အခန်း ၁၅ ငန်းကို ပစ်ချခြင်း
“အမ်း”
စူးချင်းက ဝတ်ကျေတန်းကျေ
အသံပြန်ပြုလိုက်ပြီး သူမ၏ခေါင်းကို သူမ၏အလုပ်ထဲတွင် မြှုပ်နှံထားလိုက်သည်။ သူမက ဆန်လုံးညိုကို
ရေဆေးပြီး အိုးကြီးထဲသို့ လောင်းထည့်ပြီးနောက် အိုးကြီးထဲသို့
ရေလောင်းထည့်လိုက်သည်။ သူမ ပထမဆုံးချက်ပြုတ်သည့် အစားအစာက ယာဂုပြုလုပ်ခြင်းဖြစ်ကာ ရိုးရှင်းလွန်းနေသော်လည်း
ချက်ပြုတ်မှုစွမ်းရည်နေရာရှိ အဆင့်မြှင့်တင်မှုဘားတန်းက တိုးလာကြောင်း သူမ မြင်လိုက်ရသည်။
စူးချင်းက တိုးတက်မှုပမာဏကို
အလွန်ကျေနပ်ခြင်း မရှိသော်လည်း လက်ရှိအခြေအနေတွင် ယာဂုကျိုခြင်းမှ လွဲ၍
အခြားမည်သည့်အရာကိုမှ သူမ မလုပ်ဆောင်နိုင်သေးပေ။ သူမက ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး
တောရိုင်းဟင်းသီးဟင်းရွက်အချို့ကို ခူးယူကာ ယာဂုထဲသို့ ထပ်ထည့်နိုင်သည်ဟု တွေးလိုက်မိသည်။
တောရိုင်းဟင်းရွက်နဲ့
ယာဂုကျိုလိုက်ရင် ငါရဲ့တိုးတက်မှုကို
ပိုမြန်လာစေမှာလား?
စူးချင်းက သူမ၏အတွေးကို
ချက်ချင်း အကောင်အထည်ဖော်ရန် ပြင်ဆင်လိုက်သည်။ သူမက ခြင်းတောင်းတစ်လုံး ဆွဲယူလိုက်ပြီး
တောရိုင်းဟင်းသီးဟင်းရွက်များ ခူးရန် မြစ်ကမ်းဆီသို့ ရောက်သွားခဲ့ပြီး
တိုးတက်မှုဘားတန်းက တစ်ဖန်ပြန်လည် ကြီးထွားလာခဲ့သည်။ စူးချင်းတစ်ယောက် အလွန်ကျေနပ်သွားသည်။
ငါ အလုပ်လုပ်နေသရွေ့
တိုးတက်မှုက ပိုမြန်နိုင်ပြီး ဘာမှ အလကားဖြစ်သွားမှာ မဟုတ်ဘူး။
ဆည်းဆာ၏နေရောင်က
ကောင်းကင်ထက်ဝက်ကို အနီရောင်ဆိုးထားပြီး ငန်းရိုင်းများက တောင်ဘက်သို့ ဦးတည်ကာ အေးအေးလူလူ
လှည့်ပတ်ပျံသန်းနေကြသည်။
စူးချင်းက
ဆူဖြိုးသော ငန်းရိုင်းအုပ်စုကို ကြည့်နေပြီး ငန်းသားပြုတ်ကို တွေးလိုက်မိသည်။
ကောင်းကင်ကို မော့ကြည့်နေရင်း သူမ၏အတွေးက ပိုနက်ရိုင်းလာသည်။
ငါ့မှာ သေနတ်တစ်လက်သာ
ရှိနေခဲ့ရင်...
