Chapter 57
Viewers 5k

အခန်း ၅၇ အကြံဉာဏ်တောင်းခြင်

 သူမကို ရှန်ယုလန် လာရှာရသည့် အကြောင်းရင်းက အလောင်းခွဲစိတ်မှုနှင့် ဆက်စပ်နေပုံရသည်ဟု  ကျွော့ချင်းက သူမစိတ်ထဲမှ မှန်းဆနေခဲ့သည်။

 အဲဒီနေ့က တွေ့ခဲ့ရတဲ့ သူ့ရဲ့စိတ်အားထက်သန်မှုနဲ့ဆိုရင် အလောင်းတွေကို ခွဲစိပ်ဖို့ ဇွဲရှိရှိနဲ့ သူမဆီ သေချာပေါက် ရောက်လာမယ်ဆိုတာ သူမ သိပေမယ့် ဒီလောက်မြန်မြန်ရောက်လာမယ်လို့တော့ သူမ မမျှော်လင့်ထားခဲ့ပါဘူး။

  ကျွော့ချင်းက အိမ်ရှေ့ခန်းမဆီသို့ ဖြည်းညှင်းစွာ လျှောက်လာနေချိန်တွင် မနီးမဝေးတွင် အပြာနုရောင်ပုံရိပ်တစ်ခုက ပြေပြစ်စွာ လျှောက်လှမ်းနေခဲ့သည်။ ပန်းရိပ်ကျောက်တုံးများက ဧည့်သည်များ၏ မျက်နှာကို ရံဖန်ရံခါ ပိတ်ဆို့ထားနိုင်သော်လည်း ကျွော့ချင်းက အရပ်ရှည်သောလူ၏ အသွင်အပြင်နှင့် စိတ်နေစိတ်ထားကို ကြည့်ကာ ထိုလူက မည်သူဖြစ်ကြောင်း ရိပ်မိနေပြီ ဖြစ်သည်။ သူမက အသံတိုးတိုးဖြင့် လှမ်းခေါ်လိုက်သည်။

"လို့ရှီးယန်"

    ခဏအကြာတွင် လို့ရှီးယန်က သူ့၏ပေါ့ပါးသော အပြုံးကို မြှင့်တင်ကာ သူမဆီသို့ လျှောက်လာခဲ့သည်။

  "ရှင် ဘာလို့ အိမ်မှာရှိနေတာလဲ?"

 ဒီရက်တွေမှာ သူက စောစောထွက်သွားပြီး နောက်ကျမှ ပြန်လာနေကျ မဟုတ်ဘူးလား??

  လို့ရှီးယန်က ထိုမေးခွန်းကို ဖြေရန် ရည်ရွယ်ပုံမရဘဲ ပေါ့ပေါ့တန်တန် ချောင်းဟန့်လိုက်ပြီး "လင်အာ၊ တစ်ချိန်လုံး ကိုယ့်ကို နာမည်တပ်ခေါ်နေတာ မသင့်တော်ဘူးလို့ မထင်ဘူးလား?"

  ဘာမှားနေလို့လဲ? သူမကတော့ သာမာန်ပဲလို့ ထင်တာပဲ။ 

သို့သော် သူ့၏လေးနက်ဟန်ဆောင်ထားသည့် အသွင်အပြင်နှင့် သူ့၏"လင်အာ"ဆိုသည့် အသံကို ကြားလိုက်ရချိန်တွင် ကျွော့ချင်းက အပြန်ပြန် အလှန်လှန် ဆက်ဆံလိုက်သည်က ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်တော့သည်။

 ကျွော့ချင်းက ခဏလောက် စဉ်းစားဟန်ဆောင်နေပြီးမှ "ဒါဆို ကျွန်မ ရှင့်ကို ဝန်ကြီးချုပ်လို့ လို့ ခေါ်ရမလား?"

  "ယဉ်ကျေးလွန်းတယ်"

  "လို့သခင်လေး?"

  "တစိမ်းဆန်လွန်းတယ်"

  "ရှီးရှီး?"

ငါက အဲ့နာမည်ကို တကယ် ကြိုက်တာပါနော်...

  "..."

