အခန်း ၁၇ သူ့ကို
ကြည့်ရတာ အဆင်မပြေဘူး
တော်ဝင်စားဖိုမှူး၏သားစဉ်မြေးဆက်တစ်ဦးက
ပြုတ်လုပ်ထားသော တောငန်းရိုင်းသားကို လူတိုင်းက မြည်းစမ်းချင်နေကြသည်။ စူးချင်းနှင့်
အဒေါ်လီတို့က ရွာသူရွာသားများအတွက် အသားများ ဝေငှပေးနေကြသည်။ ရွာလူကြီးချိုးက
အမျိုးသားများအတွက် အသားသုံးပိုင်း၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများအတွက် အသားနှစ်ပိုင်းနှင့်
ကလေးများအတွက် တစ်ပိုင်းပေးရန် ဆုံးဖြတ်ပေးခဲ့သည်။
စူးချင်းက
အသားများကို ဝေငှပေးနေရင်း သူမ၏ ချက်ပြုတ်ခြင်းဆိုင်ရာ ဘားတန်း အဆင့်တက်လာသည်ကို
သတိပြုမိလိုက်သည်။ ဤငန်းရိုင်းဟင်းလျာ၏တိုးတက်မှုက
တောရိုင်းဟင်းသီးဟင်းရွက်ယာဂုပြုလုပ်ခြင်းထက် ဆယ်ဆပိုမိုမြန်ဆန်နေပြီး သူမ၏ စစ်နတ်ဘုရားစွမ်းရည်က
အဆင့် ၅ သို့ရောက်ရှိသွားကာ သူမ၏ စိတ်စွမ်းအား၊ ကာယခွန်အားနှင့်
တိုက်ခိုက်ရေးစွမ်းအားများလည်း အဆင့်တက်လာခဲ့သည်။ စူးချင်းက ထိုအရှိန်ကြောင့်
ကျေနပ်နေခဲ့သည်။
“ရွှေရှန့်ကို
နောက်ထပ် အသားနှစ်ပိုင်း အပိုပေးလိုက်ပါ။ သူက တောငန်းရိုင်းတွေကို အမဲလိုက်ပေးခဲ့တယ်”
စူးချင်း သူမ၏ အဆင့်မြှင့်မှု
တိုးတက်ခြင်းကို စစ်ဆေးနေစဉ်အတွင်း ရွာလူကြီးချိုး၏အသံက သူမ နားထဲသို့ တိုးဝင်လာသည်။
ထိုအချိန်မှပင် စူးချင်းက သူမရှေ့တွင် ရပ်နေပြီး အသားယူရန် စောင့်နေသောသူက ကျိရွှေရှန့်ဖြစ်နေသည်ကို
သိလိုက်ရသည်။
စူးချင်းက ကျိရွှေရှန့်ကို
တစ်ချက်ကြည့်လိုက်သည်။ သူ့ကို ကြည့်ရသည်မှာ
အဆင်မပြေဖြစ်နေပုံရပြီး သူ့၏မျက်လုံးများက သွေးရောင် လွှမ်းနေသည်။ သူ့မျက်နှာက
နီရဲနေကာ အသက်ရှုမဝ ဖြစ်နေပုံရပြီး အဖျားကြောင့် မသက်မသာဖြစ်နေပုံရသည်။
သူမက
စကားတစ်ခွန်းမှ မပြောဘဲ သူ့အတွက် အသားကို ထည့်ပေးလိုက်သည်။ ကျိရွှေရှန့်က အသားသုံးပိုင်းကို
လှမ်းယူပြီး ပြန်ထွက်သွားသောကြောင့် စူးချင်း၏ဇွန်းက လေထဲတွင် ကို့လို့ကန့်လန့်
ဖြစ်ကျန်ခဲ့သည်။
"ရွှေရှန့်က အထူးတလည် အခွင့်အရေး မယူတက်ဘူး" အဒေါ်ချိုးက
စိတ်လှုပ်ရှားမှုဖြင့် ပြောပြလာခဲ့သည်။
တောငန်းရိုင်းများကို
ဖမ်းပေးခဲ့သူက ကျိရွှေရှန့် ဖြစ်သည့်အပြင် ရွာသူရွာသားများက သူ့၏
