Chapter 52
Viewers 5k

  အခန်း ၅၂ ထိုယောက်ျား၏အတွေးများ (အပိုင်း ၂)

  "အရှင်မင်းကြီး၊ ကျွန်တော်မျိုး လို့ရှီးယန်မှာ အရေးတကြီး  ပြောစရာရှိပါတယ်" အဝေးဆီမှ ရှင်းလင်းပြတ်သားသော အသံတစ်ခုက ထွက်ပေါ်လာသည်။

  ကျွော့ချင်းက သူမ သေတော့မည်ဟု တွေးနေချိန်တွင် ယန်းဟုန်ထျန်းက နောက်ဆုံးတွင် သူမကို ပြန်လွှတ်ပေးလိုက်သည်။

  ကျွော့ချင်းက ခွန်အားမရှိတော့ဘဲ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး အသက်ဝဝရှုနိုင်ရန် အပြင်းအထန် ကြိုးစားနေခဲ့သည်။ ယခုတစ်ကြိမ်တွင် သူမက လို့ရှီးယန်၏ ပန်းနာရင်ကျပ်နှင့်ဆင်တူသော အသက်ရှုကြပ်ခြင်းဝေဒနာကို ကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ရသည်။

  ယန်းဟုန်ထျန်းက ကျွော့ချင်းကို မကြည့်တော့ဘဲ ခန်းမအရှေ့ဘက်ရှိ စားပွဲရှည်ဆီသို့ ပြန်လှည့်သွားပြီး ထိုနေရာတွင် ဝင်ထိုင်ရင်းမှ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

“ဝင်လာခဲ့”

  လို့ရှီးယန်က ဖြည်းဖြည်းမှန်မှန် လျှောက်လှမ်းလာပြီး ကြမ်းပြင်ပေါ်တွင် ထိုင်နေသော ကျွော့ချင်း၏စုတ်ပြဲနေသောအဝတ်အစားများနှင့် သူမ၏လည်ပင်းမှ သိသာထင်ရှားသော လက်ဗွေရာများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူက သူမကို ဘာမှမပြောဘဲ ယန်းဟုန်ထျန်းထံသို့ လှမ်းသွားပြီး အရိုအသေပေးလိုက်သည်။

"ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်"

 နောက်ဆုံးတွင် ကျွော့ချင်းက ခွန်အားများပြန်လည်ရရှိကာ မတ်တပ်ရပ်ရန် ရုန်းကန်လိုက်သည်။ သူမ လှမ်းမျှော်ကြည့်လိုက်ရာ ရည်ရွယ်သည်လား မရည်ရွယ်သည်လား မသိနိုင်သော်လည်း လို့ရှီးယန်က သူမရှေ့တွင် ရပ်နေပြီး ယန်းဟုန်ထျန်း၏အမြင်ကို ပိတ်ဆို့ထားသည်။

  လို့ရှီးယန်ကို ကြည့်နေသည့် ယန်းဟုန်ထျန်း၏မျက်နှာက အနည်းငယ် စိတ်ရှုပ်ထွေးနေပုံရပြီး ဘာကြောင့်မှန်းမသိ ကျွော့ချင်းကို ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားစေသည်။

ယန်းဟုန်ထျန်းက "ရှီးယန်၊ သူ့(မ)ခန္ဓာကိုယ်က ဆေးမှင်ကြောင်ထိုးထားတဲ့ စကားလုံးတွေကို မြင်ဖူးလား?"

  သွားပြီ!

  ကျွော့ချင်းက တိတ်တိတ်လေး ညည်းညူလိုက်သည်။

  ယန်းဟုန်ထျန်း၏ အပြုအမူက အလွန်လိမ္မာပါးနပ်လွန်းလှသည်။ လို့ရှီးယန်က ၎င်းကို မမြင်ကြောင်းပြောလိုက်ပါက သူမ လိမ်ညာနေခြင်းဖြစ်နိုင်ပြီး သူမက လို့ရှီးယန်နှင့် လုံးဝ အတူမနေခဲ့ကြောင်း သူ ခန့်မှန်းမိသွားမည် ဖြစ်သည်။ လို့ရှီးယန်က ပိုထက်မြက်ပြီး သူမကို ကူညီချင်သည့် အဓိပ္ပါယ်ဖြင့် ထိုစကားလုံးများကို မြင်လိုက်ကြောင်းပြောခဲ့လျှင် လို့ရှီးယန်က သူမ ချင်းလင် ဖြစ်နေသည်ကို သိနေလျှင်ပင် သူမကို အလိုရှိနေဆဲဖြစ်သည်ဟု အဓိပ္ပါယ်သက်ရောက်သည်။

အဲ့ဒါက ဘုရင်ကို လိမ်ညာလှည့်စားမှု မဟုတ်ဘူးလား?!

