အခန်း ၅၈ မတော်တဆမှု
ကျွော့ချင်းက
မျက်မှောင်ကြုတ်နေပြီး ရှန်ယုလန်က သူမ၏အမူအရာကို တိတ်တဆိတ်စောင့်ကြည့်နေကာ ခဏလောက်စဉ်းစားလိုက်ပြီးမှ
"မင်း သူ့ကို သိလို့လား?"
ကျွော့ချင်းက
ရှန်ယုလန်၏ စူးစမ်းသော အကြည့်ကို တွေ့လိုက်ပြီး ခေါင်းညိတ်ပြကာ အနည်းငယ်
ဝေ့လည်ကြောင်ပတ် ပြန်ပြောလိုက်သည်။
"ကျွန်မ
သူ့ကို နှစ်ကြိမ်ပဲ တွေ့ဖူးတယ်။ သူ ဒီလို လက်နက်မျိုးနဲ့ ဆော့နေတာကို
မြင်ဖူးတယ်"
ငါ လိမ်ပြောတာ
မဟုတ်ဘူးနော်...
ထိုနှစ်ကြိမ်လုံးတွင်
ချမ်ကျင်းက သူမ၏အသက်ကို ကယ်တင်ပေးခဲ့သော်လည်း သူမက ထိုအကြောင်းကို ရှန်ယုလန်ကို
အသိပေးရန် အစီအစဉ် မရှိပေ။ ထို့အပြင် သူမက ရာဇ၀တ်မှုကျူးလွန်သူနှင့်
အလွန်နီးကပ်သော ဆက်ဆံရေးရှိပါက ရှန်ယုလန်က သူမ၏ ကျွမ်းကျင်သော စီရင်ချက်ကို
မေးခွန်းထုတ်လာမည်ဖြစ်သည်။
ကျွော့ချင်းက သူမလက်ထဲမှ
ဓားပါးလေးကို ကြည့်ပြီး ပေါ့ပေါ့တန်တန် မေးလိုက်သည်။ "သူက ကြေးစားမုဆိုးလို့ ကျွန်မ
ကြားဖူးတယ်၊ သေဆုံးသူက တရားရုံးက ရာဇဝတ်ကောင်ဖြစ်နေတာလား?"
တရားရုံးက ရာဇ၀တ်သားဖြစ်နေခဲ့ရင် ဖမ်းဆီးခံဖို့
ငြင်းဆန်နေတာကြောင့် အသတ်ခံရတာဖြစ်နိုင်တယ်လေ။ ချမ်ကျင်းက သတင်းမုဆိုးဖြစ်တာကြောင့်
ကြီးလေးတဲ့ ရာဇ၀တ်မှုတော့ မဖြစ်သင့်ဘူး။
ရှန်ယုလန်က ကျွော့ချင်း၏အမူအရာကို
အာရုံစိုက်နေပြီး "မဟုတ်ဘူး၊ ကွယ်လွန်သူက စစ်သူကြီးအိမ်တော်ရဲ့အစောင့်တပ်ဖွဲ့က
လက်ထောက်အဖွဲ့မှူးပါ”
စစ်သူကြီးအိမ်တော်လား? ဘာလို့ စစ်သူကြီးအိမ်တော်နဲ့
ဆက်စပ်နေတာလဲ?? ချမ်ကျင်းက
အမှန်တကယ် ကျူးလွန်ဖို့ ရည်ရွယ်ချက် မရှိရင်တောင် စစ်သူကြီးအိမ်တော်က
ခွင်မလွှတ်ဘူးဆိုရင် ချမ်ကျင်းက သေခြင်းတရားကနေ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး။
ကျွော့ချင်းက ချမ်ကျင်း၏
အခြေအနေကို ပို၍ပင် စိုးရိမ်လာခဲ့သည်။ သူမ ရှန်ယုလန်ထံမှ ဖုန်းကွယ်ထားရန်
မဖြစ်နိုင်တော့သည်ကို သိလိုက်သောကြောင့် ကျွော့ချင်းက "အမှုကို
ပြောပြပေးနိုင်မလား?"
