Chapter 10 သူကြွယ်တွေရဲ့ငွေကို မရှာရင် ဒါက ဖြုန်းတီးမှုပဲ
Viewers 136

အခန်း ၁၀ သူကြွယ်တွေရဲ့ငွေကို မရှာရင် ဒါက ဖြုန်းတီးမှုပဲ

ကျိရွှေရှန့်၏စကားကို ကြားပြီးနောက် လီတာ့နျိုက ကျိရွှေရှန့်ကို မသိတော့သည့် ထူးဆန်းသောအမူအရာဖြင့် စိုက်ကြည့်နေသည်။

အဲဒါက အစီအမံ မရှိတဲ့သူတွေ အားလုံး သနားစရာကောင်းလောက်အောင် သေကြရလို့ပဲ”

လီတာ့နျို၏ အကဲဖြတ်ချက်ကို ကြားလိုက်ရသောကြောင့် ကျိရွှေရှန့်၏မျက်လုံးများက အေးစက်သွားခဲ့သည်။ သူ၏မျက်လုံးနက်နက်များထဲတွင် မုန်းတီးမှုမီးတောက်များ ကခုန်နေပြီး သူ့၏စိတ်အခြေအနေတစ်ခုလုံးက မှိုင်းညို့သွားခဲ့သည်။

ထိုကဲ့သို့သော ကျိရွှေရှန့်က လီတာ့နျိုကို ကြောက်လန့်စေခဲ့ပြီး အစီအစဥ် မရှိသူများက အဘယ်ကြောင့် ဤမျှလောက် သနားစရာကောင်းလောက်အောင် သေဆုံးရသလဲဟူသော မေးခွန်းများကို မမေးဝံ့တော့ပေ။

တကယ်တော့ နှလုံးသားမဲ့ပြီး အကြင်နာမဲ့သူတွေက ကောင်းချီးပေးခံရတက်တယ်လို့ သူ့အမေက မပြောခဲ့ဘူးလား?

သူတို့နှစ်ယောက် အနားယူရာ နေရာကို ပြန်ရောက်ချိန်တွင် ရွာသားများအားလုံးက အအေးဒဏ်ကို ပြေပျောက်စေသော ဆေးရည်သောက်နေကြသည်ကို တွေ့လိုက်ရသည်။ ယာဂုများ ပြုတ်ထားပြီး ဖြစ်နေသော်လည်း ဘယ်သူမှ မစားသေးဘဲ သူတို့ ပြန်လာသည်ကို စောင့်နေကြသသည်။

ရွာလူကြီးချိုးက ကျိရွှေရှန့်နှင့် လီတာ့နျိုတို့ ဖမ်းမိသော ငါးတောင်းနှစ်တောင်းကို မြင်လိုက်ပြီး အလွန်ဝမ်းသာသွားခဲ့သည်။

သူက အပြုံးဖြင့် မေးလိုက်သည်။ "ရွှေရှန့်၊ မင်း ငါးတွေ အများကြီး ဖမ်းလာတာလား?"

"အဘိုး၊ ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်"

ကျိရွှေရှန့်က ပြန်လာရာလမ်းတစ်လျှောက်တွင် ထိုပြဿနာကို တွေးလာခဲ့ခြင်း ဖြစ်သည်။ အရင်တုန်းက သူတို့ရွာက ကမ္ဘာကြီးနဲ့ ဝေးကွာပြီး အထီးကျန်နေသလိုမျိုး ဖြစ်နေတာကြောင့် သူတို့မှ စားစရာ ဖူလုံခဲ့ပေမယ့် သူတို့ရဲ့လက်ထဲမှာ ပိုက်ဆံများများစားစားမရှိဘူး။ အခု သူတို့ ယူလာနိုင်တဲ့ အစားအစာတွေကလည်း ကြာရှည်ခံမှာ မဟုတ်ဘူး။ အခု သူတို့ အကြာကြီး လမ်းလျှောက်ရတာကြောင့် နေ့တိုင်း ချွေးတွေ အရမ်းထွက်ပြီး ဆားဓာတ်ကို ပြန်ဖြည့်တင်းဖို့ လိုအပ်နေပြီ၊ ရှဘုရင့်နိုင်ငံတော်မှာ ဆားက အစားအစာထက် ပိုဈေးကြီးတယ်၊  သူတို့မှာ ထိခိုက်ဒဏ်ရာရသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ အားနည်းသူတွေနဲ့ ဖျားနာသူတွေရှိပြီး လှည်းတွေ မရှိတာကြောင့် ခရီးလမ်းက ကျန့်ကြာနိုင်သေးတယ်။