  လို့ရှီးယန်က သူ့၏ပြေပြစ်သောအပြုံးကို ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်သော်လည်း သူ့၏ပါးစပ်ထောင့်များက သိသိသာသာ လှုပ်ယမ်းသွားခဲ့သည်။

  "ယန်အာ?"

 သူက "အာ" ဆိုတဲ့  အဲ့စကားလုံးနဲ့ အခြားသူတွေကို  ထည့်ခေါ်ရတာကို ကြိုက်တယ် မဟုတ်ဘူးလား?

  "..."

  လို့ရှီးယန်က တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

ဒီအလိုက်မသိပဲ တွန့်တိုတတ်တဲ့ ဒီမိန်းခလေးကတော့....

သူက သူမကလွဲလို့ တခြားသူတွေခေါ်တာကို ကြိုက်မယ်လို့ထင်နေတာလား??? အဆုံးသတ်က သူ သူမဆီကနေ လျစ်လျူရှုခံလိုက်ရပြီလား?!

 ကျွော့ချင်းက လို့ရှီးယန်ခေါင်းပေါ်ရှိ အနက်ရောင် မျဉ်းကြောင်းများကို မြင်လိုက်ရသောကြောင့် မရယ်ဘဲ မနေနိုင်တော့ဘဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ လို့ရှီးယန်ကတော့ စိတ်အနှောက်အယှက်တောင် မဖြစ်နိုင်တော့ဘဲ  သူ့ခေါင်းကို အနည်းငယ် ခါယမ်းကာ သူမ သူ့အမည်ကို ဟာသလုပ်နေခြင်းအား ကူကယ်ရာမဲ့ ခွင့်ပြုပေးလိုက်ရသည်။

ဒီလို ပေါ့ပါးတဲ့ ကြည်နူးမှုမျိုးက နွေရာသီရဲ့ အစောပိုင်းလေနုအေးတွေနဲ့တူပြီး သူ့နှလုံးသားရေကန်ကို လှိုင်းဂယက်တွေ ဖန်တီးပေးနေတာပါပဲ။

       ကျွော့ချင်းက သူမနှုတ်ခမ်းပေါ်မှ အပြုံးကို ဖိနှိပ်ထားရင်း သဘောထားကြီးစွာ ထပ်မေးလိုက်သည်။

"ရှီးယန်... ရှင် အပြင်သွားမလို့လား?"

တကယ်တော့ သူ သူမကို ဘယ်လို ခေါ်စေချင်လဲဆိုတာကို သူမ သိတာတော့ အမှန်ပါပဲ၊ အဲ့လို ခေါ်ဖို့က မခက်ပါဘူး၊ သူကလည်း ငြင်းမှာ မဟုတ်ပါဘူး။ အခုပဲ သူ အဲဒါကို တော်တော်ကျေနပ်သွားတာ အသိသာကြီးလေ။

  လို့ရှီးယန်က သူ့နာမည်ကို ကျွော့ချင်းက ထိုသို့ခေါ်မည်ဟု အစကတည်းက

မှန်းဆနိုင်ခဲ့သော်လည်း "ရှီးယန်" ဆိုသည့်  သူမ၏ကြည်လင်ပြတ်သားသောအသံကို သူ တကယ်ကြားလိုက်ရချိန်တွင် သူ့ရင်ထဲ၌ ဖော်မပြနိုင်သည့် ပျော်ရွှင်မှု ပြည့်နှက်သွားသလို ခံစားလိုက်ရသည်။ 

သူ သူ့နှလုံးသားကို မထိန်းနိုင်တော့မယ်ပုံပဲ။

  "ကိုယ် မနက်က နန်းတွင်းကို သွားပြီးပြီ၊ အခု တစ်ခုခု ယူဖို့ အိမ်ပြန်လာခဲ့တာ၊ ပြီးရင် အပြင် ပြန်ထွက်ရမယ်"