"တောင်းပန်ပါတယ်"
ရှန်ယုလန်က
သူမ မျှော်လင့်ထားသည့်အတိုင်း ပြန်ဖြေခဲ့ပြီး ကျွော့ချင်းက ပြုံးလိုက်ကာ "ရပါတယ်၊ ကျွန်မ နားလည်ပါတယ်၊
ကျွန်မ အလောင်းကို ကြည့်ချင်တယ်"
ရှန်ယုလန်က
မကန့်ကွက်သော်လည်း အနည်းငယ် တုံ့ဆိုင်းစွာဖြင့် "မင်းက အခု သွားမှာလား? အလောင်းကို
အကြာကြီး မထိန်းသိမ်းထားနိုင်မှာကို ကျွန်တော် စိုးရိမ်တယ်"
ချင်းမိသားစုက
ညီအစ်မတစ်ယောက်က အကျဉ်းချခံနေရပြီး နောက်တယောက်ကို ဝန်ကြီးချုပ်အိမ်တော်ကြီးကနေ
မထွက်ဖို့ တားမြစ်ခံထားရတာ သူ သိထားပြီးပြီ။ သူမ အိမ်ထဲကနေ ထွက်နိုင်ပါ့မလား?
အခု သူမ
မသွားနိုင်သည်ကို တွေးမိလိုက်သော ကျွော့ချင်းကလည်း မှုန်ကုပ်ကုပ် ဖြစ်သွားခဲ့သည်။ သူမက
ခဏလောက်စဉ်းစားနေပြီးမှ "အဲ့တာက ဘယ်လောက်ကြာပြီလဲ? အခုအလောင်းကို ဘယ်မှာ
သိမ်းထားလဲ"
"လူသတ်မှုက မနေ့ညက ဖြစ်ခဲ့တာ၊ အခု အလောင်းကို အအေးခန်းထဲမှာ
သိမ်းဆည်းထားပေမယ့် တရားရုံးရဲ့ အအေးခန်းက ကြီးကြီးမားမားတော့ မဟုတ်ဘူး။
ရုပ်အလောင်းကို စစ်ဆေးပြီးရင် ရုပ်အလောင်းကို ထုံးနဲ့ အလုံပိတ်ပြီး သုသာန်မှာ
သိမ်းဆည်းထားရမှာ"
အအေးခန်းထဲမှာ
သိမ်းထားတယ်ဆိုရင်တော့ မဆိုးပါဘူး၊ အလောင်းကို အအေးခန်းထဲကနေ ထုတ်မသွားခင် သူမက အပြင်ထွက်ချင်တယ်။
မဟုတ်ရင် သုသာန်ကို ရောက်သွားတဲ့ အချိန်မှ စစ်ဆေးဖို့သွားရင် အဓိက အထောက်အထား
တော်တော်များများက မှုန်ဝါးသွားလိမ့်မယ်။ ဒါပေမယ့် သူမ အခု ဒီအိမ်တော်ကနေ ဘယ်လို
ရုန်းထွက်နိုင်မလဲ? သူမ လို့ရှီးယန်ကို အကူအညီတောင်းရလွန်းလို့ ရှက်တောင်နေပြီ။
ကျွော့ချင်း
အကျပ်အတည်းဖြစ်နေချိန်မှာ ကျင်းစ၏ ခပ်မြင့်မြင့်ပုံရိပ်က အိမ်ရှေ့ခန်းမ၌
ပေါ်လာပြန်သည်။ ကျွော့ချင်းက ခေါင်းကို မော့လိုက်ပြီး "ဘာကိစ္စရှိလို့လဲ?"
ဘာမှမဖြစ်ရင်
အဲ့လူက သူမရှေ့မှာ ဘယ်တော့မှ ပေါ်လာမှာ မဟုတ်ပါဘူး။
မျက်နှာပေါ်တွင်
မလိုအပ်သော အမူအရာ တစ်စုံတစ်ရာလေးမှပင် မရှိသည့် ကျင်းစက အေးစက်စက်အသံဖြင့် "စစ်သူကြီးရဲ့အိမ်တော်က
လူတွေက ဒီကို ရောက်လာပါတယ်"
"ဘာလဲ"
စစ်သူကြီးအိမ်တော်???
