အခန်း ၄၇ အမှန်တရားက တစ်ခုပဲ ရှိတယ်
မြင့်မြတ်သော
ရာထူးမှ အဆင့်အတန်းမြင့်သော ပုဂ္ဂိုလ်က ကြီးကျယ်ခမ်းနားသော အရှိန်အဝါဖြင့် ကျွော့ချင်းဆီသို့
တန်းတန်းမတ်မတ် လျှောက်လာနေခဲ့သည်။ ကျွော့ချင်းက သူ၏ နက်မှောင်သော မျက်လုံးများကို
တွေ့လိုက်ရပြီး ရှောင်ဖယ်၍ မရတော့သောကြောင့် ရင်ဆိုင်လိုက်ရသည်။
သူက ချင်းဖုန့်ဆီသို့
လာနေတာလား? သူက ချင်းမိသားစုက
ညီအစ်မသုံးယောက်လုံးကို သဘောကျရင် ဘာလို့ သူ့ဘာသာသူ မသိမ်းထားဘဲ သူများတွေကို
ပေးပစ်တာလဲ? အခုတော့ သူမတို့ ညီမတွေက
သူ့ကို ယွမ် ၈၀,၀၀၀ ကနေ ၂,၅၀၀,၀၀၀ လောက် အကြွေးတင်နေပုံနဲ့ လာဆက်ဆံနေတယ်။ အဲဒါက ဘာကိုဆိုလိုတာလဲ?
အခု သူမက
သူ့ကို ဘယ်လိုတောင် စိုက်ကြည့်နေရဲတာလဲ?! ကောင်းတယ်... အရမ်းကောင်းတယ်။
မတွေ့ရတဲ့ သုံးနှစ်အတွင်းမှာ သူမက ပိုပြီး သတ္တိရှိလာတယ်လို့ သူ ခံစားနေရတယ်။
ယန်းဟုန်ထျန်းက ကျွော့ချင်းရှေ့သို့
လမ်းလျှောက်လာနေရင်း ရုတ်တရက် ပြောလိုက်သည်။
"မင်းက
ခွဲစိတ်ဖို့ အဆိုပြုခဲ့တယ်၊ ဒါကြောင့် ကျန်းက ချင်းမိသားစုကို ခွဲစိပ်မှု
ပေးလုပ်မယ်၊ အရာရှိရှန်က ကူညီရုံပဲ ကူညီပေးလိုက်"
ဒီနှစ်တွေအတွင်း
သူမ ဘာတွေတိုးတက်ခဲ့လဲဆိုတာကို သူလည်း သိချင်နေမိတယ်။
ရှန်ယုလန်က
ကျွော့ချင်းကို စိုးရိမ်တကြီး တချက်လှမ်းကြည့်လိုက်သော်လည်း သူမက ဘာမှမထူးခြားသလို
မြင်နေသည်ကို သူ မြင်လိုက်ရသောကြောင့် အမိန့်ကိုသာ
နာခံလိုက်ရသည်။
"ဒီလက်အောက်ငယ်သားက
အမိန့်တော်ကို နာခံပါတယ်"
ယန်းဟုန်ထျန်းနှင့်
ကျွော့ချင်းတို့ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းပြိုင်နေစဥ်မှာပင် လို့ရှီးယန်၏
နူးညံ့သိမ်မွေ့သော အသံက အချိန်ကိုက် ထွက်ပေါ်လာခဲ့သည်။
"အရှင်မင်းကြီး၊
သူ(မ) စိတ်လှုပ်ရှားနေမှာကို ကျွန်တော်မျိုး စိတ်ပူပါတယ်။ အတူတူ လာကြည့်ခွင့်ရမလားလို့
တွေးမိပါတယ်"
ယန်းဟုန်ထျန်း၏
မျက်လုံးများတွင် မကျေမနပ် အရိပ်အယောင်များ ထွက်ပေါ်လာပြီး သူ စကားမပြောရသေးမီတွင်
"အလောင်းခွဲစိတ်တယ်ဆိုတာက ဘာလိုလဲဆိုတာ ဒီလူလည်း တစ်ခါမှ မမြင်ဖူးဘူး၊ ဒီလူလည်း
ကြည့်ချင်တယ်၊ အဆင်ပြေရဲ့လား" ဟူသော စကားသံထွက်လာပြန်သည်။
ထိုအသံ
ထွက်လာချိန်တွင်တော့ လူအားလုံး ပြုံးမိကြပြန်သည်။
ဟေ့ ဒီနေ့
