အခန်း ၄၆ ခွဲစိတ်မှု
"မင်း... မင်းက တော်တော် စက်ဆုပ်ရွံရှာဖို့ကောင်းတာပဲ!!"
ကျွော့ချင်း၏
စကားကို ရှင်းရှင်းလင်းလင်း ကြားပြီးနောက် ရှရွှင်းစစ်က ဒေါသမထွက်ဘဲ
မနေနိုင်တော့ပေ။
နောက်ဆုံးတွင်
ရှရွှင်းစစ်၏ အရပ်ရှည်ရှည်နှင့် ပိန်လှီသော အသွင်အပြင်က စိတ်လှုပ်ရှားနေပုံရသော အော်ဟစ်သံနှင့်အတူ
ကျွော့ချင်းထံသို့ ချဉ်းကပ်လာခဲ့သည်။
"ရယ်စရာကောင်းလိုက်တာ!!
ငါက ဘယ်လိုလုပ် ငါ့ရဲ့သွေးရင်းသားရင်းညီမလေးကို ဒုက္ခပေးနိုင်မှာလဲ!"
ကျွော့ချင်းက
သူမ၏ပခုံးပေါ်မှ နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရပြီး လို့ရှီးယန်က သူမကို
သူ့ဘက်သို့ ညင်သာစွာ ဆွဲယူလိုက်ခြင်းပင်။ ထို့အပြင် သူ၏ ထူးခြားရှင်းလင်းသော အသံက
သူမ၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။
"တတိယမင်းသား၊
ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ"
ရှရွှင်းစစ်က
အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ့စိတ်ထဲမှ မကျေနပ်မှုများကို မျိုသိပ်လိုက်သည်။ သူက
လို့ရှီးယန်နှင့် ထိပ်တိုက် ရင်မဆိုင်ရဲသောကြောင့် နောက်ပြန်လှည့်ကာ လက်နှစ်ဖက်နောက်ပစ်ပြီး
မတ်တပ်ရပ်နေလိုက်သည်။ သို့သော်လည်း သူ့လေသံက အလွန် ပြင်းထန်နေလေသည်။
"ဘာပဲဖြစ်ဖြစ်
သူ(မ)က သေပြီးနေပြီ၊ အဲ့တာကို မင်းတို့က သူ(မ)ကို အဲ့လို ဆက်ဆံကြတယ်ပေါ့၊ မင်းတို့အားလုံးက
သူ(မ)ကို ဒီလို ရက်စက်တဲ့ လုပ်ရပ်မျိုး လုပ်ချင်နေတယ်၊ သူ(မ) သေပြီးတာတောင်
အရှက်ရပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သေနိုင်မှာ
မဟုတ်ဘူး၊ ပန်းဝမ်က (ဒီမင်းသားက) လုံးဝ သဘောမတူဘူး"
အချိန်အတော်ကြာအောင်
လေထုက တင်းမာနေပြီး ရှန်ယုလန်၏ တည်ကြည်သောမျက်နှာတွင် ရှားရှားပါးပါး စိုးရိမ်သောကရိပ်များ
ပေါ်လာခဲ့သည်။
မင်းသမီးလေးရဲ့
ဦးခေါင်းအနောက်ဘက်က အပေါက်ကြောင့် သူမ သေဆုံးသွားတာ ဟုတ် မဟုတ် ဆိုတာက ကျွော့ချင်းရဲ့ခန့်မှန်းချက်
သက်သက် ဖြစ်နေတုန်းပဲ။ တတိယမင်းသားက အရမ်းပြတ်သားနေတာကြောင့် သူတို့က အလောင်းကို
ခွဲစိပ်စစ်ဆေးဖို့လည်း အတင်းအကြပ် လုပ်လို့ မနိုင်လောက်ဘူး။ နောက်ဆုံးတော့ တခြားတိုင်းပြည်က
မင်းသမီးက သူတို့တိုင်းပြည်မှာ သေဆုံးသွားခဲ့တာ အမှန်ပဲ။ အခု သူတို့ ဘာလုပ်သင့်သလဲ!?
