အခန်း ၁၆-
အချက်အပြုတ်ကျွမ်းကျင်မှု အဆင့်မြှင့်တင်ခြင်း
စူးချင်းက
ချက်ချင်း ပြောလိုက်သည်။ "ကျွန်မ ရှင်တို့အတွက်လည်း လုပ်ပေးနိုင်ပါတယ်၊ ကျွန်မမှာလည်း
ဘာမှ လုပ်စရာ မရှိဘူး"
"ဒီကောင်မလေးကို ကြည့်ကြစမ်း၊ သူ(မ)က ကြင်နာလွန်းတယ်"
အဒေါ်လီက စူးချင်းကို
ဆက်ပြီး ချီးမွမ်းနေသော်လည်း စူးချင်းက မတုံ့ပြန်တော့ပေ။ အိုးပူလာသောအခါတွင် သူမက တောငန်းများမှ
ထုတ်ယူထားသော အဆီတုံးများကို အိုးထဲသို့ ထည့်လိုက်ပြီး မွှေးရနံ့က ချက်ချင်း ပျံ့လွှင့်လာသောကြောင့်
ကလေးများ တံတွေး မျိုချနေကြသည်။
ထို့နောက် စူးချင်းက
ဆီပူလာစေရန် စောင့်ဆိုင်းနေပြီးမှ ငန်းရိုင်းအသားများကို ဒယ်အိုးထဲသို့
လောင်းထည့်ပြီး မွှေပေးလိုက်သည်။
အဒေါ်လီက သူမကို
ထပ်မံ ချီးမွှမ်းနေပြန်သည်။ “သူ(မ)က တော်ဝင်စားဖိုမှူးတစ်ယောက်ကနေ ဆင်းသက်လာတဲ့သူဆိုတော့
သူ(မ)က ငါတို့ထက် ဟင်းချက် လက်ရာပိုကောင်းသည်မှာ သေချာတယ်၊ သူ(မ)ရဲ့ချက်ပြုတ်နည်းကို
ကြည့်လိုက်ပါဦး၊ ငါ တွေးတောင် မတွေးဖူးဘူး။ ကံကောင်းတာက သူ(မ) တာဝန် ယူပြီး ချက်ပေးလို့ပေါ့၊ ငါသာ ချက်ပြုတ်ရင် ငါ့က ငန်းရိုင်းသားတွေကို
ဖြုန်းတီးပစ်မိလိမ့်မယ်!"
စူးချင်း၏မျက်နှာတွင်
အနက်ရောင်မျဉ်းများဖြင့် ပြည့်နှက်နေခဲ့သည်။ သူမက တော်ဝင်စားဖိုမှူးရဲ့မျိုးဆက်ဆိုတာက
သူမ ဖန်တီးထားတဲ့ ဇာတ်လမ်းဖြစ်နေတာတောင် အဒေါ်လီက သူမကို သံသယမရှိ ယုံကြည်နေတယ်ပေါ့။
ထူးချွန်ထက်မြတ်ပြီး
လိမ္မာပါးနပ်သည့် ဇနီးသည်လျှင်ပင် ဆန်မရှိရင် ထမင်းချက်နိုင်မည် မဟုတ်ပေ။ ဤဒုက္ခသည်အဖွဲ့တွင်
ဆားနှင့် အခြားဟင်းခတ်အမွှေးအကြိုင်များ မရှိခြင်းကြောင့် ၎င်းက တောငန်းရိုင်းများကို
ဖြုန်းတီးမှုဟု ဖြစ်သည်ဟု ဆူးချင်းက ခံစားခဲ့ရသည်။ သူမက တောငန်းရိုင်းများ
နူးစေရန် အိုးထဲသို့ ရေထပ်ထည့်လိုက်ပြီး အနံအရသာအတွက် ဂျင်းရိုင်း၊ ကြက်သွန်မြိတ်နှင့်
အခြားသောအမွှေးအကြိုင်များ /ရှာဖွေရန် တောင်ပေါ်သို့
ခြေလှမ်းပြင်လိုက်သည်။
ဤစိမ်းလန်းစိုပြေသောတောင်က
သူမ လိုချင်သော ဟင်းခတ်အမွှေးအကြိုင်များကို လုံလုံလောက်လောက် စုဆောင်းနိုင်ရန်
သူမ မျှော်လင့်နေမိသည်။
စူးချင်း တောင်ပေါ်တက်တော့မည်ဟု
