အခန်း ၉ ငါးဖမ်းခြင်း
ကျိရွှေရှန့်၏နားရွက်နှင့်
ပါးရိုးဆုံနေရာတွင် အဖြူရောင်ဖျောဖျော့ အစင်းကြောင်းလေးတစ်ခု ရှိနေခဲ့သည်။
သူ့အသားအရေက နီညိုရောင် ဖြစ်ကာ တောင်ပေါ်ရှိ အမျိုးသားများ၏အသွင်အပြင်သာ ဖြစ်သည်။
လေနှင့် နေရောင်ခြည်ကို အမြဲတမ်းထိတွေ့နေရသော သူများအတွက် အဖြူရောင်က ထူးခြားသော
အသားရောင်မျိုးဖြစ်ပြီး ထိုအဖြူရောင်အစင်းလေးက အထူးထင်ရှားနေသည်။
သူမ
အနီးကပ် ကြည့်လိုက်ရာ ပိုးချည်မျှင်တစ်ပင်စာ လောက်သာ အထူရှိပြီး တစ်စင်တီမီတာခန့်သာ
ရှည်လျားသည်။ တစ်စုံတစ်ယောက်က သူ့မျက်နှာပေါ်တွင် ထိုအဖြူရောင်အစင်းကြောင်းကို
ရေးဆွဲထားသည်ဟု ထင်ရစေသည်။
စူးချင်းက
မျက်ခုံးကို ပင့်ကာ ထိုနေရာမှ အကြည့်လွှဲလိုက်ပြီး သူ သင်းခွေချပ်
ကိုင်တွယ်နေသည်ကိုသာ ဆက်ကြည့်နေလိုက်သည်။
ကျိရွှေရှန့်က
သင်းခွေချပ်၏အကြေးခွံများအားလုံးကို ဖယ်ရှားလိုက်ပြီး အိုးထဲသို့ သဲထည့်ကာ
မီးဖြင့် အပူပေးပြီး သမအောင် မွှေလိုက်သည်။ ထို့နောက် သူက
သင်းခွေချပ်အကြေးခွံများကို ထည့်ကာ ဆက်မွှေနေသည်။ သူက အလုပ်လုပ်သည့်အချိန်တွင် အလွန်အလေးအနက်ထားတက်ပုံရပြီး သူ့၏မျက်တောင်များက ကျဆင်းသွားပြီး
သူ့၏စူးရှသောမျက်လုံးများကို ပိတ်ဆို့ ကာကွယ်နေပြန်သည်။
"အစ်ကိုရွှေရှန့်! အစ်ကိုရွှေရှန့် မြန်မြန်လာပါ!”
တစ်ဖက်တွင်
ကျိရွှေရှန့်က တစ်ခုခု ဆက်လုပ်နေသေးသည်ကို မြင်နေရသောကြောင့် လီတာ့နျိုက စိုးရိမ်တကြီး
အော်ခေါ်လိုက်သည်။
"ငါ လုပ်မယ်!"
စူးချင်းက
တာဝန်ယူရန် ကမ်းလှမ်းလိုက်ပြန်သည်။
ကျိရွှေရှန့်က
ရလုနီးပါးဖြစ်နေသည်ကို မြင်လိုက်ပြီး “ဒီအကြေးခွံတွေ ကျွတ်ဆက်လာရင် ကြေအောင်ချေလိုက်၊ ပြီးရင် ဆေးထဲကို ထည့်ပြီး
ရောသောက်လိုက်ပါ"
“အင်း” စူးချင်းက ဘာသိဘသာ ပြန်ဖြေလိုက်ပြီး ခြင်းတောင်းထဲက ဆေးပင်များကို
စိုက်ကြည့်နေလိုက်သည်။
“ဒီဆေးတွေက သုံးကြိမ်စာ။ အားလုံးကို တခါတည်း မကျိုလိုက်နဲ့"
ကျိရွှေရှန့်က
စူးချင်း ဆေးပင်များကို ကြည့်နေသည်ကို တွေ့လိုက်ပြီး သူမကို ညွှန်ကြားပေးလိုက်သည်။
"အင်း" ကျိရွှေရှန့် စကားအလွန်အကျွံပြောနေသည့်အတွက် စူးချင်းက အမှတ်မထင်
နှာမှုတ်လိုက်သည်။
ကျိရွှေရှန့်က
သူမကို လေးလေးနက်နက် တစ်ချက်စိုက်ကြည့်လိုက်ပြန်သည်။ သူမက အေးစက်စက်ဖြစ်နေတဲ့အပြင်
လူတွေနဲ့ ဝေးဝေးမှာ နေချင်ပုံပဲ။ သူမ ကြုံတွေ့ခဲ့ရတာတွေကို
သူ တကယ်သိချင်နေမိတယ်။ သူမက ဘယ်သူ့ကိုမှ ယုံတဲ့ပုံလည်း မပေါ်ဘူး..
