အပိုင်း ၁၆
Viewers 96

လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ် 


အပိုင်း ၁၆



  

 


ကျွမ်းရိယွင်က အဲ့ဒီအကြောင်းကို အများကြီး စဉ်းစားလိုက်သည်။ စားသောက်လို့ပြီးတော့ နောက်ဆုံးမှာ သူဘာလုပ်နိုင်လဲဆိုတာကို စဉ်းစားမိသွားပြီး သူ့ကိုမေးလိုက်သည်။ “ မင်းဘယ်‌မေဂျာကို အဓိကယူထားတာလဲ? ဘွဲ့ကြိုစာတမ်းအတွက် အကူအညီလိုသေးလား?” 

 


“ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှု” 

 


ကျွမ်းရိယွင် - …. ဒါက သူကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်ဘူး။ 

 


ထပ်ပြီး တိတ်ဆိတ်သွားပြန်သည်။ အခုတော့ ကျွမ်းရိယွင်မှာ တကယ်ကို အားနည်းနေပြီ။ သူ့ရဲ့အပြုအမူက ချော့နေတယ်ဆိုတာကို သူသဘောမပေါက်သေးခင်မှာ နောက်ထပ် မေးခွန်းထွက်လာသည်။



 “CET-4 ဒါမှမဟုတ် CET-6 စာမေးပွဲရော ဖြေပြီးပြီလား? အင်္ဂလိပ်စာအတွက် ပြင်ဆင်ဖို့ အကူအညီလိုလား?” 

 


“ဖြေပြီးသွားပြီ!” ရန်ရန်မှာ ရယ်ချင်နေပေမယ့် ထိန်းထားလိုက်သည်။ ဒါက Ph.D တစ်ယောက်ရဲ့ ပုံစံလား?



“IELTSနဲ့ TOEFLကိုလည်း ထည့်သွင်းစဉ်းစားလို့ရတယ်…..” 

 


ကျွမ်းရိယွင်က အသံကိုတိုးလိုက်ပြီး ရန်ရန်က ဆက်ပြီး ငြင်းတော့မယ်လို့ တွေးနေတုန်းမှာ အပေါ်မှာ အဖြူရောင် ပေါက်စီတစ်လုံးနဲ့ အဖြူရောင်ဆန်ပြုတ်ပန်းကန်က သူ့ဘေးမှာပေါ်လာသည်။ 

 


“ကောကော ဆန်ပြုတ်ကြီးဘဲ မသောက်နဲ့လေ” 

 


“ကောကော” ဆိုတဲ့ စကားလုံးကို ကြားလိုက်ရတော့ ကျွမ်းရိယွင်က ခပ်ဖျော့ဖျော့လေး ပြုံးလိုက်သည်။ အဲ့ဒီအခိုက်အတန့်မှာ သူ့ခံစားချက်တွေကို ဖော်ပြဖို့ခက်သည်။ နေက ပြတင်းပေါက် အပြင်ဘက်ကနေ တောက်ပလာသလိုမျိုး ပြန်လည် လန်းဆန်းလာသည်။ 

 


“ကောကောတကယ် စိတ်မကောင်းဖြစ်ရင် ပြန်လာပြီး ဒီမှာနေပါလား? ကျွန်တော်က အသက်ဝင် တက်ကြွတဲ့ အိမ်မှာ ကြီးခဲ့တာဆိုတော့….. တကယ်ကို အသားမကျဘူး” 

 


နွေးထွေးပြီး အသက်ဝင်နေတဲ့ သူတို့အိမ်က လေထုကို ကျွမ်းရိယွင် စဉ်းစားလိုက်သည်။ သူ့မိဘတွေက သူ့ကိုလည်း တန်းတူရည်တူ ဆက်ဆံကာ ဂရုစိုက်ကြသည်။



