Chapter 44
Viewers 5k

အခန်း ၄၄ စစ်ဆေးမှု သဲလွန်စများ

   ဝန်ကြီးချုပ်လို့ရဲ့ ဇနီးသည်က ဘာလို့ ဒီလိုအသွင်အပြင် ဖြစ်နေတာလဲ? သူမရဲ့ ဝတ်စားဆင်ယင်ပုံကရော အမြဲတမ်း အဲ့လိုလား? ပြီးတော့ သူမက ဘာလို့ ပင်မခန်းမမှာ ပေါ်လာရတာလဲ?

ထိုအရာများ အားလုံးကြောင့် လူအများက စိတ်ရှုပ်ထွေးနေကြသော်လည်း ခန်းမကြီးထဲတွင်တော့ လူနှစ်ယောက်က လက်ချင်းတွဲထားပြီး ဝန်ကြီးချုပ်က သူ့ဇနီးကို ချစ်ခင်မြတ်နိုးသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။ ရှရွှင်းစစ်က မည်မျှပင် သံသယရှိနေပါစေ၊ သူ ထိုမိန်းခလေး၏အထောက်အထားကို မေးခွန်းထုတ်၍ မရနိုင်တော့ပေ။

  ဝန်ကြီးချုပ်လို့ရဲ့ဇနီးက သူ့ရဲ့သတ္တမညီမလေးကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးပေးမယ် ပြောမှတော့ သူ ဘာပြောနိုင်ပါဦးမလဲ?

 ရှရွှင်းစစ်က "သခင်မလို့ ဖြစ်နေမှတော့ ပန်းဝမ်(ဒီမင်းသား)မှာ ကန့်ကွက်စရာ မရှိတော့ပါဘူး"

       လို့ရှီးယန်က ကျွော့ချင်းရဲ့လက်ကို ဖြည်းညှင်းစွာ လွှတ်ပေးလိုက်ပြီး  "သွားလေ၊ ကိုယ် မင်းကို စောင့်နေပေးမယ်"

  ဒီလို နူးညံ့တဲ့ မျက်လုံးတွေကို ငါ တကယ်ကို သည်းခံစွမ်း ရှိမနေဘူးနော်!

 ကျွော့ချင်းက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး ရှန်ယုလန်ဆီကို လျှောက်သွားလိုက်ကာ "ကျွန်မ ဘယ်မှာ စစ်ဆေးရမှာလဲ?"

  ရှန်ယုလန် စကားပြောခါနီးတွင် ယန်းဟုန်ထျန်း၏ စိတ်ကြွရူးသွပ်နေပြီး ဆိုးသွမ်းပုံရသော အသံ အေးစက်စက်က ထွက်ပေါ်လာသည်။

"ဒီပင်မခန်းမမှာပဲ စစ်ဆေးလိုက်"

    ကောင်းတယ်! အရမ်း ကောင်းတယ်! အရမ်း အရမ်းကို ကောင်းတယ်! တကယ်ကို သူ့ကို မသိဟန်ဆောင်နေတဲ့ မိန်းခလေးပဲ!  ယုန်သေကိုတောင် အချိန်အတော်အတန်ကြာ ကြောက်ရွံနေတက်တဲ့ မိန်းခလေးက အလောင်းစစ်ဆေးမှာကို သူ မြင်ချင်သေးတယ်။ 

ဒီကိုလာစမ်း၊ ကန့်လန့်ကာတွေကို ဆွဲပေးလိုက်”

(T/N: ဧကရာဇ်က ကျွော့ချင်းဝင်ထားတဲ့ မူရင်းပိုင်ရှင်ကို စတွေ့တုန်းက မိန်းမပျိုလေးက ဒဏ်ရာရနေတဲ့ ယုန်လေးကို သနားနေတဲ့ ပုံရိပ်လေးပါတဲ့။ E:Tran ပြောတာက အဲ့တာက ချင်းမိသားစုအတွက် ကံကြမ္မာဆိုး စတင်တာပါတဲ့၊  တတိယစာအုပ်မှာမှ အသေးစိတ်ပါမှာပါတဲ့)

          ယန်းဟုန်ထျန်းက သူ့ဘေးနားမှ မိန်းမစိုးကို စကားအနည်းငယ်လောက် တိုးတိုးလေး ပြောလိုက်သည်။

  ခန်းမကြီးထဲမှာ . . . . . . အလောင်းစစ်ဆေးမှု လုပ်မှာလား?

