အခန်း ၁၈ ဂုဏ်သိက္ခာကို
ထူထောင်ခြင်း
တောရိုင်းဟင်းသီးဟင်းရွက်တွေကို
ရှာဖွေပြီးရင် သူမတို့မှာ ပြန်ထည့်လာစရာ ဘာမှ မရှိပါဘူး။ သူမတို့ရဲ့အဝတ်အစားတွေထဲမှာ
ထည့်သိမ်းလာဖို့ကလည်း အဆင်မပြေဘူးမလား?
သို့သော်လည်း ဤအရာက
ခက်ခဲလွန်းလှသည်တော့ မဟုတ်ပေ။ အဒေါ်ချိုးက အိမ်မှ ယူဆောင်လာသော ခြင်းတောင်းကို
ရှင်းထုတ်လိုက်ချိန်တွင် တောရိုင်းဟင်းသီးဟင်းရွက်များ ထည့်ရန် သိုလှောင်စရာ ရှိလာခဲ့သည်။
"စူးချင်း ကျေးဇူးတင်ပါတယ်၊ မင်းရဲ့ဆေးသောက်ပြီးတော့ ငါ့ရဲ့အကြီးဆုံးသားက ပိုကောင်းလာပြီ။
သူ့ဒဏ်ရာကတောင် မနာတော့ဘူး”
“ငါ့အဘိုးကြီးရဲ့ဒဏ်ရာလည်း
မနာတော့ဘူး”
"ငါ့ယောက်ျားရဲ့အဖျားလည်း သက်သာသွားပြီ"
မနေ့ညက စူးချင်း ကုသပေးခဲ့သော လူငါးဦး၏ မိသားစုဝင်များက
သူမထံသို့ ရောက်လာကာ ကျေးဇူးတင်စကားများပြောဆိုနေကြသည်။
မနေ့က သူတို့ အရမ်းကြောက်နေခဲ့ကြတယ်။
ဒဏ်ရာရထားတဲ့သူတွေရဲ့ ခန္ဓာကိုယ်တွေက ပူနေပြီး ဒဏ်ရာတွေကြောင့် ဖြူဖျော့နေပြီ။ ကျိရွှေရှန့်
ပြန်ယူလာတဲ့ ဆေးက ထိရောက်မှု သိပ်မရှိဘူး။ အဲ့အချိန်မှာ မမျှော်လင့်ထားဘဲ စူးချင်းရောက်လာပြီး
ဒဏ်ရာတွေကို ဆေးထည့်ပေးတဲ့အပြင် ဆေးတစ်လုံးလည်း
ပေးခဲ့တယ်။ အဲဒီနောက်မှာတော့ ရှီးချန်တစ်ဝက်မပြည့်ခင် သူတို့ရဲ့အဖျားက ပျောက်ကွယ်သွားခဲ့တယ်။
မူလက ကျိရွှေရှန့်က
ဝန်ထုပ်ဝန်ပိုးတစ်ခုကို ကောက်ယူကာ ထမ်းထားရသည်ဟု သူတို့ ထင်ခဲ့ကြသော်လည်း ယခုတွင် ရွှေရှန့်က
ရတနာတစ်ခုကို ကောက်ယူမိလိုက်ပြီဖြစ်ကြောင်း သူတို့ သိလိုက်ရသည်။ စူးချင်းက ထောင်ဟွားဝူမှ
ရွာသားများရှေ့တွင် သူမ၏ဂုဏ်သိက္ခာကို ထူထောင်နိုင်ခဲ့သည်ဟု ဆိုနိုင်သည်။
ထိုစကားသံများကို
ကြားသောအခါ ကျိရွှေရှန့်က စူးချင်းကို ပို၍ပင် စူးစမ်းလိုသော အကြည့်များဖြင့်
ကြည့်နေခဲ့သည်။ အတိအကျပြောရရင် သူမ ဘာတွေလုပ်ခဲ့တာလဲ? သူမ ထုတ်ပေးတဲ့ဆေးတွေက
အံ့ဩစရာလောက်အောင် ထိရောက်တယ်။ သူ့မွေးစားအဖေရဲ့ ဆေးပညာက သူမလောက်တောင် မကောင်းဘူးလား?