သူမက
စကားအများကြီး မပြောချင်တော့ကြောင်း နားလည်လိုက်သောကြောင့် ကျိရွှေရှန့်က သူမကို မရှင်းပြတော့ဘဲ
သူ့ပစ္စည်းများကိုသာ သူမဆီ ပေးအပ်လိုက်ပြီး လီတာ့နျိုကို ကူညီရန် မြစ်ဘက်သို့ ထွက်သွားတော့သည်။
ဒီလူမိုက်က
သူ့ကိုယ်သူ စပျစ်နွယ်တွေထဲကို မြုပ်ပစ်တော့မယ်။
သူက
မြစ်ထဲမှ ငါးများများကို ဖမ်းယူချင်နေပြီး လူတိုင်းအတွက် အအေးဒဏ် သက်သာစေရန် ငါးစွပ်ပြုန်
ချက်ရန် တွေးနေခဲ့သည်။
ဒုက္ခသည်များကြားမှ
ရဲရင့်သော အမျိုးသားများကလည်း ငါးဖမ်းရန် မြစ်ထဲသို့ ပြေးသွားကြသည်။ သို့သော်လည်း လီတာ့နျိုက
သူတို့ကို ငါးဖမ်းခွင့်မပြုမှာကို ကြောက်နေကြပြီး ကျိရွှေရှန့် ရောက်လာသည်ကို မြင်လိုက်ရသည်နှင့်
ပို၍ ပိုစိတ်လှုပ်ရှားလာကြသည်။
ကျိရွှေရှန့်က
သူတို့ကို လျစ်လျူရှုလိုက်သည်။ မြစ်က သူတို့ပိုင်တာမဟုတ်တဲ့အတွက် ဖမ်းချင်တဲ့သူ
ဖမ်းလေ။ အချင်းချင်း အနှောင့်အယှက် မပေးရင်ရပြီ။
ကျိရွှေရှန့်က
သူတို့ကို ဂရုမစိုက်ကြောင်း မြင်သွားသောအခါ သူတို့က ပိုရဲရင့်လာပြီး မြစ်ထဲတွင် လှည့်ပတ်နေကြသည်။
ဒါပေမယ့်
လက်ဗလာနဲ့ ငါးကို ဘယ်လိုဖမ်းနိုင်မှာတဲ့လဲ?
ကျိရွှေရှန့်က
ငါးမျှားပိုက် ရက်နေသည်ကို တွေ့သောအခါ ထိုလူများက အဝေးမှ ကြည့်နေကြပြီး သူ့ထံမှ
သင်ယူလိုကြသည်။ ကျိရွှေရှန့်က ထိုအရာများကို လုံးဝ ဂရုမစိုက်ဘဲ ငါးဖမ်းပိုက်ကိုသာ
အမြန်ရက်နေခဲ့သည်။ ခဏအကြာတွင် သူက ရိုးရိုးငါးဖမ်းပိုက်ကို ရက်ပြီးသွားပြီဖြစ်ကာ
ငါးဖမ်းရန်အတွက် လီတာ့နျိုနှင့်အတူ ပိုက်ကို ဆွဲသွားခဲ့သည်။
ကျိရွှေရှန့်
ငါးဖမ်းသွားနေစဉ် စူးချင်းက ကျိရှောင်ယင်ကို ထပ်မံ နှင်လွှတ်နေလေသည်။
"ရှောင်ယင်၊ မင်းလည်း တစ်ခုခု သွားစားလိုက်လေ။ ငါ ဒီမှာ ဒါတွေကို ဂရုစိုက်ပေးမယ်"
“အစ်မ၊ ကျွန်မ လုပ်ပါရစေ။ အစ်မ လုပ်နိုင်ပါ့မလား?"
