အခန်း ၁၂ ဆေးတစ်မျိုးတည်းရဲ့
အကျိုးသက်ရောက်မှုက အဲ့လောက်ကောင်းမွန်တယ်လား?
“အင်း” စူးချင်းက ပြောလိုက်သည်။
စူးချင်းက
ပစ္စည်းအများစုကို စုဆောင်းပြီးနေပြီ ဖြစ်သောကြောင့် ခေါင်းညိတ် သဘောတူ လိုက်သည်။ သူမက
ထရပ်လိုက်ပြီး ကြောင်မြီးမြက်ပင်ရှည်များကို စုကာ ချည်နှောင်လိုက်ပြန်သည်။
တောင်ပိုင်းတွင် ရက်လုပ်ထားသော မြက်ဖိနပ်များက ခြေနင်းပြားများ ထည့်ရန်မလိုဘဲ လှေပုံသဏ္ဍန်ခြေနင်းပြားများကို
မြက်ကြိုးများဖြင့် ရက်လုပ်နိုင်သည်။ ၎င်းတို့က ပေါ့ပါးပြီး ရေစိုခံသည့်အပြင်
ချော်လဲနိုင်ခြင်း မရှိသည့်အတွက် တောင်တက်ခြင်းနှင့် တောတွင်းလမ်းလျှောက်ရန်
သင့်လျော်သည်။
ရှောင်ချီက
သူမအတွက် မြက်ဖိနပ်ပုံစံနှင့် ရက်လုပ်နည်းညွှန်ကြားချက်များကို ရှာတွေ့ထားပြီး ဖြစ်သောကြောင့်
သူမက ပြန်ရောက်လျှင် ထိုလမ်းညွှန်ချက်အတိုင်း ရက်လုပ်တော့မည် ဖြစ်သည်။
"ဒီမြက်က ဘာအတွက် သုံးမှာလဲ?" သူမ ကြောင်မြီးမြက်ရှည်တစ်ထုံးကို ကောက်ပွေ့လိုက်သည်ကို
တွေ့လိုက်ရသောကြောင့် ကျိရွှေရှန့်က မမေးဘဲ မနေနိုင်တော့ပေ။
“ကျွန်မ ကောက်ရိုးခြေညှပ်ဖိနပ် ရက်မလို့”
စူးချင်းက
သူမ၏ စကားများကို ရွှေကဲ့သို့ မြတ်နိုးတန်ဖိုးထားတာ ချွေတာတက်သော်လည်း သူ့၏မေးခွန်းတိုင်းကိုတော့
ပြန်ဖြေနေခဲ့သည်။
ကျိရွှေရှန့်က
ခေါင်းငုံ့ပြီး သူမခြေထောက်ပေါ်ရှိ ဖိနပ်ကို ကြည့်လိုက်သည်။ သူမ၏ ဖိနပ်က သူမ၏ ခြေမနှင့်
ခြေချောင်းများကို ပေါ်နေစေပြီး ခြေဖဝါးများကိုပင် လေနှင့် ထိတွေ့လုနီးပါး ဖြစ်နေစေသည်။ မကြာမီ ဖိနပ်အသစ်တစ်ရံ ပြောင်းလဲသင့်နေပြီ ဖြစ်သည်။
"ငါ့ကို ပေး!"
စူးချင်းက
သူမ၏စကပ်ကို ဇီးပန်းသီးများ ထုပ်ပိုးရန် အသုံးပြုထားရသည်ကို မြင်သောအခါ သူ တောင်းတစ်လုံးမယူလာခဲ့မိသည့်အတွက်
ကျိရွှေရှန့်က နောင်တရနေမိသည်။ သူက လက်လှမ်းလိုက်သော်လည်း စူးချင်းက မြက်ပင်များကို
သူ့ထံသို့ မပေးခဲ့ပေ။ ထိုအစား သူမက ဇီးပန်းသီးများကို မြေကြီးပေါသို့
လောင်းချလိုက်သည်။
"မလိုချင်တော့ ဘူးလား?" ကျိရွှေရှန့်က မနေနိုင်ဘဲ
မေးလိုက်မိပြန်သည်။ သူမက သူမ ကြိုးကြိုးစားစား ခူးခဲ့တဲ့ ဇီးပန်းသီးတွေကို
ဘယ်လို စွန့်ပစ်နိုင်တာလဲ?
