Chapter 11 ဆေးပင် စုဆောင်းခြင်း
Viewers 131

အခန်း ၁၁  ဆေးပင် စုဆောင်းခြင်း

ထိုအချိန်တွင် ကျိရွှေရှန့် လိုက်ရှာနေသော စူးချင်းက တောင်စောင်းတလျှောက် မယုံနိုင်ဖွယ် တရွေ့ရွေ့ သွားလာနေသည်။ တစ်ညလုံး မိုးရွာထားပြီးနောက် တောင်ပေါ်လမ်းများက သွားလာရန် မလွယ်လှကူပေ။ မြေပြင်ပေါ်ရှိ အပင်များက မိုးရေများဖြင့် ဖုံးလွှမ်းနေပြီး ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူမ၏ဖိနပ်များနှင့်အဝတ်များက စိုစွတ်ပြီး အေးစက်နေခဲ့သည်။

ယာဂုတစ်ဇလုံနှင့် ဆေးတစ်ပန်းကန်လုံးဆီမှ စုဆောင်းထားခဲ့သော ထိုနွေးထွေးမှုကပင် ဤအအေးဒဏ်ကို မခံနိုင်တော့သောကြောင့် စူးချင်းတစ်ယောက် မထိန်းနိုင်တော့ပဲ တုန်တုန်ယင်ယင် ဖြစ်နေခဲ့သည်။

သူမရဲ့ အရင်ဘဝမှာတုန်း သူမ မုန်တိုင်းထဲတွင် တစ်ရက်နဲ့တစ်ည ပိတ်မိနေခဲ့ပြီး ဆာလောင်ခြင်းနဲ့ အအေးဒဏ်ကို ခံစားရတဲ့ ခံစားချက်က အခုနဲ့ အတူတူပဲ။ ကွာခြားချက်ကတော့ အရင်က သူမရဲ့ခန္ဓာကိုယ်က သန်မာခဲ့ပေမယ့် အခုတော့ ကျိုးပဲ့နေတဲ့ ကြောင်မြီးသစ်ခွကွေးကွေးနေလို ဖြစ်နေပြီ။

ဒါပေမယ့် သူမ ဆေးရှာဖို့ တောထဲကို ဝင်မှ ဖြစ်မယ်။ ကျိရွှေရှန့်က ပြန်ယူလာတဲ့ ဆေးက သူမရဲ့ကျိုးနေတဲ့အရိုးတွေနဲ့ ပြင်ပဒဏ်ရာတွေကို ကုသပေးနိုင်ပေမယ့် သူမရဲ့အတွင်းပိုင်းဒဏ်ရာနဲ့ သွေးခဲနေခြင်းတွေအပေါ်ကိုတော့ သက်ရောက်မှု မရှိဘူး။

သူမက အခု လက်ရှိမှာ မူးဝေနေပြီး အဆက်မပြတ် အော့အန်နေတယ်။ သူမ လုံးဝ သည်းမခံနိုင်တော့ဘူး။ ဒီအရာက သူမကို အားနည်းပြီး နုနယ်တယ်လို့ အထင်ခံရနိုင်တယ်၊ ဒါက သူမလို စစ်နတ်ဘုရားအတွက် အရှက်ကွဲစေမှုကြီးပဲ။

အဲ့တာကြောင့် အခုအချိန်မှာ ပြန်လည်ထူထောင်ရေးအတွက် ဆေးဖက်ဝင်အပင်တွေကို ရှာတွေ့ဖို့ နည်းလမ်းမရှိရင်တောင် ဦးနှောက်က သွေးခဲနေတာတွေကို ရှင်းလင်းဖို့ ဆေးလုံးအတွက်တော့ လုံလောက်တဲ့ ဆေးဖက်ဝင်အပင်တွေကို အရင် စုဆောင်းရမယ်။ အနည်းဆုံးတော့ သူမမှာ ကြည်လင်တဲ့ ဦးခေါင်းရှိနေရမှဖြစ်မယ်။

"သခင် သတိထားပါ"

ရှောင်ချီ၏ ရင်တွင်းနာကျင်မှုများ ပြည့်နှက်နေသည့် အသံက သူမနားထဲတွင် ထွက်ပေါ်လာပြီး စူးချင်း၏မျက်လုံးများက နွေးထွေးမှုကြောင့် တောက်ပလာသည်။ သူမက ဘာမှ ပြန်မပြောဘဲ ဆေးပင်များရှာရန်သာ အာရုံစိုက်လိုက်သည်။ သူမ စောစောရှာနိုင်လေ၊ စောစောပြန်နိုင်လေဖြစ်သည်။

