော့မှ ပြန်ပြင်မှာ
မဟုတ်ပါဘူး။
"မလိုပါဘူး၊ ကျွန်မဘာသာ နည်းလမ်းရှာလို့ရတယ်"
စူးချင်းက
အရာအားလုံးကို သူ့ဘာသာသူ ဖြေရှင်းလေ့ရှိပြီး ဆေးဝယ်ရန် စိတ်ကူးထားပြီးဖြစ်သည်။
အနှစ်တစ်ထောင်လင်ဇီးက ရှာရခက်ပြီး သူမ ဝယ်လျှင်ပင် အနည်းဆုံး ရွှေစတစ်ထောင် ပေးရနိုင်သည်။
ထို့ကြောင့် ဝင်ငွေရှာရန် အချိန်ကို အကောင်းဆုံးအသုံးချရန် လိုအပ်နေသည်။
ယခုအချိန်တွင်
ဝင်ငွေရှာရန် အကောင်းဆုံးနည်းလမ်းမှာ ဆေးဘက်ဝင် ပစ္စည်းများ ရောင်းချခြင်းဖြစ်သောကြောင့်
ဆေးဘက်ဝင် ပစ္စည်းများ များများစုဆောင်းကာ ရောင်းချပြီး ဝင်ငွေရှာရန် ဤအချိန်ကို
ဆုပ်ကိုင်ထားရမည်ဖြစ်သည်။
စူးချင်းက မည်မျှခေါင်းမာသည်ကို
နားလည်သွားသောကြောင့် ကျိရွှေရှန့်က တခြားဘာမှ ထပ်မပြောတော့ပေ။
မည်သို့ပင်ဆိုစေကာမူ သူက သူမကို အဆုံးထိကူညီရန် ဆုံးဖြတ်ထားခဲ့သည်။ သူ့၏မွေးစားဖခင်ထံတွင်
သေလွန်သူကိုပင် အသက်ပြန်ရှင်စေနိုင်သော ဆေးညွှန်းရှိပြီး ထိုဆေးညွှန်းကို နတ်ဘုရားသမားတော်
ပြောင်ချွယ်က ချန်ထားခဲ့သည်ဟု သူ့၏မွေးစားဖခင်က ပြောပြခဲ့သည်။ သို့သော်လည်း
ဆေးညွှန်းအတွက် လိုအပ်သော ဆေးဖက်ဝင်အပင်များက ရှာဖွေရခက်ပြီး အထူးသဖြင့်
အနှစ်တစ်ထောင်လင်ဇီးပင်က ရှာဖွေရန် ခက်ခဲလွန်းလှသည်။
ဒါပေမယ့်
ဘယ်လောက်ပဲ ခက်ခဲ ခက်ခဲ သူ ကြိုးစားရမယ်။
ရွာသားများကို ကျင့်ရှီလျိုမြောင်သို့
လုံခြုံစွာ ခေါ်ဆောင်သွားပြီးနောက်တွင် သူက ထိုလင်ဇီးကို ရှာဖွေရန်
တောင်များဆီသို့ ပြန်သွားမည် ဖြစ်သည်။ ယခုအချိန်တွင်တော့ သူမ၏ကိုယ်တွင်းအင်္ဂါတွေများကို
ပြန်လည်ကောင်းမွန်စေပြီး သူမ၏အသက်ကို ထိန်းထားရန် ဆေးအချို့ကိုသာ သူ
ပြင်ဆင်ပေးနိုင်သေးသည်။
ကျိရွှေရှန့်က
ဝါးခုတ်ရန် တနျို့ကို တောင်ပေါ်သို့ ခေါ်ဆောင်သွားပြီး စူးချင်းက မျှစ်ရှာရန်
ဝါးတောထဲသို့ ဝင်သွားခဲ့သည်။ ကံမကောင်းစွာဖြင့် ရာသီချိန်မဟုတ်သောကြောင့် မျှစ်များက
မစားနိုင်လောက်အောင် ရင့်နေပြီ ဖြစ်သည်။
စူးချင်းက
မျှစ်ရှာခြင်းကို စွန့်လွှတ်လိုက်ပြီး ဆေးပင်များကို စတင်စုဆောင်းခဲ့သည်။ သူမက
ဆေးဖက်ဝင်အပင်များ ရှာဖွေစုဆောင်းခဲ့ပြီး
စနစ်ထဲတွင် ထားရှိကာ ရှောင်ချီကို စီမံစေခဲ့သည်။ သူမ စုဆောင်းပြီး သိပ်မကြာခင်မှာပင်
ကျိရွှေရှန့်က သူမကို ခေါ်နေသည်ကို သူမ ကြားလိုက်ရသည်။
စူးချင်းက သူမ၏
ခေါင်းကို မော့ကြည့်လိုက်ရာ ကျိရွှေရှန့်နှင့် လီတာ့နျိုက အထူဆုံး ဝါးသုံးလုံးကို
ခုတ်လှဲထားပြီဖြစ်ကြောင်း တွေ့လိုက်ရပြီး တောင်ပေါ်မှ ပြန်သယ်သွားနိုင်ရန်
နှစ်ပိုင်းပင် ခွဲထားပြီး ဖြစ်နေသည်။
ကျန်းလောင်ချီက