  ကျွော့ချင်းက စိုးရိမ်နေသော်လည်း ယန်းဟုန်ထျန်းက သူမတို့ကို အေးစက်စွာ စူးစိုက်ကြည့်နေသောကြောင့် သူမ၏မျက်နှာတွင် အမူအရာ နည်းနည်းလေးတောင် မပြနိုင်ခဲ့ပေ။ သူမတို့ကြားတွင် မျက်လုံးချင်း ဖလှယ်နိုင်ခြင်းမရှိသောကြောင့် ကျွော့ချင်းက စိတ်ပျက်လက်ပျက် ခံစားနေရသည်။

  လို့ရှီးယန်က ခဏလောက်စဉ်းစားပြီးမှ ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး "အဲ့တုန်းက ကောင်းကင်က အရမ်းမှောင်နေတော့ ကျွန်တော်မျိုး ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပါဘူး၊ သူ(မ)ရင်ဘတ်မှာ ရေးထားတဲ့ တစ်စုံတစ်ခုရှိနေတာကိုပဲ ယောင်ဝါးဝါး မြင်ခဲ့ရပါတယ်"

  ထိုအဖြေက ကျွော့ချင်းကို‌ပင် လန့်သွားစေရန် လုံလောက်နေခဲ့သည်။ 

မထင်မှတ်ထားပဲ သူက အဲ့လို ဖြေတယ်ပေါ့။

          သူ၏ရှက်ရွံနေသော အသံနှင့် အမူအရာတို့ကြောင့် ကျွော့ချင်းက သူနှင့် သူမကြားတွင် တစ်စုံတစ်ခု အမှန်တကယ် ဖြစ်ပျက်သွားသည်ဟု ထင်မှတ်လုနီးပါး ဖြစ်နေခဲ့သည်။

  ယန်းဟုန်ထျန်း၏လက်များက သူ့နောက်ကျောတွင် ရှိနေသော်လည်း သူ့လက်သီးဆုပ်များမှ အဆစ်များ အက်ကွဲသံများကို ကျွော့ချင်းက ရှင်းရှင်းလင်းလင်း ကြားနေရဆဲပင်။ သူ့မျက်နှာက လူတိုင်းကို လက်သီးဖြင့် လိုက်ထိုးချင်နေပုံရသည်။ ကျွော့ချင်းကတော့ အမှန်တကယ် သုံးခါလောက် ဟက်ဟက်ပက်ပက် ရယ်မောချင်နေတော့သည်။

လို့ရှီးယန်က တကယ်ကို ဉာဏ်ကြီးရှင်ပဲကွ!

  ကျွော့ချင်းက လို့ရှီးယန်ကို သူမ၏နှလုံးသားထဲမှ ချီးမွမ်းပြီးနောက် ရုတ်တရက် သံသယဖြစ်စရာတစ်ခုကို တွေးလိုက်မိသည်။

သူမရဲ့ခန္ဓာကိုယ်မှာ ဒီစကားလုံးတွေ ရှိနေမှန်း သူမတောင် မသိခဲ့ဘူး။ အဲ့တော့ လို့ရှီးယန်က သူမရဲ့ခန္ဓာကိုယ်ပေါ်မှာ စကားလုံးတွေ ရှိနေပြီး အဲ့စကားလုံး‌တွေက သူမရဲ့ရင်ဘတ်ပေါ်မှာ ရှိနေတာကို ဘယ်လို သိသွားခဲ့တာလဲ?