ထိုစကားကို ပြောပြီးနောက် လို့ရှီးယန်က ရုတ်တရက် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့လက်ချောင်းထိပ်လေးများက သူမ၏လည်ပင်းကို အမှတ်မထင် လာထိခဲ့သည်။ သူက သေသေချာချာ မထိလိုက်သော်လည်း သူမ၏လည်ပင်းတွင် အနည်းငယ် အေးစက်သည့် ထုံကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး ကျွော့ချင်းက အကြောင်းပြချက်မရှိ တောင့်တင်းသွားကာ ရှေ့သို့ အနည်းငယ် မတ်သွားခဲ့သည်။ ကျွော့ချင်းက ယခုအချိန်တွင် သူမ၏ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းက အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်နေသည်ကို ခံစားမိလိုက်သည်။ သူမ၏ ဆံပင်များက အနည်းငယ် လှုပ်သွားပြီး ထိုနူးညံ့သိမ်မွေ့သော မျက်လုံးများက သူမကို စိုက်ကြည့်နေလေသည်။ ကျွော့ချင်းက သူက သူမလည်ပင်းနောက်ဘက်မှ သူမ၏အဝတ်အစားများကို သပ်ရပ်အောင် ပြန်လုပ်ပေးနေမှန်း သိသော်လည်း ထိုချောမောလှပသောမျက်နှာနှင့် နီးကပ်သွားပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ နံ့သာဖြူရနံ့သင်းသင်းကို ရလိုက်ခြင်းက သူမ၏နှလုံးသားကို ထိန်းမနိုင်သိမ်းမရ ဖြစ်သွားစေခဲ့သည်။

  ခဏအကြာတွင် သူက သူမဆံပင်ထဲမှ ကြွေကျနေသော သစ်ရွက်တစ်ရွက်ကို ယူထုတ်လာခဲ့သည်။ ကျွော့ချင်းတစ်ယောက် ငိုချင်လာသော်လည်း ကျစရာမျက်ရည်ကတာ့ မရှိပြန်ပေ။

          အရင်က တစ်စုံတစ်ယောက်က အဲ့လိုအဖြစ်အပျက်တစ်ခုကြောင့် သူတို့ရဲ့ နှလုံးခုန်နှုန်းတွေ မြန်လာတယ်လို့  ပြောလာခဲ့ရင် သူမက အဲဒီလူကို အရူးလို့ ခေါ်မိမှာ သေချာတယ်။

အခုတော့... အခု ငါ ဘာတွေ ဖြစ်နေတာတုန်းဟ??!

  မိုးနတ်မင်းကြီးရေ၊ ငါက အသက်သုံးဆယ်နီးပါးရှိနေပြီဟ~~~~

သူ့အကြည့်တွေအောက်မှာ ငါ့ရဲ့မျက်နှာက သိသိသာသာ ပူလောင်လာခဲ့တာလား?

 ငါက လွန်ခဲ့တဲ့ ရှစ်နှစ် ဒါမှမဟုတ် ဆယ်နှစ်လောက်ကတည်းက ရန်ခုန်ဖို့ မေ့သွားတာကို မိုးနတ်မင်းကြီးက အသိဆုံးပါနော်!

  ခုတော့ ရင်ခုန်လွန်းလို့သေရမယ်ဆို ငါ သေလို့ ရနေပြီ... ဟုတ်ပြီလား???

ငါ့ကို သေခွင့်သာ ပေးလိုက်ပါတော့....

  ကျွော့ချင်း သူမကိုယ်သူမ ကြိမ်းမောင်းနေချိန်တွင် လို့ရှီးယန်၏ မျက်လုံးများထဲတွင် စိတ်ဝင်စားဖွယ်ကောင်းသော အပြုံးတစ်ခု တောက်ပလာသည်။

 သူမက ဘယ်လို အမူအရာမျိုးတွေ လုပ်နေတာလဲ??? သူမ မရှက်နေဘူးဆိုရင်တောင် အခုလို အရမ်းနာကျင်နေစရာ မလိုဘူးလေ ဟုတ်တယ်မလား???

  ကျွော့ချင်းက ရှက်ရွံ့ခြင်းနှင့်အတူ အားတင်းကာ ပြုံးလိုက်ပြီး "ဒါဆို ကျွန်မ ရှင့်ကို  မနှောင့်နှေးစေတော့ဘူး။ ရှန်ယုလန်က ကျွန်မဆီကနေ ဘာလိုချင်နေမှန်း မသိသေးဘူး၊ အဲ့ဒါကြောင့် ကျွန်မ သွားကြည့်လိုက်ဦးမယ်"