ကျိရှောင်ယင်က
စိတ်ပူနေသေးသော်လည်း အမှတ်တကယ်တွင် သူမ အရမ်းဗိုက်ဆာနေပြီ ဖြစ်သည်။ ယာဂု၏ရနံ့က
သူမဗိုက်ကို အသံများပင် မြည်လာစေခဲ့သည်။
“ရတယ်၊ ငါ ဆက်လုပ်မယ်။ မင်း ဗိုက်က တဆတ်ဆတ်တောင် တုန်နေပြီ"
စူးချင်းက
ကျိရှောင်ယင်ကို သူမကိုယ်တိုင်ပင် သတိမထားလိုက်မိသော အပြုံးလေးဖြင့် မေးဆတ်ပြကာ သူမကို စိုက်ကြည့်နေလိုက်သည်။
ဒီကောင်မလေးက
တကယ်ကို ချစ်ဖို့ကောင်းတယ်။
စူးချင်းက
သင်းခွေချပ်ကို တကယ်လုပ်နိုင်သလိုမျိုး အလေးအနက်ထား ကိုင်တွယ်နေသည်ကို မြင်လိုက်ရမှ
ကျိရှောင်ယင်က စိတ်သက်သာရာရသွားခဲ့သည်။ သူမ ထွက်မသွားခင်မှာ သူမက စူးချင်းကို
စိုးရိမ်စိတ်ဖြင့် သတိပေးလိုက်သေးသည်။ "အစ်မ နေလို့ မကောင်းတော့ဘူးဆိုရင် ကျွန်မကို
အော်ခေါ်လိုက်ပါ၊ ကျွန်မ ချက်ချင်းပြန်လာခဲ့မယ်"
စူးချင်း၏
မျက်လုံးများမှ အပြုံးက ပိုမိုနက်ရှိုင်းလာခဲ့သည်။ ဒီကလေးမလေးက စိတ်ပူစရာတွေ
အများကြီး ရှိနေတာပဲ။
ကျိရှောင်ယင်
ထွက်သွားပြီးနောက် စူးချင်းက ဆေးကို လှမ်းယူပြီး စနစ်ထဲသို့ ပစ်ချခဲ့သော်လည်း သူမ
အားလုံးကို မပစ်ထည့်နိုင်ဘဲ တချို့ကို ဟန်ပြအဖြစ် သိမ်းဆည်းထားရသေးသည်။
"သခင်၊ ဒါက လုံလောက်ပြီ"
ရှောင်ချီ၏
ချစ်စဖွယ်အသံလေးမှ ရွှင်မြူးမှုက သိသာထင်ရှားနေသည်။ သူက ကလေးလေးတစ်ယောက်ကဲ့သို့
ဖြစ်နေပြီး ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် စိတ်ပျက်မှုများကို မဖုံးကွယ်နိုင်ပေ။
သခင်ကို
ကယ်တင်နိုင်တော့မှာမလို့ ငါ အရမ်းပျော်နေပြီ။
“အွန်း”
စူးချင်းက
တုံ့ပြန်လိုက်သော်လည်း သူမ၏လက်များက မလှုပ်မရှားဖြစ်နေသည်။ ထို့နောက် သူမက ဆေးအိုးထဲသို့
ဆေးအနည်းငယ်ထည့်ကာ ပွက်ပွက်ဆူရန် မီးပေါ်တင်ထားလိုက်သည်။
ရှောင်ချီ၏
ရွှင်မြူးသောအသံက တစ်ဖန်ပေါ်ပြန်သည်. “အရွတ်နဲ့အရိုးအတွက်ဆေးက အဆင်သင့် ဖြစ်ပါပြီ။
သခင်၊ မင်းရဲ့ဆေးကို မြန်မြန်သောက်လိုက်။ ဆေးသောက်ပြီးရင် မနာတော့ဘူး!”
