အခန်း ၅၄-ချင်းဖုန့်
နန်းတော်ခန်းမအပြင်ဘက်တွင်...
သန်းခေါင်ကျော်နေပြီဖြစ်သောကြောင့်
လက အုံ့ဆိုင်းနေပြီ ဖြစ်ကာ ခမ်းနားပြီး ဆူညံနေသော ပွဲတော်မရှိလျှင် နန်းတော်ဖြစ်နေခြင်းကပင်
ည၏တိုက်စားမှုကို မခုခံနိုင်ခဲ့ပေ။ နန်းတော်အတွင်း၌ အဖိုးတန်သစ်ပင်များဖြင့်
ဖုံးလွှမ်းနေသောကြောင့် လရောင်က ဆိတ်သုဉ်းနေကာ အမှုန်အမွှားလေးလောက်သာ အလင်းရောင်ရနေသည်။ လတ်ဆတ်သော ညလေညင်းက
အနည်းငယ်အေးစိမ့်နေသော်လည်း လူတို့၏စိတ်ကို လန်းဆန်းစေသည်။
ခန်းမဆောင်ရှေ့တွင်
ခန္ဓာကိုယ်ပုံစံတူသော အမျိုးသမီးနှစ်ဦးက တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။
တစ်ယောက်က စိတ်လှုပ်ရှားနေပြီး သူမ၏မျက်လုံးများတွင် ဝမ်းနည်းမှုများနှင့် ပြည့်နှက်နေကာ
နောက်တစ်ယောက်ကတော့ အနည်းငယ် ရှက်ရွံ့နေပုံရသည်။
"အစ်မ... ညီမကို တကယ် မမှတ်မိတော့ဘူးလား?"
လတစ်ဝက်လောက်ကြာအောင် ပျောက်ဆုံးနေခဲ့သည့်
သူမ၏အစ်မကြီးက သူမ မျက်စိရှေ့တွင် ရောက်နေသည်ကို ကြည့်ရင်း ချင်းဖုန့်က သူမနှလုံးသားကို
ဓား ထက်ထက်ဖြင့်ထိုးနေသလို ခံစားလိုက်ရသည်။ အစ်မဖြစ်သူ၏တောက်ပနေသည့် မျက်လုံးများက
ကြည်လင်နေပြီး ငြိမ်သက်နေကာ ယခင်က ရှိခဲ့ဖူးသော ချစ်ခြင်းမေတ္တာနှင့်နွေးထွေးမှုများကို
မတွေ့နိုင်တော့ပေ။
"ငါ..." ကျွော့ချင်းက တစ်ခုခုပြောရန် ပါးစပ် ဖွင့်လိုက်သော်လည်း
နောက်ဆုံးမှာတော့ "တောင်းပန်ပါတယ်"ဟုသည့် စကားသာ ထွက်လာနိုင်ခဲ့သည်။
သူမက တခြားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို
သိမ်းပိုက်ဖို့ ကြံရွယ်ထားတာ မဟုတ်ပေမယ့် သူမလက်ရှိခန္ဓာကိုယ်မှာ
ရောက်နေတာကလည်း အမှန်တရားတစ်ခုဖြစ်နေပြီး ပြောင်းလဲလို့ မရနိုင်တော့ဘူး။
ကျွော့ချင်းက
ချင်းဖုန့်ကို တုံ့ပြန်စကားပြောနေခဲ့သော်လည်း ခန်းမအတွင်းရှိ လို့ရှီးယန်ကို
ပိုမိုစိုးရိမ်နေခဲ့သည်။ သို့တိုင်အောင် မည်သည့်အသံမျှ မကြားရသောကြောင့် အတွင်းထဲ၌
ဘာဖြစ်နေသည်ကို သူမ မသိနိုင်ပြန်ပေ။
ကျွော့ချင်းက နန်းတော်တံခါးကို
စောင့်နေသည့် ကောင်းကျင်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်နေပြန်သည်။
သူက အစောင့်များကို သူမတို့အား စောင့်မကြည့်ခိုင်းဘဲ ထောင့်တစ်နေရာတွင်
ရပ်စောင့်ခိုင်းထားခဲ့သည်။ ထိုကြောင့် သူမတို့ စကားပြောခွင့်ရနေခြင်းပင်။
အဲ့တာက သူ့ရဲ့
ရည်ရွယ်ချက်ရှိရှိ လှုပ်ရှားမှုတစ်ခုလား? ဒါမှမဟုတ် ရိုးရိုးသားသား အမှားတစ်ခုလား???