ကြားသောအခါ ကျိရှောင်ယင်က ဘာပဲဖြစ်ဖြစ် သူမ လိုက်မည်ဟု ပူဆာခဲ့သည်။ မုန်လာဥနီလေးများကလည်း စူးချင်းနှင့်အတူ လိုက်ချင်နေကြပြီး သူတို့က
စူးချင်းကို ကလေးဘုရင်ကဲ့သို့ ဆော့ကစားချင်နေပုံဖြင့် သူမကို ဝိုင်းထားကြသည်။
“မင်း
ဒီမှာနေခဲ့ပြီး ကလေးတွေကို ကြည့်ထားလေ၊ ငါ ချက်ချင်းပြန်လာခဲ့မယ်၊ မဟုတ်ရင်
အချိန်ဖြုန်းသလို ဖြစ်နေလိမ့်မယ်”
စူးချင်းက ကျိရှောင်ယင်ကို
ကလေးများနှင့် ထားခဲ့ပြီး သူမ ရက်လုပ်ထားသော တောင်းကို သယ်ဆောင်ကာ တောင်ပေါ်သို့
တက်သွားခဲ့သည်။ တိုက်ပွဲပြီးနောက်တွင် ဒဏ်ရာရထားသော ရွာသားများကို သူမ မြင်ခဲ့ရပြီး
သူတို့၏မျက်နှာများက နီရဲနေကာ မျက်လုံးများကိုပင် မဖွင့်နိုင်ဘဲ ထိုနေရာတွင်
လဲလျောင်းနေကြသည်။ ထို့အပြင် သူတို့ထံတွင် အဖျားဝင်နေသော လက္ခဏများ ပြသနေပြီ
ဖြစ်သည်။
ထို့ကြောင့် သူမက ဟင်းခတ်အမွှေးအကြိုင်များ
အပြင် ပြင်ပဒဏ်ရာအတွက် လိုအပ်သော ဆေးပင်အချို့ကိုလည်း စုဆောင်းချင်ခဲ့သည်။
အဆုံးတွင် သူမ၏အတွေးက
ကျိရွှေရှန့်၏စိတ်ကူးနှင့် တိုက်ဆိုင်နေခဲ့သည်။ သူကလည်း ပြင်ပဒဏ်ရာနှင့် အအေးမိရောဂါများ
အတွက် ဆေးဝါးများ စုဆောင်းချင်နေခဲ့သည်။
သူက မနေ့က သူ့၏ကောက်ရိုးအင်္ကျီနှင့်
ဝါးခမောက်ကို စူးချင်းကအတွက် ပေးခဲ့ရပြီး တစ်ညလုံး မိုးရေထဲတွင် နေခဲ့ရသည့်အပြင်
အအေးဒဏ်ခံနိုင်သည့်ဟင်းရည်ကိုလည်း မသောက်ခဲ့ရပေ။ သူက ရုပ်ပိုင်းဆိုင်ရာအရ အလွန်သန်မာသော်လည်း
ယခု အဖျားရှိနေပြီ ဖြစ်သည်။
ရှောင်ချီ၏
လမ်းညွှန်ချက်ဖြင့် စူးချင်းက သူမ လိုအပ်နေသော ဂျင်းရိုင်း၊ ကြက်သွန်ရိုင်း၊
ငရုတ်ကောင်းနှင့် အခြားအမွှေးအကြိုင်များကို အလွယ်တကူ စုဆောင်းနိုင်ခဲ့သည်။
ဟင်းခတ်အမွှေးအကြိုင်များကို စုဆောင်းပြီးနောက် သူမက ဆေးပင်များကို
စတင်စုဆောင်းခဲ့သည်။ သူမ၏စနစ်တွင်လည်း ဆေးဝါး အမျိုးမျိုး ချို့တဲ့နေသောကြောင့် စူးချင်း
ပြင်ပဒဏ်ရာနှင့် အအေးမိရောဂါများ အတွက် ဆေးများအပြင် အခြားဆေးဖက်ဝင်အပင်နှင့်ဆေးမြစ်များကို
စုဆောင်းခဲ့သည်။
တောင်ပေါ်ဒေသအနီးတွင်
ညဘက်၌ ခြင်နှင့် ပိုးမွှားများ အများအပြား ရှိသောကြောင့် ကူးစက်ရောဂါများ