ဦးဆောင်မှုနောက်သို့ လိုက်နေကြရသည်။ သူ့ကို အသားပိုပေးလိုက်လျှင် မည်သူကမျှ
ကန့်ကွက်မည် မဟုတ်သော်လည်း ကျိရွှေရှန့်ကတော့ သူ့အတွက် အထူးအခွင့်အရေးရရန်
ငြင်းဆိုခဲ့သည်။
စူးချင်းက ဘာမှ
မတုံ့ပြန်ဘဲ ရွာသူရွာသားများအတွက် အသားများကို ဆက်ပြီး ထည့်ပေးနေခဲ့သည်။
သူမ၏ဟင်းချက်ကျွမ်းကျင်မှုများလည်း တိုးတက်လာကြောင်း သူမ သတိပြုနေမိသော်လည်း ထိုကဏ္ဍက
အလွန်နှေးကွေးသောနှုန်းဖြင့် တိုးတက်နေခဲ့သည်။
အစားအစာများကို
အကုန်ဝေပေးပြီးနောက် စူးချင်းက သူမအတွက် အစားအသောက်ကို ယူကာ သစ်ပင်အောက်သို့ ဝင်ထိုင်လိုက်သည်။
နေဝင်ချိန်ရောက်နေပြီ ဖြစ်သောကြောင့် အလင်းရောင်က မှေးမှိန်သွားကာ လ၏ကောင်းကင်သို့
မြင့်တက်လာပြီး ည၏နယ်ပယ်အတွင်းသို့ ကျရောက်နေပြီ
ဖြစ်သည်။
နှစ်ရက်လောက် လှည့်ပတ်ပြေးလွှားပြီးနောက်
အေးအေးဆေးဆေး ထိုင်ပြီး ထမင်းစားရခြင်းက ဝမ်းသာပီတိဖြစ်ရသော အခိုက်အတန့်တစ်ခု
ဖြစ်နေခဲ့သည်။
ကျိရှောင်ယင်က သူမ၏ပန်းကန်လုံးကို
ကိုင်လာပြီး စူးချင်း၏အနားသို့ ရောက်လာကာ ဗာဒံသီးအိတ်ကို လှမ်းပေးလိုက်သည်။
"အစ်မ၊ တစ်ခုမှ မပျောက်ဘူးနော်"
"တော်တယ်" စူးချင်းက သူမကို ချီးကျူးပေးလိုက်ပြီး အေးအေးဆေးဆေး ဆက်စားနေခဲ့သည်။
တောဟင်းသီးဟင်းရွက်ယာဂုက အနည်းငယ် ခါးနေသော်လည်း အပူသက်သာစေပြီး ငန်းသားက နူးအိနေကာ
ဝါးရ လွယ်ကူသည်။ ဟင်းခတ်အမွှေးအကြိုင်များ မရှိသော်လည်း အရသာက လုံးဝမဆိုးဘဲ
ဟင်းခတ်အမွှေးအကြိုင်များဖြင့် ပြုလုပ်ထားသော အသားထက်ပင် ပိုမွှေးနေသေးသည်။
စူးချင်းက သူမ၏ဟင်းချက်လက်ရာ
အလွန်ကျေနပ်နေသည်။ သို့သော်လည်း သူမအတွက် ဝေစုရရှိသော အသားနှစ်တုံးက သူမ၏သွားကြားထဲမှ
ကွက်လပ်များကို ဖြည့်ရန်ပင် မလုံလောက်ပေ။ သူမ ၎င်းကို အနည်းငယ် ကိုက်ဝါးပြီး
အပြီးတွင် သူမ၏ဗိုက်က ၃၀%
သာပြည့်နေကြောင်း ခံစားခဲ့ရသည်။
ထမင်းစားပြီးနောက်
လူတိုင်းက ကိုယ့်ပန်းကန်ကိုယ်ဆေးကာ ပြန်ယူသွားကြသည့်အတွက် စူးချင်းထံတွင် ပန်းကန်ဆေးစရာ
မကျန်ခဲ့ပေ။
လေနှင့်မိုးဒဏ်မှ
ခိုရန် နေရာမရှိသောကြောင့် ထိုနေရာတွင်သာ အနားယူနိုင်ခဲ့သည်။ လူတိုင်းက သစ်ကိုင်းများကိုခုတ်ကာ
မြေကြီးပေါ်တွင် ချထားကြပြီး အကိုင်းအခက်ခြောက်များကို ခုတ်ဖြတ်ကာ မီးဖို ကြသည်။
