အခန်း ၄၉ လူသတ်သမားက မင်းပဲ (အပိုင်း ၂)
လူသတ်သမားက
ဘယ်သူလဲ???
ဒီလက်ကောက်က
လူသတ်လက်နက်လား?!
ခုလိုတွေ ပြောပြီးသွားတော့
ဒီလက်ကောက်က
လျှို့ဝှက်လက်နက် မဟုတ်ပြန်ဘူးလား?!
လက်ကောက်က
လျှို့ဝှက်လက်နက်ဆိုရင်တောင် အဲ့တာက ဘာမှ ထူးခြားတာတွေ ရှိမနေတာကြောင့် သူ ဘယ်လို သက်သေပြရမလဲ???
ရှန်ယုလန်က သူ့လက်ထဲမှ
လက်ကောက်ကို ကိုင်ထားရင်း အတွေးနက်နေကာ နှုတ်ဆိတ်နေခဲ့သည်။ ဟူရှီအန်းက ရှန်ယုလန်ကို
အေးစက်စွာ ကြည့်နေပြီး ဘာမှ ပြန်မပြောတော့ဘဲ သူ့လက်ကောက်ကို ပြန်ယူရန်သာ
စိတ်အားထက်သန်နေခဲ့သည်။
ကျွော့ချင်းကလည်း
မကြာသေးမီက အလောင်းကို ခွဲစိတ်စစ်ဆေးစဉ်တွင် ဆောင့်ကြောင့်ထိုင်နေခဲ့ရခြင်းကြောင့်
နာကျင်နေသော ခြေထောက်များကို နှိပ်နယ်နေခဲ့သည်။ သူမက
တခြားလူများက ဂရုမစိုက်ပုံမရဘဲ မော့ပိုင်နှင့်
စကားစမြည်ပြောနေပုံရသည်။ သို့သော် သူမ၏အသံက အနည်းငယ် ကျယ်လောင်နေခဲ့သည်။
"ချုံယွဲ့မှာရှိတဲ့
စစ်ချုံးအဆိပ်က ထူးခြားတယ်လို့ ရှင် ပြောခဲ့တာကို ကျွန်မ မှတ်မိတယ်။ အဲ့တာက တခြား
အဆိပ်တွေက မတူဘူး မဟုတ်လား?”
မော့ပိုင်က ကျွော့ချင်း
နည်းလမ်းတစ်ခု စဉ်းစားထားပြီးသားဖြစ်ကြောင်း ယောင်ဝါးဝါး ခံစားလိုက်မိပြီး ချက်ချင်း တုံ့ပြန်လိုက်သည်။
“ဟုတ်ကဲ့”
ကျွော့ချင်း၏ပခုံးလေးက
တွန့်သွားခဲ့ပြီး သူမ၏အမူအရာက အနည်းငယ် ပြောင်းလဲသွားသော ဟူရှီအန်းကို ကြည့်လိုက်ပြီးမှ
"ဒီကိစ္စမှာ လက်ကောက်ထဲမှာ ဝှက်ထားတဲ့ လက်နက်ကို ဖွင့်လို့ မရရင်တောင် လက်ကောက်ပေါ်က
သေစေလောက်တဲ့ အနီရောင်စစ်ချုံးကို သက်သေပြနိုင်ရင် စစ်သူကြီးဟူက သေသေချာချာ
ရှင်းပြဖို့ လိုလိမ့်မယ်”
ဟုတ်တယ်! လူသတ်သမားက ချုံယွဲ့ကို
ချောက်ချရန် ချုံယွဲ့ရဲ့အထူးအဆိပ်ကို ရွေးချယ်ခဲ့တယ်။ အဲ့လို ထူးခြားမှုက
သူ့ကိုယ်သူ ဖော်ထုတ်မိစေဖို့ ပိုမိုလွယ်ကူစေခဲ့တယ်။ သူတို့က
ဝှက်ထားတဲ့လက်နက်ကိုပဲ ရှာဖို့ ကြိုးစားနေခဲ့ကြတယ်။ တကယ်တော့ အဆိပ်နဲ့လည်း
စတင်နိုင်တယ်။
ရှန်ယုလန်က
သူ့လက်ထဲမှ လက်ကောက်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်လုံးများက တောက်ပလာကာ "တစ်ယောက်ယောက်