  တရားသူကြီးရှန်က သူမကို တွေ့ဖို့လာကြောင်း  သူ သိနေသည်က သဘာဝကျသည့်ကိစ္စသာ ဖြစ်သည်။ သူ့ခွင့်ပြုချက် မရှိလျှင် ရှန်ယုလန်က သူမကို လာတွေ့နိုင်မည် မဟုတ်ပေ။

သို့သော်လည်း လို့ရှီးယန်က အံ့သြဟန်ဆောင်လိုက်ပြီး "တရားသူကြီးရှန်က ဒီမှာ ရှိနေတာလား? ဒါဆို မင်း သွားတော့လေ"

  ကျွော့ချင်းက ခေါင်းညိတ်ပြပြီး အမြန်လှည့်ထွက်သွားခဲ့သည်။ လို့ရှီးယန်၏ အသံခပ်တိုးတိုးက ထပ်မံ ထွက်ပေါ်လာပြန်သည်။

"စကားမစပ်၊ ကိုယ် စာအုပ်ဆိုင်ကလူတွေကို ဆေးစာအုပ်တွေ ပို့ခိုင်းပြီး စာဖတ်ခန်းထဲမှာ ထည့်ခိုင်းထားတယ်။ မင်း စိတ်ဝင်စားရင် သွားကြည့်လို့ရတယ်"

   သူ သူမအတွက် ဝယ်ပေးခဲ့တာလား??? 

လို့ရှီးယန်ရဲ့နူးညံ့သိမ်မွေ့မှုက အမြဲတမ်း ပြီးပြည့်စုံလွန်းတယ်။

"ကျေးဇူးတင်ပါတယ်"

ကျွော့ချင်းက သူ့ကို ကမန်းကတန်း ကျေးဇူးတင်လိုက်ပြီး သူမ၏ခြေထောက်များကို  ပိုအရှိန်တင်လိုက်သည်။

  ထွက်ပြေးသွားသည်ဟု ယူဆနိုင်သည့်လူကို ကြည့်နေရင်း လို့ရှီးယန်၏ နှုတ်ခမ်းများက အနည်းငယ် ကြွတက်လာခဲ့သည်။

လင်အာ မင်းက ဘယ်ကို ပြေးနိုင်မယ်လို့ ထင်နေတာလဲ???!

  ဤထိပ်တိုက်ရင်ဆိုင်မှုတွင် ကျွော့ချင်းက လုံးဝရှုံးနိမ့်ခဲ့သည်။

  ကျွော့ချင်းက လို့ရှီးယန်၏မြင်ကွင်းမှ ဝေးရာကို ပြေးထွက်လာခဲ့ပြီး နောက်ဆုံးတွင် သူမ၏ခြေလှမ်းများက နှေးကွေးသွားကာ သူမ ဘာကြောင့် ပြေးလာမိသလဲဟု ပြန်တွေးလိုက်မိသည်။

အရမ်း ရှက်စရာကောင်းတယ် . . . . . 

ကျွော့ချင်းက အနည်းငယ် စိတ်ဓာတ်ကျနေသော သူမ၏စိတ်ကြောင့်  သတိမမူမိဘဲ အိမ်ရှေ့ခန်းသို့ ရောက်လာခဲ့သည်။ ရှန်ယုလန်က သူ့လက်ထဲမှ လက်ဖက်ရည်အေးကို အမြန်ပြန်ချကာ မတ်တပ်ထရပ်လိုက်ပြီး "ဒီကို လာလည်မိတဲ့အတွက် တောင်းပန်ပါတယ်၊ သခင်မ"

  သခင်မ? 

ကျွော့ချင်း စိတ်ဓာတ်ထပ်ကျသွားပြန်တော့သည်။ သူမက သူ့ကို ကြည့်ပြီး တိုက်ရိုက်သာ မေးလိုက်တော့သည်။

"ရှင်... ကျွန်မဆီကနေ ဘာလိုချင်တာလဲ?"