ယခုအချိန်တွင် သူမ အဖွဲ့မှ မထွက်ခွာချင်တော့ပေ။ ရှောင်ယင် ဖော်ပြခဲ့သော အနာဂတ်က လှပလွန်းနေသည်။ နေထွက်ချိန်တွင် အလုပ်လုပ်ပြီး နေဝင်ချိန်တွင် အနားယူနိုင်သော အေးချမ်းသည့်ဘဝကို သူမ ဖြတ်သန်းချင်နေမိသည်။

ရှောင်ယင်ကို မပြောဘဲ ထွက်လာရသည့် အကြောင်းရင်းမှာ အန္တရာယ် မည်မျှပင်ရှိစေကာမူ ရှောင်ယင်က သူမနှင့်အတူ တောင်ပေါ်သို့ လိုက်လာမည်ကို ကြောက်သောကြောင့် ဖြစ်သည်။ သူမက နွေးထွေးပြီး စိတ်အားထက်သန်သော မိန်းကလေးဖြစ်သည်။

ကျိရှောင်ယင်ကို တွေးမိသောကြောင့် စူးချင်း၏မျက်လုံးများက ပိုမို ပူနွေးလာပြီး သူမ၏ အရှိန်ကို မြှင့်တင်လိုက်သည်။

"ရှောင်ချီ၊ ငါ့ရဲ့ဒဏ်ရာတွေကို ကုသပြီးရင် ငါ့ရဲ့အရင်ဘဝက စစ်နတ်ဘုရားစွမ်းရည်တွေကို ပြန်ရနိုင်မလား?" စူးချင်းက ဆေးပင်များ ရှာနေရင်း ရှောင်ချီကို မေးလိုက်သည်။

မဟုတ်ဘူး၊ မရနိုင်တော့ဘူး။ အဲဒါက သခင်ရဲ့ ကျန်းမာရေးကို ပြန်လည် ကောင်းမွန်အောင်ဘဲ စွမ်းဆောင်ပေးနိုင်လိမ့်မယ်၊ သခင်ရဲ့အရင်ဘဝက စစ်နတ်ဘုရားစွမ်းရည်က သခင်ရဲ့ပြန်လည်မွေးဖွားခြင်းနဲ့အတူ ပျောက်ကွယ်သွားခဲ့ပြီ။ အဲ့တာကို ပြန်လည်အသက်သွင်းချင်ရင်‌တော့ သခင်က မစ်ရှင်တစ်ခုကို အပြီးသတ်နိုင်ဖို့ လိုအပ်ပါတယ်"

ရှောင်ချီ၏အသံက အနည်းငယ် စိတ်ပျက်နေပုံရသည်။ သူမက သူမ၏သခင်ကို အလွန်သဘောကျနေပြီး သူမက သူမ၏သခင်အတွက် အလွန်မတရားသလို ခံစားနေရသည်။

"မစ်ရှင်တစ်ခုလား?" စူးချင်းက ကျောကို တည့်တည့်မတ်မတ် ထားပြီး ကောင်းကင်ကို မော့ကြည့်ကာ အေးတိအေးစက် ပြန်မေးလိုက်သည်။

ဟုတ်ကဲ့၊ စနစ်ကပေးတဲ့ မစ်ရှင်ကို ပြီးအောင်လုပ်နိုင်ရင် သခင်ရဲ့စွမ်းရည်ကို ပြန်အသက်သွင်းနိုင်တယ်”

"ငါ ကြည့်ချင်တယ်"

 စူးချင်းက မျက်မှောင်ကြုတ်ကာ အမိန့်ပေးလိုက်ပြီး သူမ၏ရှေ့တွင် မျက်နှာပြင်တစ်ခု ချက်ချင်း ပေါ်လာသည်။ လက်ရှိတွင် သူမ၏ ကာယခွန်အား၊ ဝိညာဉ်စွမ်းအားနှင့် တိုက်ခိုက်ရေးစွမ်းအားတို့က သုညဖြစ်နေသည်။ စနစ်ရှိ ကျွမ်းကျင်မှုအားလုံးကို လင်းစေခြင်းဖြင့် စွမ်းရည်တန်ဖိုးအနည်းငယ်ကို ပေါင်းထည့်နိုင်ကြောင်း ထိုမျက်နှာပြင်က ရှင်းပြနေသည်။ ကျွမ်းကျင်မှုများ အဆင့်တက်လာသောအခါ စွမ်းရည်အမှတ်လည်း အဆင့်တက်သွားမည် ဖြစ်သည်။ စစ်နတ်ဘုရားစွမ်းရည်ကို ပြန်ရရန်၊ စွမ်းရည်အမှတ် အဆင့် ၁၀၀ ရရှိရန် လိုအပ်သည်။

အဲ့ဒါက အချိန်အကြာကြီး မဟုတ်ဘူးလား?