 သူအိမ်မှာမနေတဲ့အခါ ယောက်ျားလေး အဆောင်မှာ နေတာဖြစ်မည်…. သူ့ရဲ့ ဘွဲ့ကြိုနှစ်တွေကို သတိရသွားသည်၊ ရန်ရန်ရဲ့ အဆောင်ခန်းကလည်း အရမ်းကို အသက်ဝင်နေလိမ့်မည်။ 



အတိုချုပ်ရရင် သူ့ရဲ့အိမ်နဲ့ မတူလောက်ပေ။ သေချာ‌ပေါက်ကို ဒီလိုမျိုး အေးစက်မှုတွေနဲ့ သူအသားကျလောက်မှာ မဟုတ်ဘူး။ 


 

အသားမကျဖြစ်နေမှန်း သိလိုက်ရတော့ ရန်ရန်က သူ့ကို အိမ်ပြန်လာလို့ရမလားလို့ မေးလိုက်သည်။ သူ့ရဲ့ ပထမဆုံးတောင်းဆိုချက်ဖြစ်ပေမယ့် သူဘယ်လိုမှ စိတ်မတိုနိုင်ဘူး။ 

 


ဒါကို ပြောပြီးတဲ့နောက်မှာ ရန်ရန်က အရင်တုန်းက ရန်ရန်အဖြစ် ပြောင်းသွားပုံပေါ်သည်။ ဒါကို တောင်းဆိုဖို့ သူကအရမ်း အားထုတ်ထားရတာ ဖြစ်ကောင်းဖြစ်နိုင်တဲ့အတွက် စိုးရိမ်တကြီးနဲ့ကြည့်လိုက်သည်။ 

 


“ကောင်းပါပြီ၊ ကိုယ်အကောင်းဆုံး ကြိုးစားပါ့မယ်” ကျွမ်းရိယွင်က သဘောတူလိုက်ပြီး အရင်က ရန်ရန်နဲ့ အကွာအဝေးတစ်ခု ထိန်းထားဖို့ သူ့ရဲ့ အတွေးတွေ အားလုံးကိုလည်း မေ့ပျောက်သွားသည်။ 

 


နှစ်ယောက်သားက သဘောတူညီချက်တွေ ရသွားတော့ ကျွမ်းရိယွင်က သက်တောင့်သက်သာရှိသွားကာ ရန်ရန်လည်းဘဲ ပိုပြီးတော့ ကျေနပ်သွားပြီး ဒီလူကို ကိုင်တွယ်ရတာ တကယ်လွယ်တာဘဲလို့ ခံစားလိုက်ရသည်။ ဆံပင်တုသာမရှိနေရင် အခုလောက်ဆို သူ့မှာအမြီးတပ်ပြီး ကောင်းကင်ဆီ ပျံတက်သွားလောက်မည်။ 

 


သူတို့တစ်ယောက်နဲ့တစ်ယောက် သိကြတဲ့ လပိုင်းလေးအတွင်းမှာ ဘယ်တုန်းကမှ ရင်းနှီးပြီး သဟဇာတမဖြစ်ဖူးပါချေ။ ရန်ရန်က သူ့အမေ သူ့ကို ပြုစုစောင့်ရှောက်ခဲ့ဖူးတာတွေ အားလုံးကို ယူပြီး နေမကောင်းတဲ့ ကျွမ်းရိယွင်ကို ကောင်းကောင်းဂရုစိုက်ခဲ့သည်။ 

 


ရန်ရန်က ချက်ပြုတ်ရာမှာ တော်ပြီး အထူးသဖြင့် သူ့မိဘတွေက လွန်ခဲ့တဲ့ နှစ်တွေကတည်းက မိသားစုလိုက် ခရီးထွက်တာကို ရပ်လိုက်ကာ အဲ့ဒီအစား စုံတွဲလိုက်ဘဲ ခရီးထွက်တော့တာကြောင့် ဖြစ်သည်။ အိမ်မှာ ကျန်နေခဲ့တဲ့ ရန်ရန်က မှာစားရတာကို ငြီးငွေ့လာပြီး ချက်ပြုတ်ဖို့ စပြီး စဉ်းစားလိုက်သည်။ 