"တောင်းပန်ပါတယ်၊ ကျွန်မသာ အစ်မတို့ကို ကိုယ့်ကိုကိုယ်သတ်သေဖို့ အတင်းအကြပ်
တွန်းအားမပေးခဲ့ဘူးဆိုရင် အစ်မက ဘယ်သူလဲဆိုတာကို မေ့သွားမှာ မဟုတ်ဘူး"
သူမရဲ့အစ်မဖြစ်သူက သူမကို လျစ်လျူရှုနေခဲ့တာလည်း
သူမ အပြစ်ပါပဲ။
ချင်းလင် ပြန်နိုးလာသည့်အချိန်တွင် သူမကိုယ်သူမ
ဘယ်သူမှန်းပင် မသိဘဲ အားကိုးရာမဲ့ဖြစ်နေမည့် ပုံစံကို ပြန်တွေးရင်း ချင်းဖုန့်က
သူမထံတွင် အပြစ်ရှိသလို ခံစားလာရပြန်သည်။
မှတ်ဉာဏ်တွေ
ပျောက်ဆုံးသွားတဲ့အခါ အစ်မ ဘယ်လောက်ထိ ထိတ်လန့်သွားမလဲ?!
ကျွော့ချင်းက
သတိပြန်ဝင်လာခဲ့ပြီး သူမရှေ့မှ မိန်းခလေးကို ပြန်ကြည့်လိုက်သည်။
သူမဆီမှာ ခုနက
နန်းတော်ခန်းမထဲမှာလို ခေါင်းမာပြီး မောက်မာအေးစက်တဲ့စရိုက်တွေ မရှိတော့ဘူး။
ကျွော့ချင်းက
သူမကိုယ်သူမ မျက်စိစုံမှိတ်အပြစ်တင်နေသည့် မိန်းခလေးကို ကြည့်ပြီး မခံမရပ်နိုင်ဖြစ်လာကာ
သူမကို တိုးတိုးလေး နှစ်သိမ့်လိုက်သည်။ “ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့၊ ပြီးတာတွေက
ပြီးသွားပြီ၊ အခု အရေးကြီးတာက ငါက အသက်ရှင်နေသေးပြီး နေကောင်းနေသေးတယ်လေ”
မူလလူ မဟုတ်တော့ပေမယ့်ပေါ့လေ...
ကျွော့ချင်းက ခေါင်းငုံ့ထားရင်းဖြင့်
ချင်းဖုန့်က သူမကိုယ်သူမ သတ်သေသည့်ကိစ္စလိုမျိုး မိုက်မဲမှုတစ်ခု လုပ်ခဲ့ဖူးကြောင်း
ပြန်တွေးမိသွားခဲ့သည်။ ထို့ကြောင့် သူမက "ဒါပေမယ့် မင်းကိုယ်မင်း သတ်သေတဲ့
အရာမျိုး ထပ်ပြီး မလုပ်ရတော့ဘူး။ အားနည်းတဲ့သူတွေကသာ လွတ်မြောက်ဖို့ ရွေးချယ်ပြီး
အရှုံးပေးလိမ့်မယ်။ မင်းက အဲ့လိုလူတွေလို မလုပ်သင့်ဘူး"
အားနည်းသူတွေကသာ
လွတ်မြောက်ဖို့ မိမိကိုယ်ကို သတ်သေဖို့ ရွေးချယ်တာ မဟုတ်လား? သူမ လိုက်နာခဲ့တဲ့
သမာဓိနဲ့ မာနကတော့ အဲ့အရာက အမှန်တကယ်ပင် သူရဲဘောကြောင်ခြင်းရဲ့လက္ခဏာတစ်ခုလို့ သူမကို
ပြောပြနေတယ်။
ချင်းဖုန့်က ခေါင်းကို
ဖြည်းညှင်းစွာ မော့လိုက်ပြီး အတွင်းခန်းဆီသို့ စိုက်ကြည့်ကာ အေးစက်စွာ ပြန်ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊
ညီမက ထပ်ပြီး သတ်သေတော့မှာ မဟုတ်ဘူး၊ သေဖို့ ထိုက်တန်တာက ညီမတို့ မဟုတ်ဘူး!"