စူးချင်းက
စူးစမ်းသော အကြည့်ကို ခံစားလိုက်ရပြီး မြစ်ကမ်းစပ်တွင် ရပ်နေသော အရပ်ရှည်ရှည်လူကို
ပြန်မော့ကြည့်လိုက်သည်။ သူ့မျက်လုံးများက သူမကို သံသယစိတ် အပြည့်ဖြင့် ကြည့်နေသည်ကို
မြင်နေရသော်လည်း စူးချင်းက ဘာမှမဖြစ်သလို အဝေးကို အကြည့်လွှဲလိုက်သည်။
အထောက်အထားရှိရင်တောင်
သူမက ဂရုမစိုက်ဘူး။ မနေ့ညက အဲ့လူငါးယောက်ကို ဆေးပေးတဲ့အချိန်မှာ ဆယ်ပုံတစ်ပုံလောက်လဲ
မြန်မြန်ပြန်ကောင်းနိုင်မယ့် ဆေးကို ဖော်စပ်ဖို့ သူမ ရှောင်ချီကို အတိအကျ ပြောထားခဲ့တယ်။
မဟုတ်ရင်
သူတို့ရဲ့ဒဏ်ရာတွေက တစ်နေ့တည်းနဲ့ လုံးဝ ပြန်ကောင်းသွားလိမ့်မယ်။ ဆေးက ဘယ်လောက်ပဲ
ကောင်းနေပါစေ၊ သူမ အဲဒါကိုတော့ လုံးဝ မလုပ်ပေးနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် သူမလည်း
အရမ်းသတိထားနေရတုန်းပဲ။
“ရွှေ့ရှန်း
ဒီမှာ ငါးဖမ်းပိုက် မရှိဘူး!"
လီတာ့နျိုက
ကြည်လင်သောမြစ်ထဲတွင် ကူးခတ်နေသော ငါးများကို ကြည့်နေရင်း စိုးရိမ်စိတ်ဖြစ်လာသည်။ ကျိရွှေရှန့်က
စူးချင်းဆီမှ အကြည့်ကို ပြန်လွှဲလိုက်ပြီး မြစ်ထဲသို့ လှမ်းကြည့်လိုက်သည်။
မနေ့က သူတို့
အမြန်ထွက်လာခဲ့တာကြောင့် ငှားထားတဲ့ ငါးဖမ်းပိုက်ကို ပြန်မရခဲ့ဘူး။ ဒါပေမယ့် ဒါက
သူ့အတွက်တော့ ပြဿနာမဟုတ်ဘူး။
ကျိရွှေရှန့်က ပတ်ပတ်လည်ကို
လိုက်ကြည့်လိုက်ပြီး ပါးစပ်ပုံသဏ္ဍာန်ရှိသော ရေထွက်ပေါက် တစ်ခုကို တွေ့လိုက်ရပြီး
ထိုနေရာတွင် ရေထဲတွင် ပေါက်လေ့ရှိသော
အပင်များ ထူထပ်စွာ ပေါက်ပြီး နေရာကျဥ်းလေး ဖြစ်နေသည်ကို သူ တွေ့လိုက်ရသည်။ ကျိရွှေရှန့်က
ကျောက်တုံးများကို ရွှေ့ရန် ကျန်းလောင်ချီကို ကျောက်တုံးများ ကောက်လာစေပြီး
ထိုနေရာတွင် ချကာ အပေါက်ကို ပိတ်ဆို့ရန် ရွှံ့နွံများကို ရှာဖွေယူခဲ့သည်။
ထို့နောက် အိုးကြီးတစ်လုံးကို အသုံးပြု၍ ရေကို ခပ်ထုတ်တော့သည်။
အစကတည်းက မြစ်ရေက
သိပ်မနက်ဘဲ ရေများကို ခပ်ထုတ်ပြီးနောက်တွင်
ရေတိမ်အလွှာတစ်ခုသာ ကျန်တော့ပြီး ရေထဲမှ ငါးများ အကုန် ပေါ်လာခဲ့သည်။ သူတို့က ရေတိမ်တွင်