ထို့နောက်တွင်မူ လူတိုင်းက မြေပြင်ပေါ်တွင်သာ အိပ်ကြတော့သည်။ သူတို့အားလုံးက ပင်ပန်းလွန်းနေပြီး
ယခုကဲ့သို့ ကြမ်းတမ်းသောပတ်ဝန်းကျင်မှာပင် လှဲချလိုက်သည်နှင့် အိပ်ပျော်သွားကြသည်။
ကျိရွှေရှန့်က ဆေးရည်တစ်ခွက်ကို
သောက်ပြီးပြီဖြစ်သော်လည်း သူ့ခေါင်းက မူးနေသေးသည်။ သို့သော်လည်း သူ အနားမယူနိုင်သေးပေ။
ဓားပြများ ခိုးဝင်တိုက်ခိုက်ခြင်းမှ တားဆီးရန် သူ့လူများဖြင့် အလှည့်ကျ
စောင့်ကြည့်နိုင်ရန် စီစဉ်ပေးနေရသည်။
ကျိရှောင်ယင်က သူမ၏အိမ်မှယူလာသည့်
မြက်ခြောက်အခင်းနှင့် စောင်ကို နေရာချထားလိုက်ပြီး စူးချင်းကို လှမ်းခေါ်လိုက်သည်။ "အစ်မ၊ ဒီမှာလာအိပ်ပါ!"
သူမက အိပ်ယာနှစ်ခု
ပြင်ထားပြီး သူမ၏အစ်ကိုအတွက် သူမ လုပ်ထားသည့် အိပ်ယာက သူမတို့နှင့် သိပ်မဝေးပေ။ သို့သော်လည်း
စောင်ကတော့ မရှိပေ။
"မင်း အရင်အိပ်လိုက်ပါ၊ ငါ ဆေးဆီလိမ်းဖို့ လိုသေးတယ်"
စူးချင်းက သူမကို ငြင်းဆန်လိုက်ပြီး
ဆေးကျိုရန်အတွက် ဆေးအိုးကို ရေသွားဖြည့်လိုက်သည်။ ကျိရွှေရှန့်က သူမ ဆေးကျိနေသည်ကို
မြင်နေရစသော်လည်း သူမ ဘာလုပ်မည်ကို မမေးခဲ့ပေ။
ဆေးအိုး မကွဲသွားသရွေ့တော့
အဆင်ပြေပါတယ်။
ကျိရွှေရှန့်က
ရွာရှိ လူငယ်အားလုံးကို သုံးဆိုင်းအလှည့်ကျ စီစဉ်ပေးလိုက်သည်။ သူနှင့် လီတာ့နျိုတို့က
ပထမနနှစ်ရှီးချန်(လေးနာရီ)ကြာအောင် စောင့်မည်ဖြစ်ပြီး ကျန်သူများက
အိပ်ပျော်သွားကြသည်။
ကျိရွှေရှန့် ကင်းလှည့်ရာမှ
ပြန်လာချိန်တွင် စူးချင်းက ဒဏ်ရာရထားသော ရွာသားများအတွက် ဆေးထည့်ပေးနေသည်ကို
တွေ့လိုက်ရသည်။ သူမက အေးစက်နေပြီး ဆေးထည့်နေချိန်တွင်ပင် စကားတစ်ခွန်းမှ
မပြောခဲ့ပေ။
ကျိရွှေရှန့် ပြန်လာသည်ကို
မြင်လိုက်ချိန်တွင် စူးချင်းက သူ့ဆီလှမ်းလာပြီး အနက်ရောင်ဆေးပြားတစ်ပြားကို လှမ်းပေးလိုက်သည်။
“ဒီဆေးကို
သောက်ပြီး ချွေးထုတ်ရင်း အိပ်လိုက်ပါ။ ရှင့် ကင်းစောင့်ရမယ့်အချိန်အတွက် ကျွန်မ ကူညီပေးမယ်"
သူမက အေးစက်စွာပြောနေသော်လည်း
သူမ၏အသံက အမိန့်သံကဲ့သို့ဖြစ်နေကြောင်း သံသယဝင်စရာပင် မလို့တော့ပေ။
ကျိရွှေရှန့်က
သူမလက်ထဲမှ ဆေးကို မယူဘဲ သူမကို လေးလေးနက်နက် စိုက်ကြည့်လိုက်ပြီး
အသံနက်ကြီးဖြင့် မေးလိုက်သည်။
“မင်းက ဘယ်သူလဲ?”