သူ့မှာ အရည်အချင်းရှိပြီး အတတ်မြန်တဲ့အတွက် သူ့ရဲ့ကိုယ်တွင်းအင်္ဂါငါးခုကို ပြုစုစောင့်ရှောက်ရင်း ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်လိုက်သည်။ နှစ်တွေကြာလာတဲ့အခါ သူက အထူးတလည်ဟင်းပွဲတွေကို ပြုလုပ်စုဆောင်းနိုင်ခဲ့သည်။ 

 


ကျွမ်းရိယွင်မှာ သူမနေ့ကစားခဲ့တဲ့ အေးနေတဲ့ ဟင်းလျာတွေကြောင့် အံ့ဩနေပြီး ဒီနေ့ရဲ့ ရိုးရှင်းတဲ့ ဆန်ပြုတ်တောင်မှ ထူးထူးခြားခြား မွှေးပျံ့နေသည်။ နေ့လည်ဘက် နောက်ထပ် တစ်ရေးအိပ်ပြီး နိုးလာတဲ့အခါ ပူပူနွေးနွေး ဟင်းအနံ့တွေက သူ့ကို ဗိုက်ဆာလာစေသည်။   

 


သူအိပ်ယာကနေထလိုက်ပြီး ဧည့်ခန်းထဲ သွားလိုက်တော့ apron ဝတ်ရင်း ချက်ပြုတ်နေတဲ့ ရန်ရန်ကို တွေ့လိုက်ရသည်။ ကျောကဖြောင့်တန်းနေပြီး လိပ်ပြာတောင်ပံရိုးတွေက အချိုးအစားကျလှသည်။



 ခါးမှာ တင်းတင်းချည်ထားတဲ့ apron နဲ့အတူ အိမ်နေရင်းဘောင်းဘီရှည်ဝတ်ထားတဲ့ သူ့ရဲ့ခြေတံရှည်တွေက သူ့ရဲ့ သွယ်လျတဲ့ခါးနဲ့ တင်ပါးက အကောက်အကွေ့တွေကို အသားပေး ဖော်ပြနေသည်။ ဆားဘူးကို လှမ်းယူလိုက်တဲ့အခါ  နှင်းလိုဖြူစွတ်နေတဲ့ ခါးလေးက ပေါ်လာပြီး အကွေ့အကောက်လေးက အရမ်းကို လှပလှသည်။ 

 


ကျွမ်းရိယွင်မှာ တစ်ခဏလောက် မင်သက်သွားသည်။ ဒီလိုမြင်ကွင်းမျိုး အရင်တုန်းက သူတစ်ခါမှ မမြင်ခဲ့ဖူးပါချေ။ သူ့အိမ်မှာ ငယ်ရွယ်တဲ့ကောင်လေးတစ်ယောက်က apron ဝတ်ရင်း သူ့အတွက် ချက်ပြုတ်ပေးနေတာ အရမ်း….. နှစ်လိုဖွယ်ရာကောင်းလှသည်။ သူက ရန်ရန်ရဲ့ ခါးကို ကြည့်မိနေမှန်း သဘောပေါက်သွားပြီး ချက်ချင်း အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ 

 


ရန်ရန်မှာ သူ့အနောက်က ခြေသံတွေကို ကြားနေရပေမယ့် လှည့်မကြည့်လိုက်ပေ။ သူက အထူးတလည်ဝယ်ထားတဲ့ ထင်းခနဲမြင်သာတဲ့ စိမ်းပြာရောင်နဲ့ နူးညံ့တဲ့ ကာကီရောင် ဖျော့ဖျော့ကို ဝတ်ထားသည်။