ဘာတွေဖြစ်တာလဲကွ? အမြဲတမ်း အေးစက်စက်နဲ့
တိတ်တိတ်ဆိတ်ဆိတ်နေတဲ့ စစ်သူကြီးစုက ဘာကြောင့် ပျော်ရွှင်ဖို့ ပါဝင်လာရတာတုန်း။
စုလင်း၏
လင်းယုန်မျက်လုံးများဖြင့် အေးစက်စွာ စိုက်ကြည့်ခံနေရသောကြောင့် ရှရွှင်းစစ်က ပို၍
ဖိအား တိုးလာသလို ခံစားနေရသည်။ စစ်မြေပြင်တွင် အောင်ပွဲခံခဲ့သည့် စစ်သူကြီး၏ထူးထူးခြားခြား
အရှိန်အဟုန်ကြောင့် မည်သို့ ငြင်းဆန်ရမည်ကို သူ စဉ်းစားနေချိန်မှာပင်
သူ့နောက်တွင်ရှိနေသည့် ဟူရှီအန်းက ဦးစွာ ဝင်ပြောလာသည်။
"စစ်သူကြီးစု...
မင်းသမီးလေးက ဆုံးပါးသွားပြီဆိုပေမယ့် အလေးအနက်ထားပြီး ပြောရမယ်ဆိုရင် သူ(မ)က
မိန်းခလေးဖြစ်နေသေးတာမို့ သိပ်အဆင်မပြေမှာကို ကြောက်မိပါတယ်"
ကျွော့ချင်းတစ်ယောက်ကတော့
သူမ၏မျက်လုံးများကို လှိမ့်နေမိတော့သည်။
အလောင်းခွဲစိပ်စစ်ဆေးတာက
ပြပွဲမဟုတ်ဘူးဟ။ နင်တို့က ဘာကို ကြည့်ချင်နေတာလဲ?!
သူမက
ကြည့်ရှုရန် စိတ်အားထက်သန်နေသည့် လူနှစ်ယောက်ကို လက်ညှိုးညွှန်ပြလိုက်ပြီး "ရှင်တို့နှစ်ယောက်ကို
အထဲဝင်ခွင့်မပေးဘူး။ ကြည့်ချင်ရင် အပြင်ကနေ စောင့်ကြည့်"
"မြန်မြန်စလိုက်ကြရအောင်" ပြောပြီးသည်နှင့်တပြိုင်နက် ကျွော့ချင်းက ပိတ်စကန့်လန့်ကာကို
ဖွင့်ပြီး အထဲသို့ ဝင်သွားတော့သည်။
ရှန်ယုလန်က
ပိတ်စကန့်လန့်ကာကို ဖြည်းညှင်းစွာ ရုတ်သိမ်းပေးလိုက်ပြီး ယန်းဟုန်ထျန်းလည်း လိုက်ဝင်သွားခဲ့သည်။
ရှရွှင်းစစ်က နောက်မှ လိုက်သွားခဲ့ပြီး ဟူရှီအန်းကလည်း လိုက်ဝင်ရန် ပြင်ဆင်လိုက်သည်။
သို့သော် ရှန်ယုလန်က သူ့ကို တားဆီးထားခဲ့ပြီး သူ့နှုတ်ခမ်းများကိုပင် တွန့်ကွေးထားလိုက်သေးသည်။
ဟူရှီအန်းက ကန့်လန့်ကာအနီးတွင် ရပ်လိုက်ပြီး ကြမ်းပြင်ပေါ်မှ မှုန်ဝါးဝါး မြင်နေရသေးသည့်
အလောင်းကို စိုက်ကြည့်နေလေသည်။
လို့ရှီးယန်က
သူ့ဘေးနားမှ စုလင်းကို တစ်ချက်ကြည့်လိုက်သည်။ စုလင်းက သူ့ထိုင်ခုံဆီသို့ ပြန်သွားမည်ဟု
လို့ရှီးယန် ထင်ထားခဲ့သော်လည်း သူက ကန့်လန့်ကာအပြင်တွင်
စိတ်ဝင်တစား မတ်တပ်ရပ်နေမည်ဟု သူ မထင်ခဲ့မိပေ။
ကျွော့ချင်းက သူတို့သုံးယောက်
မတ်တပ်ရပ်နေကြတာကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ လက်အိတ်များကို ဝတ်ဆင်ကာ ခွဲစိတ်ကိရိယာများကို
စစ်ဆေးနေရင်း "ကျွန်မတို့ စလို့ ရပြီလား?"