ပျံ့နှံ့နိုင်ကြောင်းကိုလည်း သူမ ထည့်တွေးခဲ့သည်။ ယေဘူယျအားဖြင့် ကြီးကြီးမားမား
ဘေးအန္တရာယ်တစ်ခုပြီးရင် ကပ်ရောဂါကြီးတစ်ခု ဖြစ်လာနိုင်သောကြောင့် အရေးပေါ်အခြေအနေအတွက်
ဆေးဝါးများကို ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်သည်။
စူးချင်းက သူမ
ရှာဖွေစုဆောင်းခဲ့သော ဆေးဖက်ဝင်အပင်အားလုံး စနစ်ထဲသို့ ပစ်ထည့်လိုက်ပြီး ရှောင်ချီလေးက
ဆေးပင်များကို အမျိုးအစားခွဲရင်း အလုပ်ရှုပ်နေသည်။ ရှောင်ချီလေးက ဆေးပင်များကို
သန့်စင်ကာ ကြိတ်ချေရန် လိုအပ်သောကြောင့် သူမ၏ မို့ဖောင်းဖောင်းခန္ဓာကိုယ်လေးက
စနစ်ထဲတွင် လှည့်လည် ပြေးလွှားနေခဲ့သည်။
သို့သော်လည်း ရှောင်ချီက
အလွန်ပျော်ရွှင်နေခဲ့သည်။ စနစ်အတွင်းရှိ ဆေးသိုလှောင်ရာနေရာများအားလုံး လွတ်နေသည်ကို
သူမ မြင်လိုက်ရချိန်တွင် သူမလည်း ထိတ်လန့်ခဲ့ရသည်။ သခင် လိုအပ်သည့်အခါ မကူညီနိုင်သောကြောင့်
သူမလည်း မပျော်နိုင်ပေ။
ဆေးဝါးဌာနတွင်
နှလုံးက ဆေးဘက်ဝင်ပစ္စည်းများ ဖြစ်ပြီး ထိုနှလုံးသားမရှိလျှင် မလည်ပတ်နိုင်ပေ။ သခင်က
အလုပ်ကြိုးစားပြီး များများ ရှာဖွာစုဆောင်းနိုင်လျှင် ဆေးသေတ္တာများ ပြည့်လာမည်
ဖြစ်ပြီး သူမက သခင်အတွက် ပိုကောင်းအောင် ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်သည်။
စူးချင်းက
အချိန်ကို တွက်ချက်နေခဲ့သည်။ တောငန်းတွေကို အိုးထဲမှာ ချက်ပြုတ်ထားခဲ့တယ်။ သူမ
နောက်ကျမှ ပြန်ရောက်သွားရင် ဒီဟင်းခတ်အမွှေးအကြိုင်တွေ ရှိနေရင်တောင် ဟင်းကောင်းကောင်းတစ်ခွက်
ရလာတော့မှာ မဟုတ်ဘူး။
စူးချင်း ပြန်လာခါနီးမှာ
သစ်ကိုင်းခြောက်များပေါ်သို့ တက်နင်းလိုက်သည့်အသံကို သူမ ကြားလိုက်ရပြီး စုလင်းက သတိရှိရှိ ကြည့်လိုက်ရာ အရပ်မြင့်မြင့်ပုံရိပ်တစ်ခုက
ထူထဲသော သစ်ပင်များကြားထဲမှ သူမဆီသို့ လျှောက်လာနေသည်ကို သူမ တွေ့လိုက်ရသည်။ ရောက်လာသူက
ကျိရွှေရှန့်ဖြစ်နေကြောင်း မြင်လိုက်ရသဖြင့် စူးချင်းက သူ့ကို ဘာသိဘာသာ တစ်ချက်ကြည့်လိုက်ပြီး
ဘာမှ မပြောတော့ပေ။
ကျိရွှေရှန့်က
သူ့လက်ထဲတွင် ဆေးပင်များ ကိုင်ထားပြီး စူးချင်းသယ်လာသော ခြင်းတောင်းကို မြင်သောအခါ
သူက လှမ်းမေးလိုက်သည်။ “ဟင်းသီးဟင်းရွက်တွေ လာရှာတာလား?”