"သာမန်လူ တစ်ယောက်ပါ၊ ကျွန်မလည်း ရှင့်လို ဒုက္ခသည်တစ်ယောက်ပါ”
စူးချင်းက ဘာသိဘာသာပုံစံဖြင့်
ခပ်အေးအေး ပြန်ပြောပြီးနောက် သူမက ဆေးပြားကို ကျိရွှေရှန့်ထံသို့ ပေးလိုက်ပြီး
သူ့ကို မကြည့်တော့ဘဲ ရွာသားနောက်တစ်ယောက်ကို ဆေးထည့်ပေးနေခဲ့သည်။
လူငါးဦးအတွက် ဆေးထည့်ပေးပြီး
ပတ်တီးများ လဲပေးပြီးနောက်တွင် သူမ၏ ကုသိုလ်ရမှတ်များနှင့် ဆေးဘက်ဆိုင်ရာ
ကျွမ်းကျင်မှုက ထက်ဝက်သာ တိုးလာသည်ကို စူးချင်း တွေ့လိုက်ရပြီး စိတ်မရှည်စွာ
မျက်မှောင်ကြုတ်လိုက်သည်။
သူမ ခေါင်းကို
မော့ကြည့်လိုက်ရာ ကျိရွှေရှန့်က ထိုနေရာတွင် မလှုပ်မယှက် ရပ်နေသည်ကို
တွေ့လိုက်ရသည်။ သို့သော်လည်း သူမက သူ့ကို ဂရုမစိုက်ချင်လောက်အောင်ပင် ပျင်းနေပြီ
ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူမက သူ့ကို ကျေးဇူးပြန်ဆပ်ပြီးပြီ ဖြစ်သောကြောင့် ထိုဆေးကို
စားသည်ဖြစ်စေ မစားသည်ဖြစ်စေ သူမ၏ကိစ္စ မဟုတ်တော့ဘဲ သူ့အကြောင်းသာ ဖြစ်သည်။
သူမ သစ်ပင်ဘက်သို့
ပြန်လာချိန်တွင် ကျိရှောင်ယင်က အိပ်ပျော်နေပြီကို စူးချင်း တွေ့လိုက်ရသည်။
ကလေးမလေး အိပ်စက်နေသောပုံသဏ္ဍာန်လေးက နူးညံ့သောကြောင်လေးတစ်ကောင်နှင့် တူနေပြီး စူးချင်းက
သူမ၏အဝတ်အစားကို လဲကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။
ကျိရွှေရှန့်က သူမ
အိပ်သွားသည်ကို မြင်လိုက်ရပြီး သူ့လက်ထဲက ဆေးပြားကို တစ်ချက်ပြန်ကြည့်လိုက်သည်။
နေ့လယ်ခင်းတွင် သူမပေးသော လိမ်းဆေးကို လိမ်းပြီးနောက် ကလေးများ၏ခြေထောက်များ
ပြန်ကောင်းလာသည်ကို တွေးလိုက်မိသောကြောင့် သူက စမ်းသပ်သည့် သဘောဖြင့် ဆေးလုံးကို
ပါးစပ်ထဲထည့်ကာ မျိုချလိုက်သည်။
[ဒင်!