လာစမ်း၊ ဒီကို ရေခွက်တစ်ခုယူလာခဲ့"
"ဟုတ်ကဲ့"
မကြာခင်မှာပင်
နန်းတွင်းအစေခံတစ်ယောက်က ရေအင်တုံတစ်ခု ယူလာခဲ့သည်။ ရှန်ယုလန်က ဘာအမူအရာမှ မရှိဘဲ ငွေအပ်တစ်ချောင်းကို
ရေထဲသို့ ပေါ့ပေါ့တန်တန် ပစ်ထည့်လိုက်သည်။ အပ်က ဘာမှ မထူးခြားလာပေ။ သူက သူ့လက်ထဲက
လက်ကောက်ကို ရေထဲသို့ ညင်သာစွာ ထည့်လိုက်သည်။ သိပ်မကြာခင်မှာပင် လက်ကောက်၏ထူထဲသော အနားသပ်များထဲမှ
အနီရောင်ဖျော့ဖျော့ အမျှင်လေးများ တဖြည်းဖြည်း စိမ့်ထွက်လာပြီး ရေထဲသို့ အလျင်အမြန်
ပျော်ဝင်သွားတော့သည်။ ရေထဲမှ ငွေအပ်ရှည်က တဖြည်းဖြည်း မည်းနက်လာပြီး ထွက်ပေါ်လာသော
ငန်ကျိကျိအနံ့က အဆိပ်ရှိနေသော သေရည်နှင့်အတူတူ ဖြစ်နေလေသည်။
ရှန်ယုလန်က
ရေဇလုံကို ဟူရှီအန်းရှေ့သို့ ညင်သာစွာ တွန်းပို့လိုက်ရင်း အေးစက်စွာ ပြောလိုက်သည်။
"စစ်သူကြီးဟူ၊
မင်း ဝတ်ထားတဲ့ လက်ကောက်မှာ အနီရောင်စစ်ချုံးရဲ့ အဆိပ်တွေ ဘာလို့ ပါဝင်နေလဲဆိုတာ
မင်း ရှင်းပြနိုင်မလား?”
သူ ဒီလို
ယုတ်မာတဲ့ နည်းလမ်းကို သုံးခဲ့တာကို သူ မယုံနိုင်ဘူး။
ဟူရှီအန်း၏မျက်နှာက
အနည်းငယ် ဖြူဖျော့သွားသော်လည်း ထိတ်လန့်ခြင်း သို့မဟုတ် ခုခံခြင်း မရှိပေ။
"ကိစ္စပြီးသွားပြီ၊
ငါ့မှာ ရှင်းပြစရာ မရှိတော့ဘူး"
သူ ဝန်ခံလိုက်တာလား?! ဒါပေမယ့် အဲ့အတွက် စေ့ဆော်မှုက
ဘာလဲ?? သူက
တစ်စုံတစ်ဦးကို အကြောင်းပြချက်မရှိဘဲ သတ်မှာ မဟုတ်သလို သူမက သူ့တိုင်းပြည်က
မင်းသမီးလေးဖြစ်နေဆဲပဲလေ။
ရှင်းရှင်းပြောရလျှင်
ရှရွှင်းစစ်က ထိုကိစ္စကို သိချင်စိတ် အပြင်းပြဆုံးသူ ဖြစ်နိုင်ပြီး သူက ဟူရှီအန်းကို
ဒေါသတကြီး စိုက်ကြည့်နေကာ "မင်း ဘာလို့
ဒီလိုလုပ်တာလဲ? ချုံယွဲ့နဲ့ ပိုင်ချီကို ရန်တိုက်ပေးနေတာလား? မင်းအတွက်
ဘာအကျိုးရှိမှာလဲ? စစ်သူကြီးဟူက(ဟူရှီအန်းအဖေ) သူ့ဘဝတစ်ခုလုံး တိုင်းပြည်နဲ့ ပြည်သူတွေအတွက်
တိုက်ပွဲဝင်ခဲ့ပြီး သစ္စာစောင့်သိခဲ့တယ်၊ မင်း
ဘာလို့ ဒီနည်းနဲ့ သူ့ကို နှိမ့်ချလိုက်တာလဲ???”
"တိတ်စမ်း! မင်းတို့ ရှမိသားစုက ငါ့အဖေနာမည်ကို
ပြောပိုင်ခွင့်မရှိဘူး!!"