“အင်း”
စူးချင်းက
အေးစက်စွာ တုံ့ပြန်လိုက်သည်။ သူမ၏သဘောထားက တင်းမာနေသေးသည်ကို တွေ့လိုက်ရသဖြင့် ကျိရွှေရှန့်က
ထပ်မမေးတော့ဘဲ “ပြန်ကြရအောင်၊ တောထဲမှာ အဆိပ်ရှိတဲ့မြွေတွေ ရှိတယ်”
စူးချင်းက သူ့ကို
မော့ကြည့်ပြီး ဘာမှ မပြောဘဲ နောက်ပြန်လှည့်သွားသည်။ ကျိရွှေရှန့်က သူမနှင့်
ခပ်ဝေးဝေးမှ တိတ်တဆိတ် လိုက်ပါလာခဲ့သည်။
"အစ်မ၊ နောက်ဆုံးတော့ အစ်မ ပြန်လာပြီ"
ကျိရှောင်ယင်နှင့် လီရွှမ်းအာတို့က
ကလေးများကို စောင့်ရှောက်ရန် တာဝန်ယူထားကြပြီး သူမက စူးချင်းကို လွမ်းနေသောကြောင့်
တောင်ကို ခဏခဏ လှမ်းမျှော်ကြည့်နေခဲ့သည်။ စူးချင်း ပြန်လာသည်ကို မြင်သည့်နှင့် သူမက
ဝမ်းသာအားရ ကြိုဆိုရန် ပြေးသွားလိုက်သည်။
"အကိုကြီး၊ အစ်ကိုကြီးက ဘာလို့ အစ်မနဲ့အတူ ရှိနေရတာလဲ?" သူမ၏အစ်ကိုကြီး
စူးချင်း၏နောက်မှ လိုက်ပါလာသည်ကို မြင်လိုက်သောကြောင့် ကျိရှောင်ယင်က နှလုံးသားမဲ့စွာ လှမ်းမေးလိုက်သည်။
ကျိရွှေရှန့်က
"ငါတို့ တောင်တန်းတွေပေါ်မှာ တွေ့ခဲ့တာ"
အမျိုးသမီးတစ်ဦး၏
ဂုဏ်သတင်းနှင့် အကျင့်သိက္ခာက အရေးကြီးဆုံးဖြစ်သည်။ ထို့ကြောင့်လည်း သူက စူးချင်းနှင့်
ခပ်ခွာခွာနေခဲ့ခြင်း ဖြစ်သည်။
“အစ်ကိုရွှေရှန့်၊
ငန်းသားတွေ ကျက်ခါနီးနေပြီ”
ကျိရွှေရှန့်နှင့် စူးချင်းတို့
အတူတူပြန်လာသည်ကို မြင်လိုက်ရသောကြောင့် ချိုးယွဲ့တစ်ယောက် အပြေးရောက်လာပြီး သူမ၏ ရွှန်းစိုနေသော
မျက်လုံးတစ်စုံက ကျိရွှေရှန့်ကို ကြည့်နေကာ "အစ်ကိုရွှေရှန့် ကျေးဇူးနဲ့
ကျွန်မတို့ ငန်းသား စားရတော့မယ်"
စူးချင်းက ချိုးယွဲ့ကို
ဂရုမစိုက်ဘဲ သူမဘေးမှ ဖြတ်လျှောက်သွားပြီး ဟင်းခတ်အမွှေးအကြိုင်များကို အိုးကြီးထဲသို့
ထည့်လိုက်သည်။ စူးချင်းက
ဟင်းခတ်အမွှေးအကြိုင်
အများအပြား ပြန်ယူလာသည်ကို မြင်နေရသောကြောင့် အဒေါ်လီက သူမကို ချီးကျူးနေပြန်သည်။
“မင်းက
တော်ဝင်စားဖိုမှူးရဲ့မျိုးဆက်ဆိုတော့ ဟင်းခတ်အမွှေးအကြိုင်တွေအားလုံးကိုတောင်
ရှာဖွေနိုင်တယ်။ ဒီနေ့တော့ ငန်းရိုင်းအသားက အရမ်းအရသာရှိမှာ သေချာတယ်”
အဒေါ်လီ၏စကားကြားကို
ကြားရချိန်တွင် ကျိရွှေရှန့်တစ်ယောက် အနည်းငယ် အံ့သြသွားရသည်။ သူက စူးချင်းကို
နောက်တခေါက် ပြန်ကြည့်လိုက်သည်။
သူမက
တော်ဝင်စားဖိုမှူးတစ်ဦးကနေ ဆင်းသက်လာတဲ့သူလား?