    ကျွော့ချင်းက ထိုကိစ္စဖြင့် ရုန်းကန်နေဆဲမှာပင် ယန်းဟုန်ထျန်းက စိတ်မရှည်စွာဖြင့် "ဒီကို လာကြစမ်း၊ ချင်းလင်လို့ခေါ်တဲ့ တခြားအမျိုးသမီးကို ‌ခေါ်လာခဲ့"

       ကိုယ်ရံတော်များက ချင်းဖုန့်ကို ခန်းမထဲသို့ ကြမ်းကြမ်းတမ်းတမ်း တွန်းပို့လိုက်ကြသောကြောင့် သူမ ခြေလှမ်းအနည်းငယ် ယိုင်သွားပြီး နောက်ဆုံးမှာ မတ်မတ် ပြန်ရပ်နိုင်ခဲ့သည်။ ချင်းဖုန့်က လှမ်းမျှော်ကြည့်လိုက်ပြီး ကျွော့ချင်း၏ အဝတ်အစားများ ရှုပ်ယှက်ခတ်နေပြီး အရှက်ရဖွယ် အသွင်အပြင်ကို မြင်သွားကာ သူမ၏မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်များ ချက်ချင်း မြင့်တက်လာခဲ့သည်။

  ယန်းဟုန်ထျန်းက လင်းယုန်ငှက်ကဲ့သို့ ထက်မြက်သော မျက်လုံးများဖြင့် ချင်းဖုန့်ကို စိုက်ကြည့်ကာ "မင်းက ဘယ်သူလဲ?"

  ချင်းဖုန့်ကလည်း မဆိုင်းမတွပင် "ချင်းလင်" ဆိုသည့် စကားနှစ်လုံးကို အေးစက်စွာ ထုတ်ပြောလာခဲ့သည်။

"ချင်းလင်" ဆိုတဲ့ သူမရဲ့ နုနယ်လှပတဲ့ အစ်မကို လူတွေကို စားတဲ့နေရာဖြစ်တဲ့ ဒီနန်းတော်နဲ့ ဒီလူ့နားမှာ နေခွင့်မပြုနိုင်ဘူး!

  သေဖို့မကြောက်တဲ့ မိန်းမက တကယ်ကို လိမ်ညာဝံ့နေတုန်းပဲ။ 

ကျွော့ချင်းက  ယန်းဟုန်ထျန်း၏ မာန်ပါသော အသံကို ကြားလိုက်ပြီး  အမှတ်တမဲ့ တုန်လှုပ်သွားသည်။ 

"ကျန်းက မင်းကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးမယ်။ မင်း အမှန်အတိုင်း ပြောမလား? ဒါမှမဟုတ် မင်းခေါင်းကို ပျောက်သွားစေချင်လား"

  ချင်းဖုန့်၏မျက်နှာက ဖြူဖျော့နေသေးသော်လည်း သူမမျက်လုံးများတွင် နောက်ပြန်ဆုတ်သွားသည့် အရိပ်အယောင် နည်းနည်းလေးမှ မတွေ့ရပေ။ ချင်းဖုန့်က ခေါင်းမာမာဖြင့် ပြန်ဖြေလာသည်။

“ငါက..ချင်း....”

  ကျွော့ချင်း၏လည်ပင်းက နာကျင်မှုနှင့်အတူ ပူလောင်နေဆဲဖြစ်ပြီး ကျွော့ချင်းက ဤရွံ့ရှာဖွယ်ကောင်းသောလူက နောက်ပြောင်နေခြင်း မဟုတ်ကြောင်း လုံးဝ ယုံကြည်ခဲ့သည်။ ခေါင်းမာသောအမျိုးသမီးက သူမက ချင်းလင်ဖြစ်သည်ဟု ဆက်လက်ပြောဆိုနေပါက နောက်အခိုက်အတန့်တွင် သေမင်းက သူမကို စောင့်မျှော်နေပေလိမ့်မည်။ ကျွော့ချင်းက အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးဝင်ကာ သူမ၏ စကားများကို ရပ်တန့်စေလိုက်ပြီး ယန်းဟုန်ထျန်းကို လှမ်းပြောလိုက်သည်။

"ကျွန်မက ချင်းလင်ဆိုတာ ရှင် ရှင်းရှင်းလင်းလင်း သိနေပြီပဲ၊ ဘာလို့ သူ(မ)ကို နှောင့်ယှက်နေတာလဲ?"

    ဒါဆို သူမက ချင်းလင်ပေါ့! 

ယနေ့ည နန်းတော်အပြင်ဘက်တွင် ဖြစ်ပျက်ခဲ့သမျှကို သေချာစဉ်းစားပြီး လို့ရှီးယန်က အဖြေကို မှန်းဆနိုင်နေပြီ ဖြစ်သည်။ လို့ရှီးယန်၏ မျက်လုံးများက မှိန်ဖျော့သွားသော်လည်း သူက စကားမပြောဘဲ တိတ်ဆိတ်နေကာ အပြောင်းအလဲများကို အေးအေးဆေးဆေး စောင့်ကြည့်နေခဲ့သည်။

    "အခု အထောက်အထားတွေ ပြောင်းပြီး သူ(မ)ကို နန်းတော်ထဲ ဝင်စေဖို့ မင်း ကြံစည်ခဲ့တာကို ဝန်ခံလိုက်တာလား?!