မူလက တည်ငြိမ်ပြီး ဆင်ခြင်တုံတရားရှိနေပုံရသော ဟူရှီအန်းက
ရုတ်တရက် စိတ်လွတ်သွားပုံရသည်။ ရှရွှင်းစစ်၏စကားများက ဟူရှီအန်း၏ နှလုံးသားထဲမှ
အထိခိုက်မခံနိုင်ဆုံးသော နေရာကို စူးစူးရှရှ ထိုးစိုက်မိသွားပုံရသည်။ ဟူရှီအန်းက ရှရွှင်းစစ်ကို
တွန်းထုတ်လိုက်ပြီး သူ၏အရပ်ရှည်ပြီး ထွားကြိုင်းသော အသွင်အပြင်၊ နီရဲနေသော
မျက်လုံးများနှင့် ဒေါသထွက်နေသော မျက်နှာကြောင့် ရှရွှင်းစစ်က တုန်လှုပ်သွားကာ
နောက်ပြန်ဆုတ်သွားခဲ့သည်။
ဟူရှီအန်းက
ရှရွှင်းစစ်ကို လှောင်ပြောင်မှု၊ မလိုလားမှု၊ ဒေါသ၊ မုန်းတီးမှုတို့နှင့်
စိုက်ကြည့်နေရင်း "ငါ့အဖေက အရမ်းနာခံပြီး တိနီနဲ့ မဟာမိတ်ဖွဲ့ဖို့ ငြင်းဆန်ခဲ့တယ်။
သူက နယ်စပ်ကို ကာကွယ်ဖို့ တောင်းဆိုခဲ့တယ်။ သစ္စာတရားလို့ ခေါ်တဲ့ နာခံမှုရဲ့ရလဒ်က
ဘာလဲ၊ တိနီနဲ့ စစ်တိုက်တော့ ကရုဏာနဲ့ အကျင့်စာရိတ္တ ပြည့်ဝတဲ့ မင်းတို့
ကြောင်သူတော် တော်ဝင်မိသားစုက ဘာလုပ်နေခဲ့လဲ? စစ်ကူမပို့ဘဲ တပ်ကို အဘက်ဘက်ကနေ
ဖြတ်တောက်ပြီး ရန်သူလက်အောက်မှာ ဒုက္ခရောက်စေခဲ့တယ်၊ နောက်ဆုံးတော့ ငါ့အဖေက ရန်သူရဲ့မြှားတွေ
အောက်မှာ ဝမ်းနည်းစရာကောင်းလောက်အောင် သေဆုံးသွားခဲ့ရတယ်၊ အဲ့တာကို
သစ္စာစောင့်သိမှုနဲ့ တာဝန်သိမှုလို့ ခေါ်တယ်လား? ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခနဲ့
စစ်သည်တွေရဲ့ ကြိုးစားအားထုတ်မှုကို ဂရုမစိုက်တဲ့ မင်းတို့က ငါ့အဖေရဲ့
သစ္စာခံမှုနဲ့ မထိုက်တန်ဘူး"
ရှရွှင်းစစ်က
မယုံကြည်နိုင်စွာ မျက်မှောင်ကြုတ်လိုက်ပြီး ထပ်မေးလိုက်သည်။ "ဒါကြောင့် မင်းက
ချီမေး(သတ္တမညီမ)ကို တမင်သတ်လိုက်တာပေါ့၊ ပိုင်ချီနဲ့ချုံယွဲ့တို့ရဲ့ မဟာမိတ်ကို
ဖျက်ချင်တာပေါ့၊ နှစ်ဖက်စလုံးက ပိုင်ချီကို တိုက်ခိုက်စေဖို့ လုပ်ခဲ့တာပဲ ဟုတ်တယ်မလား"
"မင်း မှန်တယ်၊ ငါက မင်းတို့အားလုံး သေလုနီးပါး ဖြစ်နေတာကို တွေ့ချင်တယ်!! မင်းတို့နှလုံးတွေကို
မြှားတွေဖောက်ထွက်နေတဲ့ ခံစားချက်ကို မင်းတို့ကိုယ်တိုင် မြည်းစမ်းနိုင်ရင်
အကောင်းဆုံးပဲ!!"