ကြမ်းပြင်ပေါ်တွင်
လဲလျောင်းနေသော အလောင်းက တောင့်တင်းနေပြီး
အသားအရည်က ပြာနှမ်းနေကာ မျက်လုံးများက ပြူးကျယ်နေပြီး အလှတရား ကင်းမဲ့နေလေသည်။
ထိုကဲ့သို့သော အလောင်းကို မြင်ပြီးနောက် အခြားမည်သူကမှ ဘာမှ ထပ်မတွေးဘဲ
ထိတ်လန့်ခြင်းနှင့် ရက်စက်ခြင်းသာ ခံစားရပေလိမ့်မည်။ သူမကတော့ မေးခွန်းတွေကို
အေးအေးဆေးဆေး မေးနေနိုင်သေးသည်။ ယန်းဟုန်ထျန်းက သူ့နှလုံးသားထဲကမှ သူမကို တကယ်
သဘောကျနေမိသည်။
ယန်းဟုန်ထျန်းက
ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ရင်း "ကောင်းပြီ၊ စတော့"
ကျွော့ချင်းက
သေဆုံးသွားသူ၏လည်ချောင်းအောက်နေရာကို ဓား တင်လိုက်ပြီး ရင်ဘတ်အထိ ဖြည်းညှင်းစွာ ဆွဲချလိုက်သည်။
သွေးထွက်နှုန်းက သိပ်မကြီးမားသော်လည်း သွေးနံ့က ခန်းမတစ်ခုလုံး ချက်ချင်း ပြည့်လျှံသွားသည်။
လူတစ်ယောက်၏ ရင်ဘတ်အပွင့်ကြီးကို မြင်လိုက်ရသဖြင့် ရှရွှင်းစစ်၏ ပျို့အန်ချင်စိတ်က
ထိန်းမနိုင်သိမ်းမရလောက်အောင် တဟုန်ထိုး ထိုးတက်လာခဲ့သည်။
တကယ်ဆိုရင်
ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေတဲ့သူက သူ့ညီမလေး ဖြစ်ပြီး တခြားသူ မဟုတ်ဘူး။ ဒါပေမယ့်
သူ ဆက်ကြည့်ဖို့ သည်းမခံနိုင်တော့လို့ အကြိမ်ပေါင်းများစွာ အဝေးကို လှမ်းကြည့်နေရတယ်။
ကျွော့ချင်းကတော့
အစမှ အဆုံးအထိ သူမလုပ်ရမည့်အရာကိုသာ အာရုံစိုက်နေပြီး ခွဲစိတ်စစ်ဆေးမှုကို
မှတ်တမ်းတင်နိုင်ရန် ကျိုးကြောင်းဆီလျော်စွာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောပြနေခဲ့သည်။ သူမပုံစံက ယခင်က
အလောင်းခွဲစိတ်မှုကို အကြိမ်ရေပေါင်းများစွာ မရေမတွက်နိုင်အောင် လုပ်ထားဖူးသကဲ့သို့
ဖြစ်နေလေသည်။
"သေဆုံးသူရဲ့ ရင်ဘတ်ထဲမှာ အနက်ရောင်နဲ့ အနီရောင်အရည် အနည်းငယ်ရှိနေတယ်၊ pleura(အဆုတ်ကို ဝန်းရံထားသော အရည်များပြည့်နေသော နေရာ) နှစ်ခုလုံးရဲ့
