Chapter 20 ခြုံခိုတိုက်ခိုက်ခံရခြင်း (၂)
Viewers 148

အခန်း၂၀ ​​ခြုံခိုတိုက်ခိုက်ခံရခြင်း (၂)

‌နောက်ဆုံးတွင် သူ စိုးရိမ်နေသောအရာက တကယ်ဖြစ်လာခဲ့ပြီး ကျိရွှေရှန့်က ရွာသားများကို ရှောင်တိမ်းရန် အမိန့်ပေးလိုက်သော်လည်း အချိန်နှောင်းသွားပြီ ဖြစ်သည်။ သူအတွက်လည်း စဥ်းစားချိန်မရတော့ဘဲ လေးနှင့်မြှားကို ကောက်ကိုင်ကာ မြှားတစ်ချောင်းကို ပစ်လွှတ်ရင်း အော်ဟစ်လိုက်သည်။

“ယုံခန်း၊ လောင်ချီ၊ အားလုံးကို အမြန်ခေါ်သွားတော့!”

ကျိရွှေရှန့်၏လေးပစ်စွမ်းရည်က အလွန်တိကျပြီး သူ့၏မြှားတစ်စင်းတည်းဖြင့်ပင် ကျောက်တုံးကို တွန်းချမည့် ဓားပြကို ပစ်ချနိုင်ခဲ့သည်။ သို့သော်လည်း သူက ခဏပင် မရပ်တန့်နေဘဲ ဒုတိယမြှားကို ချက်ချင်းတင်လိုက်ပြီး ထပ်ပစ်လိုက်သည်။ အော်ဟစ်သံအနည်းငယ်ကို ကြားလိုက်ရပြီး ကျောက်တုံးကို တွန်းချရန်ပြင်နေသည့် ဓားပြများအားလုံး၏ ရင်ဘတ်တွင် အပေါက်များဖြင့် တောင်ပေါ်မှ ပြုတ်ကျ လာြကသည်။

သူက တွေ့သမျှလူများကို ပစ်သတ်နိုင်ခဲ့သည်။ အစပိုင်းတွင် ထိုဓားပြများက ကျိရွှေရှန့်က ဤမျှလောက် အစွမ်းထက်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူက မြှားကို တောင်ပေါ်အထိ အမှန်တကယ် ပစ်နိုင်ခဲ့သောကြောင့် သူတို့က ကျိရွှေရှန့်၏ ပစ်သတ်ခြင်းကို ခံခဲ့ရသည်။

သူက မည်မျှ အစွမ်းထက်သည်ကို သိရှိသွားပြီးနောက် ဓားပြများက ခေါင်းမဖော်ဝံ့တော့ဘဲ ကျောက်တုံးများ၏အနောက်ဘက်တွင် ပုန်းအောင်းနေကြကာ ကျောက်တုံးများကို တွန်းချနေကြသည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းတို့ထဲမှ အချို့သေဆုံးသွားခဲ့သောကြောင့် ကျန်လူများက ကျောက်တုံးကြီးများကို ခဏတာအတွင်း မတွန်းချနိုင်ကြပေ။ ထို့အပြင် ကျိရွှေရှန့်၏ ပစ်သတ်ခံရမည်ကို ကြောက်ရွံ့နေကြသောကြောင့်  ကြေမွနေသော ကျောက်တုံးငယ်များကို ကောက်ယူပြီး ပစ်ချရန်လည်း မလုပ်ရဲကြပေ။

ဤအကျပ်အတည်းအတောအတွင်းတွင် ရွာသားများအတွက် ရှောင်တိမ်းရန် အချိန်ရရှိခဲ့သည်။ ချိုးယုံခန်း၊ လီတာ့နျိုနှင့် အခြားလူအနည်းငယ်က ရွာသားများကို ချိုင့်ဝှမ်းအတွင်းမှ ကယ်ထုတ်ခဲ့ပြီး သူတို့က အသက်ကြီးသူများ၊ အားနည်းသူများ၊ ဖျားနာနေသူများနှင့် မသန်စွမ်းသူများကို သူတို့ကိုယ်တိုင် ထမ်းပိုးခေါ်ဆောင်သွားခဲ့သည်။