မကူးနိုင်တော့ဘဲ အသက်ရှင်ရန် ရုန်းကန်နေကြသည်။
“ငါတို့
ငါးဖမ်းလို့ရပြီ”
ကျိရွှေရှန့်က
နောက်သို့ ပြန်လှည့်လိုက်ပြီး ကျန်းလောင်ချီကို လှမ်းပြောလိုက်သည်။ ဒါက
သေးငယ်တဲ့လှည့်ကွက်တစ်ခုပါပဲ။ သူတို့ ငယ်ငယ်တုန်းက ငါးဖမ်းဖို့ မြစ်ကို
အမြဲသွားကြတယ်။ ပင်လယ်ရေမှော်မှာ ဝှက်ထားတဲ့ငါးတွေတောင် သူတို့ရဲ့မျက်လုံးတွေထဲကနေ
မလွတ်နိုင်တာကြောင့် နှစ်ယောက်သား အိုးတစ်ဝက်စာလောက် ငါးတွေကို ဖမ်းမိသွားကြတယ်။
သို့သော်
ဤနည်းဖြင့် ဖမ်းမိသောငါးများက ယမန်နေ့က ဖမ်းမိသောငါးများနှင့် ကွဲပြားနေသည်။ လက်ရှိတွင်
အရွယ်အစားအမျိုးမျိုးရှိနေပြီး အကြီးဆုံးက ငါးခူ ဖြစ်ကာ သုံးကျင်လောက်သာ အလေးချိန်
ရှိနိုင်သည်။ အငယ်ဆုံးမှာ ကုန်းလိပ်လေးများဖြစ်ပြီး မြက်ငါးကြင်းများလည်း ပါဝင်နေသေးသည်။
ငါးများ ရလာသည်ကို မြင်သောအခါ
စူးချင်းက သူမ၏အင်္ကျီလက်ကို လှန်ကာ ငါးများကို သန့်စင်လိုက်သည်။ သူမက ညစ်ပတ်ခြင်း
သို့မဟုတ် ပင်ပန်းခြင်းတို့ကို မကြောက်သောကြောင့် ချီးမွမ်းခြင်းများစွာကို
ရရှိခဲ့သည်။
အဒေါ်ချိုးက စူးချင်းတစ်ယောက်တည်း
အလုပ်လုပ်ရန် ခွင့်မပြုသင့်ကြောင်း နားလည်နေပြီး သူမ၏သမီးနှင့် လီရွှမ်းအာတို့ကို
ကူညီပေးရန် လှမ်းခေါ်ခဲ့သည်။ ကျိရှောင်ယင်ကလည်း ထိုအဖွဲ့တွင် ပါဝင်လာကာ
စေတနာ့ဝန်ထမ်း လုပ်ကိုင်ပေးခဲ့သည်။
ချိုးယွဲ့က
အိုးဘေးတွင် ငုတ်တုတ်ထိုင်နေကာ အနည်းငယ် အဆင်မပြေသလို ခံစားနေရသည်။ ငါးများက အသက်ရှင်နေသေးပြီး
ရုန်းကန်နေသောကြောင့် သူမ ဘာမှ မလုပ်ရဲတော့ပေ။ ထို့နောက် စူးချင်းက
အကြီးဆုံးငါးခူကို ဖမ်းကာ မြေပေါ်သို့ ပစ်ချသည်ကို သူမ တွေ့လိုက်ရသည်။ စူးချင်းက
ငါးခူ၏ဗိုက်ကို ဓားဖြင့် လှီးဖြတ်လိုက်ရာ သွေးများနှင့် အူများ ထွက်လာသောကြောင့် ချိုးယွဲ့က
ကြောက်လန့်တကြားဖြင့် သူမ၏မျက်လုံးများကို အုပ်ထားသည်။
"ကောင်းပြီ၊ မင်း ဒီကနေ ထသွားတာက ပိုကောင်းလိမ့်တယ်!"