ကျွော့ချင်းက
သူမနောက်ရှိ ပိတ်စကန့်လန့်ကာကို ငုံ့ကြည့်လိုက်ပြီး ထိုသူ၏ မမေ့နိုင်အောင် လှပသော
အကကို ပြန်တွေးနေမိချိန်တွင် ထိုသူကတော့ တဖြည်းဖြည်း အေးစက်တောင့်တင်းလာကာ
မြေပြင်ပေါ် လဲလျောင်းနေပြီး ခုနက ရုပ်ပုံလွှာများက မှုန်ဝါးပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ကျွော့ချင်းက သူမကို ကာကွယ်ပေးထားသည့် လို့ရှီးယန်ကို ညင်သာစွာ တွန်းထုတ်လိုက်သည်။
သူမ၏အပြုအမူကြောင့် လို့ရှီးယန် အံ့သြနေစဥ်တွင် သူမက ရှရွှင်းစစ်ဆီသို့ သွားနေပြီ ဖြစ်သည်။
သူမက ရှရွှင်းစစ်ရှေ့တွင်
ရပ်လိုက်ပြီး သူ့၏ရွံရှာနေသော အမူအရာများကို လျစ်လျူရှုကာ ကန့်လန့်ကာကို ညွှန်ပြရင်း အေးစက်စက်ပြောလိုက်သည်။
"တတိယမင်းသားရဲ့ညီမတော်က သွေးရိုးသားရိုး မဟုတ်ဘဲ
သေသွားရတယ်၊ ဆိုလိုတာက သူ(မ)ကို တစ်ယောက်ယောက်က သတ်လိုက်တာ၊ မတရားသဖြင့် သေသွားရတာ၊
သူ(မ)က မတရားသေသွားရပေမယ့် လူသတ်သမားက လွတ်မြောက်သွားနိုင်တယ်။ ဒီလို သေခြင်းတရားကပဲ
သူ(မ)အတွက် အရှက်တရားကို ဖြစ်စေမှာ၊ နာကျည်းမှုကြောင့် သူ(မ)က မျက်လုံးပိတ်ပြီး
အေးအေးချမ်းချမ်း သေဆုံးနိုင်မှာ မဟုတ်ဘူး၊ အလောင်းကို စစ်ဆေးတာ ဒါမှမဟုတ်
ခွဲစိတ်စစ်ဆေးတာက သေဆုံးသူကို မရိုသေ မလေးစားတာမျိုး
စော်ကားတာမျိုး မဟုတ်ဘူး။ အဲ့ဒီအစား သူ(မ)ကို ကူညီပြီး သူမ ပြောချင်တဲ့အရာတွေကို
ပြောပြပေးတာမျိုးပဲ။ သူ(မ)သေဆုံးသွားပုံကို ပြောပြပေးဖို့ သူ(မ)ရဲ့ခန္ဓာကိုယ်ကို အသုံးပြုတယ်လို့ ပြောနိုင်တယ်!
သူ(မ)ရဲ့အစ်ကိုတစ်ယောက်အနေနဲ့ အခု မင်းသားက သူမကို ကာကွယ်နေတာ မဟုတ်ဘူး၊
သူ(မ)အတွက် အမှန်တရားကို မပြောနိုင်ဖို့ တားဆီးနေတာ”
အေးစက်စက်အသံက
စိတ်အားထက်သန်နေခြင်းမျိုး မဟုတ်သော်လည်း ခန်းမထဲရှိ လူတိုင်း
ရှင်းရှင်းလင်းလင်းကြားရလောက်အောင် လုံလောက်နေပေသည်။ ထိုအချိန်တွင် တိုက်ဆိုင်မှုကြောင်းလား?