"မင်း
အတွက် ခြင်းတောင်းလုပ်ဖို့ ကူညီပေးစေချင်လား?"
“အင်း” စူးချင်းက ဘာသိဘာသာ ပြန်ဖြေလိုက်သည်။
ကျိရွှေရှန့်က
သစ်ပင်ပေါ်ရှိ နွယ်ပင်များကို ဆွဲချရန် လျှောက်သွားလိုက်သည်။ အမှန်တကယ်တွင် နွယ်ပင်များက
သစ်ပင်တစ်ဝိုက်တွင် တွယ်ကပ်လိမ်ယှက်နေပြီး ခွာရန် မလွယ်ကူလှပေ။ သို့သော်လည်း ကျိရွှေရှန့်က
သူ၏ခါးနောက်ကျောမှ ချွန်ထက်သော ဓားတိုလေးကို ဆွဲထုတ်လိုက်ပြီး နွယ်ပင်များကို ဓားရာ
အနည်းငယ်ဖြင့် ဖြတ်တောက်လိုက်သည်။ စူးချင်းက သူ့လက်ထဲမှ ဓားတိုလေးကို သတိထားကြည့်လိုက်မိသည်။
ထိုဓါးက အလွန်ထက်မြက်ပြီး အေးစက်သော အလင်းရောင်များ ဖြာထွက်နေကာ ဓားအိမ်တွင်
တောက်ပနေသော အနက်ရောင် ကျောက်မြတ်ရတနာတစ်ခု ပါရှိနေသည်။ ထိုအရာက
တချက်ကြည့်ရုံဖြင့် တန်ဖိုးရှိသောရတနာတစ်ခု ဖြစ်ကြောင်း ထင်ရှားနေသည်။
စူးချင်းက
ကျိရွှေရှန့်ကို တစ်ချက်ကြည့်လိုက်မိပြန်သည်။ သူလိုမျိုး တောင်ပေါ်က
လူတစ်ယောက်မှာ ဘာလို့ ဒီလိုရတနာတစ်ခု ရှိနေရတာလဲ?
"ဒါဆို လုံလောက်ပြီလား?"
စူးချင်း၏အကြည့်ကို
အာရုံခံရင်း ကျိရွှေရှန့်က အခြားနွယ်ပင်များကို ဖြတ်တောက်ကာ မြေပြင်ပေါ်သို့
ပစ်ချလိုက်သည်။
“လုံလောက်ပြီ”
စူးချင်းက
သူမ၏အကြည့်ကို ပြန်လွှဲလိုက်ပြီး တောင်းကို စတင်ရက်လုပ်ရန် ထိုင်ချလိုက်သည်။ အစပိုင်းတွင်
သူမ၏အရှိန်က အနည်းငယ် နှေးနေခဲ့သော်လည်း ခြင်းတောင်း၏အောက်ခြေကို ရက်ပြီးနောက်တွင်
သူမ၏အရှိန်က တစစဖြင့် တိုးတက်လာခဲ့သည်။ ကျိရွှေရှန့်က သူ့လက်ထဲမှ ဓားတိုလေးနှင့်
ကစားနေပြီး သူမ တောင်းရက်နေသည်ကိုသာ ကြည့်နေခဲ့သည်။ အလုပ်လုပ်နေချိန်တွင် ထိုအမျိုးသမီး၏အမူအရာက
သူမ၏အလုပ်တွင်သာ အလွန် အာရုံစိုက်နေပုံရပြီး သူမတွင် အခြားအတွေးများ ရှိနေပုံမရပေ။
သူမက
သိပ်အလုပ်ရှုပ်နေပုံ မပေါ်သော်လည်း သူမ၏ရက်လုပ်မှုအရှိန်က
