အခန်း ၁၃ ဒုက္ခသည်များအတွင်း ဓားပြများ ရောနှောလာခြင်း
“ဒါက ဒေါသထွက်စရာပဲ၊ သူတို့ကို လုရက်ပြီး ညစ်ပတ်တဲ့ငွေတွေကို ပြန်ယူကြရအောင်”
"ဟုတ်တယ်၊ သူတို့ကို လုရက်ကြရအောင်၊ သူတို့ ဘယ်လောက် မောက်မာနိုင်မလဲ
ကြည့်ရအောင်”
ထိုလူများက
ပြဿနာရှာရန် ဤနေရာတွင် ရှိနေကြောင်း သိသာထင်ရှားနေပြီး သူတို့က မြင်တွေ့နေကြ
ပုံစံမျိုး မဟုတ်ဘဲ သူတို့လက်ထဲတွင် ဓားရှည်ကြီးများပင် ကိုင်ဆောင်ထားကြသေးသည်။
၎င်းတို့က ယခင်က ရှိနေသော ဒုက္ခသည်များ မဟုတ်ကြဘဲ ဒုက္ခသည်များနှင့် ရောနှောကာ လုရက်ရန်
အခွင့်အရေးကို စောင့်ဆိုင်းနေသော ဓားပြများနှင့် ပိုတူနေသည်။
ကျိရွှေရှန့်၏မျက်လုံးများထဲတွင်
အုံ့မှိုင်းမှုတစ်ခု ပေါ်ပေါက်လာခဲ့ပြီး သူက သူ့လက်ထဲမှ ထမ်းပိုးကို လွှင့်ချကာ
သူတို့ဆီသို့ လျှောက်သွားလိုက်သည်။
ထောင်ဟွားဝူမှ
အမျိုးသမီးများအားလုံးက အလွန်ကြောက်လန့်နေကြပြီး သူမတို့က သူမတို့၏ကလေးများကို
ကာကွယ်ရင်း အလယ်သို့ ပြေးသွားကာ ထိုလူများကို ထိတ်လန့်စွာ ကြည့်နေကြသည်။
ကျန်းလောင်ချီ၊
လီတာ့နျိုနှင့် ချိုးယုံခန်းတို့က ထောင်ဟွားဝူမှ အမျိုးသားများကို ခေါ်ဆောင်လာပြီး
တိုက်ပွဲဝင်ရန် အသင့်ပြင်ထားကြသည်။
"ထွက်သွား"
ကျိရွှေရှန့်က
အားမာန်ပါသော ခြေလှမ်းများဖြင့် လျှောက်လှမ်းနေရင်း သူ့၏ အုံ့မှိုင်းအေးစက်သော
မျက်လုံးများက ဒုက္ခပေးချင်နေသော လူတစ်စုကို စိုက်ကြည့်နေသည်။ သူ၏ခန္ဓာကိုယ်မှ
ကြောက်မက်ဖွယ်ကောင်းသော လူသတ် အငွေ့အသက်ကို ထုတ်လွှတ်ပေးနေသောကြောင့် သူက လက်ဗလာဖြစ်နေသော်လည်း
ထိုလူများကို မမြင်နိုင်သော ဖိအားတစ်ခု ခံစားရစေခဲ့သည်။
ဒီလူ့ကို
ကြည့်ရတာ အရမ်းရက်စက်ကြမ်းကြုတ်ပုံရတယ်။
"အားလုံး အတူတူ သွားကြရအောင်။ အစားအစာကို လုယူနိုင်ရင်တောင် ဆာလောင်မှုနဲ့
အအေးဒဏ်ကို သည်းခံနေရမှာ မဟုတ်တော့ဘူး”
ပြဿနာကို
ဦးဆောင်နေသူက ကျိရွှေရှန့်၏ဟန်ပန်ကြောင့် ကြောက်ရွံ့သွားပြီး ချက်ခြင်း ရှေ့မတိုးဝံ့သော်လည်း
သူ့နောက်မှ ဒုက္ခသည်များကို လုရက်ရန်
လှုံ့ဆော်ပေးနေသေးသည်။
ထောင်ဟွားဝူမှ
ဒုက္ခသည်များက ရာဂဏန်းလောက်သာ ရှိနေပြီး ထိုလူများက ထောင်ဟွားဝူမှ လူအရေအတွက်ထက်
အဆပေါင်းများစွာ ရှိနေခဲ့သည်။ အကယ်၍ ဤလူများက သူတို့ကို အတူတကွ တိုက်ခိုက်ပါက သူတို့
အမှန်တကယ် ဓါးပြတိုက်ခံရပြီး အချို့လူများက ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းပင်
ဖြစ်ပေါ်လာလိမ့်မည်။
ကျိရွှေရှန့်က