စူးချင်း၏ နှလုံးသားမှ ဒေါသများ တဟုန်ထိုး ထိုးထွက်လာပြီး ထိုအမှိုက်စနစ်ကို ဖျက်ဆီးပစ်ချင်နေခဲ့သည်။

သူမက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူမ၏ဒေါသကို ထိန်းလိုက်သည်။ ထို့နောက် သူမလိုအပ်သည့် အရည်အချင်းကို စစ်ဆေးရန် သွားကြည့်လိုက်သည်။

ပါဝင်ပစ္စည်းများ ရှာဖွေစုဆောင်းခြင်း၊ အမဲလိုက်ခြင်း၊ ရက်လုပ်ခြင်း၊ ချက်ပြုတ်ခြင်း၊ ဆေးပင်၊ဆေးမြစ်များ ရှာဖွေ တူးဖော်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ ပန်းထိမ်အတက်ပညာ၊ ဆေးဝါး၊ စက်ချုပ်ခြင်း၊ ကုသိုလ်ကောင်းမှုပြုခြင်း စသည့်ဖြင့် စုစုပေါင်း အဓိက အမျိုးအစား ဆယ်ခုရှိပြီး အမျိုးအစားတစ်ခုစီအတွက်  အမြင့်ဆုံး အဆင့် ၁၀ အထိ ရှိသောကြောင့် စုစုပေါင်း အဆင့် ၁၀၀ အတိအကျ ရှိနေသည်။

စနစ်က သူမကို ဘက်စုံတော်တဲ့ စစ်နတ်ဘုရားဖြစ်အောင် လေ့ကျင့်ပေးချင်ပုံရတယ်...

"သခင်၊ ပါဝင်ပစ္စည်းရှာဖွေစုဆောင်းခြင်း အတတ်ပညာကို အရင်အသက်သွင်းကြမယ်"

ရှောင်ချီလေးက သူမ၏သခင်ကို လောလောဆယ် ဟင်းသီးဟင်းရွက်များပါ ရှာဖွေရန် ကြင်နာစွာ သတိပေးလိုက်သည်။  ကျွမ်းကျင်မှုတွေ တိုးတက်လာဖို့ အချိန်ကောင်းပါပဲ။

စူးချင်းက ဘာမှ မပြောဘဲ သူမက သူမ၏လက်ကို မြှောက်ကာ အရည်အချင်းအားလုံးကို ရွေးချယ်လိုက်သည်။ သူမက ဆေးရွက်များကို ရှာဖွေရင်း ကောက်ရိုးခြေနင်းများ ရက်လုပ်နိုင်သလို တောရိုင်းဟင်းသီးဟင်းရွက်များနှင့် ကြက်သွန်မြိတ်အချို့ကို ရှာဖွေတော့မည် ဖြစ်သည်။ ထိုနည်းအားဖြင့် သူမက အလုပ်သုံးခုကို တစ်ပြိုင်နက်တည်း ပြီးမြောက်နိုင်ပြီး ပါဝင်ပစ္စည်းများ ရှာဖွေစုဆောင်းခြင်း၊ ဆေးပင်၊ဆေးမြစ်များ ရှာဖွေတူးဖော်ခြင်းနှင့် ရက်လုပ်ခြင်းတို့အတွက် အကျုံးဝင်နိုင်သည်။

သူမ ဒုက္ခသည်အဖွဲ့သို့ ပြန်ရောက်သောအခါ အမျိုးသမီးများ ချက်ပြုတ်ရာတွင် ကူညီပေးနိုင်ပြီး သူမ၏ ချက်ပြုတ်မှုစွမ်းရည်ကိုလည်း မြှင့်တင်နိုင်မည် ဖြစ်သည်။