ချိုးယွဲ့၏အမူအရာက
အနည်းငယ် ရှက်ရွံ့နေပုံရပြီး သူမက ကျိရွှေရှန့်ကို တိတ်တဆိတ် ကြည့်လိုက်သည်။ သူက ဆေးကျိုရန်
ဆေးအိုးရှာနေပြီး သူမတို့ကို ဂရုမစိုက်နေကြောင်း တွေ့လိုက်ရသောကြောင့် ချိုးယွဲ့က သူ့ဆီသို့
ကပျာကယာ ပြေးသွားကာ အကူအညီပေးရန် ကြိုးစားနေခဲ့သည်။
"အစ်ကိုရွှေရှန့်၊ ကျွန်မ အစ်ကို့ကို ကူညီပေးမယ်"
"မလိုပါဘူး" ကျိရွှေရှန့်က သူ့လက်ကို ဝှေ့ယမ်းပြီး ငြင်းဆိုလိုက်သည်။
သူက ဆေးပင်များကို ဆေးအိုးထဲသို့ ထည့်လိုက်ပြီး ဆေးကျိုရန် ရေထပ်ထည့်လိုက်သည်။ အရာအာလုံး
ပြင်ဆင်ပြီးနောက် သူ့ခန္ဓာကိုယ်က မသက်မသာ ဖြစ်နေသည့်အတွက် သစ်သားတွန်းလှည်းကို မှီထိုင်ကာ
သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။
သူ အိပ်ပျော်သွားသည်ကို
မြင်လိုက်ရသောကြောင့် ချိုးယွဲ့က ဆေးရည်အိုးကို ကူကြည့်ပေးရန် ပြေးသွားခဲ့သည်။ သူမက
ကျိရွှေရှန့် နှိုးသွားမည်ကို ကြောက်နေပြီး သူမ၏လှုပ်ရှားမှုများက အလွန်
ညင်သာနေသည်။
"အစ်မချို့ယွဲ့၊ ကျွန်မ လုပ်ပါရစေ!"
ကျိရှောင်ယင်က သူမကို
ကူညီရန် ပြေးလာပြန်သည်။ ယခင်က သူမတို့၏မွေးစားအဖေ လူနာများကို ကုသပေးချိန်တွင် ဆေးကျိုရသည့်တာဝန်က
သူမ၏တာဝန်ဖြစ်ပြီး ဤလုပ်ငန်းက သူမနှင့် အလွန်ရင်းနှီးကျွမ်းဝင်သောအရာ ဖြစ်သည်။
"မင်း ဟိုကို သွားပြီး ကူညီလိုက်ပါ၊ ဒါကို ငါ ဂရုစိုက်လိုက်မယ်!" ချိုးယွဲ့က
ကျိရှောင်ယင်ကို ညင်သာစွာ ငြင်းပယ်လိုက်သည်။ သူမက ဆေးအိုးရှေ့တွင် ရပ်နေကာ
ထွက်သွားရန် ရည်ရွယ်ချက် မရှိပုံရသည်။
ချိုးယွဲ့က သူမ၏အကူအညီကို
မလိုအပ်ကြောင်းတွေ့လိုက်ရသဖြင့် ကျိရှောင်ယင်က စူးချင်းဆီသို့ ပြေးသွားပြန်သည်။
“အစ်မ၊
ကျွန်မ မီးကူကြည့် ပေးမယ်”
“မလိုပါဘူး၊
ဟင်းက သိပ်မကြာခင် အဆင်သင့် ဖြစ်တောမ့ယ်။ ကလေးတွေကို ခေါ်ပြီး ပန်းသီးတွေ
သွားစားကြလေ၊ ပြီးတော့ ငါ့အတွက် ဗာဒံစေ့တွေ သိမ်းထားပေး"
စူးချင်းက ကျိရှောင်ယင်ကို
တားဆီးလိုက်သည်။ သူမက ဆေးအတွက် ဗာဒံစေ့များ လိုအပ်ပြီး ၎င်းတို့က
လည်ချောင်းနာသက်သာစေသည့်ဆေးများ ပြုလုပ်ရန် အသုံးပြုနိုင်သည်။
အသက်ရှုလမ်းကြောင်းအတွက်
ဆေးများကို အဓိကအားဖြင့် အားနည်းခြင်း၊ အအေးမိခြင်းနှင့် အပူရှပ်ခြင်းတို့ကို ကုသရာတွင်