  ကျွော့ချင်းက ချက်ခြင်း မေးလိုက်သောကြောင့် ရှန်ယုလန်ကလည်း အများကြီး သွယ်ဝိုက်မနေတော့ပဲ "ဒီအရာရှိက လို့သခင်မဆီကနေ အကြံဥာဏ်တောင်းချင်ပါတယ်"

  "ပြော"

  သေဆုံးသူကို သေစေခဲ့တဲ့ ပြင်းထန်တဲ့ ဒဏ်ရာက လူသတ်လက်နက်က ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်ပြီး နှလုံးကို ဖောက်ဝင်ခဲ့တာကြောင့် သေဆုံးတဲ့အထိ ဖြစ်ခဲ့တာပါ၊ ကျွန်တော် မေးချင်တာက၊ သာမန်လူရဲ့ နှလုံးက အဲ့လူသေဆုံးပြီးတဲ့ နောက်မှာ ဘယ်လောက်ထိ ပြန်ကျုံသွားနိုင်လဲ၊ သေပြီးရင် ဘယ်လောက်ကြာမှ ပြန်ကျုံသွားတာလဲ ဆိုတာပါ။ ပြီးတော့ လူသတ်လက်နက်တွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ ဘယ်လိုအချက်တွေကို ထည့်သွင်းစဉ်းစားသင့်လဲ?”

  သူမ မျှော်လင့်ထားသည့်အတိုင်း အလောင်းခွဲစိတ်မှုနှင့် ပတ်သတ်နေသောကြောင့် လို့ရှီးယန်ကြောင့်  ဖရိုဖရဲဖြစ်သွားသော ကျွော့ချင်း၏နှလုံးသားက တဖြည်းဖြည်း ပြန်ငြိမ်သက်သွားခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် သူမက သူမကိုယ်တိုင် ထိန်းချုပ်နိုင်သည့် ဤအခြေအနေမျိုးကို နှစ်သက်သည်။

  ကျွော့ချင်းက "ပုံမှန်အားဖြင့်တော့ သာမာန်လူရဲ့ နှလုံးက အဲ့လူသေသွားပြီးရင် ကျုံ့သွားပေမယ့် သိသိသာသာတော့ မဟုတ်ဘူး။ ဒါပေမယ့် ထိုးဖောက်ဒဏ်ရာတွေကြောင့်တော့ နှလုံးရဲ့ကြွက်သားအလွှာ ကျုံ့သွားတက်တယ်၊ အဲ့လိုဖြစ်သွားရင် ဒဏ်ရာက လူသတ်လက်နက်ရဲ့ အသွားရာထက် ပိုသေးသွားလိမ့်တယ်။ လူသတ်လက်နက်နဲ့ နှိုင်းယှဉ်ကြည့်ချင်တယ်ဆိုရင်တော့ ဆယ့်နှစ်ရှီးချန်(၂၄နာရီ)အတွင်းမှာဆိုရင် အကောင်းဆုံးဖြစ်နိုင်တယ်၊ ဘာကြောင့်လဲဆိုတော့ သေပြီးရင် အင်္ဂါအစိတ်အပိုင်းတွေက ပုပ်ပွလာပြီး ရှင့်ရဲ့စီရင်ဆုံးဖြတ်မှုကို ထိခိုက်စေလိမ့်မယ်"

  ရှန်ယုလန်က ခေါင်းတညိတ်ညိတ်ဖြင့် ပြတ်ပြတ်သားသား ပြန်ဖြေလာခဲ့သည်။ "သေဆုံးသူက တခြားနေရာတွေမှာ ဓားဒဏ်ရာတွေ ရရှိခဲ့တာကို ကျွန်တော် နားလည်ပါတယ်၊ ဒါပေမယ့် စစ်ဆေးပြီးနောက်မှာတော့ သေဆုံးသူရဲ့ ရင်ဘတ်မှာ ရှိနေတဲ့ ဒဏ်ရာက တခြားနေရာတွေမှာ ရှိနေတဲ့ ဒဏ်ရာတွေနဲ့ အနည်းငယ် ကွာခြားနေတာကို တွေ့ခဲ့ရတယ်၊ လူသတ်မှုလက်နက်ကို အတည်ပြုနိုင်ဖို့ နှလုံးကြွက်သားနဲ့ ရင်ဘတ်ကြွက်သားတွေကို  နှိုင်းယှဉ်ကြည့်ရမယ်"

  "အင်း" ကျွော့ချင်းက "မှန်တယ်၊ နောက်ထပ်နှိုင်းယှဥ်ဖို့ နည်းလမ်းတစ်ခုက အဝတ်ပေါ်က ဒဏ်ရာတွေကို နှိုင်းယှဉ်ကြည့်နိုင်ရင် အကောင်းဆုံးပဲ။ အဝတ်အစားက လုံးဝ ကျုံ့မသွားဘူး"

 ရှန်ယုလန်က နှလုံးကြွက်သားကျုံသွားခြင်းနှင့်ပတ်သက်ပြီး သူ နားမလည်သောကြောင့် သူမကို နှိမ့်ချစွာ မေးလိုက်သည်။ "ကျွန်တော် မင်းကို နှုတ်နဲ့ပြောပြရင် မင်း ကောက်ချက်ချပေးလို့ရမလား?"