အမဲလိုက်ခြင်းက သူမအတွက် မခက်ခဲသော်လည်း သူမ၏လက်ရှိခန္ဓာကိုယ်နှင့် မဖြစ်နိုင်သေးသည်မှာ သေချာနေသည်။ သို့သော်လည်း သူမက ဆေးပင်စုဆောင်းခြင်းနှင့် ဟင်းသီးဟင်းရွက်များ စုဆောင်းခြင်းကို တိုးမြှင့်လိုက်သည်နှင့် သူမ၏ စစ်နတ်ဘုရားစွမ်းရည်က အမဲလိုက်ခြင်းအတွက် လုံလောက်မည့် အဆင့် ၃၀ အထိ တိုးလာနိုင်မည် ဖြစ်သည်။

အခြားအရာများအတွက်မှု ကုသိုလ်ကောင်မှုပြုလုပ်ခြင်းက အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည်။ ထို့အပြင် သူမအတွက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုနှင့်ပတ်သက်၍လည်း လုံးဝ စိုးရိမ်နေစရာ မလိုပေ။ ရှောင်ချီလေး ရှိရုံဖြင့် သူမ အလွယ်တကူ ကိုင်တွယ်နိုင်ပြီး သူမကိုယ်တိုင်လည်း ဆေးပညာ ကျွမ်းကျင်မှုများ ရှိနေခဲ့သည်။

သတ္တုတူးဖော်ခြင်းနှင့် သတ္ထုအရည်ကြိုခြင်းများကို‌တော့ ဖြည်းညှင်းစွာ လုပ်ဆောင်ရမည်ဖြစ်ပြီး သူမက ကျင့်ရှီလျိုမြောင်သို့ရောက်သည်အထိ စောင့်ရမည် ဖြစ်သည်။

ရှောင်ချီလေးက သူမ၏ ချစ်စဖွယ်မျက်လုံးကြီးများကို မှိတ်ပြနေကာ ကြွားဝါနေသည့်အရောင်များ ထုတ်လွှတ်နေပြီး သူမကို ထပ်မံ မြှောက်ပင့်နေခဲ့သည်။ “သခင်က အရမ်းဉာဏ်ကောင်းတယ်၊ ရှောင်ချီက အဲဒါကို လုံးဝ မတွေးခဲ့မိဘူး!”

စူးချင်းက ရှောင်ချီ၏ မြှောက်ပင့်ပြောဆိုခြင်းကို ကျင့်သားရနေပြီ ဖြစ်သည်။ သူမက ကျွမ်းကျင်မှုကို အသက်သွင်းပြီးနောက် ကောက်ရိုး(မြတ်)ဖိနပ်ရက်လုပ်ရန်အတွက် (မြတ်ခြောက်)ကောက်ရိုးများ စုဆောင်းရန်၊ ဆေးပင်များ စုဆောင်းရန်နှင့် တောရိုင်းဟင်းသီးဟင်းရွက်များကို စုဆောင်းရန် အာရုံစိုက်လိုက်တော့သည်။

သူမ၏ဦးနှောက်အတွက် ဆေးအလုံအလောက် စုဆောင်းပြီးချိန်တွင် စနစ်မှ ပျော်ရွှင်ဖွယ် ကြေငြာသံကို သူမ ကြားလိုက်ရသည်။

[ဂုဏ်ယူပါတယ် Host…. ဆေးပင်စုဆောင်းမှု အဆင့်တက်လာပြီ။ ရုပ်ပိုင်းဆိုင်ရာ ခွန်အား၊ စိတ်ပိုင်းဆိုင်ရာခွန်အားနဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေ အားလုံး တစ်စထက်တစ်စ တိုးလာခဲ့ပြီး စစ်နတ်ဘုရားစွမ်းရည်ကို ပိုမြင့်တဲ့အဆင့်အထိ အဆင့်မြှင့်ထားပေးထားပါတယ်]

သတင်းကောင်း၏အသံနှင့်အတူ စူးချင်းက သူမ၏ပျော့ညံ့သောခန္ဓာကိုယ်က အနည်းငယ်ပို၍ ကြံ့ခိုင်လာသည်ကို ခံစားလိုက်ရပြီး သူမ၏စိတ်ထဲမှ ပင်ပန်းနွမ်းနယ်မှုများကလည်း လျော့နည်းသွားခဲ့သည်။

ရှောင်ချီက သူမကို ထပ်ပြီး မြှောက်ပင့်နေပြန်သည်။ “သခင်က အရမ်းတော်တာပဲ!”