သူမတို့၏မိဘများကို
သေစေသောသူများမှာ ဟောင်ယွဲ့မှ အရည်အချင်းမရှိသော အုပ်ချုပ်သူများဖြစ်ပြီး အတွင်းထဲက
လူကတော့ လှုံ့ဆော်ပေးသူဖြစ်သည်။
ကျွော့ချင်းက
သူမ၏တောက်ပသော မျက်လုံးများထဲမှ အမုန်းတရားများ ပေါက်ဖွားနေမှုကို မြင်လိုက်ရသောကြောင့်
အနည်းငယ် ထိတ်လန့်သွားပြီး ချင်းဖုန့်၏ရန်လိုမှုက သူမကို စိတ်မသက်မသာဖြစ်စေခဲ့သည်။
"စကားမစပ် ညီမလေးကို တွေ့ပြီးပြီလား?"
အစ်မက နန်းတော်ထဲကိုတောင်
ဝင်လာနိုင်တာကြောင့် သူမထက်စာရင် ညီမလေးနဲ့တွေ့ဖို့က ပိုလွယ်သင့်တယ်။
ကျွော့ချင်းက
ခေါင်းခါလိုက်ပြီး "မတွေ့ရသေးဘူး"
ချင်းဖုန့်က
အနည်းငယ်စိတ်ပျက်သွားပြီး စိုးရိမ်နေပုံဖြင့် သက်ပြင်းချလိုက်ကာ "စစ်သူကြီးစုက
လူကောင်းဖြစ်ပုံ မပေါ်ဘူး။ သူက ညီမငယ်လေးကို အနိုင်ကျင့်မှာကို စိုးရိမ်တယ်၊ သူ(မ)က
အရမ်းငယ်သေးတယ်"
"စိတ်မပူပါနဲ့၊ စစ်ဗိုလ်ချုပ်တစ်ယောက်အနေနဲ့ ရုပ်ရည်အေးစက်ပြီး
နှုတ်ဆိတ်နေတာက ပုံမှန်ပါပဲ၊ စုလင်းက ပညာတက်တဲ့ စစ်ဗိုလ်ချုပ်မဟုတ်ပေမယ့် သူက ထင်ရာစိုင်းတဲ့လူလည်း
မဟုတ်ပါဘူး"
ကျွော့ချင်းကတော့
စုလင်းက တော်တော် တော်တယ်ဟု ခံစားနေရသည်။
သူ့မှာ စစ်တပ်က ခေါင်းဆောင်တစ်ယောက်ရဲ့ဂုဏ်သိက္ခာရှိသလို
အရပ်ဘက်အရာရှိတယောက်ရဲ့ တည်ကြည်တဲ့ အကျင့်စရိုက်လည်း ရှိနေတယ်။ သူက တညလုံး စကား
သိပ်မပြောပေမယ့် အရာရာကို အာရုံစိုက်နေပုံရတယ်။
ဒီလိုယောက်ျားမျိုးက
မိန်းခလေးတွေကို အရှက်ရအောင် လုပ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အဲ့မိန်းခလေးက တခြားယောက်ျားထက် ပိုသန်မာနေတယ်ဆိုရင်တော့
အဲ့ဒါက တခြားကိစ္စဖြစ်သွားပြီ။
ချင်းဖုန့်ကတော့ ကျွော့ချင်းကဲ့သို့
အကောင်းမြင်စိတ် မရှိပေ။ ချင်းမော့က သဘာဝအားဖြင့် ရှက်တတ်ပြီး အများအားဖြင့် အစ်မများက
သူမကို ကာကွယ်ပေးထားကာ ဆုံးဖြတ်ချက်များချရာတွင်လည်း ကူညီခဲ့ကြသည်။
အခု
သူမတစ်ယောက်တည်းရှိနေတော့ သူမ ဘယ်လိုနေမလဲ? သူမတို့ရဲ့ ကံကြမ္မာကို ဘာကြောင့် တခြားသူတွေက
ချုပ်ကိုင်ထားနိုင်ရတာလဲ?!