နွယ်ပင်များကို ခုတ်ရန် သူ့လူများကို ဦးခေါ်နေပြီး သူတို့နှင့်အတူ ပြန်ထွက်ခွာရန်
စောင့်ဆိုင်းနေခဲ့သည်။
ပုံမှန်အားဖြင့်
ဝါးပြွန်ပြုလုပ်ရန် ဝါးကို အပိုင်းပိုင်း ဖြတ်တောက်ပြီး ရေတွင် ပြုတ်ကာ အရိပ်တွင်
အခြောက်ခံရမည် ဖြစ်သည်။ သို့သော်လည်း သူတို့တွင် အချိန်မရှိသောကြောင့် ဝါးပြွန်များ
ရေနဲ့ တိုက်ရိုက် ရေဖြည့်ပြီး ဝါးပြွန်၏အဝကို ပိတ်နိုင်ရန် အဆို့တစ်ခု ပြုလုပ်ကြရသည်။
စူးချင်းက ရွာရှိ
အမျိုးသမီးများအား ခြင်းတောင်းရက်နိုင်ရန် သင်ကြားပေးခဲ့ပြီး ထိုအမျိုးသမီးများကို
သင်ကြားပို့ချပေးသည့်အတွက် ရက်လုပ်ခြင်းဆိုင်ရာ တိုးတက်မှုဘားက တိုးမြင့်လာသော်လည်း
နောက်ပိုင်းတွင် ပိုမိုနှေးကွေးသွားခဲ့သည်။ နှစ်နာရီကြာသောအခါတွင် ခြင်းတောင်းဆယ်တောင်ကျော်
ရက်လုပ်ခဲ့ပြီး အချိန်ဖြုန်းရန် အချိန်မရှိတော့ပေ။ ကျိရွှေရှန့်က ဝါးပြွန်များကို
ရေဖြည့်စေပြီး ခြင်းတောင်းများထဲသို့ ထည့်စေကာ အားလုံးကို ခရီးပြန်ထွက်ရန်
အမိန့်ပေးလိုက်သည်။
စူးချင်းက သူမ၏ ရက်လုပ်ခြင်းနှင့်
ဆေးပင်ရှာဖွေခြင်းဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက်လာသည်ကို မြင်နေရပြီး သူမက လမ်းလျှောက်နေရင်း
ကောက်ရိုးခြေနင်းကို ဆက်လက် ရက်လုပ်နေခဲ့သည်။ ညအချိန်၌ သူမက အစုံပေါင်း
ဆယ်ခုထက်မနည်း ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း သူမ၏ ရက်လုပ်ကျွမ်းကျင်မှု အမှတ်များက
ဆယ်ပုံတစ်ပုံသာ တိုးလာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့်
သူတို့က မနက်ခင်းတွင် ငါးနှင့် မုန့်ပေါင်းများကို စားခဲ့ရပြီး ထိုသို့မဟုတ်လျှင်
သူတို့ လမ်းဆက်လျှောက်နိုင်ကြမည် မဟုတ်ပေ။ ညနေစောင်းတွင် တောင်ကြားလမ်းတစ်ခုဆီသို့
ရောက်သွားကြပြီး တောင်ခါးပန်းများက အလွန် မတ်စောက်နေပြီး နေရာတိုင်းတွင်
ထူးဆန်းသော ကျောက်တုံးများ ရှိနေသည်။ ထိုနေရာက အနားယူရန် လုံခြုံသောနေရာ မဟုတ်သော်လည်း
သူတို့အဖွဲ့ရှိ သက်ကြီးရွယ်အိုများ၊ အားနည်းသူများ၊ အမျိုးသမီးများနှင့် ကလေးများက
လမ်းမလျှောက်နိုင်တော့ပေ။ ရံဖန်ရံခါတွင် တချို့လူများက နောက်ကျ ကျန်နေပြီ ဖြစ်သည်။
ကျိရွှေရှန့်က
မတ်စောက်သော တောင်ထိပ်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ တစ်ယောက်ယောက်က
အပေါ်ကနေ ကျောက်ခဲပစ်ချလျှင်ပင် သူတို့ သေနိုင်သောကြောင့် သူတို့ ဤနေရာတွင် ကြာကြာမနေသင့်ပေ။
သူ ထိုသို့ တွေးနေစဥ်မှာပင်
တောင်ပေါ်မှ အနက်ရောင် ခေါင်းတချို့ ထွက်လာသည်ကို သူ မြင်တွေ့ရသည်။
တဖက်ကလည်း သူတို့ကို
တွေ့သွားပြီး တစ်စုံတစ်ယောက်က လှမ်းအော်လိုက်သည်။ “သူတို့ ရောက်လာပြီ”
✍️✍️✍️