သဘာဝလွန် အရာတခုခု ရှိနေသည်လား? ကို မပြောနိုင်သော်လည်း ရုတ်တရတ် ခန်းမအဝင်ဝမှ
အေးစက်သောလေစီးကြောင်းတစ်ခုက ခန်းမတစ်လျှောက် ဝင်ရောက်လာပြီး ခန်းမဆောင်၏ ရွှေကော်ဇော
တစ်ဖက်တစ်ချက်စီနှင့် အနီးဆုံး ဖယောင်းတိုင်တန်းမှ ဖယောင်းတိုင်များအားလုံး
မီးငြိမ်းသွားခဲ့သည်။ လေက အလောင်းရှိရာ ဒုတိယစင်မြင့်ကို ရောက်သွားချိန်တွင်ပင် မရပ်သွားသေးဘဲ
ကာထားသော ပိတ်စများကို လွင့်မျောနေစေခဲ့သည်။
ရုတ်တရက်
အခြေအနေကြောင့် နန်းတွင်းမှ အမျိုးသမီးတော်တော်များများက ကြောက်လန့်တကြားဖြင့် မျက်လုံးများကို
တင်းတင်းမှိတ်ထားလိုက်ကြသည်။ ဧကရီ၏မျက်နှာကလည်း သိသိသာသာ ဖြူဖျော့သွားကာ
လက်ချောင်းများကို ထိန်းမနိုင် သိမ်းမရ တုန်ယင်နေတော့သည်။
ပင်မခန်းမတွင်
ရှိနေသည့် လူတိုင်း တုန်လှုပ်နေကြပြီး ကျွော့ချင်းကတော့ အေးစက်စက်အမူအရာဖြင့်
မတ်တပ်ရပ်နေခဲ့သည်။
တကယ်တော့ သူမလည်း
မှင်သက်နေတာပါပဲ။ သူမ
အလောင်းတွေကို ခွဲစိပ်စစ်ဆေးခဲ့တာ နှစ်တွေ အများကြီး ရှိနေခဲ့ပြီ၊ ဒီလိုထူးဆန်းတဲ့အရာတွေကို
သူမ ကြားဖူးခဲ့ပေမယ့် သူမကိုယ်တိုင်တော့ မကြုံဖူးသေးဘူး။ သူမက
ဘာသာမဲ့တစ်ဦးဖြစ်ပြီး သိပ္ပံနဲ့ အထောက်အထားတွေကိုပဲ ယုံကြည်တတ်တယ်။ ခိုင်လုံမှုရှိတဲ့
အကြောင်းပြချက်ကို မဖော်ထုတ်နိုင်ရင် အဲ့တာက ပတ်ဝန်းကျင်ကို ကြောက်လန့်အောင် တမင်တကာပြုလုပ်တဲ့
လှည်းစားမှုတွေလို့ပဲ သူမ သတ်မှတ်ခဲ့တယ်။ သရဲတစ္ဆေတွေ တကယ်ရှိရင်တောင်မှ သူမက သရဲတစ္ဆေတွေကို
မကြောက်ဘူး။ သူမကိုယ်သူမ ဖြောင့်မတ်မှန်ကန်တယ်လို့ မပြောချင်ပေမယ့် သူမက သူမရဲ့ခွဲစိတ်ဓားကို
ကိုင်ပြီး အကြောင်းအရင်းမသိရဘဲ သေဆုံးသွားရတဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် မတရားမှုတွေကို မှန်မှန်ကန်ကန် ဖြေရှင်းပေးနေတဲ့သူပဲ၊
သူတို့က ဘာလို့ သူမကို တိုက်ခိုက်နေမှာတုန်း။
အလွန်တိုတောင်းသော
လေအေးများက ခနတာအတွင်း ဖြတ်သန်းသွားပြီး ခန်းမက အလျင်အမြန် ပြန်ငြိမ်သက်သွားသော်လည်း