  ကံမကောင်းစွာဖြင့် ကျွော့ချင်း၏တုန့်ပြန်မှုက သူ့ဆန္ဒအတိုင်း မဟုတ်ခဲ့ပေ။ သူမက သူမ ယခင်က ဖြေခဲ့သည့်အတိုင်းသာ ထပ်ဖြေလာခဲ့သည်။

"အစောင့်တွေက လဝတ်ကျော်ကြာအောင် မူးယစ်ဆေးတွေ တိုက်ခဲ့တယ်ဆိုတာကို ကျွန်မ ရှင်းပြပြီးပြီ၊ ကျွန်မတို့ တစ်ချိန်လုံး သတိလစ်နေခဲ့တယ်။ အိပ်ရာက နိုးလာတော့ ကျွန်မ မသိတာတွေ အများကြီးရှိနေတာကို သိလိုက်ရတယ်။ ကျွန်မ ဘယ်သူလဲဆိုတာကိုတောင် မမှတ်မိတော့ဘူး၊ သူတို့အားလုံးက ကျွန်မက ချင်းဖုန့်လို့ ပြောကြတယ်။ အဲဒါကြောင့် ကျွန်မက ကျွန်မကိုယ်ကျွန်မ ချင်းဖုန့်လို့ပဲ ထင်နေခဲ့တာ။ ဒီနေ့ ကျွန်မရဲ့ညီအစ်မတွေနဲ့ တွေ့နိုင်ဖို့ စိတ်စောနေလို့ နန်းတွင်းထဲကို ဝင်ခဲ့မိတယ်၊ ဒီရောက်မှ ကျွန်မဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်း သိရတာ၊ ဘာတွေ ဖြစ်သွားတာလဲတော့ ကျွန်မလည်း မသိတော့ဘူး"

တကယ်တော့ ဒီစကားတွေက ချင်းဖုန့်နဲ့ လို့ရှီးယန်အတွက် ရည်ရွယ်တာပါ။ သူမက ချင်းလင် မဟုတ်ဘူး။ သူမ မရှင်းပြနိုင်တဲ့ အရာတွေ အများကြီး ရှိနေသေးတယ်။ သတိမေ့သွားခြင်းက သူမ သုံးနိုင်တဲ့ အကောင်းဆုံးသော အကြောင်းပြချက်ပါပဲ။

သေချာသည်ကတော့ ယန်းဟုန်ထျန်းက ထပ်မံ ဒေါသထွက်လာပြီး "ကျန်းကို သတိမေ့နေတာနဲ့ မလှည့်စားနဲ့တော့။ မင်း သတိမေ့နေတယ်ဆိုရင်တောင် ခန်းမထဲမှာ အလောင်းစစ်ဆေးပြီး ကိစ္စတွေကို ကူညီဖြေရှင်းပေးနိုင်တယ်။ မင်းမှာ သတိမေ့နေရင်တောင် အဲ့လို လုပ်နိုင်​​သေးလား...?"

  ဘာပဲဖြစ်ဖြစ် သတိမေ့သွားတာက ရူးသွားတာ မဟုတ်ဘူးလေ! 

ကျွော့ချင်းက သူမ၏မျက်လုံးများကို မှိတ်ချထားလိုက်ချင်သော်လည်း ယခုက အချိန်အခါ မဟုတ်သေးတာကြောင့် သူမက သက်ပြင်းချရင်း အပြစ်ကင်းစင်စွာ ပြန်ပြောလိုက်သည်။ "ကျွန်မ မှတ်ဥာဏ်တွေ ပျောက်သွားပြီး အတိတ်က အဖြစ်အပျက်တွေ အများကြီးကို မေ့သွားခဲ့တယ်၊ ဒါပေမယ့် အဲဒီ အလောင်းခွဲစိပ်စစ်ဆေးနည်းက ကျွန်မအတွက် ပုံမှန်အတိုင်းပါပဲ၊ စားသောက်တာနဲ့ စာရေးတာတွေလိုပဲ ကျွန်မ လုပ်နိုင်တယ်။ ဒီအရာတွေကို ဘယ်သူက ကျွန်မကို သင်ပေးခဲ့တာလဲဆိုတာကိုတော့ မမှတ်မိတော့ဘူး”