သူတို့ကရော သူမကို ရှာဖို့ ဒီကိုလာတာလား???
ကျွော့ချင်းက
ရုတ်တရက် သူမ မရယ်နိုင် မငိုနိုင်သလို ခံစားလိုက်ရသည်။
ဒီနေ့
တကယ်ကို အသက်ဝင်တဲ့နေ့ပဲ။
စစ်သူကြီးအိမ်တော်အကြောင်း
ကြားလိုက်ရချိန်တွင် ရှန်ယုလန်၏ မျက်လုံးများက တလက်လက်တောက်ပသွားသော်လည်း သူက ဘာမှ
ထပ်မပြောဘဲ ဘေးနားတွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။
ကျင်းစ၏အေးစက်စက်
မျက်လုံးများက ရှန်ယုလန်၏ တည်ငြိမ်သော မျက်နှာကို တစ်ချက်ကြည့်လိုက်သော်လည်း သူက
တုံ့ဆိုင်းမနေဘဲ "သခင်မလေးချင်းမော့က စစ်သူကြီးအိမ်တော်မှာ မူးလဲသွားခဲ့ပါတယ်။
သမားတော်တွေက သူ(မ)ကို ကြည့်ပေးကြမယ့် အိပ်ရာထဲက မထနိုင်တာ နှစ်ရက်လောက်ရှိနေပါပြီ။
အဲ့ရောဂါက သူ(မ)ငယ်ငယ်ကတည်းက ဖြစ်နေကျ ခေါင်းမာတဲ့ရောဂါလို့ သခင်မလေးချင်းမော့က
ပြောခဲ့ပါတယ်၊ ပြီးတော့ မင်း တစ်ယောက်ထဲပဲ ကုသနိုင်တယ်တဲ့၊ အဲ့တာကြောင့် အခု စစ်သူကြီးအိမ်တော်က
လူတွေက သူ(မ)ကို ဝန်ကြီးချုပ်အိမ်တော်ဆီ ခေါ်လာပြီး ပင်မခန်းမမှာ
စောင့်နေကြတယ်"
ချင်းမော့လား? ရှက်ရွံ့ပြီး ကြောက်တတ်တယ်လို့
ကောလဟာလတွေ ထွက်နေတဲ့ တတိယညီမလေးလား??? မဟုတ်သေးဘူး အဲ့တာက ကုယွင်လည်း ဖြစ်နိုင်သေးတယ်။
ကျွော့ချင်းက
အကြောင်းပြချက်မရှိဘဲ တုန်လှုပ်သွားသည်။
ရှန်ယုလန်က
သူ့လက်နှစ်ဖက်ကို ခပ်ဖွဖွ လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးဟန်ပြုကာ "သခင်မ... သခင်မမှာ
လုပ်စရာရှိနေရင် ကျေးဇူးပြုပြီး ဒီအရာရှိက အရင်ထွက်သွားပါရစေ"
ရှန်ယုလန်
ထွက်သွားခါနီးတွင် ကျွော့ချင်းက
အသံတိုးတိုးဖြင့် ရုတ်တရက် ပြောလိုက်သည်။
"အလောင်းကို
အအေးခန်းထဲမှာ အရင်ထည့်ထားလိုက်ပါဦး၊ ဒီရက်ပိုင်းအတွင်း တစ်ခေါက်လောက်
လာကြည့်နိုင်ဖို့ ကျွန်မ ကြိုးစားပေးမယ်"
အနည်းဆုံးတော့
ချမ်ကျင်းက အကြောင်းပြချက်မရှိဘဲ လူသတ်မယ်လို့ သူမ မယုံဘူး!