စူးချင်းက
ငန်းများကို ပစ်ချနိုင်ရန် တွေးနေစဥ်တွင် မြှားတစ်စင်းက စူးရှသော
အသံနှင့်အတူ လေထဲသို့ ပျံတက်လာပြီး ခေါင်းဆောင်ငန်းရိုင်းကို ထိမှန်သွားခဲ့သည်။
ခေါင်းဆောင်မရှိတော့သော
ငန်းရိုင်းအုပ်ကြီးက ချက်ခြင်း ပရမ်းပတာဖြစ်သွားပြီး ထို့နောက်တွင် နောက်ထပ်
မြှားနှစ်စင်း ထပ်တက်ကာလာ နောက်ထပ် ငန်းရိုင်းနှစ်ကောင် ကောင်းကင်မှ ပြုတ်ကျလာသည်။
မြှားပစ်သူမှာ
မုတ်ဆိတ်မွေးနှင့်လူ ဖြစ်နေသည်ကို စူးချင်းက ချက်ချင်း သတိပြုမိသည်။
သူ့ရဲ့
လေးပစ်စွမ်းရည်က မဆိုးဘူး၊ ဒုတိယအကြိမ်မှာ မြှားနှစ်ချောင်းကို တပြိုင်တည်း ပစ်လိုက်တာ
သိသာနေတယ်။
"အစ်ကိုရွှေရှန့်၊ အစ်ကိုက အရမ်း အံ့သြစရာကောင်းတယ်"
ငန်းရိုင်း မြေပြင်ပေါ်မှ
ကျဆင်းလာသည်ကို မြင်သောအခါ ချိုးယွဲ့က စိတ်လှုပ်ရှားစွာ ပြေးလာသည်။ သူမက ငန်းရိုင်းကို
ကောက်ကိုင်လိုက်ရင်း သူမ၏ ချစ်စဖွယ်မျက်လုံးတစ်စုံဖြင့် ကျိရွှေရှန့်ကို လှမ်းကြည့်လိုက်ပြီး
သူမ၏အသံက ပျားရည်ထဲသို့ နှစ်ထားသလို ကြည်လင်ချိုမြနေသည်။
ငန်းရိုင်းများကို
ကြည့်နေချိန်တွင် စူးချင်း၏ မျက်လုံးများက တောက်ပလာသည်။
ဘယ်သူက
ပစ်လိုက်တာလဲက အရေးမကြီးဘူး၊ အခုအချိန်မှာ အရေးကြီးတာက အခု သူမ
ငန်းရိုင်းပြုတ်အိုးကို ချက်နိုင်ပြီပေါ့။ ဒါက သူမရဲ့ချက်ပြုတ်စွမ်းရည် မြန်မြန်တိုးဖို့
ကူညီပေးပါလိမ့်မယ်။
“ငါ
ကိုင်တွယ်ပေးမယ်”
သူမက
သူမ၏ဟင်းချက်ကျွမ်းကျင်မှု တိုးတက်မှုလာရန် အကျိုးပြုနိုင်သည့် တောငန်းရိုင်းများကို
ကိုင်တွယ်ရန် စေတနာ့အလျောက် အဆိုပြုလိုက်သည်။
ဟုတ်တယ်လေ သူမအတွက်
အကျိုးရှိမှတော့ သူမက ဘယ်လက်လွှတ်ပါ့မလဲ?
"မင်း တကယ် အဆင်ပြေရဲ့လား?"
ချိုးယွဲ့က ခဏတုံ့ဆိုင်းနေသည်။
ငန်းရိုင်းအသားက အရသာရှိသော်လည်း အမွှေးများကို မဖယ်ထုတ်ခင် ရေနွေးထဲသို့ နှစ်ရမည်
ဖြစ်ပြီး ထိုရေနွေး၏အနံ့က အလွန်နံသောကြောင့် လူများကို သေလောက်အောင် ခံစားရစေသည်။
“အဆင်ပြေပါတယ်”
စူးချင်းက တောငန်းရိုင်းများကို ကောက်ကိုင်လိုက်ပြီး ပေါ့ပေါ့ပါးပါး အမူအရာဖြင့်
ပြောလိုက်သည်။ ချိုးယွဲ့က အလွန်လှပသော်လည်း သူမ၏အပြုံးက အခြားလူအတွက် အတုအယောင်ဆန်သော
ခံစားမှုကို ဖြစ်ပေါ်စေသည်။
စူးချင်းက သူမ မကြိုက်သောသူများကို
မျက်နှာသာပေးရန် ပျင်းရိတက်သူ ဖြစ်သည်။ သူမက ငန်းရိုင်းများကိုသာ ကောက်ယူပြီး
ထွက်ခွာသွားခဲ့သည်။ ချိုးယွဲ့က ကူညီပေးချင်နေသော်လည်း စူးချင်းက ထိုကဲ့သို့ ထွက်သွားသည်ကိုသာ