          အတိုချုပ်ပြောရရင် နားမလည်နိုင်သော အရာများအားလုံးကို သတိမေ့သွားခြင်းကြောင့်ဟု သတ်မှတ်နိုင်သည်။

  "ဘယ်လိုတောင် သတိမေ့တာကြီးလဲ!" ယန်းဟုန်ထျန်းက ဒေါသထွက်နေသော်လည်း ရယ်မောလိုက်ရင်း ချင်းဖုန့်ကို ကြည့်ကာ "မင်းရော သတိမေ့နေတယ်လို့ ပြောမှာလား?"

  "ငါက သတိမေ့တာမျိုး မရှိဘူး။ ငါ ဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်း မှတ်မိတယ်"

သူမတို့ မိသားစုကို ဘယ်သူက ဖျက်ဆီးပစ်ခဲ့တာလဲ? ဘယ်သူက သူမတို့ ညီအစ်မတွေကို တစ်သက်လုံး သေကွဲ ကွဲကွာစေခဲ့တာလဲ? ပိုပြီးတော့တောင်  ရှင်းရှင်းလင်းလင်း မှတ်မိနေသေးတယ်!

  သူမတို့ထဲက တစ်ယောက်က သတိမေ့နေပြီး နောက်တစ်ယောက်က တခြားတစ်ယောက်လို ဟန်ဆောင်နေခဲ့တယ်။ သူမတို့နှစ်ယောက်က တကယ်ကို ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့တာပဲ။ 

ယန်းဟုန်ထျန်းက အေးစက်သော အပြုံးဖြင့် ပြောလာပြန်သည်။

"ဆက်ပြော၊ မင်း ဘယ်လိုတွေ လိမ်မလဲဆိုတာ ကျန်း ကြည့်ချင်တယ်!"

  အတိတ်ကို ပြန်တွေးကြည့်ရင် သူမကသာ သူမတို့ရဲ့မျက်နှာတွေကို ဖျက်စီးဖို့ စတင်သွေးဆောင်ခဲ့သူဖြစ်ခဲ့သလို သတ်သေဖို့ကိုလည်း သူမကဘဲ ဦးဆောင်ခဲ့တယ်။ သူမရဲ့ ခေါင်းမာမှု၊ တစ်ကိုယ်ကောင်းဆန်မှုနဲ့ ဒေါသကြောင့် ဘာကိုမှ မအောင်မြင်ရုံသာမက သူမအစ်မကြီးနဲ့ ညီမငယ်ကိုပါ ထိခိုက်စေခဲ့တယ်။ ဒီတစ်ခါတော့ ယန်းဟုန်ထျန်းကို လက်စားချေဖို့က သူမရဲ့အလုပ်ဖြစ်ပြီး၊ သူမက အတိတ်မေ့နေတဲ့အစ်မကို ထပ်ပြီးနာကျင်စေမှာ မဟုတ်ပါဘူး။

  ချင်းဖုန့်က သူမစကားသံများထဲမှ ဒေါသများကို တက်နိုင်သလောက် ဖယ်ထုတ်လိုက်ပြီး "ကျွန်မတို့က ဘယ်သူ့ကိုမှ မလှည့်ဖြားချင်ပါဘူး။ အဲ့တုန်းက ပျက်စီးနေတဲ့ ဘုရားကျောင်းထဲမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြတယ်။ အစ်မက အလယ်မှာရပ်နေပြီး ညီမလေးတွေရဲ့ လက်တွေကို ဆုပ်ကိုင်ပေးထားခဲ့တယ်၊ အစောင့်တွေက ကျွန်မတို့ကို ကယ်တင်ပြီး ကြမ်းပြင်ပေါ်ကို ချပေးတော့  ကျွန်မကို ချင်းလင်ဆိုပြီး အသက်ရှင်နေသေးတယ်လို့ သူတို့ ပြောနေတာကို ကြားလိုက်ရတယ်၊ နောက်ပိုင်းတော့ အစ်မပြောတဲ့အတိုင်းပဲ နေ့တိုင်း ဆေးတိုက်ခံရတယ်။ အိပ်ရာကနေ နိုးလာတော့ နန်းတော်ကို ရောက်နေပြီ၊ ပြီးတော့ ကျွန်မ သူတို့အားလုံးသေကုန်ကြပြီလို့ ထင်ခဲ့တယ်၊ အဲ့တာကြောင့် ကျွန်မလဲ အသက်မရှင်ချင်တော့တဲ့အတွက် မနေ့က ရှင့်ကို ပန်းအိုးနဲ့ ရိုက်ခဲ့တယ်၊ ကျွန်မကိုယ်ကျွန်မ ချင်းလင်လို့ အခိုင်အမာပြောရတဲ့ အကြောင်းရင်းက ဧကရာဇ်လိုချင်တဲ့လူက ချင်းလင် ဖြစ်နေတာကြောင့်ပဲ။ ကျွန်မက ဘယ်သူပဲ ဖြစ်နေပါစေ၊ နန်းတော်ဆီပို့လိုက်ပြီးဆိုမှတော့ အခု ကျွန်မက ချင်းလင်ပဲ”