ချင်းဖုန့်က သူမအစ်မအကြီးဆုံး
စိတ်ပူသွားမှာကို စိုးရိမ်နေပြီး အသက်ကို ပြင်းပြင်းရှူထုတ်ကာ သူမနှလုံးသားထဲမှ
ဒေါသများကို တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းထားလိုက်သည်။ သူမက "လို့သခင်ကြီးက
အစ်မကို ခေါ်သွားဖို့ ဧကရာဇ်ကို
ဆွဲဆောင်နိုင်ခဲ့ရင် ချက်ခြင်း ပြန်တော့နော်၊ နှစ်ယောက်စလုံး အတူတူပြန်တာက
ပိုကောင်းတယ်၊ နောက်ဆိုရင် ညီမကို တွေ့ဖို့ နန်းတော်ထဲကို မလာနဲ့တော့နော်"
"ဘာလို့လဲ"
သူမက ချင်းလင်
မဟုတ်သလို သူမထံတွင် နန်းတော်ထဲသို့ ထပ်မံဝင်ရောက်ရန် ရည်ရွယ်ချက်မရှိသော်လည်း ချင်းဖုန့်က
သူမကို ထိုသို့ပြောလိုက်ချိန်တွင် ကျွော့ချင်းက တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရသည်။
ချင်းဖုန့်လည်း
အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
သူမရဲ့အစ်မက
တစ်ခုခုကို ရိပ်မိသွားတာလား? ချင်းဖုန့်က
သူမ စိတ်ကို အရင်ငြိမ်အောင် လုပ်ပြီးမှ ခေါင်းကို ညင်သာစွာ ခါယမ်းရင်း
ပေါ့ပေါ့ပါးပါး လေသံဖြင့် ရှင်းပြလိုက်သည်။
"ဧကရာဇ်က
အစ်မအပေါ် မကောင်းတဲ့ ရည်ရွယ်ချက်ရှိနေတယ်လေ၊ အမ အပြင်ထွက်ရင်း ထောင်ချောက်ထဲ ထပ်မဝင်မိတာက ပိုကောင်းပါတယ်၊ ညီမကို
စိတ်ပူစရာ မလိုဘူး၊ ညီမ သေချာ ဂရုစိုက်ပါ့မယ်၊ အစ်မရဲ့ ခန္ဓာကိုယ်က
ပြန်ကောင်းလာရင် ညီမကို သတင်းပို့ဖို့ တစ်ယောက်ယောက်ကို တောင်းဆိုလိုက်နော်"
မဟုတ်သေးဘူး၊
တစ်ခုခု လွဲနေပြီ၊ သူမရဲ့ မျက်လုံးတွေက ပေကလက်ပေကလပ်ဖြစ်နေပြီး သူမရဲ့ အမူအရာတွေက ဟန်ဆောင်နေတာ
သိသာတယ်။ သူမ နှလုံးသားထဲမှာ တခြား အစီအစဥ်တွေ ရှိရမယ်။ သူမ ဘာလုပ်ချင်လဲ?
နောက်ဆုံးတွင်
ကျွော့ချင်းလည်း သတိပေးရုံသာ တက်နိုင်တော့သည်။ "ချင်းဖုန့်၊ ဘာမှ မလုပ်ခင်
နှစ်ကြိမ် ပြန်စဉ်းစားဖို့ သတိရပါ။ စိတ်စောပြီး ပြုမူလိုက်ရင် ဘယ်တော့မှ အကျိုး မရှိနိုင်ဘူး"
ကျွော့ချင်း၏
ထက်မြက်မှုနှင့် ပြတ်သားမှုက ချင်းဖုန့်ကို အံ့အားသင့်စေခဲ့သည်။
အတိတ်မေ့ခြင်းက
လူကို အမှန်တကယ် ပြောင်းလဲစေတာလား? သူမရဲ့ပြောင်းလဲမှုက ကောင်းတာလား??? ဆိုးတာလား???!