လူတိုင်း၏ မျက်နှာမှာကတော့ ငြိမ်သက်နိုင်ခြင်း မရှိတော့ပေ။ အထူးသဖြင့် ရှရွှင်းစစ်၏
ချောမောသော မျက်နှာက အနည်းငယ်ဖြူဖျော့နေပြီး မျက်ခုံးများက လေးနက်စွာ ပင့်တက်နေကာ သူ့မျက်လုံးများက
ကန့်လန့်ကာအတွင်းမှ ချစ်စရာကောင်းသော ရုပ်ပုံလွှာကို အနီးကပ် စိုက်ကြည့်နေသော်လည်း
သူ့အမူအရာကတော့ ရှုပ်ထွေးနေပုံရသည်။
ရှန်ယုလန်က
ကျွော့ချင်းကို အဓိပ္ပယ်တစ်ချို့ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဤအချိန်က
တတိယမင်းသားကို ဆွဲဆောင်ရန် အကောင်းဆုံးအချိန် ဖြစ်သည်။ ကျွော့ချင်းက သူ့ကို
မကြည့်ဘဲ အဝေးကို လှမ်းကြည့်နေသည်။ ယခုန ပရမ်းပတာ ဖြစ်ပြီးနောက် အားလုံးက သူမကို
အလွန်ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ သူမက မှုခင်းဆရာဝန်တစ်ဦးသာ ဖြစ်ပြီး
မှော်ဆရာတစ်ဦး မဟုတ်ပေ။ သူမက သူမ ပြောသင့်သောအရာများကိုသာ ပြောပြခဲ့ခြင်းပင်။
ကျွော့ချင်းက
သူ့ကို လုံးဝ လျစ်လျူရှုနေခဲ့သောကြောင့် ရှန်ယုလန်က ရွေးချယ်စရာမရှိတော့ဘဲ ရှေ့တိုးလာပြီး
ရှရွှင်းစစ်၏နောက်မှာ မတ်တပ်ရပ်လိုက်ကာ "သတ္တမမင်းသမီးလေး သေဆုံးမှုက ချုံယွဲ့နဲ့
ပိုင်ချီအတွက် ဝမ်းနည်းစရာပါပဲ။ သေဆုံးရတဲ့
အကြောင်းအရင်းကို နားလည်သွားရင် သူ(မ)အတွက် တရားမျှတမှုကို ရှာဖွေပေးနိုင်ပါတယ်၊
အဲ့တာက မင်းသမီးလေးအတွက် အရေးကြီးဆုံးအရာပါ၊ ကျေးဇူးပြုပြီး တတိယမင်းသားက
လေးလေးနက်နက် စဉ်းစားပေးပါ"
ရှရွှင်းစစ်က
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီး လွန်ခဲ့သော အခိုက်အတန့်က အပြင်းအထန် ဆန့်ကျင်နေသော
သူ့၏သဘောထားကလည်း ပြောင်းလဲသွားပုံရသည်။ သူက သူ၏လက်များကို အားမရှိသလို
ဝှေ့ယမ်းလိုက်ကာ သက်ပြင်းချလိုက်ကာ "လုပ်မယ်"
ကျွော့ချင်းက
သူမ၏ မျက်လုံးများကို မှိတ်ချလိုက်သည်။
ရှေးခေတ်လူတွေက
သရဲနဲ့ နတ်တွေကို ပိုပြီး ယုံကြည်ပုံရတယ်။
သူမကတော့ ဘာကြောင့်မှန်းမသိတိုက်လာတဲ့