 ရင်ကွဲသိုးမွှေးအင်္ကျီရဲ့ လည်အဟိုက်က မြင့်လည်းမမြင့်သလို နိမ့်လည်း မနိမ့်ဘဲ ညှပ်ရိုးတစ်ဝက်လောက်ကို ပေါ်နေစေပြီး ရင်ဘက်ကိုလည်း အနည်းငယ်မျှသာ ပေါ်နေစေသည်။ ဘောင်းဘီရှည်ရဲ့ အထည်သားက ခြေထောက်တွေမှာ ပုံကျနေကာ နူးညံ့ပြီး တက်ကြွမှုကို ပေါ်လွင်စေသည်။



 apronကိုလည်း ဝတ်ထားသေးကာ အနောက်ဘက်ကမြင်ရတဲ့ ပိန်ပါးတဲ့ခါးလေးက ဆန့်ထုတ်လိုက်တဲ့အခါ သိသိသာသာကို ထင်ရှားလာသည်။ အရှေ့ဘက်မှာတော့….. apron ကို ချည်ထားတဲ့ အနက်ရောင်ကြိုးနှစ်ချောင်းက ညှပ်ရိုးတွေပေါ်တွင်ရှိနေသည်။



သူက ဒါကို ကျွမ်းရိယွင်မြင်ဖို့ အထူးတလည်ဝတ်ထားတာဖြစ်သည်။ အစားအသောက်တွေ အသင့်ဖြစ်ပြီးလို့မှ သူ မနိုးလာသေးရင်  သူက apronဝတ်ပြီးသူ့ကို သွားနှိုးမှာ ဖြစ်သည်။ ကံကောင်းစွာနဲ့ဘဲ သူ့ဘာသာသူ နိုးလာခဲ့သည်။ အနောက်ကို ကြည့်လိုက်ပြီး ရန်ရန်က နှုတ်ခမ်းထောင့်တွေကို မြှင့်လိုက်သည်။ 

 


ခြေလှမ်းတွေက နီးကပ်လာတော့ ရန်ရန်က အသံကို ကြားတဲ့အခါ လှည့်ကြည့်လိုက်ပြီး အပြုံးကြီးကြီးပြုံးပြကာ ပြောလိုက်သည်။ “ကောကော နိုးလာပြီဘဲ။ အစားအသောက်တွေ အဆင်သင့်ဖြစ်တော့မယ်” 

 


ပြောလို့ပြီးတော့ ရန်ရန်က လှည့်လိုက်ပြီး ဟင်းကို ပန်းကန်ထဲ သပ်သပ်ရပ်ရပ် ထည့်လိုက်သည်။ 

 


“ကောကော ရေညှိစားလား? တွဲစားဖို့ ရေညှိနဲ့ ကြက်ဥပြုတ်ဟင်းရည်လုပ်မလို့” 

 


“စားတယ်” 


 

“ဟုတ်ကဲ့” ရန်ရန်က ပြန်တုံ့ပြန်လိုက်ပြီး ရေညှိကို လိုက်ရှာလိုက်သည်။ “ငါရေညှိကို မထုတ်လိုက်ရဘူးလား?” 

 


သူက သူ့ဘာသာသူ‌ပြောနေရင်း ဗီရိုအမြင့်ကို လှမ်းဖွင့်လိုက်ပေမယ့် မမှီပေ။ သူက ရည်ရွယ်ချက်ရှိရှိ ရေညှိဘူးကို အမြင့်ဆုံးနဲ့ အတွင်းဘက်အကျဆုံး နေရာမှာ တမင်ထားထားတာဖြစ်သည်။



 ခြေဖျားထောက်ထားတာတောင် မမှီတာကိုမြင်တော့ သူ့အတွက် ရေညှိကို ကူယူပေးဖို့ ကျွမ်းရိယွင်က အရှေ့တိုးလာပြီး လက်လှမ်းလိုက်သည်။  

 