သူ့ရဲ့မွေးစားဖခင်က ထောင်ဟွားဝူက လူတွေက သူတို့ရဲ့ကျေးဇူးရှင်တွေဖြစ်ပြီး ဘယ်လောက်ပဲ ခက်ခဲနေပါစေ သူတို့ကို ချန်ထားခဲ့လို့ မရဘူးလို့ ပြောခဲ့တယ်။

အခုလေးတင် ငါးဖမ်းပိုက်ကို ငှားလာခဲ့တဲ့ အဘိုးအိုက သူ့ကို လှုံ့ဆော်ပေးခဲ့တယ်။ ဒီဒုက္ခသည်တွေထဲမှာ ဆင်းရဲတဲ့သူတွေသာမက ချမ်းသာတဲ့ စီးပွားရေးသမားတွေလည်း ပါဝင်နေသေးတယ်။ သူတို့ဆီမှာ ရှိနေတဲ့ ငွေကို ရှာဖွေမယ်ဆိုရင် သဘာဝတရားနဲ့ ဥပဒေကို မဆန့်ကျင်တဲ့အပြင် ကောင်းကင်ရဲ့အလို‌တော်လို့တောင် ပြောလို့ရတယ်။

ရွာလူကြီးချိုးက ကျိရွှေရှန့်ကို ကြည့်လိုက်ပြီး ပြန်မေးလိုက်သည်။ "မင်း ဘယ်လို တွေးထားလို့လဲ?"

ပိုင်ကျို့ရှန်း ကွယ်လွန်ပြီးတဲ့နောက်မှာ ဒီကလေးက နေ့ချင်းညချင်း ကြီးပြင်းလာပုံရတယ်။

ယခုတစ်ကြိမ် ငတ်မွတ်ခေါင်းပါးမှုဘေးမှ လွတ်မြောက်နိုင်ရန် ကျိရွှေရှန့်၏အမျိုးမျိုးသော လုပ်ပုံကိုင်ပုံများက အဘိုးကြီးချိုးကို အလွန်အမင်း တွေးတောစေခဲ့သည်။

"အဲဒီသူဌေးတွေဆီက ပိုက်ဆံရှာချင်တယ်"

ကျိရွှေရှန့်က သူ့နောက်ကျောရှိ တောင်းထဲမှ ငါးများကို လက်ညှိုးထိုးပြရင်း ပြန်ဖြေလိုက်သောကြာင့် ရွာလူကြီးချိုးက သူ့အတွေးကို နားလည်လိုက်သည်။

"မင်း သူတို့ကို ရောင်းချင်တာလား?"

ဟုတ်တယ်၊ ဒါပေမယ့် အခုတော့ မဟုတ်ဘူး။ ချက်ပြုတ်ပြီးမှ အမွှေးအကြိုင်အနံတွေနဲ့ ဆွဲဆောင်ပြီး ဈေးနှုန်းကို ဆုံးဖြတ်ခိုင်းမယ်”

ကျိရွှေရှန့်က ထိုအရာကို သေသေချာချာ စဉ်းစားခဲ့ပြီးသားပင်။ ဒါကို ငါးမျှားတယ်လို့ ခေါ်တယ်။ သူတို့က ငါးရောင်းဖို့ ဒုက္ခသည်အဖွဲ့ဆီကို အပြေးအလွှား သွားလိုက်မယ်ဆိုရင် အဲဒီလူတွေက ဈေးလျှော့ပေးလိုက်မယ်။ သူတို့ကိုယ်တိုင် ငါးတွေလာဝယ်ရင် သတ်မှတ်ဈေးက သူ့အပေါ်မှာပဲ မူတည်တော့တယ်။