  ကျွော့ချင်းက ခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်ပြီး "ရှင့်ပါးစပ်က အစီရင်ခံတဲ့ အခြေအနေပေါ်မှာပဲ မူတည်ပြီး ကျွန်မအမြင်ကို ကျွန်မ ပေးနိုင်လိမ့်တယ်။ အတိကျဆုံး ကောက်ချက်ချနိုင်ဖို့ကတော့ အလောင်းကို မြင်ရမှပဲ ဖြစ်နိုင်လိမ့်မယ်"

  သို့သော် သူမက ယခုအိမ်မှ ထွက်ခွာ၍ မရသောကြောင့် လူကိုယ်တိုင် ခွဲစိတ်စစ်ဆေးရန် မဖြစ်နိုင်တော့ပေ။ ထိုအကြောင်းကို စဉ်းစားပြီးနောက် ကျွော့ချင်းက "ရှင့်မှာ လူသတ်လက်နက်ပုံရှိလား"

       ရှန်ယုလန် သေသေချာချာ နှိုင်းယှဥ်ကြည့်နေပုံအရတော့ လူသတ်လက်နက်က အထူးအဆန်းဖြစ်နေနိုင်တယ်။

ရှန်ယုလန်က သူ့အင်္ကျီလက်ဝကျယ်ထဲမှ လက်ကိုင်ပုဝါဖြင့် ထုပ်ထားသော တစ်စုံတစ်ခုကို ထုတ်ယူလိုက်ပြီး ကျွော့ချင်းကို လှမ်းပေးလိုက်သည်။

  သူက သူမကို တကယ်ယုံကြည်ပြီး လူသတ်မှုလက်နက်ကိုတောင် အမှန်တကယ် ယူဆောင်လာခဲ့တယ်ပေါ့လေ။

ကျွော့ချင်း လက်ကိုင်ပဝါကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် ငွေရောင်တောက်နေသော ဓားပျံတစ်လက်ရှိနေပြီး ဓားက ပါးလွှာပြီး ပေါ့ပါးပုံရကာ အသွားနှစ်ဖက်က ထက်မြနေပြီး သစ်ရွက်နှင့် ဆင်တူနေသည်။ 

ဒီဓားပျံက . . . သူမနဲ့ အရမ်းရင်းနှီးနေပုံရတယ် . . . . 

ကျွော့ချင်း၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး သူမက "ဒီလက်နက်က သံသယရှိသူရဲ့ ပစ္စည်းလား?"

  ရှန်ယုလန်ကလည်း သူမ၏အမူအရာနှင့် အသုံးအနှုန်းက မှားယွင်းနေကြောင်းကို မြင်လိုက်သော်လည်း သူက "ဟုတ်တယ်" ဟု ပြန်ဖြေလိုက်သေးသည်။

  "အဲဒီလူရဲ့ နာမည်က ချမ်ကျင်းလား?"

ဓားပျံက ထူးခြားပေမယ့် ကမ္ဘာကြီးက သူမအတွက် မလိုအပ်လောက်အောင် ကျဥ်းလွန်းလှတယ်။ 

ကျွော့ချင်းက ထိုလူအတွက် ကံကောင်းစေရန် ဆုတောင်းပေးချင်သော်လည်း အခွင့်အရေးက နည်းပါးလွန်းသည်ကို သူမ သိနေခဲ့သည်။

  "ဟုတ်တယ်"

  ရှန်ယုလန်၏ ပြတ်သားသောအဖြေက ကျွော့ချင်းကို အေးစက်သွားစေခဲ့သည်။

          တကယ်ကို သူ ဖြစ်နေခဲ့တာပါပဲ . . . . . . .

✍️✍️✍️