မျက်နှာပြင်တွေက ရင်ဘတ်နံရံနှင့် ကပ်နေပြီး thymus တွေက ရောင်ရမ်းနေတယ်၊ ရင်ဘတ်ထဲက ကိုယ်တွင်းအင်္ဂါတွေရဲ့
အနေအထားက နှလုံးက ပုံမှန်ထက် သိသိသာသာ ကျယ်နေပြီး နှလုံးနံရံရဲ့အလယ်နဲ့
အထူဆုံးအလွှာရဲ့ အရောင်က အနက်ရောင် ဖြစ်နေတယ်၊ အဲ့တာကြောင့် သွေးကြောပေါက်နေတာ
ထင်ရှားတယ်၊ aortic နံရံက ချောမွေ့နေတယ်။ သွေးလွတ်ကြောတွေက အရမ်းမာကျောလာပြီး
endocardiumမှာ သွေးကွက်အနည်းငယ်ရှိနေတယ်၊ myocardiumက တောင့်တင်းနေပြီး၊ ကျောက်ကပ်က ပြာနှမ်းပြီး အနက်ရောင်တွေလည်းရှိနေတယ်၊ အဆုတ်နှစ်ဖက်စလုံးက ကျုံသွားပြီး
မျက်နှာပြင်ပေါ်မှာရှိတဲ့ သွေးနီအစက်တွေက တချို့က နီညိုရောင်၊ တချို့က မဲနေပြီ"
(ကျွော့ချင်းကတော့ Englishလို မပြောလောက်ဘူးထင်ပါတယ်၊ ကိုယ်ကတော့ မသိတော့လို့ Englishလိုပဲရေးလိုက်ပြီ၊ ဆောရီးပါလို့ )
ခန်းမထဲတွင်
အေးစက်သော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်နေပြီး သွေးနံ့နှင့် ပေါင်းစပ်လိုက်သောအခါ
အနည်းငယ် ကြောက်စရာကောင်းနေသည်။ မမျှော်လင့်ပဲ ကျွော့ချင်းက သိသိသာသာ အန်လိုက်သည့်
အသံများစွာကိုပင် ကြားလိုက်ရသည်။
တကယ်တော့
ဒါက သာမန်လူတိုင်း သည်းခံနိုင်တဲ့ အရာမဟုတ်ဘူးလေ။
မွေးညင်းပေါက်များနှင့်
ရိုးတွင်းချင်ဆီများ၏ပြောင်းလဲမှု အတိုင်းအတာကို သိရှိနိုင်ရန် ကျောရိုးနှင့်
ဆဲလ်စမ်းသပ်မှုများ ပြုလုပ်နိုင်လျှင် ပိုကောင်းမည် ဖြစ်သည်။ ကျွော့ချင်းကတော့
စက်ကိရိယာမပါဘဲ စစ်ဆေးရခြင်းက အမှန်တကယ် အဆင်မပြေကြောင်း စိတ်ထဲမှ ထပ်လောင်း
မြည်တမ်းနေခဲ့သည်။ ထို့နောက်
သူမ စိတ်ထဲကနေ ကျိန်ဆဲနေမိပြန်သည်။ သူမ အသက်ရှူလမ်းကြောင်းကို စစ်ဆေးခါနီးတွင်