ဂုဏ်ယူပါတယ် Host...... သင်ရဲ့[ဆေးဝါး]က အဆင့် ၂ ကို ရောက်ရှိသွားပြီး၊
[ကုသိုလ်ရမှတ်]ကလည်း အဆင့် ၂ ကို ရောက်ရှိသွားပါပြီ၊ [စစ်နတ်ဘုရားစွမ်းရည်] အဆင့် ၆ ကို ရောက်ရှိနေပါပြီ]
စူးချင်းက
သူမ၏နားရွက်နားတစ်ဖက်ကို သူမ၏လက်တစ်ဖက်ပေါ် တင်ကာ အိပ်နေခြင်းဖြစ်ပြီး စနစ်၏အသံကို
ကြားသောအခါ သူမ၏မျက်လုံးများကို ဖွင့်လိုက်သည်။ မှောင်မိုက်သောညတွင် ပိုးစုန်းကြူးလေးများက
လေထဲတွင် ကပြဖျော်ဖြေနေကြပြီး ၎င်းတို့နောက်တွင် အဝါရောင်အလင်းတန်းများကို ချန်ထားရစ်ခဲ့သည်။
ညက တိတ်ဆိတ်ကာ မှောင်မိုက်နေပြီး စူးချင်းက သူမ၏မျက်လုံးများကို တစ်ဖန် ပြန်မှိတ်ချလိုက်သည်။
တစ်စုံတစ်ယောက်က သူမကို စောင့်ကြည့်နေပြီး ထိုလူက ဘယ်သူမှန်း သူမ မသိသော်လည်း စစ်နတ်ဘုရား၏
စိတ်အားထက်သန်သော စိတ်အာရုံများက သူမကို နိုးကြားနေစေခဲ့သည်။
ကျိရွှေရှန့်က
သူ့ထင်ယောင်ထင်မှားဖြစ်နေခြင်း ရှိ မရှိ မသိနိုင်သော်လည်း စူးချင်း ပေးသောဆေးကို သောက်ပြီးနောက်တွင်
သူ၏မူးဝေသောဦးခေါင်းက ချက်ချင်း ကြည်လင်လာပြီး ပင်ပန်းနွမ်းနယ်မှုနှင့်
ခွန်အားမဲ့နေသောခံစားချက်များကလည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ကျိရွှေရှန့်က စူးချင်းကို
စိုက်ကြည့်နေသည်။ သူမ ဘာဆေးကို သုံးခဲ့တာလဲ? ဘယ်ဆေးက ဒီလောက် မြန်မြန်ဆန်ဆန်
ထိရောက်နိုင်တာလဲ?
ထိုညက အလွန်လုံခြုံသောည
ဖြစ်ခဲ့ပြီး သူတို့ကို နှောင့်ယှက်နေသော ဒုက္ခသည်များ မရှိသလို လုယက်မည့် ဓားပြများလည်း
မရှိပေ။ တစ်ညတာ ကောင်းကောင်းအိပ်စက်အနားယူကြပြီးနောက် ရွာသူရွာသားများအားလုံး
ခွန်အားများပြန်လည်ရရှိလာကြသည်။
ကျိရွှေရှန့်က
သန်းခေါင်ကျော်မှ အိပ်ပျော်သွားခဲ့သော်လည်း နံနက်စောစော နိုးနေသေးသည်။ သူက နေရာကျယ်တစ်ခုတွင် လက်သီးလှုပ်ရှားမှုများ အချီအနည်းငယ်
လေ့ကျင့်ခဲ့ပြီး ချွေးများဖြင့် ရွှဲရွှဲစိုနေကာ အားအင်များ ပြည့်ဝနေပုံရသည်။
စူးချင်း နိုးလာပြီးနောက်
သူမက ဆေးကြောသန့်စင်ရန် မြစ်ဆီသို့ သွားခဲ့သည်။ သူမတွင် သွားတိုက်တံ မရှိသောကြောင့်
သွားတိုက်ရန် မိုးမခသစ်ကိုင်းကို အသုံးပြုခဲ့ရသည်။ သူမက မိုးမခသစ်ကိုင်း၏
အပြင်ဘက်အရေခွံကို ဖယ်ထုတ်ပြီး အတွင်းပိုင်းပျော့ဖတ်ကို အသုံးပြုခဲ့သည်။ သူမက မနေ့ညက
ကျန်ဆေးတစ်ဝက်ကို သောက်ခဲ့ပြီး သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ပြင်ပဒဏ်ရာများ လုံးဝ
ပျောက်ကင်းသွားခဲ့သည်။ သူမ၏ မျက်နှာပေါ်ရှိ ဒဏ်ရာများနှင့် ရောင်ရမ်းမှုများ
ပျောက်ကွယ်သွားပြီးနောက် သူမ၏ နူးညံ့သော မျက်နှာကို ပေါ်လွင်စေလာသည်။