လူအများ ထကြွလာရန် အချိန်မပေးဘဲ "တိုက်ကြ" ဟု ကျယ်လောင်စွာ
အမိန့်ပေးရင်း သူ့မျက်လုံးများက မှေးကျဥ်းသွားခဲ့သည်။
သူ၏ပစ်မှတ်က
ဒုက္ခပေးရန် အဓိကရုဏ်းကို လှုံ့ဆော်ခဲ့သူဖြစ်သည်မှာ ထင်ရှားနေသည်။ ကျိရွှေရှန့်က
အထူးရက်စက်ကြမ်းကြုတ်ပုံ ပေါ်နေပြီး တစ်ဖက်လူကို အသက်ရှူရန်ပင် အချိန်မပေးဘဲ
သူ့လက်ထဲမှ ဓားကို လုယူကာ သူ့လက်ကို ချိုးပစ်လိုက်သည်။ ထို့နောက် ထိုလူ၏ရင်ဘတ်ကို
ပြင်းပြင်းထန်ထန် ကန်ထုတ်လိုက်ပြီး ပျံတက်သွားစေခဲ့သည်။ ထိုအမျိုးသားက မြေပြင်ပေါ်သို့
ပြန်ပြုတ်ကျလာပြီ သွေးတစ်လုတ် အန်ထုတ်ကာ ချက်ချင်း သတိလစ်သွားသောကြောင့် သူ
ပြင်းထန်စွာ ဒဏ်ရာရသွားသည်မှာ ထင်ရှားနေသည်။
ကျိရွှေရှန့်က
အလွန်ရက်စက်ကြမ်းကြုတ်သည်ကို မြင်လိုက်ရသဖြင့် ထိုလူ၏နောက်သို့ လိုက်လာသော လူများက
ထိတ်လန့်တုန်လှုပ်သွားကြသည်။ ကျိရွှေရှန့်က တာ့နျိုနှင့် တခြားသူမားကိုပါ ဦးဆောင်လာပြီး
သူတို့၏ဆုံးဖြတ်ချက်များကို နောင်တရရန် အခွင့်အရေး မပေးတော့ပေ။ ထိုလူများ သူတို့၏မိဘများကို
တပြီး ငိုယိုမိသည်အထိ အရိုက်ခံကြရသည်။
သူတို့၏အရိုးများက ကျိုးသွားပြီး အရွတ်များ ဒဏ်ရာရလာသောကောင့် ကြွက်များကဲ့သို့ ခေါင်းများကို
အုပ်ထားပြီး ပြေးရန်သာ တက်နိုင်ကြတော့သည်။
ကျိရွှေရှန့်နှင့်
သူ့၏လူများက အလွန်အစွမ်းထက်သည်ကို မြင်လိုက်ရသဖြင့် လှုပ်ရှားရန်
အဆင်သင့်ဖြစ်နေကြသူများက အလွန်ကြောက်လန့်ကာ သူတို့၏အကြံကို စွန့်လွှတ်လိုက်ကြသည်။
“ထုပ်ပိုးပြီး မြန်မြန် ရှေ့ဆက်ကြမယ်”
ထိုဒုက္ခသည်များကို
ရိုက်နှက်ဆုံးမပြီးနောက် ကျိရွှေရှန့်က ကောင်းကင်ကို မော့ကြည့်ကာ ကျယ်လောင်သောအသံ လေးနက်သော
အမူအရာဖြင့် အမိန့်ပေးလိုက်သည်။
အခုန
ထိတ်လန့်ခဲ့ရသော ထောင်ဟွားဝူမှ လူများကလည်း ဤနေရာတွင် ဆက်နေရန် မသင့်တော်ကြောင်း ခံစားလာရသည့်အတွက်
ပင်ပန်းနွမ်းနယ်မှုကို မမူ့တော့ဘဲ သူတို့၏ပစ္စည်းများကို စတင်ထုပ်ပိုးကြသည်။
ကျိရှောင်ယင်ကလည်း
စတင်ထုပ်ပိုးနေပြီ ဖြစ်နေသည်။ အစ်မအတွက် လျှော်ထားသောအ၀တ်များက ခြောက်သွေ့နေပြီ ဆိုသော်လည်း
ပြန်မချုပ်ရသေးပေ။ သို့သော် ယခုအချိန်တွင် ချုပ်ရန် အချိန်မရှိသောကြောင့် အင်္ကျီကို
ဦးစွာခေါက်လိုက်ပြီး ၎င်းကို ပြန်မချုပ်မီ ဘေးကင်းသည်အထိ စောင့်ရန် ဆုံးဖြတ်လိုက်သည်။
ကျိရှောင်ယင်က
သူမ၏စုတ်ပြဲနေသောအဝတ်အစားများအား ခေါက်ပေးနေသည်ကို မြင်လိုက်ရသောအခါ စူးချင်း၏မျက်လုံးများက
တောက်ပလာသည်။
အခု
ချုပ်လို့ မရဘူးလား?