"ကောင်းပြီ မင်းပြောတဲ့အတိုင်း ငါတို့ လုပ်မယ်"

ရွာလူကြီးချိုးက သဘောကျစွာ ခေါင်းညိတ်လိုက်သည်။ ကျိရွှေရှန့်ကို ကြည့်နေသော သူ့၏ပုံစံက ပိုပိုပြီး သဘောကျလာပုံရကာ သူ့မြေးကို ကြည့်နေသလိုမျိုး အလွန် ကြင်နာနေခဲ့သည်။

"ရွှေရှန့်က ဉာဏ်ကောင်းတယ်"

ချိုးယွဲ့၏မိခင် အ‌ဒေါ်ချိုးက သူမ၏ယောက္ခမနှင့်အတူ ကျိရွှေရှန့်ကို ချီးမွမ်းလိုက်သည်။ ဆေးရည်များ ဝေပေးရန် ကူညီနေသော ချိုးယွဲ့က သူမ၏နှုတ်ခမ်းများကို ဖွဖွကိုက်ထားပြီး ကျိရွှေရှန့်ကို ရှက်ရွံ့စွာ စိုက်ကြည့်နေကာ သူမ၏မျက်လုံးထဲတွင် ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသည်။

 "အ‌ဒေါ်ချိုး၊ ငါးစွပ်ပြုတ်အတွက် အဒေါ်ကိုပဲ အားကိုးရတော့မယ်"

ကျိရွှေရှန့်က ငါးကို ချက်ပြုတ်ရန် အ‌ဒေါ်ချိုးထံသို့ အပ်လိုက်သည်။ ထိုအမျိုးသမီးက ဆေးကို ကျိုနေသေးသည့်အကြောင်းကို သူ တွေးနေမိပြီး သူ ခက်ခက်ခဲခဲ ရှာဖွေခဲ့ရသော သင်းခွေချပ်ကို သူမ ဖြုန်းတီးပစ်မည်ကို သူ အလွန်ကြောက်နေခဲ့သည်။

"အစ်ကိုကြီး၊ ယာဂုစားပါဦး"

ကျိရှောင်ယင်က  ယာဂုပန်းကန်ကို သယ်လာရင်း သူမ၏အစ်ကိုကို ပြုံးပြနေကာ သူမအစ်ကိုအပေါ် လေးစားမှုများ ပြည့်နေခဲ့သည်။

အင်း”

ကျိရွှေရှန့်က ယာဂုပန်းကန်ကို ယူနေရင်း သူတို့၏လှည်းရှိရာသို့ အမှတ်တမဲ့  လှမ်းကြည့်လိုက်သည်။ သူက ရုတ်တရက် ပန်းကန်ကို ပြန်ချလိုက်ပြီး သူ့ညီမကို ပြန်လှည့်မေးလိုက်သည်? “ဒဏ်ရာရနေတဲ့ မိန်းခလေးက ဘယ်မှာလဲ?”

"အစ်မလား? ဆေးကျိုနေတာ မဟုတ်ဖူးလား?"

သူမ၏အစ်ကိုက စူးချင်းကို မေးလိုက်သောကြောင့် ကျိရှောင်ယင်ကလည်း လှည်းဆီသို့ အမြန် လှမ်းကြည့်လိုက်သည်။ စူးချင်းကို မည်သည့်နေရာတွင်မှ မတွေ့ရတော့သောကြောင့် ကျိရှောင်ယင်လည်း စိုးရိမ်လာသည်။

"အိုက်ယား၊ အစ်မက ဘယ်ရောက်သွားတာလဲ?"