အသုံးပြုနိုင်သည်။ လိုအပ်သောဆေးဖက်ဝင်အပင်များမှာ ဟင်္သာခြေထောက်ရွက်၊ ephedra၊ scutellaria၊ ဗာဒံစေ့ စသည်တို့ဖြစ်သည်။ သူမက
၎င်းတို့ကို တောင်ပေါ်မှ ရှာဖွေကောက်ယူလာခဲ့သည်။
လွန်ခဲ့သော
အခိုက်အတန့်တွင် ရှောင်ချီက ထိုအမျိုးသား အအေးမိနေပြီး စိတ်မကောင်းဖြစ်လောက်အောင်
အပြင်းဖျားနေသည်ဟု သူမကို ပြောပြခဲ့သည်။ သူမက ယခင်က ထိုအမျိုးသား ရှာဖွေပေးသော ဆေးပင်များကို
စားခဲ့ဖူးပြီး သူမက သူ့ထံတွင် ကျေးဇူးကျွေးမတင်ချင်သောကြောင့် ၎င်းကို ပြန်ပေးရန်
အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
ဒီလိုဆိုရင်
တစ်ယောက်နဲ့ တစ်ယောက် ဘာတစ်ခုမှ အကြွေးမတင်နိုင်တော့ဘူး။
ကျိရွှေရှန့် ခူးဆွတ်လာသော
ဆေးပင်များကိုလည်း သူမ တွေ့ခဲ့ပြီး ၎င်းတို့အားလုံးက အအေးမိခြင်းကို ကုသရာတွင်
အသုံးပြုသော ဆေးပင်များ ဖြစ်သော်လည်း ၎င်းတို့၏ သက်ရောက်မှုက အလွန်နှေးကွေးပြီး
စနစ်အတွင်းမှ ဆေးဝါးများကဲ့သို့ မကောင်းနိုင်ပေ။
အိုးထဲမှ ဟင်းက
ကျက်လုနီးပါးဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့် စူးချင်းက အဒေါ်လီကို လှမ်းခေါ်လိုက်သည်။
“အဒေါ်လီ၊ ငန်းသားဟင်း ရပြီ”
ကျိရွှေရှန့်က တစ်ရေးတစ်မော
အိပ်ပျော်သွားပြီး စူးချင်း၏အသံကို ကြားလိုက်ရပြီး စွဲမက်ဖွယ်ကောင်းသော
အသားမွှေးရနံ့ကို ရှူရှိုက်မိသောကြောင့် မျက်လုံးပြန်ဖွင့်လိုက်သည်။
သူ မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင်
ချိုးယွဲ့က သူ့နဖူးကို ထိတော့မည်ကို မြင်လိုက်ရသောကြောင့် ကျိရွှေရှန့်က သူမလက်ကို
ရှောင်တိမ်းရန် သူ့ခေါင်းကို အလျင်အမြန် စောင်းလိုက်ပြီး ထရပ်လိုက်သည်။ ချိုးယွဲ့၏မျက်နှာတွင်
ရှက်ကိုးရှက်ကန်းဖြစ်နေသော အမူအရာများ ပြည့်နှက်နေသည်။
"အစ်ကိုရွှေရှန့်၊ နိုးပြီလား?"
ကျိရွှေရှန့်က အသံမထွက်ဘဲ “အွန်း”ဟုသာ တုံ့ပြန်လိုက်သည်။ ဤနေရာတွင် သူနှင့် ချိုးယွဲ့သာ ရှိနေကြောင်း သူ သိလိုက်သောကြောင့် ကျိရွှေရှန့်က စူးချင်းဆီသို့ လျှောက်သွားလိုက်သည်။ ငန်းသားပြုတ်အိုးကြီး၏ အနံ့က လေထုကို လွှမ်းခြုံထားပြီး ရွာသားများ အားလုံးက အသားကို ခွဲဝေရန် တန်းစီနေကြသည်။ ကျိရွှေရှန့်လည်း အနံ့ကြောင့် စွဲဆောင်ခံလိုက်ရသည်။
✍️✍️✍️