  ဝန်ကြီးချုပ်က သူမအစ်မကို ကောင်းကောင်း ဆက်ဆံပုံရပြီး အစ်မက သူနဲ့ အတူရှိနေရင် သက်တောင့်သက်သာ နေနိုင်မှာပါ။

  “လုံးဝ အဓိပ္ပယ် မရှိဘူး!"

  သူမက သူလက်ကနေ လွတ်မြောက်ဖို့ အမှန်တကယ် သတ်သေခဲ့တယ်ပေါ့။  ဒါတွေအားလုံးက အကြောင်းအရာအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာတဲ့ မတော်တဆတွေလား??!

  ယန်းဟုန်ထျန်း၏ လင်းယုန်မျက်လုံးများမှ အေးစက်သော အလင်းတန်းများက ကျွော့ချင်းကို အပေါက်ဖောက်လုနီးပါးဖြစ်နေပြီး ယခုအချိန်တွင် သူ ဒေါသဖြစ်နေကြောင်း သက်သေပြရန် လုံလောက်နေသည်။ ခန်းမကြီးက တဖန် တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။

  အချိန်အတော်ကြာတိတ်ဆိတ်သွားသော လို့ရှီးယန်က ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တိုးတိုးလေး ပြောလိုက်သည်။ "အရှင်မင်းကြီး၊ စိတ်အေးအေးထားပါ၊ ကျေးဇူးပြုပြီး ကျွန်တော်မျိုးပြောတဲ့ စကားတွေကို နည်းနည်းလောက် နားထောင်ပေးပါလား?"

  "ပြောပါ" လို့ရှီးယန်အပေါ်တွင် ယန်းဟုန်ထျန်းက အမြဲ ယဉ်ကျေးနေတတ်သည်။

"ဘာပဲဖြစ်ဖြစ် ဒါက ဟောင်ယွဲ့ရဲ့ တာဝန်ရှိသူတွေက အမှားလုပ်မိပြီး သူ(မ)တို့ ညီအစ်မတွေကို နေရာမှားပြီး ပို့လိုက်ကြတာပါ။ ဖြစ်တာတွေလည်း ဖြစ်ပြီး ကုန်ပြီ။ သူတို့က ဘယ်သူတွေပဲဖြစ်ဖြစ် ပြန်ပြောင်းဖို့ အရမ်းနောက်ကျသွားပြီ။ ဒီနေ့ ကျွန်တော်မျိုးပြောချင်တာက ဧကရာဇ်က ကျွန်တော်မျိုးအိမ်တော်ကို ပို့ပေးခဲ့တဲ့ မိန်းခလေးကို ကျွန်တော်မျိုးရဲ့ဇနီး အဖြစ်ပေးအပ်ပြီး လက်ထပ်ပေးဖို့ လက်ထပ်ခွင့်တောင်းချင်ပါတယ်"

  အုန်း!!

  ယန်းဟုန်ထျန်းက စားပွဲရှည်ကြီးပေါ်သို့ လက်ကို ပြင်းပြင်းထန်ထန် ပုတ်ချလိုက်ရာ ကျယ်လောင်စွာ ထွက်ပေါ်လာသော အသံက ခန်းမတွင်းရှိ လူအားလုံးကို ထိတ်လန့်ရုံသာမက ခန်းမအပြင်ဘက်တွင် စောင့်နေသော ကောင်းကျင်းကိုပင် တုန်တုန်ယင်ယင် ဖြစ်သွားစေသည်။

 ✍️✍️✍️