စူးချင်း၏လက်ထဲတွင်
အနက်ရောင်ဆေးပြားတစ်ခု ပေါ်လာသည်။ သူမက တစ်ဝက်ကိုသာ စားလိုက်ပြီး ကျန်တစ်ဝက်ကို မနက်ဖြန်မှ
စားရန် ဆုံးဖြတ်လိုက်သည်။ စနစ်မှ ထုတ်လုပ်ထားသော ဆေးက ထိရောက်လွန်းပြီး ဆေးတစ်လုံးဖြင့်ပင် မူလအခြေအနေသို့
ချက်ချင်းပြန်လည်ရောက်ရှိပြီး သူမ ပြန်ကောင်းလာပေလိမ့်မည်။ သူမ
အမြန်ပြန်ကောင်းလာပါက သံသယဖြစ်စရာ ဖြစ်လာနိုင်သည်။
ဆေးတစ်ဝက်ကို
သောက်ပြီးနောက် သူမ၏ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲမှု တစ်ဝက်လောက်က လျော့ကျသွားခဲ့သည်။
နှာခေါင်း ကျိုးသွားပြီးနောက် အသက်ရှူရ ခက်ခဲနေခဲ့သော်လည်း ဆေးတစ်ဝက်ကို သောက်ပြီးနောက်
ချောမွေ့စွာ အသက်ရှူနိုင်လာနိုင်ပြီး ပိုသက်တောင့်သက်သာရှိလာသလို ခံစားရစေသည်။
စူးချင်း
ဆေးကျိုနေစဉ် ကျိရွှေရှန့်နှင့် လီတာ့နျိုတို့က ငါးဖမ်းပိုက်ကို ပထမအကျော့ ဆွဲတင်နေကြသည်။
စပျစ်နွယ်ပင်များဖြင့် ပြုလုပ်ထားသော ငါးဖမ်းပိုက်၏အပေါက်များက အနည်းငယ် ကြီးမားသောကြောင့်
ငါးခုနစ်ကောင်မှ ရှစ်ကောင်အထိသာ ဖမ်းမိကြသည်။ ပိုက်ထဲမှ ငါးများက တစ်ကျင်ထက်ပိုကြီးသော
ငါးများသာ ဖြစ်ပြီး အကြီးဆုံးက သုံးကျင်ခန့် ရှိမည်ဟု ခန့်မှန်းနိုင်သည်။
(ကျင်
က ရှေးခတ်တရုတ်အလေးချိန်ပါ၊ (0.၅ kg )လောက်ရှိတယ်ထင်တယ်၊
အခု လက်ရှိ သူတို့ သုံးနေတဲ့ ကစ်တီနဲ့ အလေးချိန်တူပါတယ်)
"ရွှေရှန့် မင်းက တကယ်ကို အံ့သြစရာကောင်းတယ်"
လီတာ့နျိုက
ထပ်ပြီး မြှောက်ပင့်နေတော့သည်။ ကျိရွှေရှန့်က ငါးကိုကြည့်ကာ အလွန်ကျေနပ်နေသည်။ ဤငါးများက
မြစ်ထဲတွင် ငါးအများကြီးရှိနေကြောင်း သက်သေပြနေပြီး ပိုက် ပိုသေးလျှင် ငါးအသေးနှင့်
ပုဇွန်များကိုပင် ဖမ်းမိနိုင်မည် ဖြစ်သည်။
သို့သော်
လက်ရှိတွင် ဤအရာက လုံလောက်နေပြီ ဖြစ်သောကြောင့် ဖမ်းမိလာသော ငါးများကို ကမ်းပေါ်ပစ်ချပြီးနောက်
ငါး ဆက်ဖမ်းနေခဲ့ကြသည်။
ကျိရွှေရှန့်နှင့်
သူလူများ၏ ပိုက်ထဲတွင် ငါးများစွာ ဖမ်းမိနေသည်ကို တွေ့လိုက်ရသဖြင့် တခြားဒုက္ခသည်များက
မနာလိုဖြစ်နေကြပြီး သူတို့၏မျက်လုံးများပင် နီရဲနေကြသည်။ သူတို့က ထိုကဲ့သို့
ပိုက်ကွန်တစ်ခုကို လိုချင်ကြသော်လည်း အချိန်အတော်ကြာအောင် ကြည့်ပြီးနောက်တွင်ပင် သူတို့
မတတ်မြောက်နိုင်သောကြောင့် ဘေးမှ မနာလိုစွာ ကြည့်နေရုံသာ ရှိတော့သည်။
ကျိရွှေရှန့်နှင့်
လီတာ့နျိုတို့က စုစုပေါင်း ဆယ်ကြိမ့်ခန့် ပိုက်ကို ပြန်ဆွဲတင်ခဲ့သည်။ သူတို့ဆွဲလေလေ
ငါးက နည်းပါးလေလေ ဖြစ်လာပြီး အဓိကအကြောင်းအရင်းမှာ ဤနေရာတွင် လူများ လွန်းနေပြီး
ငါးများက ကြောက်လန့်နေကြခြင်းကြောင့်ပင်။
ကျိရွှေရှန့်က