အဖြူရောင်လက်အိတ်တစ်စုံက သူမရှေ့သို့ ရောက်လာခဲ့သည်။ "နောက်တစ်စုံ ပြောင်းဝတ်လိုက်ပါ၊
သွေးထဲကအဆိပ်ကို သတိထား"
ကျွော့ချင်း
မော့ကြည့်လိုက်ရာ ရှန်ယုလန်ကို မြင်လိုက်ရပြီး သူက သူမကို လက်အိတ်များ ပေးနေခဲ့သော်လည်း
သူ့မျက်လုံးများက ကြမ်းပြင်ပေါ်ရှိ အလောင်းကို တည့်တည့်စိုက်ကြည့်နေခဲ့သည်။
သူ့မျက်လုံးများထဲတွင် ကျွော့ချင်းအတွက် အလွန်ရင်းနှီးနေသည့် အရိပ်အယောင်များလည်း
ရှိနေခဲ့သည်။
သူမလည်း ပထမဆုံး
အလုပ်သင်စလုပ်တုန်းက သင်ယူဖို့အတွက် အရမ်းစိတ်လှုပ်ရှားနေခဲ့ဖူးတယ်။ ဒီမှာက အလောင်းခွဲစိပ်စစ်ဆေးဖို့
အခွင့်အရေးတွေ အများကြီးရှိပုံ မပေါ်ပါဘူး။
အမှန်တကယ်လည်း ရှန်ယုလန်၏နှလုံးခုန်နှုန်းက အလွန်မြန်ဆန်နေခဲ့သည်။
သူကိုယ်တိုင်
ခွဲစိပ်စစ်ဆေးမှုတွေ အများကြီး လုပ်ဖူးခဲ့ပေမယ့် ဒီအကြိမ် အလောင်းခွဲစိတ်မှုက
အသေးစိတ် ကျလွန်းနေတယ်။ သူမရဲ့ နည်းစနစ်နဲ့ အလောင်းအပေါ် နားလည်မှုက သူ့ရဲ့အထက်မှာ
ရှိနေတာ သေချာနေပြီ။ သူမ ဘယ်သူဆီကနေ သင်ယူခဲ့တာလဲ?!!
နောက်မှ သူမရဲ့ဆရာက ဘယ်သူလဲ ဆိုတာ မေးရတော့မယ်။
ကျွော့ချင်းက
သူမ၏လက်အိတ်ကို ချွတ်ကာ လဲလှယ်လိုက်ပြီး သူမ လုပ်စရာရှိသည်များကို
ဆက်လက်လုပ်ဆောင်နေသော်လည်း ယခုတစ်ကြိမ်တွင် သူမ၏လှုပ်ရှားမှုများက သိသိသာသာ
နှေးကွေးသွားကာ အဆင့်တိုင်းကို ရှန်ယုလန် ရှင်းရှင်းလင်းလင်းမြင်နိုင်စေရန် လုပ်ဆောင်ပေးနေခဲ့သည်။
"သေဆုံးသူရဲ့ အစာမျိုပြွန်အတွင်းမှာ တိုက်စားနေတာတွေ ဒါမှမဟုတ် သွေးထွက်တာတွေ
မရှိဘူး၊ အစာပါဝင်မှု နည်းနည်းပဲ ရှိနေတယ်၊ အစာအိမ်အတွင်းမှာ အကျိအချွဲ တွယ်ဆက်မှု
အနည်းငယ်ပဲ ရှိတယ်၊ သွေးထွက်တာ အသားတွေကပ်နေတာ ပေါက်နေတာ ဒါမှမဟုတ်
အစာအိမ်နံရံပြောင်းလဲနေတာ စတာတွေ ဘာမှ မရှိဘူး၊ ပုံမှန်မဟုတ်တဲ့ အနံ့တွေလည်း