သူမ မြင်လိုက်ရသည်။ ထို့အပြင် သူမက ငန်းရိုင်းများကို သယ်ရန် ဘာအခက်အခဲမှ မရှိသည်ကို
တွေ့နေရသောကြောင့် သူမနောက်ကနေသာ အေးအေးဆေးဆေး လိုက်သွားလိုက်သည်။
ငန်းရိုင်းတစ်ကောင်၏အလေးချိန်က
ဆယ်ပေါင်ကျော်ရှိပြီး ငှက်များ၏အသားက အိမ်မွေးကြက်များထက် ပို၍အရသာရှိသည်။ စူးချင်းက
အနာဂါတ်တွင် ဟင်းချက်သော အလုပ်ကို ရရှိနိုင်ရန်အတွက် အကောင်းဆုံး ချက်ပြုတ်ရန်
ဆုံးဖြတ်လိုက်သည်။
ထောင်ဟွားဝူမှ
လူများထံမှ စုစုပေါင်း အိုးကြီးသုံးလုံး ထွက်လာပြီး အိုးအသေးတစ်ဒါဇင်ကျော် ရှိသည်။
လူတစ်ရာကျော်အတွက် ထမင်းချက်ရန် လုံလောက်သော ပမာဏ ဖြစ်သည်။
စူးချင်းက ရေနွေးအိုးကြီးတစ်အိုးကို
ကျိုလိုက်ပြီး အဒေါ်လီက တခြားအမျိုးသမီးနှစ်ယောက်ကို ခေါ်ပြီး အကူအညီတောင်းလိုက်သည်။
သူမတို့လေးယောက်က ငန်းအမွေးများကို နှုတ်နေကြပြီး စူးချင်းက သူမ၏စွမ်းရည်များ ပိုမိတိုးတက်စေရန်
ပိုပြီး မြန်မြန်ဆန်ဆန် ဆွဲနှုတ်နေခဲ့သည်။
"မင်းက ဘယ်လောက်တောင် ကောင်းကောင်း လေ့ကျင့်ထားတာလဲ? ကြည့်ရတာ မင်း
အရင်တုန်းက အလုပ်တွေ အများကြီး လုပ်ခဲ့ရတယ် ထင်တယ်"
အဒေါ်လီက စူးချင်းနှင့်
စကားစမြည် ပြောချင်နေသော်လည်း စူးချင်းကတော့ အသံမထွက် အကြောင်းမပြန်ဘဲ အလုပ်သာ ဆက်လုပ်နေခဲ့သည်။
"ခနနေရင် ငါ ချက်လိုက်မယ်။ ငါ အိမ်မှာ ကြက်သားပြုတ်တဲ့အခါ နဂါးအသားထက်တောင်
ပိုအရသာရှိတယ်လို့ ငါ့အဘိုးကြီးက ပြောတယ်”
စူးချင်းက
စကားမပြောချင်ကြောင်း တွေ့လိုက်ရသောကြောင့် အဒေါ်လီက တခြားမိန်းမနှစ်ယောက်နှင့်
စကားစမြည်ပြောရန် ခေါင်းစဉ်ပြောင်းလိုက်သည်။ သူမက သူမ၏ စွမ်းရည်များကို ပြသရန်
အင်္ကျီလက်များကိုပင် လှန်တင်နေခဲ့သည်။
"ကျွန်မ ချက်မယ်" စူးချင်းက ရုတ်တရက် ဝင်ပြောလိုက်သည်။
အဒေါ်လီက သူမ၏အလုပ်ကို
အခြားသူ ဝင်ယူတော့မည်ကို မြင်လိုက်ပြီး သတိပေးလိုက်သည်။ “မိန်းခလေး၊ မင်း ဟင်းကောင်းကောင်းမချက်တက်ရင်
ဒီငန်းရိုင်းတွေ အလဟသဖြစ်သွားလိမ့်မယ်”
“ကျွန်မအဘိုးက
တော်ဝင်စားဖိုမှူး ဖြစ်ဖူးတယ်”
စူးချင်း၏
ကြုံရာကျပန်း လိမ်လည်မှုကြောင့် အဒေါ်လီတစ်ယောက် အံ့အားသင့်သွားပြီး စူးချင်းကို
ခေါင်းမှ ခြေဖျားအထိ ကြည့်မိသွားသည်။
မနေ့က
ကယ်ဆယ်ခဲ့တဲ့အချိန်မှာ သူမက အ၀တ်စုတ်တွေ ၀တ်ထားခဲ့တာလေ။ တော်ဝင်စားဖိုမှူးတွေက
အရမ်းချမ်းသာတာ မဟုတ်ဘူးလား? ဒီလိုအစုတ်အပြဲတွေကို သူမ ဘယ်လို ၀တ်ဆင်နိုင်တာလဲ?