  ဝန်ကြီးများက တံတွေး မျိုချနေကြသော်လည်း ဧကရာဇ်မင်းမြတ်၏ မရေရာ မသေချာ မှန်းဆရခက်သော အကြည့်များကြောင့် မည်သူမျှ ဘာစကားမှ မပြောဝံ့ပေ။ သူတို့ တုန့်ပြန်နိုင်ချိန်တွင် နန်းတွင်းအစေခံလေးယောက်က အမြင့်နှစ်ပေကျော်မြင့်သော ချည်ဖြူတစ်ထည်ဖြင့် ခန်းမဆောင်ဆီသို့ လျှောက်သွားနေကြပြီဖြစ်သည်။ သူတို့လေးယောက်က ရှယွင်ယွင်၏ခန္ဓာကိုယ်ကို အလယ်တွင်ထားကာ စတုရန်းပုံသဏ္ဍာန်ဖြင့် ဝိုင်းရံထားသော်လည်း အဝတ်စက လူတစ်ဝက်လောက်သာ မြင့်တာကြောင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ခန္ဓာကိုယ်ကို ဖုံးထားရုံမျှသာရှိနေသည်။

  ကန့်လန့်ကာက နည်းနည်း နိမ့်နေသလား?

လူအများ ပဟေဠိဖြစ်နေစဥ်မှာပင်  မိန်းမစိုးတော်တော်များများက ပိတ်ပါးစများကို ထပ်ယူလာကြသည်။ လူရှစ်ယောက်က ပိတ်ပါးစကို ဆွဲထုတ်လိုက်ပြီး နန်းတွင်းအစေခံလေးယောက် ဝန်းရံထားတဲ့ နေရာတွင် ထပ်မံစုဝေးလိုက်ကြသည်။ သူတို့က ပိတ်ကျဲစတွေကို သူတို့ ခေါင်းပေါ်အထိ မြှောက်ထားကြသောကြောင့် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော အလောင်းကို ဖုံးကွယ်ရန် လုံလောက်စေခဲ့သည်။

  ကျွော့ချင်းက ကန့်လန့်ကာ အပြင်ဘက်တွင် စိတ်ဓာတ်ကျနေသော အကြည့်များဖြင့် ရပ်နေသည်။

ဘာတွေဖြစ်နေတာလဲ? ဒီအရာက အလောင်းစစ်ဆေးမှုဟ၊ ဟန်ဆောင်ပြဇာတ် မဟုတ်ဘူး။ ဒီလောက်ကြီး အံဝင်ခွင်ကျဖြစ်ဖို့ လိုအပ်လို့လား?

  ကျွော့ချင်းက စိတ်မရှည်စွာဖြင့် ပထမပိတ်ပါးလွှာကို ဆွဲဖယ်လိုက်ချိန်တွင် ရှန်ယုလန်၏အသံက ထွက်လာပြန်သည်။

"ချင်းသခင်မလေး၊ ကျေးဇူးပြုပြီး ဒါကို သုံးပါ"

  ကျွော့ချင်း လှည့်ကြည့်လိုက်ရာ ရှန်ယုလန်၏နံဘေးတွင် ရပ်နေသည့် အစေခံတစ်ယောက်၏လက်ထဲတွင် အဖြူရောင်လက်အိတ်တစ်စုံနှင့် သံကတ်ကြေးတစ်ချောင်း တင်ထားသည့် ပန်းကန်ပြားတစ်ခုကို တွေ့လိုက်ရသည်။

  သူမလည်း အခု ဒီပြဿနာကို တွေးနေတာပါ။ ဆေးဘက်ဆိုင်ရာသုံး လက်အိတ်မပါဘဲ အလောင်းကို ခွဲစိတ်ဖို့ အာရုံစိုက်ရတာက ခက်ခဲလွန်းလှတယ်လေ။

 ကျွော့ချင်းက အဖြူရောင်လက်အိတ်ကို ကောက်ကိုင်လိုက်ပြီး လက်အိတ်၏ ထူထဲသော်လည်း ပျော့ပျောင်းသညအထိအတွေ့က သူမကို တော်တော်လေး ကျေနပ်သွားစေခဲ့သည်။

  ရှန်ယုလန်၏ နောက်မှ စားပွဲတွင် အစေခံတစ်ယောက်ကဲ့သို့ ၀တ်ဆင်ထားသည့် လူငယ်တစ်ယောက် ရှိနေပြီး သူ့လက်ထဲတွင် စာရွက်နှင့် စုတ်တံကို ကိုင်ထားရင်း  အသင့်စောင့်ဆိုင်းနေခဲ့သည်။

  ကျွော့ချင်းက သူမ၏မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်သည်။

ရှန်ယုလန်က အမှန်တကယ် မုန်းတီးဖို့ကောင်းနေပေမယ့် သူက ပရော်ဖက်ရှင်နယ်တစ်ယောက်ပဲ။ သေချာတာကတော့ သူ အောင်မြင်နေတာ အကြောင်းမဲ့ သက်သက် မဟုတ်ဘူးနော်။