စူးချင်းက
အေးအေးဆေးဆေး လမ်းလျှောက်သွားလိုက်ပြီး ကျိရှောင်ယင်ထံမှ
အဝတ်အစားများကို လှမ်းယူလိုက်သည်။
"ငါ ကိုယ်တိုင်လုပ်မယ်"
“အင်း။ ကျွန်မ တခြားပစ္စည်းတွေကို သွားသိမ်းလိုက်မယ်"
အဝတ်အစားခေါက်ခြင်းက
ပင်ပန်းသည့်အလုပ် မဟုတ်သောကြောင့် ကျိရှောင်ယင်က စူးချင်းကို မတားတော့ပေ။ သူမက
အဝတ်အစားများကို ပေးလိုက်ပြီး အခြားပစ္စည်းများကို ထုပ်ပိုးရန် အမြန်သွားလိုက်သည်။
ကလေးမလေးက ပျားလေးတစ်ကောင်ကဲ့သို့ အလုပ်များနေပြီး အိုးများ၊ ပန်းကန်များ၊ ဇွန်းခွက်များ၊
အင်တုံများ၊ သူမ၏မွေးစားဖခင် ထားခဲ့သော ဆေးကျိုအိုးများ၊ မီးကျောက်များ၊
စပါးအိတ်များ စသည်ဖြင့် တစ်ခုစီ အလှည့်ကျ ထုတ်ပိုးသိမ်းဆည်းနေသည်။
ထောင်ဟွားဝူမှ
တခြားလူများလည်း အလုပ်များနေကြပြီး ချိုးယုံခန်းက ကျိရွှေရှန့်ထံသို့ ရောက်လာခါ ငွေနှစ်ဆယ့်လျန်ကို ပေးလိုက်သည်။
"ရွှေရှန့်၊ စုစုပေါင်း ၂၈ လျန်ရှိတယ်၊ မင်းက ငါး ဖမ်းခဲ့တာဆိုတော့ မင်း သိမ်းထားလိုက်”
"မလိုဘူး၊ မင်းဆီမှာပဲ ထားလိုက်တော့။ နောက်မြို့ရောက်ရင် ပစ္စည်းတွေ သွားဝယ်ရမယ်!"