ဟူရှီအန်းက
ရူးသွပ်စွာ ရယ်မောနေပြီး သူ့တစ်ကိုယ်လုံးက လှုပ်ယမ်းနေသည်။ သူ့နှလုံးသားထဲမှ
အမုန်းတရားများက လူတိုင်းကို ထိတ်လန့်စေခဲ့သည်။
ဟူရှီအန်း၏ရူးသွပ်မှုက
လူအများကို ဆိုးရွားသည့် ကြိုတင်သတိပေးချက်တစ်ခု ပေးနေပြီး ယန်းဟုန်ထျန်းက
"လာကြစမ်း၊ ဟူရှီအန်းကို ခေတ္တချုပ်နှောင်ထားလိုက်ကြ"
"အလုပ်ရှုပ်ခံစရာ မလိုပါဘူး" ရယ်သံက ရုတ်တရက် ရပ်တန့်သွားပြီး
ကျယ်လောင်သော အသံဖြင့် ရယ်မောနေခဲ့သော ဟူရှီအန်းက အနည်းငယ် မောပန်းနေပုံရကာ "တော်ပြီ
အမှန်တရားကို ဖော်ထုတ်ပြီးပြီဆိုမှတော့ ငါက အဲ့ဒိခေါင်းမာတဲ့ အဘိုးကြီးနောက်ကို
လိုက်သွားတော့မယ်"
သူက ပြောနေရင်း
ရေအင်တုံအတွင်းမှ ငွေအပ်ကို ကောက်ကိုင်လိုက်ပြီး သူ့နားထင်ထဲသို့ ထိုးသွင်းလိုက်သည်။
အရာအားလုံးက
မြန်ဆန်လွန်းပြီး လူတိုင်းက တုံ့ပြန်နိုင်ချိန်တွင် အရပ်မြင့်မြင့်ပုံရိပ်က
ခန်းမတည့်တည့်တွင် လဲပြိုနေခဲ့ပြီ ဖြစ်သည်။
ရှန်ယုလန်
အလျင်အမြန် သွားကြည့်လိုက်ရာ သူက အကြောဆွဲနေပြီး အနည်းငယ် ကြာပြီးနောက် လှုပ်ရှားမှု
ရပ်တန့်သွားသည်ကိုသာ တွေ့လိုက်ရသည်။ သူ့မျက်နှာက ပြာနှမ်းသွားကာ လက်ခြေများ
တောင့်တင်းလာပြီး မျက်လုံးများလည်း ပြူးကျယ်လာခဲ့သည်။
ရှန်ယုလန်က
ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး "သေပြီ"ဟု တိုးတိုးလေး ပြောလိုက်သည်။
နောက်တစ်ယောက်
သေသွားပြီလား?!
ဧည့်ခံပွဲက
နောက်ဆုံး ဒီလိုဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူး။
စုလင်း၏
မျက်လုံးထဲတွင် ဝမ်းနည်းရိပ်အနည်းငယ် လင်းလက်နေခဲ့သည်။
သူက
စစ်သူကြီးဟူ(ဟူရှီအန်းအဖေ)နဲ့ တွေ့ဆုံဖူးခဲ့ပြီး ထိုလူရဲ့ ကိုယ်ရည်ကိုယ်သွေးကို အရမ်းသဘောကျခဲ့တယ်။
တကယ်တော့ ဟူရှီအန်း နားမလည်တာ ရှိနေခဲ့တယ်။ မြောက်ပိုင်းချီရဲ့တော်ဝင်မိသားစုက
စစ်သူကြီးဟူရဲ့သစ္စာတရားနဲ့ အမှန်တကယ် မထိုက်တန်ပေမယ့် စစ်သူကြီးဟူ ကာကွယ်ပေးချင်ခဲ့တဲ့သူတွေက
မြောက်ပိုင်းချီရဲ့တော်ဝင်မိသားစု မဟုတ်ခဲ့ဘူး။ သူ တကယ် ကာကွယ်ပေးချင်ခဲ့တာက မြောက်ပိုင်းချီရဲ့ပြည်သူတွေပဲ။
(T/N: ဟူရှီအန်းကြောင့် စစ်ဖြစ်ရင် ပြည်သူတွေ ဒုက္ခရောက်မယ်လို့ စုလင်းက
ပြောချင်တာ ထင်တယ်)
လူသုံးယောက်
လာခဲ့သောအဖွဲ့တွင် ယခု သူတစ်ဉီးတည်းသာ ကျန်တော့သည်။ ရှရွှင်းစစ်က
သူ့အတွက်သာမက မြောက်ပိုင်းချီအတွက်ပါ ဝမ်းနည်းမှုနှင့် အရှက်တရားကို ခံစားနေရသည်။ သူက
အသက်ကို ပြင်းပြင်းရှူရင်း ရုတ်တရက် ဒူးထောက်လိုက်ကာ အသံတိုးတိုးဖြင့် "ဒီနေ့
ဖြစ်ပျက်ခဲ့တာက မြောက်ပိုင်းချီအတွက် တကယ်ကို ဝမ်းနည်းစရာကောင်းပါတယ်။ ဒါက
နားလည်မှု လွဲမှားခဲ့တာကြောင့်ပါ၊ နှစ်ယောက်လုံးကို ပြန်သယ်သွားခွင့်ပြုဖို့ ချုံယွဲ့အင်ပါယာရဲ့ဧကရာဇ်
မင်းမြတ်ကို တောင်းဆိုပါရစေ၊ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို မြောက်ပိုင်းချီကို
ယူဆောင်သွားချင်ပါတယ်"
ယန်းဟုန်ထျန်းက
ရှရွှင်းစစ်ကို
အရှက်ခွဲမနေတော့ဘဲ သူ့လက်ကို ညင်သာစွာ မြှောက်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
"ခွင့်ပြုတယ်၊
လာကြစမ်း၊ တတိယမင်းသားကို တည်းခိုဆောင်ဆီ ပြန်ခေါ်သွားပေးလိုက်၊ အရာရှိရှန်...