စူးချင်းကလည်း သူတို့နှင့်အတူ ဘေးလွတ်ရာသို့ လိုက်ပါသွားခဲ့သည်။ သူတို့ ချိုင့်ဝှမ်းထဲမှ ထွက်လာချိန်တွင် စူးချင်းက ကျိရွှေရှန့်ကို လှည့်ကြည့်လိုက်သည်။ ထိုအချိန်မှာ တောင်ပေါ်မှ ကျောက်တုံးကြီးတစ်တုံး ပြုတ်ကျလာနေပြီး ကျိရွှေရှန့်က ကျည်တောက်မှ မြှားများကို ငုံ့ကြည့်နေသောကြောင့် ထိုကျောက်တုံးကြီးကျလာသည်ကို သတိမထားမိပုံရသည်။

စူးချင်းက လုံးဝ မတွန့်ဆုတ်ဘဲ ကျိရွှေရှန့်ဆီသို့ အမြန်ပြေးသွားကာ သူ့ကို ဘေးလွတ်ရာသို့ တွန်းပို့ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း သူမက သူမ၏ စစ်နတ်ဘုရားစွမ်းရည်ကို အဆင့်ခြောက်အထိသာ အဆင့်မြှင့်ထားနိုင်သည်ကို မေ့လျော့နေခဲ့သည်။ သူမ၏ကြံ့ခိုင်မှုက သူမ၏ယခင်ဘဝကကဲ့သို့ မကောင်းသေးသောကြောင့် သူမ၏အရှိန်က နှေးကွေးနေကာ သူမ၏ခွန်အားကလည်း လျော့နည်းနေခဲ့သည်။ နောက်ဆုံးတွင် သူမက ကျိရွှေရှန့်ကို မကယ်တင်နိုင်ရုံသာမက သူမကိုယ်တိုင်ပင် သေဆုံးနိုင်မည့်အခြေအနေအတွင်းသို့ တိုးဝင်မိသွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ကျိရွှေရှန့်ကလည်း ထိုကျောက်တုံးကြီး ကျလာကို သတိပြုမိသွားသည်။ သူက စူးချင်း ပြေးဝင်လာသည်ကိုပါ မြင်သွားပြီး သူမကို ပွေ့ဖက်ကာ ဘေးလွတ်ရာကို လှိမ့်ထွက်သွားလိုက်သည်။

ဤအရာအားလုံးက လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်ခဲ့ပြီး ကျောက်တုံးကြီး ပြုတ်ကျလာသည့်အခိုက်တွင် လူတိုင်းက စိုးရိမ်တကြီး အော်လိုက်ကြသည်။ ပိန်းပါးကာ အားနည်းနေပုံရသည့် အရိပ်လေးတစ်ခုက ကျိရွှေရှန့်ကို ခုန်အုပ်လိုက်သည်ကို သူတို့ တွေ့လိုက်ရပြီး သူတို့နှစ်ယောက် အတူတူ လဲကျသွားကာ နှစ်ယောက်လုံး ကျောက်တုံးအောက်သို့ လဲကျသွားပုံရသောကြောင့် ရွာသားများ၏နှလုံးများက သူတို့၏လည်ချောင်းထဲသို့ပင် ရောက်ရှိလာခဲ့သည်။

ကျိရွှေရှန့် သေသွားခဲ့ရင် လူတိုင်းအတွက် သူတို့၏ကျောရိုးကို ဆုံးရှုံးသွားသလို ခံစားကြရမည် ဖြစ်သည်။ ကြီးမားသောကျောက်တုံးကြီးက တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာစေပြီး လေထဲတွင် ဖုန်မှုန့်များဖြင့် ပြည့်နှက်သွားခဲ့သည်။ လူတိုင်း၏ နှလုံးသားများက ချိုင့်ဝှမ်း၏အောက်ခြေတွင် မြုပ်နှံခံလိုက်ရသလို ဖြစ်သွားကြသည်။ မြင့်မားသော အမြင့်မှ ကျဆင်းလာသည့် ထိုကျောက်တုံကြီး၏အလေးချိန်မှာ အနည်းဆုံး ကျင်တစ်ထောင်ခန့်ရှိပြီး လူကို ဖိမိလျှင် သူတို့ ပြားချပ်သွားမည်မှာ သေချာနေပြီး အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။