ထိတ်လန့်တုန်လှုပ်စရာကောင်းနေပြန်သည်။ ခဏအကြာတွင် သူမက ခြင်းတောင်းသေးသေးလေးကို ရက်လုပ်ပြီးသွားပြီ
ဖြစ်သည်။ သူမက မြေပြင်ပေါ်တွင် ပစ်ချထားသော ဇီးပန်းသီးများကို ကောက်ယူပြီး ခြင်းတောင်းထဲသို့
ထည့်လိုက်သည်။ ထို့နောက် အအေးဒဏ်ကို ကုသနိုင်သော ဆေးဖက်ဝင်အပင်များအားလုံးကို နွယ်ပင်ဖြင့်
ချည်နှောင်လိုက်သည်။ ထို့နောက် သူမက ယခင်က ချည်နှောင်ထားသော မြက်ပင်ရှည်အထုံးကို
အတူစုကိုင်ကာ မတ်တပ်ထရပ်လိုက်ပြီး ထူထဲသောသစ်ကိုင်းတစ်ခုကို ထပ်ရှာလိုက်ကာ
မြက်ထုံးနှင့် ဆေးပင်များကို အစွန်းနှစ်ဖက်စလုံးတွင် ချည်နှောင်လိုက်သည်။ နောက်ဆုံးတွင်
သူမက ထိုသစ်ကိုင်းကို ထမ်းပိုးသဖွယ် ထမ်းလိုက်ပြီး သူမ၏လက်အလွတ်ဖြင့် ဇီးပန်းသီးတောင်းလေးကို
ကောက်ယူကာ ကျိရွှေရှန့်ကို ဘာမှ မပြောဘဲ တောင်ပေါ်မှ ဆင်းသွားတော့သည်။
သူမက
သူ့အကူအညီကို အမှန်တကယ်မလိုအပ်ကြောင်း မြင်လိုက်ရသော ကျိရွှေရှန့်ကလည်း စကားတစ်ခွန်းမှ
မဖြုန်းတီးဘဲ ဓားတိုလေးကို ပြန်သိမ်းကာ သူမနောက်မှ လိုက်လာပြီး တောင်ပေါ်မှ
ဆင်းလာခဲ့သည်။
အစပိုင်းတွင်
စူးချင်းက အလွန်အားနည်းနေသောကြောင့် လမ်းမလျှောက်နိုင်တော့မည်ကို ကျိရွှေရှန့်က စိုးရိမ်နေခဲ့သေးသည်။
သူမ၏ခန္ဓာကိုယ်က ခိုင်ခံ့သောလေးကဲ့သို့ဖြစ်နေသော်လည်း လေးညှို့က အချိန်မရွေး ကျိုးသွားနိုင်သေးသည်။
သို့သော်လည်း
ခြေလှမ်းအနည်းငယ်ကြာပြီးနောက်တွင် စူးချင်း၏ခြေလှမ်းများက အလွန်တည်ငြိမ်နေကြောင်း
သူ သဘောပေါက်လိုက်သည်။ သူမက ယခင်ကကဲ့သို့ ပျော့ညံ့နေပုံမပေါ်ဘဲ ဝန်ကို ထမ်းထားရသည့်အတွက်လည်း
ရုန်းကန်နေပုံမရပေ။ လွယ်လွယ်ဖြင့် မေ့လဲသွားတက်သော အမျိုးသမီးနှင့် သူမကို
ယှဥ်တွဲကြည့်ရန်ပင် ခက်ခဲနေခဲ့သည်။
ကျိရွှေရှန့်က
အနည်းငယ် သံသယဖြစ်နေမိသည်။ ဆေးတစ်ခွက်တည်း သောက်လိုက်တာက ဘယ်လို အကျိုးသက်ရောက်မှုတွေ
ရှိလာတာလဲ? ဆေးရဲ့အာနိသင်က အရမ်းကောင်းနေတာလား?