စူးချင်း၏မျက်လုံးများတွင် အပြုံးတစ်ခု တောက်ပလာသော်လည်း သူမ၏အသံက အေးစက်နေဆဲဖြစ်ကာ "ပေါက်ကရစကားတွေကို ရပ်ပြီး ဦးနှောက်က သွေးခဲတွေကို သန့်စင်ဖို့ ဆေးလုပ်ပေးတော့"

ဟုတ်ကဲ့”

ရှောင်ချီက သူမ၏သခင်အတွက် ဆေးလုပ်ပေးရန် မေ့သွားသည်အထိ အလွန်ပျော်ရွှင်နေခဲ့သည်။ သူမက စူးချင်းအတွက် ဦးနှောက်ရှင်းလင်းဆေးများပြုလုပ်ရန် စနစ်ထဲသို့ အမြန်ပစ်ချလိုက်သည်။

"သခင်၊ ဆေးသောက်လို့ရပြီ"

ရှောင်ချီက ဆေးကို သူမ၏သခင်ထံသို့ စိတ်အားထက်သန်စွာ ပေးလိုက်ပြီး စူးချင်းက ဘာမှမပြောဘဲ ဆေးကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ဆေးလုံးက သူမဗိုက်ထဲသို့ ရောက်သွားသည်နှင့် သူမ၏စိတ်က ချက်ချင်း ကြည်လင်လာသည်။ မူးဝေခြင်း သို့မဟုတ် မအီမသာဖြစ်ခြင်းတို့ကို မခံစားရတော့ပေ။

ကျိုးသွားသောအရိုးများက ပြန်ဆက်လာပြီး သွေးခဲမှုများက သက်သာပျောက်ကင်းသွား သောကြောင့် နောက်ဆုံးတွင် သူမအတွက် အရေးကြီးဆုံးက အတွင်းဒဏ်ရာများကိုသာ ကုသရန်သာ ဖြစ်သည်။

သို့သော် စိုးရွံ့နေခြင်းက သူမအတွက် အသုံးမဝင်ပေ။ ရှောင်ချီက ဤတောင်ကြီးတစ်ခုလုံးကို စကင်န်ဖတ်ခဲ့ပြီး လင်ဇီးမှို မရှိကြောင်း ပြောပြခဲ့သည်။ ဒီဝိညာဉ်စွမ်းအင်မရှိတဲ့တောင်မှာ လင်ဇီးက ဘယ်လိုကြီးထွားနိုင်မှာတဲ့လဲ?

စူးချင်က အခြားဆေးပင်နှင့် ဟင်းသီးဟင်းရွက်များကို စုဆောင်းရန် တောင်တန်းများ၏ တောနက်ထဲဆီသို့ ဦးတည်လိုက်သည်။ သူမ၏ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုကို မြှင့်တင်လိုပါက ဆေးပင်များ လိုအပ်နေသေးသည်။ ထိုဒုက္ခသည်များက တစ်ညလုံး မိုးရေထဲတွင် စိုစွတ်နေခဲ့သောကြောင့် အများစုက အအေးဒဏ်ကို ခံကြရပေသည်။ သူမက အအေးဒဏ်ကို ကုသပေးနိုင်သော ဆေးဖက်ဝင်အပင်များ စုဆောင်းပြီး ရှောင်ချီကို ဆေးပြားဖြစ်အောင် လုပ်ခိုင်းနိုင်သည်။

အဲ့ဆေးပြားတွေကို အပြင်းအထန် ဖျားနာနေတဲ့သူတွေကို ပေးပြီး စားခိုင်းလိုက်ရင် ကုသိုလ်အဆင့်ကိုပါ မြှင့်တင်နိုင်မှာ မဟုတ်ဘူးလား?

စူးချင်းက တောင်ပေါ်သို့ လှမ်းကြည့်လိုက်ပြီး ဇီးပန်းသီးပင်တစ်ပင်ကို တွေ့လိုက်ရသည်။ ယခင်က မိုးခေါင်ရေရှားမှုကြောင့် အသီးအနှံများစွာ မသီးနိုင်သလို ကြီးထွားခြင်းလည်း မရှိပေ။ သို့သော်လည်း ဇီးပန်းသီးက အသားကို စားနိုင်ပြီး အစေ့ကို ဆေးဝါးအဖြစ် အသုံးပြုနိုင်သည်။ အရေးအကြီးဆုံးမှာ ၎င်းက  တစ်ချိန်တည်းမှာပင် အသီးအနှံနှင့် ဆေးပင်စုဆောင်းခြင်းအတွက် အဆင့်မြှင့်တင်နိုင်မည် ဖြစ်သည်။