"ဒါ..." ရှန်ယုလန်က ခဏတာ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင်
"ကောင်းပြီ"ဟု ပြန်ပြောပြီးနောက် သူ့လက်များကို ထပ်မံမြှောက်ကာ နူတ်ဆက်လိုက်သည်။
ရှန်ယုလန် အိမ်ရှေ့ခန်းမမှ ထွက်သွားသည်နှင့် ကျွော့ချင်းက စကားပြောရန်
မစောင့်နိုင်တော့ပေ။ သူမက စိတ်မရှည်စွာဖြင့် ကျင်းစကို လှမ်းပြောလိုက်သည်။
"ပင်မခန်းမကို
သွားမယ်"
ချင်းမော့က
တကယ်သာ ကုယွင်ဖြစ်နေခဲ့ရင် ဘုရားသခင်ရဲ့ ကောင်းချီးပါပဲ၊ ဒါပေမယ့် မဟုတ်ရင်ရော
ဘယ်လိုလုပ်မလဲ??? ပြီးတော့ ချင်းမော့ကို
ကုသပေးနိုင်တဲ့ အထူးဆေးဆိုတာကိုလည်း သူမ မသိဘူး။
ကျွော့ချင်းတစ်ယောက်
အရှိန်ပြင်းပြင်းဖြင့် လမ်းလျှောက်နေခဲ့ပြီး သူမ၏နှလုံးသားကလည်း တုန်လှုပ်နေကာ
မကြာခင်မှာပင် ပင်မခန်းမရှေ့သို့ ရောက်သွားခဲ့သည်။
"မင်းက ချင်းဖုန့်လား?"
ကျွော့ချင်း ခန်းမထဲသို့
ဝင်သွားသည်နှင့် တပြိုင်နက် မာနကြီးပြီး စည်းကမ်းမဲ့ပုံရသော ယောက်ျားသံတစ်သံက အေးတိအေးစက်ဟန်ဖြင့်
ထွက်ပေါ်လာခဲ့သည်။
ကျွော့ချင်း မော့ကြည့်လိုက်ရာ
ထိုလူက အသက် ၂၀အောက်သာ ရှိနိုင်ပြီး ငယ်ရွယ်ပုံရသည်။
သူ့အသားအရေက ကြည်လင်နေပြီး သူ့မျက်နှာပေါ်တွင် မောက်မာပုံရသော မျက်ခုံးများနှင့်
တောက်ပသော မျက်လုံးများမှ အလင်းရောင်များကို သိသိသာသာ မြင်လိုက်ရသည်။ ကံမကောင်းစွာဖြင့်
ကျွော့ချင်းက သူ၏ရိုင်းစိုင်းသော အမူအရာကြောင့် စက်ဆုပ်သွားခဲ့သည်။
ကျွော့ချင်းက သူ့ကို တိုက်ရိုက်ဖြတ်လျောက်သွားရင်း
ပင်မခန်းမ၏ပတ်လည်ကို တစ်ချက်ကြည့်လိုက်သည်။ ပင်မခန်းမ၏အလယ်တွင် ကန့်လန့်ကာလေးတစ်ခုပါရှိသည့်
ထမ်းစင်ပုံစံအခန်းငယ်လေးတစ်ခုရှိနေသည်။ အပြင်ဘက်တွင် ပိတ်စလေးတစ်ထပ်ပါရှိနေသော်လည်း
အမျိုးသမီးတစ်ဦး၏ မျက်နှာကို ရေးတေးတေးမြင်နေရသည်။
ပင်မခန်းမတွင် ထိုလူငယ်လေးအပြင် သပ်ရပ်စွာ ဝတ်ဆင်ထားသည့် သန်မာသော အမျိုးသားလေးဦး
ရှိနေခဲ့သည်။ သူတို့၏မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ရှိနေသောကြောင့်
ချပ်ဝတ်တန်ဆာ မ၀တ်ထားသော်လည်း သူတို့က စစ်သည်များဖြစ်နေသည်ကို မသိနိုင်သူ
မရှိလောက်ပေ။
စုလင်း၏ပုံရိပ်ကို
မမြင်ရသောကြောင့် ကျွော့ချင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
ချင်းမော့က
စုလင်းရဲ့စစ်သူကြီးအိမ်တော်မှာ မျက်နှာသာ မရပုံပဲ။ သူမ သတိမေ့နေတာ
နှစ်ရက်ရှိနေတာကိုတောင် သူက ပေါ်မလာဘူးပေါ့လေ....