သူ၏ဦးခေါင်းထဲတွင်
သံသယများ ပြည့်နှက်နေသောကြောင့် သူက စူးချင်း၏သွေးခုန်နှုန်းကိုပင်
ပြန်စစ်ဆေးချင်နေခဲ့သည်။ သို့သော်လည်း စူးချင်းက သူက သူမကို အခွင့်ကောင်းယူရန်
ကြိုးစားနေသည့် လူယုတ်မာဟု ထင်သွားမည်ကိုလည်း သူ ကြောက်နေသေးသည်။
စူးချင်းက
သူ ဘာတွေတွေးနေမှန်း မသိခဲ့ပေ။ သူမက သူ့၏အတွေးများကို ဂရုမစိုက်သလို မြက်ရှည်များနှင့်
ဆေးဖက်ဝင်အပင်များကို ထမ်းထားရသည့်အတွက်လည်း ပင်ပန်းနေသည်ဟု မခံစားရပေ။
သူမက
စနစ်ကို စူးစမ်းနေခဲ့ပြီး ရက်လုပ်ခြင်းဆိုင်ရာတိုးတက်မှုမျဥ်းက
၅၀% ဖြစ်နေပြီကို တွေ့လိုက်ရသည်။ သူမ ပြန်သွားပြီး မြက်ဖိနပ်ကို
အမြန်ဆုံးလုပ်ခဲ့မည်ဆိုလျှင် သူမ အဆင့်တက်နိုင်မည် ဖြစ်သည်။ အဆင့်မြှင့်တင်ခြင်းက
သူမ၏ခန္ဓာကိုယ်ကို ပိုမိုသန်မာလာစေသောကြောင့် အရှိန်တက်ရန် သူမ
မစောင့်နိုင်တော့ပေ။
ကျိရွှေရှန့်က
အလွန်နီးကပ်လွန်းသည်မဟုတ် ဝေးလည်းမဝေးသော အကွာအဝေးမှ သူမနောက်သို့ လိုက်လာခဲ့သည်။
သူက သူမနောက် ခြေသုံးလှမ်းစာ အကွာတွင် အမြဲတမ်း ရှိနေပြီး ရံဖန်ရံခါ၌ စူးချင်းကို
ပဟေဋ္ဌိဆန်သောအကြည့်များဖြင့် ကြည့်နေတတ်သည်။ သူမက ယခင်ကထက်ပို၍
ဆန်းကြယ်သောခံစားချက်ကို ပေးနေခဲ့သည်။
သူတို့
အနားယူရာနေရာ၌ ထောင်ဟွားဝူမှ အမျိုးသမီးများက ငါးဟင်းကို ချက်ပြုတ်ပြီး ဖြစ်နေခဲ့သည်။
အိုးအဖုံးကို ပင့်တင်လိုက်သောအခါ စွဲမက်ဖွယ်ကောင်းသော ရနံ့က အဝေးသို့ပင်
ပျံ့လွင့်သွားခဲ့သည်။ ဒုက္ခသည်များက အစပိုင်းကတည်းက အေးစက်ပြီး ဆာလောင်နေကြသောကြောင့်
ငါးစွပ်ပြုတ်၏ အမွှေးနံကို အနံ့ခံရလိုက်သောအခါတွင် သူတို့ကိုယ်သူတို့ မထိန်းနိုင်ကြတော့ပေ။
သို့သော်လည်း
ထောင်ဟွားဝူမှ လူများက ရက်စက်ကြမ်းကြုတ်ကြသည်ကို သူတို့အားလုံး သိထားကြပြီး ဖြစ်သောကြောင့်
မည်သူမျှ လာမတောင်းဝံ့ကြပေ။ သူဌေးကြီးများနှင့် ကုန်သည်ကြီးများက ငါးဖမ်းပိုက်
ငှားရန် ငွေသုံးကြသော သားအဖနှစ်ဦး၏ လှုံ့ဆော်မှုကို ခံခဲ့ရပြီး သူတို့ကျွန်များကို