ထိုအချိန်တွင် လူတိုင်းစိုးရိမ်နေသော ကျိရွှေရှန့်က စူးချင်း၏ခန္ဓာကိုယ်မှ အရူးအမူး ခုန်ထနေလေသည်။ သူ့လက်က မထိသင့်သော နေရာကို ထိမိသွားပြီး နူးညံ့သော ခံစားမှုက ဝါဂွမ်းပုံကြီးထဲ နစ်ဝင်သွားသလို ခံစားရလိုက်သည်။

ကျိရွှေရှန့်၏မျက်နှာက နေဝင်ချိန်မှ တိမ်များကဲ့သို့ နိရဲနေပြီး သူက မြေပြင်ပေါ်တွင် လဲလျောင်းနေသော အမျိုးသမီးကိုပင် မကြည့်ဝံ့တော့ပေ။

"ငါ.... ငါ.... တောင်ပေါ်တက်သွားပြီး သူတို့ကို သွားသတ်မယ်”

သူက ထိုစကားကိုသာ ချန်ထားကာ ထွက်ပြေးသွားတော့သည်။

စူးချင်းက ပြုတ်ကျသည့်အရှိန်ကြောင့် နာကျင်သွားသည့် သူမ၏ခါးကို ကိုင်ကာ ထထိုင်လိုက်သည်။ လမ်းကို ပိတ်ဆို့နေသည့် ကျောက်တုံးကြီးကို ကြည့်နေရင်း စူးချင်းတစ်ယောက် မျက်မှောင်ကြုတ်လိုက်မိသည်။

သူမရဲ့ အေးစက်တဲ့စိတ်နဲ့ သံယောဇဉ်ကင်းမဲ့တဲ့ နှလုံးသားက ဘယ်ရောက်သွားတာလဲ? သူမက ရှောင်ယင်ကို ဝမ်းမနည်းစေချင်တာ မှန်ပေမယ့် ဒီလူကို ကယ်တင်ဖို့ ဘာကြောင့် သူမရဲ့အသက်ကိုတောင် ရင်းပြီး စွန့်စားခဲ့မိတာလဲ?

ပြီးတော့ သူမ လုပ်ခဲ့တာတွေက လုံးဝ မလိုအပ်ဘူးလေ။ သူမက သူ့ကို မကယ်ခဲ့ဘူးဆိုရင်တောင် သူက ကျောက်တုံးကြီးကို ဘေးကင်းစွာ ရှောင်တိမ်းနိုင်လောက်တယ်။

စူးချင်းက မတ်တပ်ထရပ်လိုက်ပြီး သူမ၏အဝတ်အစားများကို သေသပ်အောင် ပြန်ပြင်လိုက်သည်။ လွန်ခဲ့သောအခိုက်အတန့်တွင် သူမတို့ အချင်းချင်း ပွေ့ဖက်မိထားကြပြီး အတူတူ လှိမ့်ထွက်လာခဲ့ကြသည်။ သို့သော်လည်း ထိုယောက်ျား၏ သန်မာသော ခန္ဓာကိုယ်က သူမကို ကာကွယ်ပေးထားခဲ့ပြီး သူမကို လုံးဝ မထိခိုက်စေခဲ့ပေ။

စူးချင်းက သူမ၏ခေါင်းကို မော့ပြီးလိုက် တောင်ပေါ်သို့ လှမ်းမျှော်ကြည့်လိုက်သည်။ ဓားပြများက သူမတို့ အသတ်ခံလိုက်ရပြီဟု ထင်ကာ အောင်ပွဲခံ အော်ဟစ်နေကြသည်။ သူတို့ထံမှတစ်ယောက်က လက်ခေါက်ပင်မှုတ်နေသေးသည်။