"သူ(မ) အပေါ့အပါး သွားနေတာ ဖြစ်နိုင်လား?" ချိုးယွဲ့က ကျိရှောင်ယင်ကို ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။

"ငါ သွားကြည့်လိုက်မယ်”

ကျိရှောင်ယင်က စိုးရိမ်နေသေးသဖြင့် သူမ၏စကတ်ကြိုးကို မကာ တောစပ်ဘက်သို့ ပြေးသွားခဲ့သည်။

ထောင်ဟွားဝူမှ လူများက တိတ်တဆိတ် နားလည်မှုရရှိထားပြီး ဖြစ်သည်။ အမျိုးသမီးများက အပေါ့အလေးသွားရန် ဘယ်ဘက်မှ ချုံပုတ်များဆီသို့ သွားကြပြီး အမျိုးသားများက ညာဘက်မှ ချုံပုတ်များဆီသို့ သွားကြသည်။

ကျိရှောင်ယင်က ချုံပုတ်ထဲသို့ ပြေးဝင်ကာ ထိုအစ်မကို လှမ်းခေါ်လိုက်သော်လည်း တုံ့ပြန်မှု မရှိခဲ့ပေ။ သူမ ခြုံတစ်ခုလုံးကို ရှာဖွေခဲ့သော်လည်း စူးချင်းကို ရှာမတွေ့ခဲ့ပေ။ သူမက စိုးရိမ်သောကရောက်နေသာ မျက်နှာဖြင့် ခြုံပုတ်ထဲမှ ပြန်ထွက်လာပြီး သူမ၏မျက်လုံးများက နီရဲလာသည်။

"အစ်ကိုကြီး၊ အစ်မမှာအန္တရာယ်ရှိမှာလား?"

“...”

ကျိရွှေရှန့်က သူ့ညီမလေးကို မနှစ်သိမ့်နိုင်ပေ။ သူက အခုန အဲဒီအမျိုးသမီးကို စစ်ဆေးကြည့်ခဲ့ပြီး သူမက တစ်ရက်ကို ဆေးသုံးကြိမ် သောက်ဖို့ လိုလိမ့်မယ်။ ဆေးဝါးက ရောဂါတွေကို ကုသပေးနိုင်တယ်ဆိုပေမယ့် လူကိုလည်း သေစေနိုင်တယ်။ သူမ  အဲ့လောက်များပြားတဲ့ဆေးပမာဏကို တစ်ကြိမ်တည်း အကုန်သောက်လိုက်ရင် အန္တရာယ်ကျရောက်နိုင်ဖွယ်ရှိတယ်။

သူမ ဒီမှာ ရှိနေရင်တော့ ဆေးတွေကို ပြန်အန်ထုတ်ဖို့ အော့အန်စေမယ့်နည်းလမ်းကို သုံးနိုင်ပေမယ့် သူမက ဒီမှာ ရှိမနေတော့ ရွေးချယ်စရာ မရှိတော့ဘူး။

"မဟုတ်ဘူး... ညီမ အစ်မကို သွားရှာရမှာပေါ့"

သူမ၏အစ်ကိုဖြစ်သူက စကားထပ်မပြောသည်ကို မြင်လိုက်ရသောကြောင့် ကျိရှောင်ယင်က အလွန်စိုးရိမ်နေပြီး ငိုတော့မည် ဖြစ်သည်။ သူမက ထိုအစ်မကို လှည့်ပတ် ရှာဖွေရန် ပြင်ဆင်နေသည်။

အစ်မက ဒဏ်ရာ အပြင်းအထန် ရထားတာဆိုတော့ ပြုစုစောင့်ရှောက်ပေးမယ့်သူ မရှိရင် ဘယ်လို ဖြစ်သွားမှာလဲ?

"သူ(မ)... သူ(မ)အမေအိမ်ကို ပြန်သွားတာလား?"

ချိုးယွဲ့က နောက်ကနေ လိုက်လာပြီး ကျိရှောင်ယင် စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်သောကြောင့် ချီတုံချတုံ မေးလိုက်သည်။

"အိမ်ပြန်တာလား? သူမမှာ ဘယ်မှာ အိမ်ရှိလို့လဲ? ငါ အစ်မကို မေးကြည့်တော့ သူ(မ)အိမ်မှာ ဘယ်သူမှ မကျန်တော့ဘူးလို့ ပြောတယ်။ သူ(မ)မှာ ဘယ်မှ သွားစရာ မရှိဘူး”

ချိုးယွဲ့က စကားမပြောလျှင် ပိုကောင်းမည် ဖြစ်သော်လည်း ယခု သူမ၏စကားကို ကြားလိုက်သောအခါ ကျိရှောင်ယင်က ပြန်ဖြေရင်း မျက်ရည်များ ကျလာတော့သည်။

အစ်မက သနားဖို့ကောင်းလိုက်တာ? သူမ ဘယ်ကို သွားနိုင်မှာလဲ?