ဒီကိစ္စတွေကို မင်းကို လွှဲပေးလိုက်ပြီ"
"အမိန့်တော်ကို နာခံပါတယ်"
ယန်းဟုန်ထျန်းက
ပြောပြီးသည်နှင့် အမြန်ထရပ်ကာ ကျွော့ချင်းကို
မကြည့်တော့ဘဲ ခန်းမထဲမှ ထွက်သွားတော့သည်။ ကျွော့ချင်းက သက်ပြင်းချလိုက်သည်။
ယန်းဟုန်ထျန်းက ချင်းဖုန့်အတွက် သူမအပေါ်
ခံစားချက်မျိုးစုံ ထုတ်ပြနေခဲ့တယ်။ သူမရဲ့စိတ်ခံစားမှုတွေအရ သူတို့ကြားမှာ
ရောယှက်မှုတစ်ခု ရှိနေနိုင်တယ်လို့ သူမ ခံစားနေခဲ့ရပြီး
သူမက အဲ့လို ရောထွေးရှုပ်ယှက်နေတဲ့အခြေအနေထဲကို သူမကိုယ်သူမ မကျဆင်းသွားစေချင်ဘူး။
ကျွော့ချင်းက
သူမ၏မျက်လုံးများကို တစ်ဖန် ပြန်မော့ကာ ချင်းလင်ဘက်သို့ လှမ်းကြည့်လိုက်သော်လည်း
သူမကို စောင့်ကြပ်နေခဲ့သော မိန်းမစိုး သုံးယောက်ကိုသာ တွေ့လိုက်ရသည်။ ပင်မခန်းမကြီးထဲတွင် ချင်းလင်၏ အရိပ်ကိုပင်
မတွေ့ရတော့ပေ။
မိဖုရားက
သူမကို ပြန်ခေါ်သွားတာ ဖြစ်နိုင်လား?!
ကျွော့ချင်းက
အနည်းငယ် စိတ်ပူသွားသော်လည်း မိဖုရားက သူမကို အမှန်တကယ် ခေါ်သွားခဲ့လျှင်ပင် သူမ
ဘာလုပ်နိုင်လို့လဲဟု တွေးလိုက်မိသည်။ ကျွော့ချင်းက
လို့ရှီးယန်ဆီသို့ လှမ်းကြည့်လိုက်ရာ
ကျွော့ချင်း၏ မျက်လုံးများက ချောင်ယွမ်မင်းသမီး၏ မျက်ရည်စများကို မတော်တဆ တွေ့လိုက်ရသည်။
သူမ၏မျက်ရည်ကျနေသော မျက်လုံးများတွင် လေးလေးနက်နက် ဝမ်းနည်းမှုနှင့်
နာကြည်းမှုတို့ ရှိနေခဲ့သည်။ ကျွော့ချင်းတစ်ယောက် မျက်မှောင်မကြုတ်ပဲ
မနေနိုင်တော့ပေ။ သူမက အခြားသူ၏ စိတ်ကူးယဉ်ရန်သူ မဖြစ်ချင်ခဲ့ပေ။ ကျွော့ချင်းက အကြည့်ပြန်လွှဲလိုက်ပြီး
လို့ရှီးယန်ကို လှည့်ပတ်ရှောင်ကာ ခန်းမထဲမှ ထွက်သွားတော့သည်။
ကျွော့ချင်း
သူ့အနားမှ ဖြတ်သွားချိန်မှာ တစ်စုံတစ်ယောက်က သူမလက်ကို လှမ်းဆွဲလိုက်ကာ တားဆီးလိုက်သောကြောင့်
သူမ၏လက်တွင် အနည်းငယ် အေးစက်သွားသလို ခံစားလိုက်ရသည်။ တွေးတောင်မတွေးဘဲ မည်သူမှန်း
သိလိုက်ရပြီး ကျွော့ချင်း လှည့်မကြည့်ရသေးခင်မှာပင် နူးညံ့သိမ်မွေ့သည့်အသံတစ်ခုက