မရှိဘူး"
ကျွော့ချင်းက
ဓားနောက်တစ်ချောင်းကို ပြောင်းသုံးလိုက်ပြီး ဦးခေါင်းခွံနားကို ဖွင့်လိုက်ပြီး
"ဦးခေါင်းခွံမှာ သွေးခြေဥနေတဲ့ နေရာတွေအများကြီးရှိနေတယ်၊ အဲ့တာတွေက
အပေါက်ဒဏ်ရာရဲ့ဧရိယာကို ဗဟိုပြုနေတယ်။ သွေးတွေက ရွံရောင်ပေါက်နေပြီး ဆားနံ့လို
အနံအသက်ဆိုးတွေ ရနေတယ်"
စစ်ဆေးမှုက
အခြေခံအားဖြင့် ပြီးသွားခဲ့ပြီ ဖြစ်သောကြောင့် နောက်ဆုံးတွင် ကျွော့ချင်း ခေါင်းပြန်မော့လိုက်ရာ
မျက်နှာအမူအရာသုံးမျိုးဖြစ်နေသော လူ ၃ ဦးကို သူမ တွေ့လိုက်ရသည်။ သူမက သူတို့ကို မော့ကြည့်နေရင်း
"သေဆုံးသူရဲ့ နှလုံး၊ အဆုတ်နဲ့ ကျောက်ကပ်တွေက သိသိသာသာကို အဆိပ်ကြောင့်
ယိုယွင်းသွားခဲ့တာပါ။ သေဆုံးသူက အဆိပ်သင့်ပြီး သေဆုံးသွားကြောင်း ဆုံးဖြတ်နိုင်တယ်၊
အစာပြွန်၊ အစာအိမ်နဲ့ အခြားအင်္ဂါတွေမှာ အဆိပ်ကြောင့် တိုက်စားထားတဲ့ သဲလွန်စတွေ
မတွေ့ရဘူး။ အဲ့တာကြောင့် သူ(မ)သောက်တဲ့ ဝိုင်မှာ အဆိပ် မရှိဘူး။ သေဆုံးရခြင်း
အကြောင်းရင်းက သူ(မ)ရဲ့ ဦးခေါင်းနောက်ဘက်က ဒဏ်ရာကြောင့်ပါ၊ အဆိပ်က သွေးကနေတစ်ဆင့် ခန္ဓာကိုယ်ထဲကို
တိုက်ရိုက် ဝင်ရောက်သွားခဲ့တာပါ၊ အဲ့တာကြောင့် အချိန်တိုအတွင်းမှာ ကျောက်ကပ်ချို့ယွင်းမှု ဖြစ်စေပြီး
နှလုံးရပ်သွားစေခဲ့တာပါ၊ ကန့်ကွက်စရာ ရှိသေးလား?”
"မရှိပါဘူး" ရှန်ယုလန်က ပထမဆုံး တုံ့ပြန်ခဲ့သူ ဖြစ်သည်။ ယန်းဟုန်ထျန်းကလည်း
အေးစက်စက်ဖြင့် ခေါင်းညိတ်ပြလာခဲ့သည်။ ယခုန တွေ့ခဲ့ရသည့် သူမ၏စွမ်းဆောင်ရည်ကြောင့်
သူ အမှန်တကယ် တုန်လှုပ်သွားခဲ့ရသည်။
သုံးနှစ်အတွင်းမှာ
သူမ တကယ် ပြောင်းလဲသွားခဲ့ပြီ။
ရှရွှင်းစစ်ကတော့
ကမန်းကတန်း ခေါင်းညိတ်ပြလိုက်ပြီး အပြင်သို့ အသည်းအသန် ပြေးထွက်သွားခဲ့သည်။
ကန့်ကွက်စရာ
မရှိဘူးပေါ့... အဲ့တာဆို ငါ့အလုပ်ပြီးပြီ!