အဲ့ဒီလေကို တကယ်ကို ကျေးဇူးတင်မိတော့တယ်။
ကျွော့ချင်းက
နောက်ပြန်လှည့်ပြီး ပိတ်စကို ဆွဲဖယ်လိုက်ရင်း ရှန်ယုလန်ကို ခွဲစိတ်ကိရိယာများ
ပြင်ဆင်ပေးရန် တောင်းဆိုလိုက်သည်။ "ရှန်လူကြီးမင်း၊ အရွယ်အစား မတူညီတဲ့
ချွန်ထက်တဲ့ ဓားပါးသုံးချောင်း၊ ကတ်ကြေးအသေးတစ်ချောင်း၊ သန့်ရှင်းတဲ့
လက်ကိုင်ပုဝါအနည်းငယ်နဲ့ ကြွေပန်းကန်ခွက်အနည်းငယ် လိုအပ်တယ်။ အပ်နဲ့ အပ်ချည်၊
ရေအင်တုံတစ်ခု၊ နောက်ပြိး လက်အိတ်အသစ်တစ်စုံပါ ယူပေးပါ"
ဒီနေရာက ဒီအခြေအနေနဲ့ကတော့
ဒီလောက်ပဲ ရနိုင်တာမို့ ရှိတာနဲ့
ဖြစ်အောင်လုပ်ရမှာပါပဲ။
"မင်း ခွဲမှာလား?" သူမ၏နောက်မှ ရှန်ယုလန်ကတော့ အမှန်တကယ်
ထိတ်လန့်သွားခဲ့ပြီ ဖြစ်သည်။
ကျွော့ချင်းက
သူမ၏နောက်သို့ လှည့်ကြည့်လိုက်သည်။
ခွဲစိပ်တာက
ဒီလောက် ထူးဆန်းနေမယ်လို့ သူမ ထင်မထားခဲ့ဘူး။ သူမ တစ်နေ့ကို ခွဲစိတ်မူတွေ အကြိမ်ပေါင်းများစွာ
ပြုလုပ်လေ့ရှိတယ်။ အဲ့တာကြောင့် ရှန်ယုလန်ရဲ့အံ့အားသင့်မှုကို
သူမ နားမလည်နိုင်ဘူး။
ကျွော့ချင်းက
ပေါ့ပေါ့တန်တန် ပခုံးတွန့်လိုက်ပြီး "ရှင် ခွဲချင်ရင်လည်း ရှင်ကိုယ်ကိုယ်တိုင် ခွဲစိပ်ပြီး စစ်ဆေးလို့ ရတယ်၊
ကျွန်မ ကြည့်ဘဲ ကြည့်နေမယ်”
ရှေးခေတ်လူတွေ
ဘယ်လို အလောင်း ခွဲပြီး ဘယ်လို ခွဲခြမ်းစိပ်ဖြာတယ်ဆိုတာနဲ့ ခေတ်သစ်ခန္ဓာဗေဒနဲ့ ဘယ်လောက်ကွာခြားတယ်ဆိုတာ သူမ
မမြင်ဖူးသေးတဲ့အတွက် သူမအတွက် နှိုင်းယှဉ်ကြည့်ဖို့ အခွင့်အရေးပဲ။
သူမ......????
ကြည့်ချင်နေသေးတာလား???! !
ကျွော့ချင်းက
ပေါ့ပေါ့တန်တန် ပြောနေသော်လည်း အရွယ်ရောက်ပြီးသည့် အမျိုးသားတစ်စု၏အတွေးများထဲတွင်
သံသယများဖြင့် ပြည့်နှက်နေသည်ကို သူမ မသိခဲ့ပေ။
အလောင်းကို
ခွဲစိပ်ဖို့ဆိုတာ ယောက်ျားတွေအတွက်တောင် သွေးထွက်သံယိုကိစ္စ ဖြစ်ပြီး
ကြောက်စရာကောင်းတဲ့ အရာတစ်ခုပဲ။ ဒီတစ်ခါတော့ သူတို့အားလုံးမှာ တူညီတဲ့အတွေးတစ်ခုပဲ
ရှိကြတော့တယ်။
သူ(မ)က မိန်းခလေးရော
ဟုတ်ရဲ့လား?