ငွေအနည်းငယ်ဖြင့် ငါးဝယ်ရန် စေလွှတ်လိုက်ကြသည်။
ကျိရွှေရှန့်က
သူ မထွက်သွားခင်တွင် သူဌေးများ ငါးလာ ဝယ်ပါက တစ်ကောင်လျှင် ငွေတစ်လျန်ဖြင့် ရောင်းချမည်ဟု
မှာထားခဲ့သည်။
ငါးတစ်ကောင်အတွက်
ငွေတစ်လျန်ကုန်ကျမည် ဖြစ်ကြောင်း ကြားသိသွားသောအခါ အားလုံးက အံ့ဩသွားကြသည်။ ယခင်က ငါးတစ်ကောင်လျှင်
ကြေးနီဒင်္ဂါးသုံးပြားမျှသာ ကုန်ကျခဲ့ပြီး ငွေတစ်လျန်က ငါးတောင်းတစ်ခုလုံးကို
ဝယ်နိုင်ကြောင်း သူတို့ သိနေခဲ့သည်။
ကျေးကျွန်များက
ဆုံးဖြတ်ချက် မချဝံ့ကြသဖြင့် သခင်များထံသို့ ပြန်ပြေးသွားကြသည်။ မျှော်လင့်ထားသည့်အတိုင်းပင်
သာမန်အချိန်များတွင်တောင် မရိုးသားသည့် စီးပွားရေးသမားများက ဒေါသထွက်နေကြပြီး သူတို့ကို
ကျိန်ဆဲနေကြသည်။
ဒီလူယုတ်မာအုပ်စုက
သူတို့ထက်တောင် ပိုဆိုးနေသေးတယ်။ ဒါက ဓားပြတိုက်တာ မဟုတ်ဘူးလား?
သို့သော်
ထောင်ဟွားဝူမှ လူများက သူတို့ ငါးဝယ်သည်ဖြစ်စေ၊ မ၀ယ်သည်ဖြစ်စေ ဂရုမစိုက်ဘဲ
သူတို့ဘာသာ စားသေက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
နောက်ဆုံးတွင်
သူတို့ အကုန်စားလိုက်ပြီး မဝယ်နိုင်တော့မည်ကို စိုးရွံ့သွားသော
ကုန်သည်လူချမ်းသာများက သူတို့ဒေါသကို ကြိတ်မှိတ်မျိုချပြီး ငါးဖိုးပေးရုံသာ
တတ်နိုင်ကြတော့သည်။
စုစုပေါင်း
ငါးဟင်းအိုးနှစ်အိုးကို ချက်ပြုတ်ထားပြီး အချိန်တိုအတွင်း ရောင်းထွက်သွားခဲ့သည်။
မဝယ်လိုက်ရသူများက ရင်ဘတ်ကို ပုတ်ပြီး ခြေကို စောင့်နင်းကာ တုံ့ဆိုင်းနေမိသည့်အတွက်
နောင်တရနေကြသည်။
ငါးကို
စုစုပေါင်းငွေ ၂၈ လျန်ဖြင့် ရောင်းချနိုင်ခဲ့ပြီး ထောင်ဟွားဝူမှ ရွာသူရွာသားတွေက ယခင်က
ထိုမျှလောက်သော ပိုက်ဆံအများကြီးကို မတွေ့ဖူးကြပေ။ ယခုအချိန်တွင် သူတို့က စိတ်လှုပ်ရှားနေကြပြီး
တစ်ယောက်ကို တစ်ယောက် ကြည့်ကာ သူတို့၏မျက်လုံးများက တောက်ပနေခဲ့သည်။
ဒီလိုပိုက်ဆံအများကြီးနဲ့ဆိုရင်
အစားအသောက်တွေ ဘယ်လောက် ပြန်ဝယ်နိုင်မလဲ?