သူမ၏သမီးလေး
ကြောက်နေသည်ကို မြင်လိုက်ရသောကြောင့် အဒေါ်ချိုးက သူမအစား ငါးများကို သန့်ရှင်းရေးလုပ်ရန်
ရောက်လာခဲ့သည်။
ကျန်းမိသားစု၏သားအကြီးဆုံးက
သစ်ကိုင်းများ၊ သစ်သားလုံးများနှင့်အတူ ပြန်ရောက်လာသည်။ ချိုးယွဲ့က ငါးကို မသတ်ဝံ့ဘဲ
ဘေးနားတွင်သာ ရပ်နေခဲ့သည်။ တခြားလူများအားလုံး အလုပ်ရှုပ်နေကြပြီး သူမတစ်ယောက်တည်း
မတ်တပ်ရပ်နေရသောကြောင့် သူမက ထိုနေရာတွင် သိသာထင်ရှားနေခဲ့သည်။ ထင်းများ ရလာသည်ကို
မြင်သောအခါ သူမက အလျင်အမြန် ပြေးသွာပြီး မီး စတင်မွှေးရန် ကြိုးစားလိုက်သည်။
စူးချင်းက
ငါးများကို သန့်စင်ပြီးနောက် ၎င်းတို့ကို ရေဆေးရန် မြစ်ဆီသို့ ပြန်ယူသွားရန်
ပြင်ဆင်သည်။ ကျိရွှေရှန့်က ထိုအရာကို လှမ်းမြင်လိုက်ပြီး သူမ၏လက်ထဲမှ
သံအိုးကြီးကို ယူရန် ရောက်လာခဲ့သည်။ သူက မြစ်ဆီသို့ လျှောက်သွားနေပြီး စူးချင်းက
သူ သူမ၏ ငါးဆေးခြင်းလုပ်ငန်းကို လုယူမည်ကို ကြောက်သောကြောင့် သူ့နောက်မှ
အမြန်လိုက်သွားခဲ့သည်။
ကျိရွှေရှန့်က
ထွက်မသွားဘဲ မြစ်ကမ်းဘေးတွင် ရပ်နေကာ စူးချင်း ငါးများ ဆေးကြောနေသည်ကို စောင့်ပေးနေသည်။
ချိုးယွဲ့က သူမ၏အောက်နှုတ်ခမ်းကို
ကိုက်ထားပြီး သူတို့ကို မကျေမနပ် လှမ်းကြည့်နေသည်။ သူမ စောစောက သိခဲ့ရင် သူမ
ငါးတွေကို ရေဆေးမှာပေါ့၊ အဲ့တာဆိုရင် သူမ အစ်ကိုရွှေရှန့်နဲ့ နှစ်ယောက်တည်း နေနိုင်မှာလေ။
စူးချင်းက ငါးကို
စနစ်တကျ ဆေးကြောပြီးနောက် ကျိရွှေရှန့်က ဘာမှမပြောဘဲ ငါးကို ပြန်ထမ်းပြီး
ပြန်ထွက်သွားခဲ့သည်။ သူမက လက်ဗလာဖြင့် သူ့နောက်သို့
လိုက်ရန်သာ လိုအပ်တေည့သည်။
မနေ့က
ရိတ်သိမ်းထားသော ကြက်သွန်မြိတ်၊ ဂျင်းရိုင်းနှင့် ငရုတ်ကောင်းများ ကျန်နေသေးသော်လည်း ဆီတော့မရှိပေ။ သူမ ကြိုသိခဲ့လျှင် မနေ့ညက
အဆီတချို့ကို ငါးစွပ်ပြုတ်အတွက် ချန်ထားမည်
ဖြစ်သည်။ သို့သော် မရှိလျှင်လည်း အဆင်ပြေနေပြီး မြစ်ရေဖြင့် ပြုတ်ထားသော ငါးက
အရသာရှိနေပြီး ငရုတ်ကောင်းနှင့် ဂျင်းရိုင်းတို့က ငါး၏အနံ့ကို ဖယ်ရှားပေးနိုင်သည်။
စူးချင်းက ငါးကို
အိုးတစ်လုံးဖြင့် ပြုတ်ထားခဲ့ပြီး တောရိုင်းအသီးအရွက်များ စုဆောင်းရန် အဒေါ်ချိုးတို့နှင့်
အတူ တောင်ပေါ်သို့ လိုက်သွားခဲ့သည်။
ချိုးယွဲ့နှင့်ကျိရှောင်ယင်တို့က
မီးကြည့်ရန်ပြီး ဟင်းအိုးကို စောင့်ရှောက်ရန် ထိုနေရာတွင် ကျန်နေခဲ့ကြသည်။ ကျိရှောင်ယင်က
စူးချင်းတို့နှင့် လိုက်ချင်သော်လည်း ချိုးယွဲ့က သူမကို ဆွဲခေါ်ထားတာကြောင့် သူမနှင့်အတူ
နေခဲ့ရတော့သည်။