ကျိရွှေရှန့်က သူ့ညီမနှင့် ချိုးယွဲ့အကြားမှ စကားပြောဆိုမှုကို ကြားနေရပြီး အနည်းငယ် ထူးဆန်းနေသည်ဟု ထင်နေသော်လည်း မေးရန်တော့ စိတ်မ၀င်စားခဲ့ပေ။

သူမက သူ့ညီမရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် သူက အဲဒီအမျိုးသမီးကို ကုသပေးမယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် သူမက ထွက်သွားပြီးဆိုရင် သူက မေ့လိုက်ရုံပဲလေ။

"မဟုတ်သေးဘူး၊ ငါ အစ်မကို သွားရှာရမယ်​"

ကျိရှောင်ယင်ကတော့ လက်မလျှော့ချင်သေးပေ။ သူမက ထိုအစ်မအတွက် တကယ်ကို စိတ်ပူနေပြီး စူးချင်းကို ရှာဖွေချင်နေခဲ့သည်။

သူ့ညီမက တစ်စုံတစ်ဦးကို လိုက်ရှာတော့မည် ဖြစ်သောကြောင့် ကျိရွှေရှန့်က စိတ်မသက်မသာဖြစ်သွားပြီး မျက်မှောင်ကြုတ်လိုက်ကာ ကျိရှောင်ယင်ကို နောက်သို့ ပြန်ဆွဲခေါ်လိုက်သည်။

"ငါ သူ(မ)ကို သွားရှာပေးမယ်”

အစ်ကို၊ အစ်မကို တွေ့အောင် ရှာရမယ်နော်။ သူ(မ)မှာ ဒဏ်ရာတွေနဲ့ ဖုံးလွှမ်းနေပြီး ပြန်ဖို့ အိမ်လည်း မရှိဘူး။ သူ(မ)က အရမ်းသနားဖို့ ကောင်းတယ်"

ကျိရှောင်ယင်က ကျိရွှေရှန့်၏လက်ကို ဆွဲကာ အကြိမ်ကြိမ် တောင်းဆိုနေခဲ့သည်။

ကျိရွှေရှန့်က ခေါင်းညိတ်လိုက်သည်။

"ငါ သူ(မ)ကို ပြန်ရှာပေးမယ်။ မင်းကို လှည့်ပတ်ပြေးဖို့ ခွင့်မပြုဘူး”

"ကောင်းပြီ၊ ညီမလေး လျောက်မပြေးဘူး"

ကျိရှောင်ယင်က ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြလိုက်သော်လည်း ကျိရွှေရှန့်က စိတ်ပူနေသေးပြီး ချိုးယွဲ့ကို တစ်ချက်ကြည့်လိုက်သည်။

"ချိုးယွဲ့၊ ရှောင်ယင်ကို စောင့်ကြည့်ထားပေးပါ"

ကျိရွှေရှန့်ထံမှ အရေးကြီးသောတာဝန်ကို အပ်နှင်းခံရခြင်းအတွက် ချိုးယွဲ့က အလွန်စိတ်လှုပ်ရှားနေပြီး သူမက ရွှန်းလဲ့နေသော မျက်လုံးကြီးများဖြင့် ကျိရွှေရှန့်ကို ကြည့်ကာ “အစ်ကိုရွှေရှန့်၊ စိတ်မပူပါနဲ့။ ညီမ ရှောင်ယင်ကို သေချာဂရုစိုက်ပေးပါ့မယ်"

ကျိရွှေရှန့်က ခေါင်းညိတ်လိုက်ပြီး တခြားဘာမှ ထပ်ပြန်မပြောတော့ပေ။ တကယ်တော့ အဲ့ဒီအမျိုးသမီးကို ရှာတွေ့နိုင်မလားဆိုတာ မသေချာပါဘူး။ ဒီအချိန်မှာ ဒုက္ခသည်တွေ ပိုများလာနေပြီး တစ်ချက်ကြည့်တာနဲ့ အနက်ရောင်အစုလိုက်အပြုံလိုက်တွေကို မြင်နေရပြီး အနည်းဆုံး လူရာဂဏန်းလောက်ရှိနေတယ်။