ကျိရွှေရှန့်က
ငွေကို မယူခဲ့ပေ။ ခရီးက ရှည်လျားပြီး သူက ဤအသေးအဖွဲလေးများကို ဂရုစိုက်နိုင်မည်
မဟုတ်ပေ။
"ကောင်းပြီ၊ ငါ ဒါကို စာရင်းနဲ့ မှတ်ထားလိုက်မယ်"
ချိုးယုံခန်းက
မငြင်းဘဲ ပိုက်ဆံကို သိမ်းလိုက်ပြီး သူ့အမေ ပစ္စည်းများ ထုပ်ပိုးနေသည်ကို
သွားရောက်ကူညီပေးနေသည်။
ထောင်ဟွားဝူမှလူများက
အလွန်လျင်မြန်စွာ ပြန်စုရုံးကြပြီး တစ်နာရီအကြာတွင် ခရီး ပြန်စထွက်ကြသည်။ ရွာလူကြီးချိုးက
အပြင်းအထန် ဒဏ်ရာရနေသော ရွာသားများကို လှည်းပေါ်တွင် နေရာပေးလိုက်ပြီး သူက
တောင်ဝှေးဖြင့် လူအုပ်စု၏ဘေးမှ လိုက်ပါလာခဲ့သည်။
ကျိရှောင်ယင်က
စူးချင်းကို တွန်းလှည်းပေါ်တွင် ထိုင်စေချင်သော်လည်း စူးချင်းက ငြင်းဆိုလိုက်သည်။ သူမက
တွန်းလှည်းပေါ်ထိုင်ရန် ငြင်းဆိုရုံတင်မကဘဲ သူမ၏ထမ်းပိုးကိုတောင် သူမဘာသာသူမ သယ်ဆောင်နေသေးသည်။
ထိုအရာက ကျိရှောင်ယင်ကို သေလုမြောပါး စိတ်ပူစေပြီး ထိုဝန်ထုပ်ဝန်ပိုးကို ကူသယ်ရန် အကြိမ်ကြိမ်
တောင်းဆိုနေတော့သည်။ နောက်ဆုံးတွင် ကျိရွှေရှန့်က သူမ ဆွဲကာ ရပ်တန့်စေလိုက်ပြီး
ပစ္စည်းများကို လှည်းထဲထည့်ရန် အမိန့်ပေးလိုက်ရသည်။
ထောင်ဟွားဝူမှ
လူများ ပြန်ထွက်သွားကြသည်ကို မြင်နေရသော်လည်း ဒုက္ခသည်များက မနေ့ကကဲ့သို့ မလိုက်ရဲ့ကြတော့ပေ။
သူတို့က ဗိုက်ဆာပြီး မောပန်းနွမ်းနယ်နေသောကြောင့် ဗိုက်ပြည့်အောင် စားနိုင်ရန်
တစ်ခုခုကို ရှာဖွေရန်သာ စိတ်အားထက်သန်နေကြသည်။
မနေ့က
မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် လူအများစုက အအေးမိနေပြီး မထနိုင်လောက်အောင်
နေမကောင်းဖြစ်နေခဲ့ကြသည်။ သူတို့က ထောင်ဟွားဝူမှ လူများ၏နောက်သို့ လိုက်ရန် အင်အားလည်း
မရှိတော့ပေ။
ထောင်ဟွားဝူမှ
ရွာသူရွာသားများက အလွန်ပင်ပန်းနေကြသော်လည်း သူတို့က အစားစားနိုင်ခဲ့ပြီး
အအေးမမိစေရန် အအေးဒဏ်ခံဆေးရည်ကို ကြိုသောက်ခဲ့ရသည်။ ထို့ကြောင့် သူတို့က
ဖြည်းညှင်းစွာ လျှောက်နေကြသော်လည်း မည်ကသူမျှ နောက်မတွန့်ကြပေ။
စူးချင်းက
လမ်းလျောက်နေရင်း ဗလာဖြစ်နေသော သူမ၏လက်များကို အနားမပေးချင်တော့ပေ။ ထို့ကြောင့် သူမက
သူမ၏ပစ္စည်းများထဲမှ ကောက်ရိုးမြက်များကို ယူကာ လမ်းလျှောက်ရင်း မြက်ဖိနပ်ကို ရက်လာခဲ့သည်။
တောင်တက်လမ်းက ကြမ်းတမ်းပြီး ကျောက်စရစ်များဖြင့် ဖုံးအုပ်ထားနေသည်။ သူမ၏ဖိနပ်က မူလကတည်းက ဟောင်းနွမ်းနေပြီ ဖြစ်ကာ တောင်ပေါ်ရှိ
ကျောက်ဆောင်များ၏ ဖျက်ဆီးခြင်း ခံရပြီးနောက် လုံးဝ စုတ်ပြတ်နေပြီ ဖြစ်သည်။
ဖိနပ်၏အပေါ်ပိုင်းက တွဲလောင်းကျနေပြီ
ဖြစ်သောကြောင့် သူမ၏ လမ်းလျှောက်နှုန်းကို ထိခိုက်စေသည်။
စူးချင်းက
သူမ၏ဖိနပ်ကို ရိုးရိုးရှင်းရှင်း ချွတ်ပစ်လိုက်ပြီး ခြေဗလာဖြင့် လမ်းလျှောက်နေခဲ့သည်။
ကျိရွှေရှန့်က နောက်သို့ လှည့်လာပြီး အဖွဲ့ကို မြန်မြန်လျောက်ရန်
ညွှန်ကြားလိုက်ပြီးမှ ခြေအိတ်တစ်စုံသာ ၀တ်ထားသည့် သူမကို မတော်တဆ မြင်လိုက်ရပြီး သူမဖိနပ်ပျက်ဆီးသွားသည်ကို
သူ မေ့သွားကြောင်း တွေးမိကာ မျက်မှောင်ကြုတ်သွားသည်။
အဲ့ပုံစံနဲ့
အကြာကြီး လမ်းလျှောက်ရရင် ခြေထောက်မှာ အရည်ကြည်ဖုတွေ ပေါက်နေမှာ မဟုတ်ဘူးလား?