ချင်းဖုန့်တစ်ယောက်
အတွေးများဖြင် ရှုပ်ယှက်ခက်နေစဥ်မှာပင် ခန်းမထဲမှ ကြောက်စရာကောင်းသည့်
အမျိုးသားအသံက ထွက်လာပြန်သည်။
"ဒီကိုလာကြစမ်း၊
သူ(မ)တို့နှစ်ယောက်ကိုပါ ခေါ်လာခဲ့"
ကောင်းကျင်းက
သူမတို့ကို ကြည့်လိုက်သောကြောင့် သူမတို့ နှစ်ယောက်က သူ့အတွက် အခက်အခဲမဖြစ်စေဘဲ
အတွင်းခန်းထဲကို နာနာခံခံ ဝင်သွားလိုက်သည်။
ခန်းမထဲကို
ဝင်လာချိန်မှာ ကျွော့ချင်းက လေထုက တစ်ခုခုလွဲချော်မှားယွင်းနေကြောင်း ချက်ချင်း သတိပြုမိသွားခဲ့သည်။
ယန်းဟုန်ထျန်း၏
မျက်နှာက မည်းမှောင်နေသေးသော်လည်း သူ့မျက်ခုံးများကြားတွင် သံသယဖြစ်ဖွယ် အပြုံးရိပ်တစ်ခု
ရှိနေခဲ့သည်။ သူမကို ကြည့်သည့်ပုံစံကလည်း ပို၍ ထူးဆန်းလာပြီး ယခုန ဒေါသထွက်နေသည့်ပုံစံထက်
သူမကို ပိုမိုတုန်လှုပ်စေခဲ့သည်။ လို့ရှီးယန်၏အမူအရာက
တည်ငြိမ်ဆဲဖြစ်သော်လည်း သူ့၏မျက်ခုံးများကြားတွင် အတွေးများ ပြည့်နှက်နေပုံရသည်။
အခုန
သူတို့ ဘာအကြောင်းတွေ ပြောနေကြတာလဲ???
"ချင်းမိသားစုက ညီအစ်မတွေ၊ မင်းတို့က မင်းတို့ရဲ့အထောက်အထားတွေကို ဖလှယ်ထားတဲ့
ကိစ္စကို ကျန်း သေချာစစ်ဆေးပြီးမှ အမိန့်တော်ချမယ်။ ချင်းလင် မှတ်ဉာဏ်ဆုံးရှုံးတယ်ဆိုတာက
ဖြစ်နိုင်ခြေရှိတာကြောင့် ခွင့်လွတ်နိုင်တဲ့ အခြေအနေရှိနေလို့ ဝန်ကြီးချုပ်တောင်းဆိုတာကို
ခွင့်ပြုလိုက်မယ်။ ကျန်းက မင်း ဝန်ကြီးချုပ်ကို ပြုစုစောင့်ရှောက်ပေးဖို့ ပြန်ခွင့်ပြုလိုက်မယ်၊
မင်းက ဝန်ုကြီးချုပ်ရဲ့ကြီးကြပ်မှုအောက်မှာပဲ ရှိနေရမယ်၊ အမှန်တရားကို မသိရမချင်း
မင်းက အိမ်တော်အပြင်ကို ထွက်ခွင့် မရှိဘူး"
ယန်းဟုန်ထျန်းက
သူမကို လို့ရှီးယန်နဲ့ အိမ်တော်ကို ပြန်လိုက်ဖို့ အမှန်တကယ် သဘောတူခဲ့တာလား???
ဘာတွေဖြစ်နေတာလဲ? လို့ရှီးယန်က ယန်းဟုန်ထျန်းရဲ့
ဆုံးဖြတ်ချက်ကို အမှန်တကယ် ပြောင်းလဲသွားစေအောင် ဘာတွေလုပ်ခဲ့တာလဲ?!
ကျွော့ချင်းတစ်ယောက်
အလွန်စပ်စုချင်နေတော့သည်။
ယန်းဟုန်ထျန်းက ချင်းဖုန့်ကို
တစ်ချက်ကြည့်ကာ အေးစက်စွာ မြည်တွန်လိုက်ပြီး "ချင်းဖုန့်... ဟောင်ယွဲ့ကအရာရှိတွေက
လူကယ်တင်ရင်း အမှားလုပ်မိပြီး မှားပို့လိုက်တယ်ဆိုရင်တောင် မင်းက စိတ်ကြည်လင်နေတုန်းပဲ၊
အဲ့တာတောင်မှ မင်းက နန်းတော်ထဲဝင်ပြီး တခြားတစ်ယောက်လို ဟန်ဆောင်နေတုန်းပဲ။ မင်းက
ဧကရာဇ်ကို လှည့်စားတဲ့အတွက် အပြစ်သားဖြစ်သွားပြီ၊
မင်းကို ခုချက်ချင်း အကျည်းထောင်ထဲကို ပစ်ချလိုက်လိမ့်မယ်၊ အဖြစ်မှန်ကို သိရပြီးရင်
မင်းတို့နှစ်ယောက် အတူတူ အပြစ်ပေးခံရလိမ့်မယ်”
အကျဥ်းထောင်ထဲကိုလား?!