သူတို့နှစ်ယောက်ကြား အကွာအဝေးက အရမ်းကို နီးကပ်သွားသည်။ ကျွမ်းရိယွင်ရဲ့ ရင်ဘက်က သူ့ရဲ့နောက်ကျောနဲ့ ထိလုနီးပါးထိနေကာ သူတို့ရဲ့ ခန္ဓာကိုယ် အပူချိန်တွေက ချက်ချင်း ရောထွေးသွားပြီး ရန်ရန်ရဲ့ ကိုယ်နဲ့ ဆံပင်က အနံ့က သူ့နှာခေါင်းထဲ ပြည့်နှက်သွားသည်။ 



 ရန်ရန်က စမ်းတဝါးဝါးနဲ့ လိုက်စမ်းနေတော့ သူတို့ရဲ့လက်အချင်းချင်း ထိမိသွားကြသည်။ ကောင်လေးက ထိတ်လန့်သွားကာ လက်ကို ရုတ်လိုက်ပြီး လှည့်လိုက်တော့ ကျွမ်းရိယွင်ရဲ့ ရင်ခွင်ထဲ ရောက်သွားသည်။ 

 


အခုတော့ လူနှစ်ယောက်ရဲ့ အပူချိန်က လုံးဝရောထွေးသွားကာ နှစ်ယောက်လုံး နေရာမှာဘဲ အေးခဲသွားကြသည်။ ကျွမ်းရိယွင်မှာ ဒီလိုမျိုး တစ်ယောက်ယောက်နဲ့ တစ်ခါမှ နီးနီးကပ်ကပ် မဆက်ဆံဖူးပါချေ။ 



ရန်ရန်မှာလည်း ဒီအခိုက်အတန့်က ဒီလောက်တောင်သက်ရောက်မှုအရမ်း ကောင်းလိမ့်မယ်မှန်း မမျှော်လင့်ထားပါချေ။ သူ့လက်ကို ရုတ်လိုက်တဲ့အချိန် ကျွမ်းရိယွင်ရဲ့ ရင်ဘက်ကို တမင်ရော အမှတ်မထင်ရော ထိလိုက်မိသည်။ 



အင်္ကျီကို ဖြတ်ပြီး သူ့ရဲ့ကြွက်သားတွေကို ထိရတာက အရင်အခေါက်က အမျိုးသား အကသမားကို တိုက်ရိုက်ထိရတာထက် ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းသည်။ 

 


 ဒီလူက လျှပ်စစ်နဲ့တူကာ နည်းနည်းလေး ထိမိလိုက်တာနဲ့ သူ့လက်ထိပ်လေးတွေပါ ထုံကျင်သွားရသည်။ သူတို့နှစ်ယောက်ကြားက အကွာအဝေးနဲ့ဆိုရင် သူ့ခေါင်းကို မော့လိုက်တာနဲ့ သူ့ကိုနမ်းလို့ရပေမယ့် သူ မထိန်းနိုင်ဘဲ သူ့ကိုနမ်းမိမှာ စိုးတဲ့အတွက် မတတ်နိုင်ဘဲ ခေါင်းငုံ့လိုက်ရသည်။ 

 


ရန်ရန်ရဲ့ နှလုံးခုန်သံက နည်းနည်းမြန်နေပြီး သူ့ရဲ့နားရွက်ထိပ်တွေကလည်း တဆတ်ဆတ် တုန်နေသည်။ ကျွမ်းရိယွင်ရဲ့ အနံ့ကို နမ်းကြည့်လိုက်တော့ အရင်ကလို ပိုးသတ်ဆေးနံ့‌ဖျော့‌ဖျော့ မဟုတ်ပေ။ 



ပထမဆုံး သူဒီတစ်လောသုံးနေတဲ့ မွှေးကြိုင်တဲ့ လက်ဖက်ဖြူရနံ့ဖြစ်ပြီး နောက်တော့ ကျွမ်းရိယွင်ရဲ့ ရေချိုးဆပ်ပြာရည် အနံ့ဖြစ်တဲ့ လက်ဆတ်တဲ့ သံပုရာရနံ့ဖြစ်သည်။ ဒီရောနှောနေတဲ့ အနံ့က အခုလေးတင် သူတို့ ဘာဖြစ်ခဲ့လဲဆိုတာ ပြနေသည်….. 