သူမက စူးချင်းကို စူးစမ်းနေစဉ်အတွင်း
စူးချင်းက တောငန်းရိုင်းများ၏ အမွေးအားလုံးကို နှုတ်ယူပြီး ဖြစ်နေကာ သူမက သစ်ငုတ်တိုတစ်ခုကို
ရှာပြီး ရေဖြင့် ဆေးကြောသန့်စင်လိုက်သည်။ ထို့နောက် သူမက ငန်းရိုင်းများကို ထိုသစ်ငုတ်တိုပေါ်သို့တင်ကာ
မိးဖိုချောင်သုံးဓားဖြင့် ခုတ်ထစ်နေသည်။
သူမက ဓားများဖြင့် နှစ်ပေါင်းများစွာ
ကစားခဲ့ပြီး တောငန်းတစ်ကောင်ကို လှီးဖြစ်ရသည်က သူမအတွက် လွယ်ကူလွန်းနေပြီး
ကြည်နူးစရာတောင် ဖြစ်နေသေးသည်။
သို့သော်လည်း ထိုအရာက
အဒေါ်လီနှင့် တခြားသူများကို အမှန်တကယ် ထိတ်လန့်စေခဲ့သည်။ သူမ၏ဖြတ်တောက်မှုစွမ်းရည်က
တကယ်ကို ကောင်းမွန်လွန်းနေပြီး အသားတုံးများ၏အရွယ်အစားကပင် အတူတူ ဖြစ်နေခဲ့သည်။
“အဒေါ်လီ၊
သူ(မ)ကို ချက်ခွင့်ပေးလိုက်ပါ။ တော်ဝင်စားဖိုမှူးတွေရဲ့ သားစဉ်မြေးဆက်က ချက်ထားတဲ့
ဟင်းလျာတွေရဲ့ အရသာကို မြည်းစမ်းကြည့်ချင်တယ်”
မိန်းခလေးနှစ်ယောက်က
အဒေါ်လီကို တိုးတိုးလေး ပြောနေပြီး သူမတို့၏မျက်ဝန်းထဲတွင် တောင့်တမှုများ
ပြည့်နေခဲ့သည်။
"ဒါဆို...သူ(မ) ချက်ပါစေတော့"
မိန်းခလေးများ၏စကားများက
အဒေါ်လီ၏နှလုံးသားကို ထိမိသွားစေခဲ့သည်။ သူမတို့၏စကားအရ စူးချင်းက တော်ဝင်စားဖိုမှူးတစ်ဦးမှ
ဆင်းသက်လာသူဖြစ်လာပြီး သူမ၏အဆင့်အတန်းက ချက်ချင်း မြင့်တက်လာသည်။
စူးချင်းက သူမတို့၏စကားပြောသံများကို
ကြားနေသော်လည်း သူမ၏မျက်နှာက အစအဆုံး တည်ငြိမ်နေခဲ့သည်။ သူမက တောငန်းရိုင်းများကို
ခုတ်ထစ်ပြီး မြစ်ကမ်းဘေးတွင် ထပ်မံဆေးကြောလိုက်သည်။ ထိုအတောအတွင်း သူမ၏
ချက်ပြုတ်မှုစွမ်းရည် တိုးတက်မှုဘားတန်းက အလျင်အမြန် တိုးလာသည်ကို သူမကို မြင်နေရသည်။
အမှန်တကယ်တွင်
မီးဖိုချောင်အလုပ်ဖြစ်နေသရွေ့ ချက်ပြုတ်ခြင်းအဖြစ် မှတ်ယူနိုင်သည်။ အသားများ
လှီးဖြတ်ပြီး အသီးအရွက်များကို ဆေးကြောလျှင်ပင် ထည့်တွက်မည်ဖြစ်သည်။
စူးချင်းက
ငန်းရိုင်းအသားများကို ပြန်ယူလာပြီး အဒေါ်လီနှင့် အမျိုးသမီးငယ်နှစ်ဦးက သူမကို
အနောက်မှ စိုက်ကြည့်နေသည်ကို သူမ တွေ့လိုက်ရသည်။
သူမက မသိသလို ပုံစံဖြင့်
အိုးထဲသို့ ရေလောင်းထည့်လိုက်သည်။
“ရေနွေးဖျောတာလား?