ထိုလက်ခေါက်မှုတ်သံက စူးရှပြီး ပတ်ဝန်းကျင်ကို ဖောက်ထွက်ကာ လီပေါင်းမျာစွာ  ခရီးနှင်နိုင်ပုံရသောကြောင့်  စူးချင်း၏ အမူအရာက တဖန်လေးနက်သွားပြန်သည်။ ဤသည်မှာ ဓားပြများက အောင်မြင်မှုအတွက် အချင်းချင်း အသိပေးရန် အသံပြုသော အသံသင်္ကေတဖြစ်နိုင်ပြီး မကြာမီတွင် ဓားပြများ အများအပြား ရောက်ရှိလာကာ သူမတို့ကို ချက်ချင်း လုယက်သတ်ဖျတ်ကြမည် ဖြစ်သည်။

သူမ ထိုအကြောင်းကို တွေးနေစဥ်မှာပင် အော်သံများ ကြားလိုက်ရပြီး ချိုင့်ဝှမ်း၏အပြင်ဘက်မှ ဖုန်မှုန့်များ လွင့်ပျံလာကာ ချိုင့်ဝှမ်းအတွင်းသို့ ပဲ့တင်ထပ်လာသော များပြားသည့် မြင်းခွာသံများကို သူမ ကြားလိုက်ရသည်။

မကောင်းတော့ဘူး… ဓားပြတွေရဲ့ အဓိက အင်အားစုတွေ ရောက်လာကြပြီ။

စူးချင်းက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ ကျောက်တုံးကြီး ကျဆင်းထားသည့်နေရာကို တွေ့လိုက်ရသည်။

ထိုနေရာတွင် ကျောက်တုံးများက လမ်း၏နေရာအများစုကို ပိတ်ဆို့ထားပြီး ကျန်နေသောနေရာလွတ်က လူတစ်ဦး သို့မဟုတ် မြင်းတစ်ကောင်သာ ဖြတ်သန်းနိုင်သော အကွာအဝေးသာ ရှိနေတော့သည်။ ထိုနေရာက ခုခံရန် လွယ်ကူပြီး တိုက်ခိုက်ရန် ခက်ခဲသောကြောင့် ၎င်းကို သဘာဝအတားအဆီးအဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။

စူးချင်းက ထိုကျောက်တုံးများဆီသို့ အလျင်အမြန် ပြေးသွားနေရင်း သင့်တော်မည့်လက်နက်ကိုပါ ရှာဖွေလိုက်သည်။ သူမက ကျိရွှေရှန့်၏သစ်သားလှည်းပေါ်မှ အသွားလေးချောင်းပါသော ကောက်ဆွကို မြင်သွားပြီး ထိုကောက်ဆွကို ဆွဲထုတ်ကာ ပြေးထွက်သွားတော့သည်။

"အဖေ အမေ! အားလုံးကို ခေါ်ပြီး ပြေးတော့!” ချိုးယုံခန်းကလည်း ထိုဆိုးရွားသော အခြေအနေကို မြင်နိုင်ပြီး အံ့သြထိတ်လန့်နေသော ရွာသားများကို ခေါ်ကာ ထွက်ခွာရန် သူ့မိဘများကို အော်ဟစ်တောင်းဆိုနေခဲ့သည်။

"လောင်ချီ! တာ့နျို! တိုက်ကြရအောင်"

ချိုးယုံခန်းက သူနှင့်အတူ ယူလာသော ပေါက်ပြားကို ကောက်ကိုင်လိုက်ပြီး သူ့သူငယ်ချင်းကောင်းနှစ်ယောက်ဆီ လှည့်ကာ အော်ပြောလိုက်သည်။

အမျိုးသမီးတစ်ဦးဖြစ်တဲ့ စူးချင်းတောင်မှ  ဓားပြတွေနဲ့ တိုက်ခိုက်နေပြီလေ။ သူတို့က အမျိုးသမီးတစ်ဦးရဲ့ အကာအကွယ်ကို ဘယ်လို လက်ခံရမှာလဲ?