ကျိရှောင်ယင်ကတော့
သူတို့ငါးရောင်းနေသည်ကို ကြည့်ရန်ပင် စိတ်မ၀င်စားနိုင်သေးပေ။ သူမ၏လှပသော မျက်လုံးလေးများက
တောင်ကြားလမ်းဆီသို့ စိတ်အားထက်သန်စွာ စိုက်ကြည့်နေကြသည်။
“မိုးနတ်မင်း
ကောင်းချီးပေးပါစေ အစ်မ အဆင်ပြေပါစေ!
စူးချင်းနှင့်
သူမ၏အစ်ကိုကြီးတို့ကို တွေ့လိုက်ရသောအခါ ကျိရှောင်ယင်က မျိုသိပ်မထားနိုင်လောက်သည်အထိ ပျော်ရွှင်သွားပြီး
သူမက ဝမ်းသာအားရဖြင့် ပျံလွှားလေးကဲ့သို့ သူတို့ဆီသို့ ပြေးသွားကာ ငွေခေါင်းလောင်းလေးသဖွယ်
အသံသာလေးဖြင့် အော်ဟစ်နေသေးသည်။ "အစ်မ၊ နောက်ဆုံးတော့ အစ်မ ပြန်လာပြီ!"
ကလေးမလေးက
သူမဆီသို့ ပြေးလာနေသည်ကို မြင်လိုက်သောကြောင့် စူးချင်း၏အေးစက်နေသော မျက်လုံးများက
အပြုံးရိပ်များဖြင့် တောက်ပလာသည်။ တစ်ယောက်ယောက်က သူမကို တမ်းတနေတယ်ဆိုတဲ့
ခံစားချက်က သူမရဲ့နှလုံးသားကို နွေးထွေးစေတယ်။
သူမ၏ယခင်ဘဝတွင်
သူမက ပြိုင်ဘက်မရှိလောက်အောင်
အစွမ်းထက်လှသော်လည်း သူမတွင် အဖော်မဲ့လွန်းသောကြောင့် အထီးကျန်ဆန်ပြီး
ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများ၏ တစ်ယောက်ပေါ်တစ်ယောက် ဂရုစိုက်မှုကိုလည်း
သူမ မသိခဲ့ပေ။
ကျိရှောင်ယင်က
သူမအတွက် မီးလုံးလေးကဲ့သို့ ဖြစ်နေပြီး သူမကို နွေးထွေးစေခဲ့သည်။
"အစ်မ၊ ဘာလို့ မပြောဘဲ ထွက်သွားရတာလဲ? အစ်မက ညီမကို သေအောင်ကြောက်လန့်စေတယ်!"