 


“အဟမ်း ကိုယ်မင်းကို လန့်အောင်လုပ်မိသွားတယ်၊ ဆောရီး” သူ့လက်တွေက နောက်တွန့်သွားပြီး ခေါင်းငုံသွားတာကို မြင်တော့ ကျွမ်းရိယွင်က ချက်ချင်း နောက်ဆုတ်လိုက်ပြီး သူယူထားတဲ့ ရေညှိဘူးကို ရန်ရန်ဘေးက ဇလုံထဲ ထည့်လိုက်သည်။ 

 


ရန်ရန်က ခေါင်း‌ဖျော့ဖျော့ခါလိုက်ပြီး နောက်ဆုံးတော့ သူ့ကို မော့ကြည့်လိုက်သည်။ ခြေလှမ်းအကွာအဝေးကြာမှာ နှစ်ယောက်သား အကြည့်ချင်းဆုံသွားပြီး ကျွမ်းရိယွင်၏ မျက်လုံးထဲ သူ့ရဲ့ ထိတ်လန့်ပြီး ရှက်ရွံ့နေတဲ့ မျက်လုံးတွေနဲ့ ဇွန်လက မက်မွန်သီးလိုမျိုး ပါးပြင်တွေနဲ့ ပြည့်နှက်သွားသည်။ 

 


ရန်ရန်က အမြန်အကြည့်လွှဲလိုက်ပြီး ဆက်လက် ချက်ပြုတ်တော့သည်။ သူ့ရဲ့ ဆန္ဒပြင်းပြနေတဲ့ အကြည့်တွေကို ဖုံးဖို့ ခက်ခက်ခဲခဲ ကြိုးစားလိုက်ရသည်။ 



အခုလေးတင် သူအရမ်းစိတ်သက်သာသွားတာကို မြင်တဲ့အခါ ကျွမ်းရိယွင်က တစ်ခဏလောက် ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။ သူ့လက်ရဲ့ လှုပ်ရှားမှုတွေက သူ့ခံစားချက်များကို တည်ငြိမ်အောင် ကူညီပေးပြီး သူ့လက်ထဲက ဟင်းချက်နည်းက တဖန်အနုပညာတစ်ခု ဖြစ်လာသည်။ 

 


အရင်ဆုံးသူက အိုးကို အပူပေးလိုက်ပြီး ရေညှိထည့်လိုက်ကာ ရေမထည့်သေးဘဲ အနံ့ထွက်လာတဲ့အထိ ထားလိုက်ပြီး နောက်တော့ ထုတ်လိုက်ကာ အပိုင်းပိုင်းအစစဖြစ်အောင် ချေလိုက်ပြီး ကြက်သွန်နီလှီးထားတဲ့ ပန်းကန်လုံးထဲ ထည့်လိုက်သည်။ 



နောက်တော့ ကြက်ဥတွေ ဟင်းရည်ထဲ ပြည့်ကျဲသွား‌အောင်ထည့်လိုက်ပြီး ဟင်းရည်ပူက တပွက်ပွက်ဆူလာသည်။ ဟင်းရည်ကို ပန်းကန်လုံးထဲ ထည့်လိုက်တဲ့အခါမှာတော့ အရသာရှိတဲ့ ရေညှိကြက်ဥပြုတ်ဟင်းရည် ရလာသည်။ 


 

ရန်ရန် ချက်ပြုတ်နေတဲ့ နည်းလမ်းက ကျွမ်းရိယွင်ရဲ့ အကြည့်တွေကို မသလိုက်ဘာသာနဲ့ ဆွဲဆောင်သွားသည်။ သူရန်ရန်နဲ့ ဆုံတဲ့အခါတိုင်း ရန်ရန့်ဆီတွင် သူအရင်တုန်းက နားမလည်ခဲ့ မခံစားခဲ့ဖူးတဲ့ မမျှော်လင့်ထားတဲ့ အရာတွေကို သူမြင်နေရတယ်လို့ ရုတ်တရက် သိလိုက်ရသည်။