ထိုအချိန်တွင် နူးညံ့သိမ်မွေ့သော
မျက်လုံးတစ်စုံကို တွေ့လိုက်ရတာကြောင့် ကျွော့ချင်းက သဘာဝမကျစွာ ပြုံးလိုက်ပြီး
"ရှီးယန်၊ ရှင် ဒီမှာ ရှိနေသေးတာလား?"
"မင်းညီမလေး နေမကောင်းဘူးဆိုလို့ ကိုယ်လာကြည့်တာ"
အရမ်းကောင်းတယ်...
နောက်ဆုံးမှာ သူ့ရဲ့ဖြစ်တည်မှုကို ငါ ရှာတွေ့ပြီ၊ အဲဒါက သူ အလုပ်သိပ်မလုပ်ဘူးဆိုတာကို
ပြနေတယ်~
လို့ရှီးယန်၏ အလွန်နူးညံ့သိမ်မွေ့လွန်းသော
မျက်လုံးများကို ကြည့်နေရင်း ကျွော့ချင်းက အလွန်ရှက်ရွံ့နေပြန်သည်။
အိုး မိုးနတ်မင်းကြီးရေ... ဒီချောမောလွန်းတဲ့
ယောက်ျားတွေကို ကြည့်နေရတာက အမှန်စင်စစ်တော့ ဒဏ်ခတ်ခံရတာပဲ... တကယ်တော့
ချောမောပြီး နူးညံ့သိမ်မွေ့တဲ့ ယောက်ျားတွေက ဘေးအန္တရာယ်စစ်စစ်တွေပဲ!
ခန်းမထဲကလူတွေ အားလုံး
သေသွားပြီလို့ သူ ထင်နေတာလား??!!
အမှန်တကယ်တွင် ကျွော့ချင်း၏ စိုးရိမ်ပူပန်မှုများက မလိုအပ်ကြောင်း
သိသာထင်ရှားနေခဲ့သည်။ စစ်သည်များက ဘေးဘက်ကိုပင် ဝေ့မကြည့်သလို ဆင်ခြင်တုံတရား မရှိပုံပေါ်သည့်
လူငယ်ကလည်း ကျွော့ချင်းကိုသာ စေ့စေ့စပ်စပ် စိုက်ကြည့်နေသည်။ ပရောပရီလုပ်နေသော သူတို့နှစ်ဦး၏"အကြည့်"များကို
မည်သူမျှ လုံးဝ ဂရုမစိုက်ကြပေ။
လို့ရှီးယန်က
သူ့မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။
သူ့”လင်အာ”က
သူ့ရဲ့ နူးညံသိမ်မွေ့မှုတွေကို အသားမကျသေးပုံရနေပေမယ့် ကိစ္စတော့ မရှိပါဘူး။ သူမ
သိပ်မကြာခင် ကျင့်သားရသွားမှာပါ။
လို့ရှီးယန်က
သူမဆီမှ အကြည့်လွှဲကာ သူမဘေးမှ လူငယ်ကို ကြည့်လိုက်ပြီး သူမကို မိတ်ဆက်ပေးလာခဲ့သည်။
"ဒါက စစ်သူကြီးစုလင်းရဲ့
တတိယညီ လက်ထောက်စစ်သူကြီးစုယွိ"
ကျွော့ချင်းက
ထိုလူငယ်၏အကြည့်ကို စူးစူးစိုက်စိုက် တုန့်ပြန်လိုက်ပြီး အေးစက်စွာ ခေါင်းညိတ်ပြကာ
ထမ်းစင်ဆီသို့ တိုက်ရိုက်လျှောက်သွားလိုက်သည်။ ပိတ်ပါးစကန့်လန့်ကာကို ညင်သာစွာ
ရုတ်သိမ်းလိုက်ပြီး ထမ်းစင်ပေါ်ရှိ အမျိုးသမီးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင်