နံနက်ခင်း၌
တောင်ပေါ်၌ နှင်းများကျနေပြီး အဝတ်ဖိနပ်စီးသော သူတို့၏ဖိနပ်များက အချိန်တိုအတွင်း
စိုစွတ်သွားကြသည်။ သူမတို့က စူးချင်း၏ မြက်ဖိနပ်ကို မြင်နေရပြီး မနာလို ဖြစ်နေမိသည်။
“စူးချင်းရဲ့ဖိနပ်တွေက
ရေစိုခံတယ်။ စူးချင်း၊ မြက်ဖိနပ်လုပ်နည်း သင်ပေးပါဦး" အဒေါ်ချိုးက စူးချင်းကို
လှမ်းအော်လိုက်သည်။
မနေ့က စူးချင်းလုပ်ထားတဲ့
မြက်ဖိနပ်ကို သူမမြေးလေး စီးထားတာကို သူမ တွေ့ခဲ့တယ်။ အဝတ်ဖိနပ်စီးရတာထက် ပိုအဆင်ပြေတာကြောင့်
သူမ အဲဒါတွေ လုပ်တဲ့နည်းကို သင်ယူချင်ခဲ့တယ်။ ခရီးက လနဲ့ချီပြီး ကြာမှာဆိုတော့ ကြာလာရင်
သူမတို့ရဲ့ အဝတ်ဖိနပ်တွေက အသုံးမဝင်တော့ဘူး။ စူးချင်းက သူမတို့ကို ကူညီမယ်လို့
သဘောတူခဲ့ပေမယ့် သူမကို အမြဲတမ်း လုပ်ခိုင်းနေဖို့ မသင့်တော်ဘူးလေ။ ထောင်ဟွားဝူမှာ
လူငယ်ရော လူကြီးပါ အပါအဝသ် လူတစ်ရာကျော် ရှိတယ်။ ဖိနပ်တစ်ရံကို ပျမ်းမျှအနေနဲ့
သုံးရက်ကနေ ငါးရက်အတွင်းပဲ သုံးနိုင်တာကြောင့် သူတို့ရဲ့ လူအရေအတွက်နဲ့ဆိုရင်
လိုအပ်တဲ့ပမာဏက အရမ်းများပြားလွန်းနေတယ်။ အဲဒါကြောင့် အဒေါ်ချိုးက အမျိုးသမီးတွေအားလုံးကို
မြက်ဖိနပ်ရက်နည်းကို သင်စေချင်တယ်။ ပြီးတော့ သူမက စူးချင်းကို ပင်ပန်းအောင်လည်း
မလုပ်ခိုင်းချင်းဘူး။ သူမက ပြင်းထန်တဲ့ရောဂါတစ်ခုကနေ ပြန်လည်ကောင်းမွန်လာပြီဆိုပေမယ့်
သူမရဲ့ခန္ဓာကိုယ်က အားနည်းနေဆဲပဲ။
“အင်း”
စူးချင်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ သူမက မနေ့က ရှောင်ချီကို မေးခဲ့ပြီး
အခြားသူများကို ကောက်ရိုးခြေညှပ်ဖိနပ်လုပ်နည်း သင်ပေးခြင်းဖြင့်လည်း စွမ်းရည်တိုးတက်နိုင်ကြောင်း
သိလိုက်ရသည်။ သူမ တစ်ယောက်တည်း လုပ်နေခြင်းက မြန်ဆန်သည် ဆိုသော်လည်း လူတော်တော်များများနှင့်
ပြုလုပ်ခြင်းထက် နှေးကွေးမည်မှာ အမှန်ပင် ဖြစ်သည်။
နှစ်ရက်ကြာ
အပြန်အလှန်ဆက်ဆံပြီးနောက် လူတိုင်းက စူးချင်း၏ တိတ်တဆိတ် နေထိုင်တက်ခြင်းကို ကျင့်သားရနေပြီ
ဖြစ်သည်။ သူမ သဘောတူလိုက်သည့်အတွက် အဆင်ပြေသွားပြီဖြစ်ကာ တောရိုင်းအသီးအရွက်များကို
ခူးနေရင်း လူတိုင်းက စကားစမြည် ပြောကာ ရယ်မောနေကြသည်။ လူများလေလေ မြန်မြန် ခူးနိုင်လေလေ
ဖြစ်သောကြောင့် ခဏအကြာတွင် တောရိုင်းဟင်းသီးဟင်းရွက်များ ပြည့်နေသော
ခြင်းတောင်းကို ရရှိခဲ့ကြသည်။
စူးချင်းက သူတို့ဘက်သို့
ဟင်းသီးဟင်းရွက်အတူခူးရန် ရောက်လာမည့်ပုံ မပေါ်သောကြောင့် အဒေါ်ချိုးက သူမ ပျောက်သွားမှာကို