သူမနားနားတွင် ထွက်ပေါ်လာခဲ့သည်။ “ရထားလုံးပေါ် အရင်သွားပြီး စောင့်နေနော်၊ ကိုယ်
ခဏနေရင် လာခဲ့မယ်"
သူ့စကား ဆုံးသွားချိန်တွင်
ကျွော့ချင်းက နောက်ပြန်လှည့် မကြည့်သော်လည်း သူမနောက်မှ စူးစူးရဲရဲ
စိုက်ကြည့်နေသော အကြည့်ကို ခံစားနိုင်ခဲ့သည်။
သူမကိုယ်တိုင်
နန်းတော်ကနေ ထွက်သွားလို့ မရဘူး၊ အပြင်မှာ စောင့်မနေရင် တခြားဘယ်ကို သွားလို့ ရမှာလဲ? သူက ရည်ရွယ်ချက်ရှိရှိ
လုပ်ခဲ့တာ ဖြစ်နိုင်တယ်!
ကံကောင်းထောက်မစွာဖြင့်
သူက သူမ၏လက်ကို လွှတ်ပေးလိုက်ပြီး ကျွော့ချင်းက သူနှင့် အဓိပ္ပါယ်မဲ့စွာ
ပြောဆိုရန် ပျင်းလွန်းလှသည်။ ထို့အပြင် သူမ၏ ရှင်းပြချက်က အခြားသူများ၏မျက်လုံးများတွင်
ပေါ်လွင်လာပြီး ရယ်စရာဖြစ်လာမည်ကို သူမ စိုးရိမ်နေမိသည်။
ကျွော့ချင်းက
လှပစွာ ထွက်ခွာသွားခဲ့သော်လည်း ယန်းရူရွှယ်၏ နှလုံးသားကတော့ ပြင်းထန်စွာ နာကျင်နေခဲ့သည်။
လို့ရှီးယန်က ထိုအမျိုးသမီး၏ နောက်ကျောကို ငေးကြည့်နေခြင်းအား သူမ တွေ့လိုက်ရသည်။ ယန်းရူရွှယ်က
သူမ၏တုန်တုန်ယင်ယင် အသံကို ပြန်ကြားလိုက်ရပြီး သူမဘာသာတောင် ပြန်လန့်သွားခဲ့သည်။
"ရှင်...သူ(မ)ကို
ကြိုက်လား?"
လို့ရှီးယန်က
သူမကို ပြန်လှည့်ကြည့်လာပြီး ပေါ့ပေါ့ပါးပါးလေသံဖြင့် "နောက်ကျနေပြီ၊
မင်းသမီး... စောစောအနားယူဖို့ နန်းဆောင်ကို ပြန်သွားပါ"
"ရှင် သူ(မ)ကို ကြိုက်လား"
ဒီနေ့ သူမ
သိရမှ ဖြစ်မယ်! နှစ်ပေါင်းများစွာအတွင်း
သူမ အဲ့လို အပြုအမူတွေကို လုံလုံလောက်လောက် ရရှိခဲ့ပြီးပြီ။
သူ့မျက်လုံးများထဲတွင်
ဘာအရိပ်အယောင်မှ မရှိဘဲ လို့ရှီးယန်က တည်ငြိမ်အေးဆေးစွာ ထပ်ပြောလာခဲ့သည်။
"ဒီလူက
ပင်မခန်းမမှာ သူ(မ)က ဒီလူရဲ့ဇနီးလို့ ပြောခဲ့တယ်"
ယန်းရူရွှယ်က ယခင်အကြိမ်များကဲ့သို့
ထွက်ပြေးရန် မရွေးချယ်ဘဲ သူမ၏ လက်သီးများကို ဆုပ်ထားရင်း ရှိုက်ငိုနေကာ "ရှင်ကို
မေးတာက ရှင် သူ့(မ)ကို ကြိုက်လားလို့ပဲ မေးတာလေ!"