ဒါဆို တော်ဝင်မီးဖိုချောင်ကလူတွေက သူတို့ရဲ့အသားပြုတ်အတွက် ရေနွေးဖျောတယ်ပေါ့”
အဒေါ်လီက အခြားမိန်းခလေးနှစ်ယောက်ကို
ရှင်းပြနေပြီး စူးချင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူမ အလုပ်လုပ်နေချိန်တွင်
အခြားသူများ ဝိုင်းကြည့်နေခြင်းက အဆင်မပြေလှပေ။
သို့သော်လည်း စူးချင်းက
ပြုတ်ထားသော ငန်းရိုင်းအသားများကို ပြန်ထုတ်လိုက်ချိန်တွင် အဒေါ်လီက သူမ
လုပ်ရမည့် အလုပ်ဆီသို့ အမြန် ပြေးသွားခဲ့သည်။
"ငါ မင်းကို ရေသွား ယူပေးမယ်။ မင်းက အားနည်းနေသေးလို့ ကိုယ့်ကိုယ်ကို အပင်ပန်း
မခံပါနဲ့”
စူးချင်းက သူမကို
မော့ကြည့်လိုက်သည်။ သူမက ရိုးသားသူဖြစ်ပြီး
ပါးစပ်ဖွာရုံသာ ဖြစ်ကာ နွေးထွေးသော
နှလုံးသားရှိသူ ဖြစ်သည်။
ကျိရှောင်ယင်နှင့် အဒေါ်လီ၏သမီး
လီရွှမ်းအာတို့က ကလေးများ၏ခြေဖဝါးများကို ကြည့်ပေးရန် သွားနေကြသည်။ ကလေးများ၏ခြေထောက်များပေါ်မှ
အရည်ကြည်ဖုများ ပျောက်ကင်းသွားသည်ကို တွေ့လိုက်ရသဖြင့် သူတို့အတွက် စူးချင်း ရက်လုပ်ပေးထားသော
မြက်ဖိနပ်များကို ကူဝတ်ပေးလိုက်ကြသည်။ ဖိနပ်အသစ်များကို ရလိုက်သောကြောင့် ကလေးများက
အလွန်ပျော်ရွှင်နေကြပြီး ကျိရှောင်ယင်က သူတို့၏အဒေါ်ကို ကျေးဇူးတင်ကြောင်းပြောရန်
သူတို့ကို ခေါ်လာခဲ့သည်။
“အစ်မ၊
ကလေးတွေက ကျေးဇူးတင်ဖို့ ရောက်လာကြတယ်။ သူတို့အတွက် အစ်မလုပ်ပေးထားတဲ့ ဖိနပ်ကို
သူတို့ ကြိုက်ကြတယ်!"