"ကောင်းပြီ၊ အားလုံးထွက်ပြီး ရွှေရှန့်အတွက် လက်စားချေကြရအောင်"

ကျိရွှေရှန့်က ကျောက်တုံးဖြင့် အဖိခံလိုက်ရသည်ဟု သူတို့ ထင်နေသည့်အတွက် လီတာ့နျို၏ မျက်လုံးများက နီရဲနေလေသည်။

ဒီမုန်းတီးမှုအတွက် လက်စားချေရမယ်။ တယောက်သတ်နိုင်ရင် အရင်းကျေသွားမယ်။ နှစ်ယောက် သတ်နိုင်ရင် သူတို့ဘက်က အမြတ်ရမယ်၊ သူက သေရမှာကို မကြောက်ဘူး။

ကျန်းလောင်ချီက သူ့၏ဓားရှည်ကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ထားပြီး စကားမပြောဘဲ အံကို တင်းတင်းကြိတ်ထားခဲ့သည်။ သူတို့၏ညီအစ်ကိုဖြစ်သူ ရွှေရှန့်၏သေဆုံးခြင်းအတွက် သူတို့က မဖြစ်မနေ လက်စားချေရမည် ဖြစ်သည်။

စူးချင်းက သူမကို ကူညီရန် လာနေသော လူသုံးယောက်ကို မတွေ့ဘဲ ကောက်ဆွကို ကိုင်ကာ ကျောက်တုံး၏နောက်တွင် ပုန်းနေပြီး အေးအေးဆေးဆေး နားစွင့်နေခဲ့သည်။ အနီးသို့ ချဉ်းကပ်လာသော မြင်းခွာသံကို ကြားရချိန်တွင် သူမက ရုတ်တရက် ထရပ်ကာ လက်ကိုမြှောက်ပြီး မြင်း၏ဝမ်းဗိုက်ကို ကောက်ဆွဖြင့် အပြင်းအထန် ထိုးသွင်းလိုက်သည်။ မြင်းက နာကျင်မှုကြောင့် ၎င်း၏သခင်ကို မြေပြင်ပေါ်သို့ ကန်ချလိုက်ပြီး စူးချင်းက ပြုတ်ကျလာသော ထိုဓားပြ၏လည်ချောင်းကို ကောက်ဆွဖြင့် ရက်စက်စွာ ထိုးဖောက်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အရာအားလုံး ဖြစ်ပျက်သွားပြီး ချိုးယုံခန်းနှင့် တခြားသူများက စူးချင်းကို ထိတ်လန့်တကြား စိုက်ကြည့်နေကြသည်။ သူတို့အတွက် ဤမျှ ရက်စက်ကြမ်းကြုတ်သော အမျိုးသမီးတစ်ဦးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

ဒါက ပြိုင်ဘက်ကို တုံ့ပြန်ဖို့ အခွင့်အရေး လုံးဝ မပေးဘဲ တိကျသပ်ရပ်တဲ့ သတ်ဖြတ်မှုပါပဲ။

စူးချင်းက ပထမဓားပြကို သတ်ပြီးနောက် ဒုတိယဓားပြက ဓားရှည်ကို မြှောက်ကာ ပြေးဝင်လာပြန်သည်။ သူမက ကောက်ဆွကို မြှောက်လိုက်ရာ မြင်းက ကြောက်လန့်တကြားဖြင့် ရပ်တန့်လိုက်သည်။ သို့သော်လည်း မြင်းပေါ်ရှိ ဓားပြက အရှိန်မထိန်းနိုင်ဘဲ ရှေ့သို့ ထိုးကျလာသည်။ စူးချင်းက ထိုဓားပြကို ဆွဲဖမ်းလိုက်ပြီး သူမ၏လက်ထဲမှ ကောက်ဆွက ထို့လူ၏နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြန်သည်။

နှစ်ဦးဆက်တိုက် အသတ်ခံရပြီးနောက်တွင် အနောက်ဘက်မှ ဓားပြများက ပရမ်းပတာ ဖြစ်သွားကြသည်။ ဓားပြခေါင်းဆောင်က သူ့အဖွဲ့ ပရမ်းပတာဖြစ်နေပြီး မည်သူမျှ ကျောက်တုံးများဆီသို့ ထပ်မပြေးဝံ့တော့ကြောင်း မြင်လိုက်ရသောကြောင့် သူက မြင်း၏ ဇက်ကြိုးကို ဆွဲကာ ဘေးဘယ်ညာသို့ လှမ်းကြည့်လိုက်သည်။