ကျိရှောင်ယင်က
စူးချင်းထံ ပြေးသွားပြီး ညည်းညူနေရင်း သူမ၏အင်္ကျီလက်ကို ဆွဲထားလိုက်သည်။ စူးချင်းက
သူမလက်ထဲမှ ခြင်းတောင်းကို ကျိရှောင်ယင်ထံ ပေးလိုက်ပြီး သူမ၏မျက်လုံးများက အပြုံးများဖြင့်
တောက်ပလာသည်။
"ဒီမှာ"
"ဇီးပန်းသီး? အဲဒါ အရမ်းကောင်းတယ်! ညီမက ဇီးပန်းသီးစားရတာ
ကြိုက်တယ်။ အစ်မက အကောင်းဆုံးပဲ”
ကျိရှောင်ယင်က
ခြင်းတောင်းထဲရှိ ဇီးပန်းသီးများကို တွေ့သွားပြီး ဝမ်းသာအားရ ပြုံးနေခဲ့သည်။ သူမက စူးချင်းကို
စိတ်လှုပ်ရှားစွာ ထပ်ကြည့်နေပြီးမှ စူးချင်က သစ်ကိုင်းကို ထမ်းထားကာ အစ်ကိုဖြစ်သူက
လက်ဗလာဖြင့် ရပ်နေသည်ကို တွေ့လိုက်ရသောကြောင့် ကလေးမလေး၏မျက်နှာပေါ်မှ အပြုံးများက
ပျောက်ကွယ်သွားခဲ့သည်။
ကျိရှောင်ယင်က
သူမ၏အစ်ကိုကို စိုက်ကြည့်ပြီးမှ စူးချင်း၏ ပုခုံးမှ သစ်ကိုင်းထမ်းပိုးကို ဆွဲယူလိုက်ပြီး
သူ့လက်ထဲသို့ ပစ်ပေးလိုက်သည်။
“အစ်ကို၊ အစ်မကို ဘယ်လို သယ်ခိုင်းနိုင်တာလဲ?”
“....”
ရှောင်ယင်...
မင်းက ဘယ်သူ့ညီမလဲ?
ကျိရွှေရှန့်က
သူ့လက်ထဲက သစ်ကိုင်းထမ်းပိုးကို မည်းမှောင်နေသော မျက်နှာဖြင့် စိုက်ကြည့်နေသည်။
တစ်ရက်တည်းနဲ့
အဲဒီအမျိုးသမီးက သူ့ညီမကို လုယူသွားတယ်လို့ သူ ဘာကြောင့် ခံစားနေရတာလဲ?
စူးချင်းက
စိတ်ဓာတ်ကျနေသော ကျိရွှေရှန့်ကို ဘာမှ မထူးခြားသလို ကြည့်နေပြီး ကျိရှောင်ယင်က
သူမကို လက်မောင်းမှ ဆွဲခေါ်သွားတော့သည်။ အရပ်ရှည်ပြီး သန်မာသော ကျိရွှေရှန့်က သူမတို့၏နောက်လိုက်လေးကဲ့သို့
သစ်ကိုင်းထမ်းပိုးကို ထမ်းကာ
လိုက်ပါသွားခဲ့သည်။
ကျိရှောင်ယင်က
သူမ သူမ၏အစ်ကိုကို လျစ်လျူရှုထားမိကြောင်း ယခုမှ သဘောပေါက်သွားပုံရပြီး သူကို ပြန်လှည့်ကြည့်ကာ
"အကိုကြီး၊ သတင်းကောင်းကြားချင်လား?"
ကျိရွှေရှန့်က
ထိုငါးဝယ်သူများကို မြင်ပြီးသား ဖြစ်နေကာ ခေါင်းကို အေးစက်စွာ ခါပြလိုက်ရင်း
ပြန်ဖြေလိုက်သည်။
"မကြားချင်ဘူး"
"အကိုကြီးက သတင်းကောင်းကိုတောင် မကြားချင်ဘူးလား?"
ကျိရှောင်ယင်က
သူမ၏အစ်ကိုကို ကြည့်ရင်း မယုံနိုင်စွာ ကြည့်နေရင်း မျက်လုံးများ ပြူးကျယ်လာကာ
အလွန်ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။
သူမရဲ့အစ်ကိုက
ဘာကြောင့် သတင်းကောင်းက ဘာလဲဆိုတာ မမေးရတာလဲ? ဘာလို့ သူမနဲ့ မပူးပေါင်းပေးရတာလဲ?
သူတို့ စကားပြောနေစဉ်မှာပင် ဒုက္ခသည်များအကြား ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့ပြီး ထွားကြိုင်းသော လူနှစ်ဆယ်ကျော်က ဒေါသတကြီးဖြင့် သူတို့ဆီသို့ ပြေးလာနေကြသည်။
✍️✍️✍️