သူမက
ဇနီးဆိုတဲ့ နေရာအဆင့်အတန်းကို ဂရုမစိုက်ဘူး။ သူ့နှလုံးသားထဲမှာ ဘယ်သူရှိလဲဆိုတာ
သိချင်ရုံသက်သက်ပဲ!
သူ့ရှေ့မှ
မိန်းကလေးက ပြင်းထန်စွာ ငိုနေသဖြင့် လို့ရှီးယန်က သူ၏ လက်များကို ရွှေ့ကာ လက်ကို
ဖြည်းညှင်းစွာ နှိမ့်ချရင်း ရိုးရိုးရှင်းရှင်း စကားလုံးတစ်လုံးဖြင့် ပြန်ပြောလိုက်သည်။
"အင်း"
အင်း. . . . . . .
ယန်းရူရွှယ်၏စိတ်က
ခဏတာ လွတ်သွားခဲ့သည်။
သူ ပြောတာ အင်း
တဲ့ လား? !
အဲ့ဒီတော့ သူ
ကြိုက်တဲ့သူက သူမ မဟုတ်ဘူးပေါ့ . . . . . . .
သူ့မှာ
စိတ်ဝင်စားတဲ့လူ မရှိသေးရင် သူ သူမကို စိတ်ဝင်စားနေတာ ဖြစ်နိုင်တယ်လို့
သူမကိုယ်သူမ လှည့်စားနိုင်တယ်။ အခုတော့ သူမကိုယ်သူမ ဘယ်လိုလှည့်စားနိုင်တော့မှာလဲ?!
သူမ
ဘာလုပ်သင့်လဲ? သူမ သူ့ကို
အရမ်းချစ်တယ်? သူမ သူ့ကို
နှစ်ရှည်လများ ကြိုက်ခဲ့တာ ကြာနေလှပြီ။ ပန်းတွေကြွေကျတဲ့ရာသီမှာ ငှက်မွှေးလေးလို
ပေါ့ပါးပြီး နူးညံ့သိမ်မွေ့တဲ့ သူ့အပြုံးက သူမကို ဖမ်းစားနိုင်ခဲ့တယ်။ ဒါပေမယ့်
အခုအချိန်ကစလို့ သူ့နှလုံးသားက သူမအတွက် မဟုတ်တော့ဘူး။ အခု သူမ ဘာဆက်လုပ်ရမလဲ?
ယန်းရူရွှယ်၏အမူအရာက
နှေးကွေးနေသောကြောင့် လို့ရှီးယန်က အနည်းငယ် စိုးရိမ်သွားသည်။ သူမက
မိန်းကလေးကောင်းတစ်ယောက် ဖြစ်သော်လည်း နုနယ်လွန်းလှသည်။ ထို့ကြောင့် သူက
ဘုရင်နှင့်ဝန်ကြီးများ၏ကျင့်ဝတ်များကို နှစ်ပေါင်းများစွာ လိုက်နာခဲ့ပြီး သူမနှင့်
ခပ်ဝေးဝေးနေခဲ့သော်လည်း ဘာမှ မထူးခြားလာခဲ့ပေ။ သူက သူမကိုလည်း ပွင့်ပွင့်လင်းလင်း
မငြင်းရဲခဲ့ပေ။
ယန်းရူရွှယ်က
ရုတ်တရက် ပြန်လှည့်လိုက်ပြီး ခန်းမထဲမှ ဖြည်းညှင်းစွာ ပြန်ထွက်လာခဲ့သည်။ သူမက
လမ်းလျှောက်နေသည့် အရုပ်တစ်ရုပ်လို ဖြစ်နေပြီး စိတ်လွတ်နေပုံရသောကြောင့် လို့ရှီးယန်က
သူမ နောက်မှ လိုက်လာခဲ့သည်။
ခန်းမကြီးထဲတွင်
လူအများကြီး မကျန်တော့ဘဲ ခန်းမ၏အဝင်ဝတွင် မင်းသမီး၏ကိုယ်ရေးကိုယ်တာအစေခံက သူမကို
လာကြိုနေခဲ့သည်။ လို့ရှီးယန်ကလည်း သူ့ခြေလှမ်းများကို ရပ်လိုက်ပြီး ယန်းရူရွှယ် ထွက်သွားသည်ကို
စောင့်ကြည့်နေလိုက်သည်။
တစ်ဖက်တွင်
ကျွော့ချင်းက စိတ်မရှည်သည့် လေသံဖြင့်
"ရှင်က ဘယ်သူလဲ?"