ချင်းဖုန့်က
ပြင်ဆင်ထားပုံရပြီး သက်ပြင်းတစ်ချက်ချလိုက်ကာ ခွင့်လွတ်ပေးရန် မတောင်းဆိုသလို ငိုလည်းမငိုခဲ့ပေ။
သူမက ဂုဏ်ယူစွာ မတ်မတ်ရပ်နေဆဲပင်။
တော်ဝင်အကျဥ်းထောင်ဟု
သိကြသည့်နေရာက နေရာကောင်းတစ်ခု မဟုတ်သည်မှာ သေချာနေသည်။ သူမနှင့် ချင်းဖုန့်တို့က
ညီအစ်မအရင်းများ မဟုတ်သော်လည်း ကျွော့ချင်း၏နှလုံးသားထဲတွင် သူမကို သဘောကျနေမိသည်။
သူမကို ကယ်တင်ဖို့ တကယ် မဖြစ်နိုင်တော့ဘူးလား?
ကျွော့ချင်း တွေးနေတုန်းမှာပင်
လို့ရှီးယန်၏ပြတ်သားသည့်အသံက တိုးတိုးလေး ထွက်ပေါ်လာပြန်သည်။
"အရှင်...
ဒီအရာရှိက အနားယူဖို့ ပြန်သွားပါတော့မယ်"
"အင်း"
ယန်းဟုန်ထျန်းက
သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
ယန်းဟုန်ထျန်းက
တကယ်ကို သူတို့ကို မျက်နှာသာပေးတယ်ပေါ့လေ...
"သွားကြရအောင်"
လို့ရှီးယန်က
ကျွော့ချင်း၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ခေါင်းကို ညင်သာစွာ ခါပြလိုက်သည်။ ကျွော့ချင်းကလည်း
သူမ ဒေါသတကြီး မပြုမူသင့်သည်ကို နားလည်နေခဲ့သည်။
လို့ရှီးယန်
သူမကို ကယ်တင်ခဲ့တာကတောင် လွယ်ကူမှာ မဟုတ်ဘူး။
ကျွော့ချင်းက
ပင်မခန်းမအလည်တွင် တည့်တည့်မတ်မတ်ရပ်နေသော ခပ်ပိန်ပိန်အမျိုးသမီးကို လှည့်ကြည့်မိပြန်သည်။
ချင်းဖုန့်က ကျွော့ချင်းကို
ညင်သာစွာ ပြုံးပြလိုက်ပြီး ခေါင်းကို ပြန်လှည့်သွားကာ သူမကို နောက်ထပ် မကြည့်တော့ပေ၊
နောက်ဆက်တွဲ အဖြစ်အပျက်များကို သူမတစ်ယောက်တည်းသာ သည်းခံရန် လိုအပ်တော့သည်။
ယန်းဟုန်ထျန်း...
နင် ငါ့ကို အသက်ရှင်ခွင့် မပေးရင် နင့်အတွက် ပိုကောင်းလိမ့်မယ်!
လို့ရှီးယန်က ကျွော့ချင်းကို ဆွဲခေါ်သွားခဲ့သော်လည်း သူမ စိတ်ထဲမှာ စွဲမြဲနေသော အရာက မီးရှူးမီးပန်းများကဲ့သို့ တောက်ပလာကာ ခဏတာအတွင်း ပြန်လည်ပျောက်ကွယ်သွားခဲ့သော အပြုံးတစ်ခုဖြစ်သည်။ ကျွော့ချင်းက ဤခြားနားသော ကမ္ဘာကြီးတွင် အစွမ်းထက်မြက်သော အရာများစွာ ရှိနေသေးသည်ကို ပထမဦးဆုံးအကြိမ် လေးလေးနက်နက် သိမြင် နားလည်လိုက်ရသည်။
✍️✍️✍️