ဒီအမျိုးသမီးက ခေါင်းမာလွန်းတယ်။ သူမရဲ့မျက်နှာမှာ ဘာနာကျင်မှုမှ မပြဘဲ သူ့နောက်ကနေတောင်
အနီးကပ် လိုက်လာနိုင်သေးတယ်။
ကျိရွှေရှန့်က
သူ့ညီမကို လှမ်းခေါ်လိုက်သည်။
"ရှောင်ယင်"
"အစ်ကိုကြီး"
ကျိရှောင်ယင်က
အနောက်ဘက်မှ ဒဏ်ရာရသူများကို ကူညီပေးနေခြင်းဖြစ်ပြီး သူမအစ်ကို၏ခေါ်သံကို ကြားသောကြောင့်
အနောက်ဘက်မှ ပြန်ပြေးလာခဲ့သည်။
"သူ(မ)အတွက် ဖိနပ်တစ်ရံ ရှာပေးလိုက်"
စူးချင်းက
ခြေအိတ်ကိုသာ ၀တ်ထားသည်ကို အခြားသူများ သတိမပြုမိစေရန် သူ့ညီမကို စကားပြောချိန်တွင်
ကျိရွှေရှန့်က သူ့အသံကို လျှော့ချလိုက်သည်။
အမျိုးသမီးတွေရဲ့ခြေထောက်ကို
သူများတွေ မမြင်သင့်ဘူး။
“အိုး”
ထိုမှသာ
စူးချင်းက ခြေဗလာဖြစ်နေကြောင်း ကျိရှောင်ယင်က သဘောပေါက်သွားသည်။ သူမက သူမ ယူလာသော
ချည်ထိုးဖိနပ်များကို ရှာဖွေရန် သူမ၏အိတ်ကို အမြန် ပြေးကြည့်လိုက်သည်။ ပန်းရောင်ပန်းထိုးဖိနပ်တစ်ရံက
နှစ်သစ်အတွက် သူမ ပန်းထိုးထားသော ဖိနပ်တစ်ရံ ဖြစ်ပြီး တစ်ကြိမ်မှ မဝတ်ရသေးသော
အသစ်ဖြစ်သည်။
"အစ်မ၊ ဒါကို စီးပြီး လမ်းလျောက်ပါ"
ဖိနပ်အသစ်ကို
စူးချင်းအတွက် ပေးလိုက်ရသော်လည်း ကျိရှောင်ယင်၏နှလုံးသားတွင် နာကျင်နေခြင်းမျိုး
မရှိပေ။
စူးချင်းက
သူမရှေ့မှ ဖိနပ်အသစ်ကို ကြည့်လိုက်သည်။ ၎င်းတို့ကို မက်မွန်ပွင့်အမြွှာပုံလေးများ ပန်းထိုးထားပြီး
ချုပ်ရိုးများက အလွန်အသေးစိတ်နေကာ အသက်ဝင်နေပုံရသည်။ ရှောင်ယင်က သူမ၏အတွေးများစွာကို
ထည့်သွင်းခဲ့ကြောင်း ထင်ရှားနေသည်။ သူမက ဤဖိနပ်တစ်ရံကို အလွန်နှစ်သက်ဖူးသော်လည်း ယခုအချိန်တွင်
သူမက စိတ်အနှောက်အယှက်မဖြစ်ဘဲ ၎င်းတို့နှင့် ခွဲခွာရန် ဆန္ဒရှိနေခဲ့သည်။
စူးချင်းက
ခေါင်းယမ်းလိုက်ပြီး "မလိုပါဘူး မင်းဖိနပ်က ငါ့အတွက် အရမ်းကြီးတယ်"
ထိုစကားက
စူးချင်း ဆင်ခြေပေးလိုက်သောစကား မဟုတ်ပေ။ မူလပိုင်ရှင်၏ ခြေဖဝါးက အလွန်သေးငယ်ပြီး
အလွန်လှပကာ ကြာမြစ်လေးကဲ့သို့ ဖြူဖွေးနူးညံ့နေသည်။ ရှောင်ယင်၏ခြေဖဝါးက သူ့ထက်