လို့ရှီးယန်က
အသံလာရာကို မော့ကြည့်ပြီး သူမ၏ရှေ့တွင် ရပ်နေသူမှာ ဧကရာဇ်မင်းမြတ်၏ အနီးကပ် မိန်းမစိုး
ကောင်းကျင်း ဖြစ်နေသည်ကို သူ တွေ့လိုက်ရသည်။
လို့ရှီးယန်က
ကျွော့ချင်း၏အနားသို့ လျှောက်သွားလိုက်ပြီး သူမကို သူ့နောက်သို့ ပို့ကာ
အကာအကွယ်ပေးလိုက်ရင်း စိတ်ရှုပ်ဟန်ဆောင်ကာ "ကောင်းကုန်းကုန်းက ဘာကိစ္စရှိလို့လဲ?"
ကောင်းကျင်းက
သူ့လက်ကို အုပ်ကာ ဦးညွှတ်နူတ်ဆက်လိုက်ပြီး "ဘုရင်မင်းမြတ်က လို့လူကြီးမင်းနဲ့
ချင်းသခင်မလေးတို့ အတွင်းခန်းထဲကို ဝင်ဖို့ ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်”
မပြီးသေးဘူးလားဟ!!
ကျွော့ချင်း၏မျက်နှာက
ညိုမဲလာတော့သည်။
ငါ မောပန်းနွမ်းနယ်နေပြီလေ။
နောက်တစ်ကြိမ် စကားတွေ ထပ်မပြောနိုင်တော့ဘူးလို့!
သူ့နဲ့သူမကို
တွဲပြီး ဖိတ်ခေါ်တာလား? သူကို တကယ်ဖိတ်ခေါ်ချင်တာဆိုရင်
ကောင်းကျင်းက ချင်းဖုန့်ဆီကို ဘာကြောင့် တိုက်ရိုက်သွားခဲ့တာလဲ? ဧကရာဇ်အပေါ် သူရဲ့
နားလည်မှုအပေါ် မူတည်ပြီး ဒီကိစ္စကို လွှတ်ထားမှာ မဟုတ်တာ သေချာနေခဲ့ပေမယ့်
ဒီလောက်မြန်မြန်ဖြစ်ဖို့တော့ သူ မမျှော်လင့်ထားပါဘူး။
လို့ရှီးယန်က
အသေးစိတ်အချက်အလက်များကို မဖော်ပြဘဲ သူ၏ အမှတ်အသားဖြစ်သော ပြေပြစ်သော အပြုံးကို
ထုတ်ပြလိုက်ပြီး "ဒါဆို ကျေးဇူးပြုပြီး ကောင်းကုန်းကုန်းကို လမ်းပြပေးဖို့
တောင်းဆိုပါရစေ"
"ကျွန်တော်မျိုးက ဒါကို အလေးအနက် မထားရဲပါဘူး" ကောင်းကျင်းက သူတို့
နှစ်ယောက်ကို ဦးဆောင်ပြီး ခန်းမထဲကနေ ပြန်လှည့်ထွက်လာခဲ့သည်။
ကျွော့ချင်းက
စိတ်တိုနေပုံရပြီး လို့ရှီးယန်က သူမကို နူးညံ့သည့် အသံဖြင့် အေးအေးဆေးဆေး နှစ်သိမ့်ပေးနေခဲ့သည်။
"စိတ်မပူပါနဲ့
အဲဒါက မျက်နှာချင်းဆိုင် တွေ့ဆုံမှုတစ်ခုပဲ၊ မင်းနားမှာ ကိုယ် ရှိပါတယ်"
သူမ ဘာကို
စိတ်ပူရမှာလဲ???
ပြဿနာ၏သော့ချက်က
သူမ မဟုတ်ဘဲ ချင်းဖုန့်ဟု ပြောရန်ကလည်း ကျွော့ချင်းအတွက် ခက်ခဲနေခဲ့သည်။
အခုတော့ ချင်းဖုန့်နဲ့ အဲဒီလွှမ်းမိုးချုပ်လှယ်ချင်တဲ့ မောက်မာကြမ်းတမ်းတဲ့လူကြားက ဆက်ဆံရေးက ဘာလဲဆိုတာ သူမလည်း မသိတော့ဘူး။
✍️✍️✍️