ကမ်းပေါ်ပြန်တက်လာပြီး ဒုက္ခသည်များကို လှမ်းကြည့်လိုက်သည်။ မနေ့ညနဲ့ ဒီနေ့ သူ
အသုံးပြုခဲ့တဲ့ နည်းလမ်းက အရမ်းထိရောက်ပုံရတယ်။ ငါးတွေ အများကြီးကို ကမ်းပေါ်
ပစ်ချထားတာတောင် ဘယ်သူမှ မထိရဲကြဘူး။
ကျိရွှေရှန့်နှင့်
ကျန်သူများက ငါးမဖမ်းတော့ကြောင်း မြင်လိုက်ချိန်တွင် ဒုက္ခသည်များထဲမှ
အဘိုးအိုတစ်ဦးက သတ္တိအချို့စုစည်းကာ ကျိရွှေရှန့်နှင့် ဆွေးနွေးရန်
ရောက်ရှိလာခဲ့သည်။
“လူငယ်လေး၊ မင်းရဲ့ငါးဖမ်းပိုက်ကို ခဏလောက် ငှားလို့ရမလား? ငါတို့မှာ
လူကြီးရော ကလေးတွေပါ ဗိုက်ဆာနေလို့ပါ။ ကျေးဇူးပြုပြီး ငါတို့ကို ငှားပေးပါ။ ငါ့မှာ ကြေးနီဒင်္ဂါး ၁၀ ပြား ကျန်သေးတယ်။
မင်း ငါ့ကို ပိုက်ကွန် ငှားပေးနိုင်မလား"
ကျိရွှေရှန့်က
ငှားပေးရန် သဘောမတူမည်ကို စိုးရိမ်သောကြောင့် အဘိုးအိုက
ကြေးဒင်္ဂါးပြားတစ်ဒါဇင်ကို ထုတ်ပြီး သူ့လက်ဖဝါးပေါ်တွင် ကိုင်ထားကာ သေသေချာချာ
ပြသလိုက်သည်။
“ကောင်းပြီလေ”
ကျိရွှေရှန့်က
ပိုက်ဆံကို ယူပြီး ပိုက်ကွန်ကို ပေးလိုက်သည်။ အဘိုးအိုက ထပ်ခါတလဲလဲ ကျေးဇူးတင်နေပြီး ပိုက်ကွန်ကို
အမြန်ယူလိုက်သည်။
“ကျေးဇူးတင်ပါတယ် လူငယ်လေး၊ ကျေးဇူးတင်ပါတယ်၊ မင်းက ငါတို့ရဲ့ အသက်သခင်ပါ”
ကျိရွှေရှန့်က
သူ့ကို လျစ်လျူရှုပြီး လီတာ့နျိုကို ငါးများကို ကောက်ယူစေကာ ခြင်းတောင်းထဲသို့
ထည့်ခိုင်းလိုက်သည်။ သူတို့နှစ်ဦး၏ကျောပေါ်မှ တောင်နှစ်လုံးလုံးကို အပြည့်ဖြည့်နိုင်လိုက်ခြင်းက
လီတာ့နျိုကို အလွန်ပျော်ရွှင်စေခဲ့သည်။
"အစ်ကိုရွှေရှန့်၊ ဒီငါးတွေကို ငါတို့ နှစ်ရက်လောက် စားနိုင်လိမ့်မယ်၊
ဘာပဲဖြစ်ဖြစ် အစားအသောက်ပြဿနာကို ခဏတော့ ဖြေရှင်းပေးနိုင်လိမ့်မယ်"
ကျိရွှေရှန့်က
ခေါင်းညိတ်လိုက်သည်။ မိုးက အရမ်း ကောင်းနေတယ်။ သူတို့ လမ်းတစ်လျှောက်ရင်း ငါးဖမ်း၊
အမဲလိုက်၊ တောရိုင်းအသီးအနှံတွေကို ခူးယူစားနိုင်တဲ့အတွက် သူတို့ထွက်လာတုန်းက
ယူလာတဲ့ အစားအစာတွေ မလောက်ငှမှာကို သိပ်တော့ စိတ်ပူစရာမလိုပါဘူး။
ငါးမျှားပိုက်
လာငှားသော အဘိုးအိုက သူ့သားနှစ်ယောက်ကို ခေါ်ကာ ပိုက်ကွန်ဆွဲရန် မြစ်ထဲသို့ ဆင်းသွားခဲ့သည်။
သူတို့က ကျိရွှေရှန့် ရလာသော ငါးများကဲ့သို့ ငါးကြီးများကို ဖမ်းရန် မျှော်လင့်နေပြီး
သူတို့၏မျက်လုံးများတွင် မျှော်လင့်ချက်များနှင့် စိတ်လှုပ်ရှားမှုများ
ပြည့်နှက်နေသည်။
လီတာ့နျိုက
နောက်ပြန်လှည့်ကြည့်လိုက်ပြီး ထိုအရာကို မြင်လိုက်ရသည်။ သူစရိုက်က ဖုံးကွယ်ထားတက်သော စရိုက်မဟုတ်သောကြောင့် သူက
မနေနိုင်တော့ဘဲ ကျိရွှေရှန့်ကို မေးမြန်းလိုက်သည်။
"ရွှေရှန့်၊
ငါတို့ ဒီဒုက္ခသည်တွေအပေါ် သဘောထားပျော့ပျောင်းလို့ မရဘူးလို့ မင်းပဲ ပြောထားခဲ့တာ
မဟုတ်ဘူးလား?”