ကျွော့ချင်းက ခနတာမျှ အံ့သြသွားခဲ့သည်။ ချင်းဖုန့်နှင့်
ချင်းလင်တို့က အလွန်ဆင်တူသောကြောင့် ကျွော့ချင်းက ချင်းမော့ကလည်း သူမတို့နှင့်
ဆင်တူလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း သူမရှေ့မှ မိန်းခလေးကို ရှင်းရှင်းလင်းလင်း
မြင်လိုက်ရသောအခါ ကျွော့ချင်းက သူမ မှားယွင်းစွာ တွက်ချက်ခဲ့မိသည်ကို
နားလည်သွားခဲ့သည်။
ချင်းမော့က
နူးညံ့သိမ်မွေ့တဲ့ မျက်နှာသေးသေးလေးနဲ့ မိန်းခလေးဖြစ်နေပြီး ပြည့်ဖူးနေတဲ့ နဖူးလှလှလေး၊ မျက်တောင်ရှည်ရှည်လေးတွေနဲ့
ချယ်ရီရောင်နှုတ်ခမ်းလေးတွေကို ပိုင်ဆိုင်တယ်၊ သူမတစ်ကိုယ်လုံးက
မယုံနိုင်လောက်အောင် နုပျိုနေပုံပဲ။ သူမက အသက်ဆယ့်ငါးနှစ်ကျော်လား???! ဒါက သိသိသာသာကို လိုလီတာလေးပဲဟယ်...
(လိုလီတာ---ချစ်စဖွယ်ကောင်မလေး)
ဒီမိန်းခလေးက . . . . ကုယွင်ဖြစ်နိုင်တယ်!
ထိုအကြောင်းကို
တွေးလိုက်မိချိန်တွင် ကျွော့ချင်း၏ နှလုံးသား ပြိုလဲသွားတော့သည်။ သူမ၏ စိတ်က
အကြိမ်တစ်ထောင်ခန့် လှည့်ပတ်နေခဲ့သော်လည်း ပထမဆုံး အံ့အားသင့်သွားသည့် အမူအရာမှ လွဲ၍
သူမမျက်နှာက နဂိုကဲ့သို့ အေးစက်နေဆဲဖြစ်သည်။ သူမက သူမ၏လက်ကို ချင်းမော့၏
လက်ကောက်ဝတ်ပေါ်သို့ ဟန်ဆောင်ပန်ဆောင် လှမ်းတင်လိုက်သည်။
စုယွိကလည်း
ကျွော့ချင်း၏ရိုင်းစိုင်းမှုကို အလေးအနက်မထားခဲ့ပေ။
ဒီအမျိုးသမီးကို
သူ ပထမဆုံးမြင်တုန်းက သူမက ချင်းမော့ ရဲ့အစ်မဆိုတာကို သူ မယုံနိုင်သေးပေမယ့်
သူမရဲ့သဘောထားကို မြင်ပြီးနောက်မှာတော့ သူ ယုံကြည်လိုက်ပြီ။ သူမတို့က ညီအစ်မတွေ
ဖြစ်ကြပြီး တော်တော်ကို တူညီကြတယ်။
တစ်ယောက်က
မောက်မာတာနဲ့ တစ်ယောက်က အေးစက်တာပဲ ကွာတယ်...ကျန်တာ အတူတူပဲ...
ကျွော့ချင်းက
သူမ၏လက်ကို ပြန်ဆွဲထုတ်လိုက်ပြီး ပိတ်ပါးစကန့်လန့်ကာကို ပြန်ချလိုက်သည်။ လို့ရှီးယန်က
စိုးရိမ်စိတ်ဖြင့် မေးလာခဲ့သည်။
"သူ(မ)
ဘယ်လိုနေလဲ? တော်ဝင်သမားတော်တချို့ကို လာကြည့်စေချင်သေးလား?"