ထို့နောက် သူက  ကျောက်တုံးဆီသို့ လက်ညှိုးထိုးပြလိုက်ပြီး သူ့၏လက်အောက်ငယ်သားများကို အော်ဟစ်အမိန့်ပေးလိုက်သည်။

“ကျောက်တုံးပေါ်ကို တက်ကြ”

"ငါတို့ မင်းကို ကူညီမယ်"

ချိုးယုံခန်းက စူးချင်းကို ကူညီရန် လီတာ့နျိုနှင့် ကျန်းလောင်ချီကို ခေါ်ဆောင်လာခဲ့သည်။ သူမ မည်မျှ ရက်စက်ကြမ်းကြုတ်သည်ကို မြင်ပြီးနောက် ချိုးယုံခန်းက သူမအပေါ် ပို၍ ယဉ်ကျေးလာတော့သည်။

သူတို့က အပေါ်ကနေ တိုက်ခိုက်ကြတော့မယ်။ ရှင်တို့နှစ်ယောက် အပေါ်ကို တက်ပြီး ခုခံကြ။ ကျောက်တုံတွေ များများ ယူသွားပြီး သူတို့ တက်လာရင် ကျောက်တုံးနဲ့ ပစ်ချလိုက်"

စူးချင်းက ချိုးယုံခန်းကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာဖြူဖျော့ဖျော့နှင့် ထိုပညာရှင်က တိုက်ခိုက်ရေး စွမ်းအား များများစားစား မရှိကြောင်း သူမ နားလည်နေသည့်အတွက် စူးချင်းက လီတာ့နျိုနှင့် ကျန်းလောင်ချီကို ကြည့်ကာ အမိန့်ပေးလိုက်သည်။

သူမတို့ ကြာကြာထိန်းထားနိုင်လေလေ ကျိရှောင်ယင်နှင့် အ‌ဒေါ်လီတို့ ဝေးဝေ ပြေးနိုင်လေဖြစ်မည်ဟု စူးချင်းက တွေးထားပြီး  နောက်ဆုံးတွင် သူမ ရှင်သန်နိုင်မည်ဟုလည်း ယုံကြည်နေခဲ့သည်။

ဒီယောက်ျားသုံးယောက်ကတော့ သူတို့ထိုက်နဲ့ သူတို့ကံပါပဲ။ ဘာပဲဖြစ်ဖြစ် သူတို့က သူမ ကာကွယ်ရမယ့်လူတွေ မဟုတ်ဘူးလေ။

စူးချင်း၏အမိန့်က တည်ငြိမ်ပြီး ပြတ်သားနေသောကြောင့် သံသယဖြစ်စရာ နေရာမရှိပေ။ သူမက စစ်သူကြီးဖြစ်ရန် မွေးဖွားလာပုံရပြီး လီတာ့နျိုနှင့် ကျန်းလောင်ချီတို့က မသိစိတ်မှ သူမ၏အမိန့်ကို နာခံနေမိကြသည်။

ချိုးယုံခန်းက စူးချင်း၏ မထီမဲ့မြင်ပြုမှုကို ခံစားလိုက်ရပြီး ၎င်းက သူ့ကို အလွန် စိတ်မသက်မသာ ဖြစ်စေခဲ့သည်။ သူက အားနည်းသော စာပေပညာရှင်မဟုတ်ကြောင်း သူမကို ပြသချင်နေသည်။

သို့သော်လည်း စူးချင်းက သူ့ကို ထပ်မကြည့်တော့ပေ။ သူမက သွေးများ စိုရွှဲနေသော ကောက်ဆွကို ကိုင်ကာ ကျောက်တုံးနောက်မှ ထွက်သွားပြီး တိုက်ခိုက်ရန် အဆင်သင့်ဖြစ်သောပုံဖြင့် ဓားပြများကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။

✍️✍️✍️