ကျွော့ချင်းက
သူတို့ကို လျစ်လျူရှုထားခဲ့ပြီး အလုပ်စရန် ပြင်ဆင်လိုက်သည်။ သူမက ကန့်လန့်ကာထဲသို့
ဝင်သွားပြီးမှ နောက်သို့ပြန်လှည့်ကြည့်ကာ သတိပေးလိုက်သည်။
"အလောင်းခွဲစိတ်စစ်ဆေးနေတဲ့
အချိန်အတွင်း ဆွေမျိုးတစ်ယောက် ရှိနေဖို့လိုတယ်၊ ပြီးတော့ သူ့ထက် တဆင့်ထက်မနည်းတဲ့
ရာထူးပိုကြီးတဲ့ အရာရှိတစ်ယောက်ရှိနေဖို့ ကျွန်မ အကြံပြုချင်တယ် အဲ့လူက တရားမျှတမှု
ရှိအောင် ထိန်းကျောင်းပေးရမယ်”
သူမက
အလွန်စဉ်းစားပေးခဲ့သော်လည်း ဤခန်းမတစ်ခုလုံးတွင် တတိယမင်းသားထက် ရာထူးကြီးသောသူ
အနည်းငယ်သာရှိပြီး မည်သူက ကြီးကြပ်ပေးရန် ဆန္ဒရှိမည်ကို မသိနိုင်ပေ။ ရှန်ယုလန်က သူ့စိတ်ထဲမှ
တိတ်တဆိတ် သက်ပြင်းချလိုက်သော်လည်း မြင့်မားသော နေရာတွင် ထိုင်နေသော ယန်းဟုန်ထျန်းက
ရုတ်တရက် ကျယ်လောင်စွာ ပြောလာခဲ့သည်။
"ကောင်းပြီ၊
တရားမျှတမှုကို ပြဖို့အတွက် ကျန်း(ငါကိုယ်တော်)ကိုယ်တိုင် ကြီးကြပ်ပေးမယ်"
ယန်းဟုန်ထျန်း၏စကားသံ
ဆုံးသွားသည်နှင့် ဝန်ကြီးများအားလုံးက တုန်လှုပ်သွားပြီး ကြမ်းပြင်ပေါ်သို့ ဝပ်ချကာ
“အရှင်မင်းကြီး၊ နှစ်ခါ ပြန်စဉ်းစားတော်မူပါ”
နောက်ဆုံးတွင်
ဧကရီက သတိဝင်လာပြီး “အရှင်မင်းကြီး၊ ဒီသွေးစွန်းနေတဲ့ အရာတွေက အရမ်းကို ညစ်ပတ်လွန်းလှပါတယ်၊
အရှင့်ရဲ့နဂါးခန္ဓာကိုယ်ကို ထောက်ထားပြီး နှစ်ခါပြန်စဉ်းစားတော်မူပါ”
အလွန်ညစ်ပတ်တယ်တဲ့လား?!
ကျွော့ချင်းက
မျက်မှောင်ကြုတ်ပြီး ထိုမိဖုရားကို ပိုပြီး ရွံရှာလာသလို ခံစားနေရသည်။
ယန်းဟုန်ထျန်းက
သူ့ဧကရီ၏ ဖြားယောင်းသွေးဆောင်မှုနှင့် မင်းမှုထမ်းများ၏ တောင်းဆိုမှုကြောင့် လုံး၀
တုံ့ဆိုင်းမနေဘဲ ရုတ်တရက် ထရပ်လိုက်သည်။ မောက်မာထောင်လွှားကာ ပိုင်စိုးပိုင်နင်း အရိပ်အယောင်များကို
သယ်ဆောင်လာသော အရပ်မြင့်မြင့်ပုံရိပ်တစ်ခုက ကျွော့ချင်းဆီသို့ တည့်တည့် လျှောက်လှမ်းနေခဲ့သည်။
သူမ ဘယ်လောက်ကြာကြာ ဟန်ဆောင်နေနိုင်မလဲဆိုတာ သူ သိချင်နေသေးတယ်။
✍️✍️✍️