စူးချင်းက ရှည်လျားသော တုတ်တစ်ချောင်းကို ရှာလိုက်ပြီး သစ်ပင်သစ်ကိုင်းကို ရိုက်ချကာ အဝါရောင် ဇီးသီးမိုးကို ရွာကျစေလိုက်သည်။ ဤသည်မှာ ကျိရွှေရှန့် ရောက်လာပြီး မြင်လိုက်ရသော မြင်ကွင်းဖြစ်သည်။

ပိန်ပိန်ပါးပါး အမျိုးသမီးက ခေါင်းကို မော့ထားကာ သစ်ကိုင်းများကို တုတ်ရှည်ဖြင့် ရိုက်ရန် အာရုံစိုက်နေသည်။ အဝါရောင်ဇီးပန်းသီးများက မိုးများကဲ့သို့ ရွာကျလာပြီး ထိုမိန်းခလေး၏ ထာဝရ အေးစက်နေသော မျက်လုံးများက ရွှင်မြူးရိပ်များဖြင့် တောက်ပနေခဲ့သည်။

သူ့ညီမ ပြောတာကို စဉ်းစားနေရင်း ကျိရွှေရှန့်က စူးချင်းဆီကို လျှောက်လှမ်းလာခဲ့သည်။

စူးချင်းက သစ်ကိုင်းကျိုးသံကို ကြားလိုက်သောကြောင့် လှည့်ကြည့်လိုက်ရာ အဝါရောင်ဇီးပန်းသီးမိုး‌‌အောက်တွင် နှစ်ယောက်သား အကြည့်ချင်း ဆုံသွားခဲ့သည်။

ကျိရွှေရှန့်က သူ့အကြည့်ကို လွှဲလိုက်ပြီး ချောင်းဟန့်လိုက်ကာ "မင်း တောင်ပေါ်ကို ပြေးမလာခင် ဘာလို့ ဘာမှ မပြောခဲ့တာလဲ?"

ကျွန်မ နည်းနည်းမူးနေလို့ ဆေးရှာဖို့ တောင်ပေါ်ကို တက်လာခဲ့တာ” စူးချင်းက ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်ပြီး သူမ၏ စကတ်ကို အိတ်အဖြစ် စုစည်းကာ ကြွေကျနေသော ဇီးပန်းသီးများကို စတင် ကောက်ယူလိုက်သည်။

ကျိရွှေရှန့်က မြေပြင်ပေါ်မှ ဆေးဖက်ဝင်အပင်အချို့ကို တွေ့လိုက်ရပြီး ထိုဆေးပင်များကို ကောက်ကိုင်ကြည့်လိုက်ရာ ထိုအရာအားလုံးက အအေးမိပျောက်ဆေးအတွက် ဖြစ်နေသည်ကို မြင်လိုက်ရသည်။

သူက စူးချင်းကို မေးလိုက်သည်။ "မင်း အအေးမိနေတာလား?"

မဟုတ်ဘူး၊ လမ်းခရီးအတွက် သိမ်းထားမလို့”

ကျိရွှေရှန့်က ဆေးအကြောင်းလည်း သိနေသောကြောင့် သူမ အမှန်အတိုင်း ပြောပြလိုက်သည်။

ကျိရွှေရှန့်က သူမ ဇီးပန်းသီးများ ကောက်နေဆဲဖြစ်သည်ကို မြင်လိုက်‌သောကြောင့် သူမကို တိုက်တွန်းလိုက်သည်။ "မြန်မြန် ပြန်ကြရအောင်။ ခဏလောက် အနားယူပြီးရင် ဒီတောင်ကြီးကနေ မမှောင်ခင် ထွက်ခွာမှ ဖြစ်မယ်။ မဟုတ်ရင် တောင်ပေါ်မှာ ဓားပြတွေ ရှိနေရင် အန္တရာယ်ရှိလာလိမ့်မယ်”

ဤတောင်က ခုခံရန် လွယ်ကူပြီး တိုက်ခိုက်ရန် ခက်ခဲသည်။ ဓားပြများ စခန်းချရန် နေရာကောင်းတစ်ခု ဖြစ်သလို ဘေးဥပဒ်၏ သားကောင်များက လုယက်ရန် ကောင်းသော ပစ်မှတ်များ ဖြစ်နေသည်။

✍️✍️✍️