လို့ရှီးယန်က
ယခုန သူမမျက်လုံးများထဲမှ ရှုပ်ထွေးနေသည့် အရိပ်အယောင်များကို မြင်လိုက်ရပြီး သူမ
ကုသနည်းအား မေ့သွားမည်ကို သူ စိုးရိမ်နေပုံရသည်။
ကျွော့ချင်းက
ခေါင်းယမ်းလိုက်ပြီး "အဆင်ပြေပါတယ်၊ ကျွန်မ သူ(မ)ကို ကျွန်မအခန်းထဲကို
အရင်ခေါ်သွားမယ်၊ ကျွန်မအတွက် ငွေအပ်တစ်စုံ ပြင်ဆင်ပေးပါ၊ အဆင်မပြေမှ တော်ဝင်သမားတော်ကို
ခေါ်လည်း နောက်မကျသေးပါဘူး"
ကျွော့ချင်းက
ထိုအခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး ချင်းမော့နှင့် နှစ်ယောက်တည်းရှိစေရန်
ကြိုးစားလိုက်သည်။၊
သူမ မနှိုးနိုင်ရင်တော့
တော်ဝင်သမားတော်ကို ခေါ်ရတော့မှာပေါ့။
စုယွိက ပေါ့ပေါ့ပါးပါး
ခေါင်းညိတ်ပြလိုက်သောကြောင့် စစ်သည်လေးယောက်က ထမ်းစင်ကို မြှောက်လိုက်ကြပြီး
အုပ်စုလိုက် ကျိုက်ရှင်းအဆောင်ဆီသို့ လျှောက်သွားကြသည်။ ကျွော့ချင်းက ချင်းမော့ကို
သူမ၏ အိပ်ယာပေါ်သို့ လှဲချပေးပြီးနောက် နောက်ပြန်လှည့်ကာ လို့ရှီးယန်အား "ရှီးယန်၊
ရှင် လုပ်စရာရှိတာ သွားလုပ်ပါ၊ ကျွန်မကို
ကူညီဖို့ ကျင်းစကို နေခိုင်းရင် ရပြီ"
"ကောင်းပြီ” လို့ရှီးယန်က တခြားဘာမှ မပြောတော့ဘဲ ကျိုက်ရှင်းအဆောင်ထဲမှ
ထွက်ခွာသွားခဲ့သည်။ ကျွော့ချင်းက ချင်းမော့အတွက် စောင်ကို ကူခြုံပေးလိုက်ပြီး
ခန်းဆီးအပြင်ဘက်မှာ ရပ်နေသည့် စုယွိဆီကို လှည့်လိုက်ကာ "စစ်သူကြီးစု အပ်စိုက်ကုထုံးက
ခနလေးနဲ့ ပြီးတဲ့ကိစ္စ မဟုတ်ဘူး။ ရှင် ဘာလို့ အိမ်တော်ကို အရင် မပြန်တာလဲ? သူ(မ)နိုးလာတဲ့အခါ
တစ်ယောက်ယောက်နဲ့ ပြန်ပို့ခိုင်းလိုက်ပါ့မယ်"
"ဘာမှ စိတ်ပူစရာ မလိုပါဘူး၊ ကုသပေးရုံပဲ၊ အပြင်မှာ စောင့်နေမယ်"
စုယွိ၏ အသံက
ကျယ်လောင်ပြီး ပြတ်သားနေသည်။
ကျွော့ချင်းက
မျက်လုံးပြူးသွားပြီး "ဒါဆို ရှင့်သဘောပဲ"
ခဏအကြာတွင်
တံခါးက ဆောင့်ပိတ်ခံလိုက်ရပြီး အသံကျယ်ကျယ် ထွက်လာခဲ့သည်။
ကျွော့ချင်းက
စားပွဲပေါ်ရှိ ငွေအပ်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထိမိသည်နှင့်
ကျိုးကြေသွားနိုင်ပုံရသည့် သူမရှေ့မှ နူးညံ့သိမ်မွေ့သော မိန်းမငယ်လေးကို
ကြည့်လိုက်ပြီး စိုးရိမ်သောကရောက်နေတော့သည်။
ငါက ဘာဆက်လုပ်ရမှာတုန်း???! !