ကျွော့ချင်းက သူတို့ကို
လျစ်လျူရှုလိုက်ပြီး ဒဏ်ရာများကို သေသေချာချာ ပြန်ချုပ်ပေးခဲ့သည်။ ယန်းဟုန်ထျန်းက
သူမကို ရှုပ်ထွေးနေပုံရသော အကြည့်များဖြင့် ကြည့်လိုက်ပြီး ဘာမှ မပြောဘဲ
ကန့်လန့်ကာထဲမှ ထွက်သွားခဲ့သည်။ ရှန်ယုလန်က သူ့နောက်မှ အနီးကပ် ပြန်လိုက်သွားခဲ့သည်။
ယန်းဟုန်ထျန်းက
နဂါးပုလ္လင်ဆီသို့ ပြန်လာခဲ့သည်။ ဧကရီက အလွန်ထိတ်လန့်နေပြီး သူမ၏နှုတ်ခမ်းကို
ကိုက်ထားကာ သူမ၏ အသက်ရှုသံကလည်း မတည်ငြိမ်တော့ပေ။ ယန်းဟုန်ထျန်းက အနည်းငယ်
မျက်မှောင်ကြုတ်လိုက်ပြီး “မင်း ကြောက်နေရင် နန်းဆောင်ကို ပြန်သွားလိုက်ပါ”
နောက်ဆုံးတွင်
ဧကရီက သတိပြန်ဝင်လာပြီး တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေလာခဲ့သည်။
“ချန်ချဲ့…
ချန်ချဲ့က အဆင်ပြေပါတယ်”
(ချန်ချဲ့
- ဧကရီ၊ ကြာင်ယာတော်၊ကိုယ်လုပ်တော် စသူတွေက သူမတို့ထက် အဆင့်မြင့်သူနဲ့
စကားပြောရင် သူတို့ကိုယ်သူတို့ သုံးတဲ့နာမ်စား)
ယန်းဟုန်ထျန်းက
သူမကို ရွံရှာစွာ တစ်ချက်ကြည့်လိုက်ပြီး အဝေးသို့ အကြည့်လွှဲလိုက်ကာ မျက်နှာအရောင်ဖျော့တော့နေသေးသည့်
ရှရွှင်းစစ်ကို ငုံ့ကြည့်ပြီး အေးစက်စွာ မေးမြန်းလိုက်သည်။
"တတိယမင်းသား၊
မင်းသမီးက ကျန်းတို့ ချုံယွဲ့ရဲ့သေရည်ကို သောက်ပြီး အဆိပ်သင့်ခဲ့တာ မဟုတ်ဘဲ
တခြားတစ်ယောက်ယောက်ရဲ့ အသုံးချခံရလို့ သေသွားခဲ့တာပဲ၊ အခု ခေါင်းအနောက်ကို အပ်နဲ့ အထိုးခံရတဲ့ကိစ္စကို
ဘယ်လိုပြောပြမှာလဲ?"
အခင်းဖြစ်ပွားပြီးနောက်
ရှရွှင်းစစ်၏နှလုံးသားက ယခုထက်ထိ မငြိမ်သက်သေးပေ။ ယန်းဟုန်ထျန်း သူ့ကို
အေးတိအေးစက်ဖြင့် မေးနိုင်သော်လည်း သူက "ချုံယွဲ့ရဲ့ဧကရာဇ်က ဒီမင်းသားက
သူ့ညီမကို သတ်တယ်လို့ ထင်နေတာလား?!"
"တတိယမင်းသား သတ်သတ် မသတ်သတ် ဘာပဲဖြစ်ဖြစ် ကျန်းတို့ ဆက်လက်စစ်ဆေးဖို့
လိုတယ်၊ ဒါပေမယ့် တတိယမင်းသားက လောလောဆယ် ပြစ်မှုကျူးလွန်ဖို့
ဖြစ်နိုင်ခြေအရှိဆုံးလူပဲ..."
ယန်းဟုန်ထျန်း
စကားမဆုံးမီ ကန့်လန့်ကာအတွင်းမှ ကျွော့ချင်းက သူမ တွေ့ရှိခဲ့သောအရာကို ကြည့်ပြီး အနည်းငယ်
အံ့အားသင့်သွားခဲ့သည်။ သူမက သက်ပြင်းအနည်းငယ်ချလိုက်ပြီး ခပ်တိုးတိုး ထပ်ပြောလိုက်ပြန်သည်။
"သူက ပြစ်မှုကျူးလွန်နိုင်ခြေ အနည်းဆုံးလူ ဖြစ်သင့်တယ်"
✍️✍️✍️