စိုးရိမ်နေပြီး "စူးချင်း၊ အဝေးကြီးကို မသွားနဲ့နော်။ တောင်တွေပေါ်မှာ
သားရဲနဲ့ အင်းဆက်ပိုးကောင်တွေ ရှိနိုင်တယ်၊ အဲ့တာတွေက မင်းကို ထိန်လန့်စေလိမ့်မယ်”
"အင်း" စူးချင်းက အသိအမှတ်ပြုပုံဖြင့် ခေါင်းညိမ့်လိုက်ပြီး သူမတို့နှင့်
ခပ်ဝေးဝေးတွင် ရှိနေခဲ့သည်။ အခြားသူများက သူမ ခြင်းတောင်းတစ်ခုဖြင့် ဆေးဘက်ဝင်အပင်နှင့်
အသီးအရွက်များ ခူးနေသည်ကို မြင်နေကြရသော်လည်း အမှန်တကယ်တွင်မူ သူမက အများစုကို
ရှောင်ချီထံသို့ ပစ်ပေးနေခြင်း ဖြစ်သည်။ အချိန်အတော်ကြာပြီးနောက် သူမထံတွင်
ဟင်းသီးဟင်းရွက်နှင့် ဆေးပင် တောင်းသေးသေးလေးသာ ရှိနေသေးသည်။
သူမတို့ ယူလာသော ခြင်းတောင်းကြီး
ပြည့်သွားသည် မြင်သောအခါ အဒေါ်ချိုးက “ပြန်ကြရအောင်။ ငါးက ကျက်ခါနီးပြီ၊
ဒီဟင်းသီးဟင်းရွက်တွေနဲ့ ပေါင်းမုန့်တချို့ ပေါင်းရမယ်။ ဒီနေ့ ခရီးဆက်ရမှာဆိုတော့
ခရီးအတွက် အားတွေ ချန်ထားရမယ်”
စူးချင်းက
ဆေးဖက်ဝင်အပင် မျိုးစုံကို ရှာဖွေနေကြောင်း မြင်တွေ့နေရသော်လည်း သူမက ရောဂါများကို
ကုသပေးနိုင်သဖြင့် အဒေါ်ချိုးက စူးချင်းကို ဘာမှ မပြောတော့ပေ။
သူမတို့ ပြန်ရောက်သောအခါ
ငါးစွပ်ပြုတ်က အဆင်သင့်ဖြစ်နေပြီး ဖြစ်ကာ အဒေါ်ချိုးက အသီးအရွက်များကို ဂျုံ၊ပြောင်းဖူးမုန့်တို့နှင့်
ရောနှောကာ မုန့်ပေါင်းများ ပြုလုပ်ခဲ့သည်။
သူတို့၏မိသားစုများက
စပါး စိုက်ပျိုးကြပြီး ရိတ်သိမ်းပြီးနောက်တွင် မြေဆီလွှာက အနည်းငယ် မည်းလာပြီး
သံချေးတက်နေသလို ဖြစ်သွားတက်သောကြောင့် နှစ်ကြိမ်တကြိမ် မြေလှန်ကြရသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်တွင် သုံးကြိမ်တိုင်တိုင် မြေလှန်ခဲ့ရသည်။ လွန်ခဲ့သည့်
နှစ်နှစ်အတွင်းတွင် မိုးခေါင်ရေရှားမှု တစ်ကြိမ်သာ ဖြစ်ခဲ့သောကြောင့်
စားသုံးနိုင်သော အစားအစာများ ပိုမိုရရှိလာခဲ့သည်။
ပေါင်းထားသော
ပြောင်းဖူးမုန့်က မာကြောနေသော်လည်း လူတိုင်းက မြိန်ရေယှက်ရေ စားနေကြဆဲဖြစ်သည်။
ပြောင်းဖူးမုန့်က အရသာမရှိသော်လည်း ငါး၏ရနံ့နှင့် ဆွဲဆောင်မှုကို သည်းမခံနိုင်ကြပေ။
သူတို့ စားသောက်နေစဉ်အတွင်
ဘေးဒုက္ခသည်များက တယောက်ပြီးတယောက် မြစ်ဘက်သို့ ပြေးလာပြီး လူတိုင်းက
ငါးများကဲ့သို့ မြစ်ထဲသို့ ငုပ်ဆင်းသွားကာ ရေသောက်နေကြသည်။
ဤလူများ အားလုံးက ထိတ်လန့်နေကြသည်ကို စူးချင်း သတိပြုမိလိုက်သည်။ ဤလူများကို လိုက်ဖမ်းခံနေရသလို ပြေးလွှာနေကြပြီး သူတို့၏ဆံပင်များက ရှုပ်ပွနေပြီး သူတို့ခန္ဓာကိုယ်များတွင် ဖုန်မှုန့်ဖုံးလွှမ်းနေခဲ့သည်။
✍️✍️✍️