ဤခန္ဓာကိုယ်၏မူလပိုင်ရှင်က
လခြမ်းသဏ္ဍာန်မျက်ခုံးမွှေး၊ ဆောင်းဦးနှင်းရေကဲ့သို့ မျက်လုံးလေးများ၊
နှာတံသေးသေး၊ သစ်အယ်စေ့ပုံစံ ပါးစပ်လေးနှင့် လက်ဖဝါးအရွယ် ဘဲဥပုံမျက်နှာတို့
ရှိသည့် အမျိုးသမီးတစ်ဦးဖြစ်ကာ အလွန်လှပသည်။ သူမက ပန်းချီကားတစ်ချပ်ထဲမှ ထွက်လာသော
လှပသည့် အမျိုးသမီးတစ်ဦးနှင့် ဆင်တူလှသည်။
သို့သော် စူးချင်း၏
စိတ်နေသဘောထားက အလွန်အေးစက်နေသောကြောင့် သူမက လှပသော်လည်း သူမက လူအများကို
ဝေးကွာသွားစေနိုင်သည့် အေးစက်သောအအေးဓာတ်ကို ဖုံးအုပ်ထားကာ လူများက သူမထံသို့
ချဉ်းကပ်ဝံ့ခြင်း မရှိပေ။
စူးချင်းက သူမ၏မျက်နှာကို
ဆေးကြောပြီးနောက် ဆံပင်များကို လက်ချောင်းများဖြင့် ဖြီးသင်လိုက်သည်။ သူမထံတွင် မျက်နှာသုတ်ပုဝါ
မရှိသောကြောင့် သူမပါးပြင်ပေါ်မှ ရေစက်များ ကျဆင်းနေပြီး ရွှေရောင်သန်းနေသော နေရောင်ခြည်က
ထိုရေစက်လေးများအပေါ် ထွန်းတောက်နေကာ ရောင်စုံအလင်းများ ဖြာထွက်နေပြီး တောက်ပနေခဲ့သည်။
ဤသည်မှာ ကျိရွှေရှန့်
မြစ်ထဲသို့ ရေသွားခပ်စဉ် မြင်လိုက်ရသော မြင်ကွင်းဖြစ်သည်။ စူးချင်းက သူမ၏
အနက်ရောင်ဆံပင်များကို သူမ၏လက်ချောင်းများဖြင့် ဖြီးသင်နေပြီး သူမ၏မျက်လုံးများကို
အောက်စိုက်ထားသောကြောင့် သူမ၏ ရှည်လျားသော မျက်တောင်များက အနည်းငယ် စင်းကျနေသည်။
သူမက ချောမောလှပသော သမင်လေးတစ်ကောင်ကဲ့သို့ နူးညံ့သိမ်မွေ့နေသည်။ ဤအကြည့်တစ်ချက်ကြောင့်
ကျိရွှေရှန့်၏နှလုံးသားထဲတွင် လေးနက်သော အထင်ကြီးမှုတစ်ခုကို ကျန်နေစေခဲ့သည်။
လူတစ်ရာကျော်အတွက်
စားသောက်ရေးက ပြဿနာကြီးတစ်ခု ဖြစ်နေခဲ့ပြီး သူတို့က အပြင်တွင် ရှိနေသောကြောင့်
ယာဂုသာ သောက်ခဲ့ကြသည်။ သို့သော်လည်း နှစ်ရက်အကြာတွင် သူတို့ယူလာသော အစားအစာ
အများအပြားကို စားခဲ့ကြပြီး ဖြစ်နေခဲ့သည်။
ထိုအရာက အဒေါ်ချိုးကို
စိတ်ပူသွားစေခဲ့သည်။ ဒီအတိုင်းဆက်သွားရင် သုံးရက်အတွင်း စားစရာတွေ ကုန်သွားလိမ့်မယ်။
အဒေါ်ချိုးက
အမျိုးသမီးများအားလုံးကို စုလိုက်ပြီး "အားလုံး တောထဲသွားပြီး ဟင်းသီးဟင်းရွက်တွေ
သွားရှာကြရအောင်။ အစာအလုံအလောက် မရှိတော့ဘူးဆိုတော့
တောရိုင်းဟင်းသီးဟင်းရွက်အချို့ကို ယာဂုနဲ့ ရောကျိုလို့ရတယ်။ အစားအစာ ရှာဖို့ အမျိုးသားတွေကိုပဲ
အားကိုးနေလို့ မရဘူး။ ငါတို့ဘက်ကလည်း ငါတို့လုပ်နိုင်တာကို လုပ်ရမယ်”
အဒေါ်ချိုး၏အကြံပြုချက်က စူးချင်း၏ဆန္ဒနှင့် အတိအကျ ထပ်တူကျနေသည်။ သို့သော်လည်း သူမတို့အားလုံးက ထွက်ခွာခါနီးမှာ ပြဿနာတစ်ခုရှိနေသည်ကို သိလိုက်ရသည်။
✍️✍️✍️