ကျိရှောင်ယင်၏အသံက
နားထဲတွင် ကြည်နူးစဖွယ်ဖြစ်နေပြီး သူမနောက်တွင် ကလေးလေးများ တစုတစည်း လိုက်ပါလာကြသည်။
ထောင်ဟွားဝူမှ ကလေးများ အားလုံးက ရုပ်ချောကြပြီး ယောက်ျားလေးများက သန်မာပုံရကာ
မိန်းကလေးများက ချစ်စရာကောင်းနေသည်။ ထို့အပြင် သူတို့က တခြားကလေးများကဲ့သို့
သူစိမ်းများကို မကြောက်ကြပေ။ သူတို့က စူးချင်းကို စူးစမ်းနေကြပြီး သူတို့၏မျက်လုံးလေးများက
မည်းနက်တောက်ပ နေသည်။
"ကျေးဇူးတင်ပါတယ် အဒေါ်"
ရွာလူကြီးချိုး၏မြေးက
စူးချင်းကို ပထမဆုံး ကျေးဇူးတင်လိုက်သည်။ ကျန်သောကလေးများက သူ့နောက်မှ နေပြီး
“ကျေးဇူးတင်ပါတယ် အဒေါ်”ဟု တညီတညွတ်တည်း ဝိုင်းအော်လိုက်ကြသည်။
နူးညံ့ပြီး
အပြစ်ကင်းစင်သော ကလေးသံလေးများက စူးချင်း၏နှလုံးသားကို နွေးထွေးစေသည်။ ဤသည်မှာ သူမ
နေထိုင်လိုသောဘဝ ဖြစ်သည်။
သူမက
သူမ၏နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး “မင်းတို့ ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။
မင်းတို့ အဲဒါတွေ ဝတ်ပြီး ပျက်စီးသွားရင် မင်းအတွက် အသစ်လုပ်ပေးမယ်"
"အဲဒါ အရမ်းကောင်းတယ်! အဒေါ်က ငါတို့အတွက် ဖိနပ်အသစ်တောင် လုပ်ပေးဦးမှာ”
ကလေးများက
ဝမ်းသာအားရ လက်ခုပ်တီးနေကြပြီး သူတို့က စူးချင်းထံသို့ ချက်ချင်း ချဉ်းကပ်လာကာ
သူမကို ဝိုင်းထားလိုက်ကြသည်။
"အဒေါ်၊ ဘာ ဟင်းချက်နေတာလဲ?"
"အဒေါ်၊ အနံ့က အရမ်းကောင်းတယ်"
မျိုးဆက်တစ်ခုရဲ့စစ်နတ်ဘုရားက
ကလေးဘုရင် ဖြစ်လာမယ်လို့ ဘယ်သူက ထင်ထားမှာတဲ့လဲ?
အဒေါ်လီက သူမ၏မြေးလေးကို
လှမ်းခေါ်လိုက်ချိန်တွင် စူးချင်း၏မျက်လုံးများထဲမှ အပြုံးရိပ်တစ်ခု လင်းလက်သွားခဲ့သည်။
သူမ၏မြေးလေးကို ရှောင်ဟူ(ရှောင်ဟူလေး)ဟု
ခေါ်ပြီး ကလေးက သုံးနှစ်သားအရွယ်ဖြစ်ကာ သူ၏မျက်လုံးလေးများက ကြီးကြီးလေးများ ဖြစ်ပြီး
တောက်ပနေကာ သူ့ခေါင်းပေါ်တွင် ကျစ်ဆံမြီးရှည်တစ်ခု ရှိနေသည်။ အဒေါ်လီက
ကလေး၏ခြေဖဝါးကို ငုံကြည့်လိုက်သည်။ သူမက စူးချင်း ရက်လုပ်ထားသော မြက်ဖိနပ်ကဲ့သို့သော
ဖိနပ်မျိုးကို မမြင်ဖူးသောကြောင့် ကလေး၏ခြေထောက်ကို ဆွဲယူကြည့်လိုက်သည်။ ထိုဖိနပ်များက
လှေငယ်လေးကဲ့သို့ ခြေထောက်ကို ရစ်ပတ်ထားပြီး ခြေထောက်နှင့် လိုက်လျောညီထွေ ဖြစ်နေသောကြောင့် ခြေထောက်များ ပွန်းပဲ့မည်ကို စိတ်ပူရန် မလိုအပ်တော့ပေ။
"စူးချင်း၊ မင်းရဲ့လက်ရာက တကယ်ကောင်းတယ်။ ညစာ စားပြီးရင် ငါတို့ကို သင်ပေးပါလား။
အထည်ဖိနပ်တွေက တာရှည်မခံဘူး၊ လူတိုင်းရဲ့ဖိနပ်တွေက ပေါက်ထွက်လုနီးပါး ဖြစ်နေပြီ"
ဒီလို အခွင့်အရေးကောင်းကို သူမက ဘယ်လို စွန့်လွှတ်နိုင်မှာလဲ? ဒါက ရက်လုပ်ခြင်းနဲ့ ကုသိုလ်ကောင်းမှု နှစ်ခုစလုံး တိုးပွားစေနိုင်တဲ့ အတတ်ပညာတစ်ခုလေ...
✍️✍️✍️