နှစ်ယောက်သားက ထမင်းနဲ့ ဟင်းတွေကို အတူတကွ ပြင်လိုက်သည်။ အရသာရှိပြီး ပူပူနွေးနွေး အစားအသောက်တွေကို စားလို့ပြီးတော့ ကျွမ်းရိယွင်မှာ သူ့ရဲ့အဖျားတွေက လုံးဝပျောက်ကင်းသွားပြီလို့ ခံစားလိုက်ရသည်။ 



စားသောက်လို့ပြီးတော့ ရန်ရန်က သစ်သီးတွေကိုပြင်ကာ ရေဆေးပြီး ပန်းကန်ထဲ ထည့်လိုက်သည်။ သစ်သီးတွေက အမျိုးမျိုးသောအရောင်တွေနဲ့ လက်ဖက်ညီနေပေမယ့် ပန်းသီးတွေတော့ မရှိပါချေ။  

 


မနေ့က ပန်းသီးတွေကို ကျွမ်းရိယွင် ထပ်‌တွေးမိလိုက်သည်။ 


 

“ပန်းသီးတွေ…. မနေ့တုန်းက ပန်းသီးတွေကို ကိုယ်မစားလိုက်ရဘူး” 

 


“ခရစ်စမတ်ပန်းသီးတွေက အရမ်းဈေးကြီးလို့ ကျွန်တော် နှစ်လုံးဘဲ ဝယ်ခဲ့တာ။ ကောကော စားချင်ရင် သွားဝယ်ပေးမယ် ခဏစောင့်လေ” 



သေချာပေါက်ကို ရန်ရန်က ပန်းသီးတွေအတွက် မဝယ်နိုင်တာမှ မဟုတ်ဘဲ သူဂရုတစိုက် ထွင်းထားတဲ့ ခရစ်စမတ်ပန်းသီးလေးတွေကို ကျွမ်းရိယွင် စိတ်ထဲမှာ အမှတ်ရ‌သွားစေချင်တာ။ မထင်ထားတဲ့ တစ်ခုခုသာ ဖြစ်လာရင် ဒီနေ့မပြောနဲ့ နောက်လမှာတောင် သူပန်းသီးစားနိုင်မှာ မဟုတ်ဘူး။

 


သူပြောတာကို ကြားတော့ ကျွမ်းရိယွင်က အခြားတစ်ခု တွေးလိုက်သည်။ ရန်ရန်က သူပေးထားတဲ့ ကတ်ကို တစ်ခါဘဲ သုံးထားပြီး အဲ့ဒါကလည်း သူ့အတွက် ဆိုဖာဝယ်တာပင်။ 



အခုလေးတင် ဗီရိုနဲ့ ရေခဲသေတ္တာထဲမှာ အရင်တုန်းက သူ့မှာ မရှိခဲ့တဲ့ ပစ္စည်းတွေ ပြည့်နေတာမြင်ခဲ့ရပြီး ရန်ရန်က သူ့ကိုယ်ပိုင် ပိုက်ဆံနဲ့ အဲ့ဒါတွေဝယ်ခဲ့တာပင်။ 

 


ရှင်းရှင်းပြောရရင် မနေ့ကနေ ဒီနေ့အထိ သူစားသောက်သမျှတွေက ရန်ရန် ဝယ်ထားတာတွေပေါ့။ 

 


ဒါဆို သူ ကတ်ပေးထားတာ ဘာအတွက်လဲ။ တကယ်တော့ သူက တက္ကသိုလ် ကျောင်းသားလေးရဲ့ အစားအသောက်တွေကို စားနေတာဘဲ!