“ဒါက ပျော့ပျောင်းတာ မဟုတ်ဘူး၊ ပထမတစ်ချက် သူတို့ ငါတို့ရဲ့ပစ္စည်းတွေကို
လိုချင်ရင် ငွေသုံးစွဲရမယ်ဆိုတာကို သိအောင် လုပ်ရမယ်။ ဘာကိုမှ အလကားရဖို့
မစဉ်းစားနဲ့။ ဒုတိယအချက်က ဆာလောင်ခြင်းက လူတွေကို ရူးသွပ်စေတယ်။ သူတို့က အခု
ငါတို့ကို ကြောက်ပြီး မလာရဲကြပေမယ့် ငတ်ပြတ်ပြီး သေလုနီးပါးဖြစ်လာရင် အကြောက်တရားတွေ
မရှိနိုင်တော့ဘူး။ ငါတို့က တိုက်ခိုက်နိုင်ပေမယ့် အသက်ကြီးတဲ့လူတွေနဲ့ အားနည်းတဲ့
အမျိုးသမီးတွေ၊ ကလေးတွေက မတိုက်ခိုက်နိုင်ဘူး။ အဲ့တာကြောင့် သူတို့ ကိုယ့်ကိုကိုယ်
အားကိုးတက်အောင် သင်ပေးလိုက်တာက ငါတို့အတွက် အကောင်းဆုံး အကာအကွယ်ပဲ။ သူတို့ဘာသာ စားစရာရှာနိုင်ရင်
ငါတို့ကို လုရက်ဖို့ ကြံနေတော့မှာ မဟုတ်ဘူး”
ကျိရွှေရှန့်က
လီတာ့နျိုတစ်ယောက် နားမလည်ဖြစ်နေသည်ကို မြင်နေရကြောင့် ဤမျှမိုက်မဲ ငတုံးအငကို
ဉာဏ်အလင်းပွင့်လာစေရန် မျှော်လင့်ကာ သူ့ကို အရှည်ကြီး ရှင်းပြလိုက်သည်။
ဤအခြေခံမူများအားလုံးကို
သူ့၏မွေးစားဖခင်ထံမှ သင်ယူခဲ့ရပြီး ပညာရှိသောသူက ဘေးအန္တရာယ်မဖြစ်မီ မျိုးစေ့ကို
အရင် ဖြတ်ထားနိုင်ရမည် ဖြစ်သည်။
မနေ့တုန်းကတော့
ဒီဒုက္ခသည်တွေကို သူတို့က အသေးအဖွဲတွေ မဟုတ်ဘူးဆိုတာကို ပြသတဲ့အနေနဲ့ သူတို့ရဲ့အင်အားကို
ပြခဲ့တယ်။ ဒီနေ့ သူတို့တွေ ဓားပြတွေ ဖြစ်မလာအောင် ကိုယ့်ကိုယ်ကိုယ်
အားကိုးတတ်ဖို့ သင်ပေးခဲ့တယ်။ ဒါကို ကရုဏာနဲ့ အင်အားကို တလှည့်စီထုတ်သုံးခြင်းလို့
ခေါ်တယ်။
"ရွှေရှန့်၊ မင်း ပြောင်းလဲသွားပြီဆိုတာကို ငါ နားလည်သွားပြီ။ မင်းက ပိုပြီး အကြံတွေများ လာပြီ"
✍️✍️✍️