အနည်းဆုံး ဆိုဒ်နှစ်ခုစာ ပိုကြီးနေသောကြောင့် စူးချင်းက သူမ၏ဖိနပ်ကို ဝတ်ဆင်နိုင်မည်
မဟုတ်ပေ။
"လှမ်းလျောက်ဖို့ ဖိနပ် စီးရမယ်လေ"
ကျိရှောင်ယင်က
သူမ၏ ဖိနပ်အသစ်ကို လုံးဝ ဂရုမစိုက်ဘဲ စူးချင်းကို အတင်း ဝတ်ခိုင်းနေသည်။
"ကြည့်လိုက် ငါ့မှာ ဖိနပ်ရှိတယ်"
စူးချင်းက
သူမ ရက်လုပ်ပြီးစီးလုနီးပါးဖြစ်နေသော မြက်ဖိနပ်ကို ကျိရှောင်ယင်အား ပြသလိုက်သည်။
သူမအတွက် ပထမဆုံးအကြိမ် ဖြစ်နေသော်ကြောင့် အနည်းငယ် နှေးကွေးနေခဲ့သော်လည်း သူမ ရက်လုပ်ပြီးစီးသွားသည်နှင့်
သူမက ပိုမို ကျွမ်းကျင်နိုင်မည်ဖြစ်ပြီး နောက်တစ်ကြိမ်တွင် ပိုမိုမြန်ဆန်လာမည် ဖြစ်သည်။
"အင်း၊ အစ်မ ရက်ထားတာ အရမ်းကောင်းမယ်"
ကျိရှောင်ယင်က
ကောက်ရိုးခြေနင်းကို ဘယ်လိုရက်ရမှန်း မသိသော်လည်း စူးချင်းက
အလွန်အံ့သြစရာကောင်းသည်ဟု သူမ ခံစားနေမိသည်။ သူမ၏ လှပသော ဗာဒံပုံသဏ္ဍာန် မျက်လုံးလေးများက
စူးချင်းကို သဘောကျစွာ ကြည့်နေသည်။
"ဒါကို စီးလိုက်ရင် ပို အဆင်ပြေသွားလိမ့်မယ်"
စူးချင်းက
ဖိနပ်ကို စမ်းဝတ်ဆင်နေရင်း ပြုံးလိုက်သည်။ အရွယ်အစား မှန်ကန်သော်လည်း
သူမ၏ခြေဖဝါးပေါ်တွင် အရည်ကြည်ဖုများ ထွက်နေသော်လည်း စူးရှသော နာကျင်မှုကို ခံစားနေရသေးသည်။
စူးချင်းက
နာကျင်မှုကို မခံစားရသလို ပြုမူနေခဲ့ပြီး သူမ၏အမူအရာက ပြောင်းလဲမှု မရှိဘဲ လမ်းဆက်လျှောက်နေကာ
သူမ၏လက်များက မြက်ဖိနပ်ကို လျင်မြန်စွာ ရက်လုပ်နေခဲ့သည်။
“သခင်၊ ခုနက ရှောင်ချီက အအေးခံလိမ်းဆေး လုပ်ပေးထားတယ်”
ရှောင်ချီ၏
ပူပန်မှုလေးများ ပြည့်နေသည့် အသည်းနှလုံးမှ ထွက်ပေါ်လာဟန် အသံလေးက စူးချင်း၏နားထဲတွင်
ထွက်ပေါ်ပြီး သူမ၏လက်ထဲသို့ နှုတ်ခမ်းလိမ်းဆီနှင့်တူသော ဆီမွှေးတစ်ခု ရောက်လာခဲ့သည်။
စူးချင်းက ကောက်ရိုးခြေနင်းကို ရက်နေခြင်းကို ရပ်လိုက်ပြီး ထိုလိမ်းဆေးဆီကို တစ်ချက်ကြည့်လိုက်သည်။
ထိုနောက် လက်ထဲမှ ကောက်ရိုးခြေနင်းကို အပြီးသတ်ပြီးမှ လိမ်းရန် ဆုံးဖြတ်လိုက်သည်။
"အစ်မ၊ အစ်မလက်ထဲမှာ ကိုင်ထားတာက ဘာလဲ?"
✍️✍️✍️