ဒီရာနဲ့ချီတဲ့ လူတွေကြားထဲမှာ လူတစ်ဦးကို ရှာတွေ့ဖို့က မလွယ်ကူပေမယ့် အဲ့အမျိုးသမီးကို ရှာပေးမယ်လို့ သူ့ညီမကို ကတိပေးထားတာကြောင့် ဘယ်လောက်ပဲ ခက်ခဲပါစေ သူမကို တွေ့အောင်ရှာရတော့မယ်။

ကျိရွှေရှန့်က သူကိုယ်တိုင်လည်း ဒုက္ခသည်များ၏ အခြေအနေကို ကြည့်ရှုလေ့လာချင်နေပြီး ၎င်းတို့က မည်သူမည်ဝါဖြစ်သည်ကို စောင့်ကြည့်လေ့လာ ချင်သေးသည်။

ကျိရွှေရှန့်က ဒုက္ခသည်များဆီသို့ ဦးတည်နေသည်ကို မြင်လိုက်ရသောကြောင့် လီတာ့နျိုက ပြေးထွက်လာပြီး "အစ်ကိုရွှေရှန့်၊ ငါ မင်းနဲ့လိုက်ခဲ့မယ်"

"နောက်မှာ နေခဲ့ပြီး ရှောင်ယင်ကို ဂရုစိုက်ပေးထား"

ကျိရွှေရှန့်က သဘောမတူဘဲ ရှောင်ယင်ကို စောင့်ရှောက်ရန် သူ့ကို ပြန်လွှတ်လိုက်သည်။

"ရွှေရှန့်၊ ငါ မင်းနဲ့လိုက်ဖို့ လိုအပ်သေးလား?" ချိုးယုံခန်းက လမ်းလျှောက်လာပြီး ကျိရွှေရှန့်ကို မေးလိုက်သည်။

သူ့အဖိုးက ကျိရွှေရှန့်ရဲ့အစီအစဥ်အကြောင်းကို သူ့ကို ပြောပြခဲ့ပြီး အစီအစဥ်က အရမ်းကောင်းတယ်လို့ သူလည်း ခံစားခဲ့ရတယ်။ သူကြွယ်တွေရဲ့ငွေကို မရှာရင် ဒါက ဖြုန်းတီးမှုပဲ။ ပိုက်ဆံရှိမှဘဲ တစ်ရွာလုံးကို ကျင်းရှီလျိုမြောင်ကို လုံလုံခြုံခြုံ ပို့ဆောင်ပေးနိုင်လိမ့်မယ်။

"မလိုပါဘူး၊ ငါတစ်ယောက်တည်း သွားလိုက်မယ်။ သူတို့ကို ကူညီပြီး စောင့်ရှောက်ပေးထား။ ဒုက္ခသည်တွေကို အနားမကပ်စေနဲ့”

ကျိရွှေရှန့်က ခေါင်းယမ်းပြနေပြီး ဒုက္ခသည်စခန်းဆီသို့ လျှောက်သွားနေခဲ့သည်။

မုတ်ဆိတ်မွေးများပြည့်နေသော ကျိရွှေရှန့် လျှောက်လာနေသည်ကို မြင်လိုက်ရသောကြောင့်  ဒုက္ခသည်များအားလုံးက အလွန်ကြောက်လန့်နေကြပြီး သူ့ကို အံ့သြတကြီး ကြည့်နေကြသည်။

ကျိရွှေရှန့်က သူတို့ကို လျစ်လျူရှုလိုက်ပြီး ရှိနေသူများအားလုံးကို အစကနေ အဆုံးအထိ လိုက်ကြည့်နေခဲ့သည်။ သိုသော်လည်း ပိန်လှီနေသောရုပ်သွင်ကို သူ မတွေ့ခဲ့ရပေ။

အဲဒီမိန်းမက ဘယ်ရောက်သွားတာလဲ?

✍️✍️✍️