  ကျွော့ချင်းက ဗန်းကို ယူပြီးနောက် ပိတ်ပါးစကို ဖယ်လိုက်ကာ မီတာဝက်ခန့်မြင့်သော ပိတ်စစည်းရိုးကို ခွကျော်လိုက်မှ နောက်ဆုံးတွင် လူသေအလောင်းကို အနီးကပ် မြင်လိုက်ရသည်။  ကျွော့ချင်းက သူမ၏ခန္ဓာကိုယ်ကို တစ်တက်တပျက် ငုံချလိုက်ပြီး ရှယွင်ယွင်၏ အဝတ်အစားများကို သေချာစွာ ညှပ်ထုတ်လိုက်သည်။

  ကန့်လန့်ကာအောက်မှ ကျွော့ချင်း၏မျက်နှာက ထိတ်လန့်ခြင်းမရှိဘဲ အေးဆေးငြိမ်သက်နေလေသည်။ ကန့်လန့်ကာနှစ်လွှာကို အဘယ့်ကြောင့် ထိုသို့ လုပ်ထားကြောင်း နောက်ဆုံးတွင် လူတိုင်းသိလာရသည်။ ရိုးရိုးအဖြူရောင်ချည်သားက ရှယွင်ယွင်၏ခန္ဓာကိုယ်ကို မည်သူမျှ မမြင်နိုင်အောင် အကာအရံအဖြစ် ကန့်လန့်ခံထားခြင်းပင်။ သို့သော်လည်း ပါးလွှာသည့် ပိတ်ကျဲစကတော့ လုံးဝ အတားအဆီး မရှိဘဲ အပြင်တွင် ရှိနေသည့် လူတိုင်းက ကျွော့ချင်း၏လှုပ်ရှားမှုတိုင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

  ရှယွင်ယွင်၏အဝတ်အစားများကို ဖယ်ရှားလိုက်ပြီးနောက် ကျွော့ချင်းက တောက်ပစူးရှသော မျက်လုံးများဖြင့် သူမရှေ့မှ အလောင်းကို စူးစူးစိုက်စိုက်စိုက် ကြည့်နေသည်။ ထိုနောက် ခန်းမထဲတွင် ကြည်လင်အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ "သေဆုံးသူက အသက်ဆယ့်ခြောက်နှစ်နဲ့ နှစ်ဆယ့်နှစ်နှစ်ကြား မိန်းမပျိုတစ်ဦးပါ၊ ခန္ဓာကိုယ်မှာ အလောင်းအစက်အပြောက်တွေ မရှိသေးပေမယ့် စတင်တောင့်တင်းနေတာကြောင့် သေဆုံးချိန်က ရှီးချန်တဝက်လောက်ပဲ ရှိသေးတယ်။ သေဆုံးသူရဲ့ အသားအရေက ညိုပြာရောင်၊ မျက်လုံးတွေ ပြူးနေပြီး ပါးစပ်က အနည်းငယ်ပွင့်နေတယ်၊ ပါးစပ်၊ နှာခေါင်းနဲ့ မျက်လုံးတွေမှာ ခရမ်းရောင်သွေးတွေ စွန်းထင်းနေတယ်”

       ကျွော့ချင်းက နစ်နာသူ မသေဆုံးမီ အလွန်အကျွံ အားထုတ်ရုန်းကန်မှုများကြောင့် တောင့်တင်းနေသော ခန္ဓာကိုယ်၏ ခြေလက်များကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ခြေဖဝါးများကို အသေးစိတ် ထပ်မံ စစ်ဆေးကြည့်နေခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူမက “သေဆုံးသူရဲ့ခန္ဓာကိုယ် အရေပြားက ပြာနှမ်းနေပြီး လက်ချောင်းတွေက လက်သည်းတွေက ညိုပြာရောင်ဖြစ်နေတယ်၊ ခြေချောင်းက ခြေသည်းတွေက ပိုအရောင်ဖျော့နေတယ်။ သေဆုံးသူရဲ့လည်ချောင်းက ရောင်ရမ်းနေပြီး အပြာရောင်အစက်အပြောက်တွေ ထင်ရှားနေပြီး ဝမ်းဗိုက်နေရာမှာ မူမမှန်တာတွေ မရှိဘူး”

  ထူးဆန်းတာက ပါးစပ်ကနေ အဆိပ်သင့်ပြီး သေဆုံးသွားသူတွေရဲ့ လက်သည်းအရောင်များက အခြေခံအားဖြင့် တူညီနေရမယ်။ အဲ့ဒါပြင် အဆိပ်အတောက်တွေက အစာအိမ်ထဲမှာ အချိန်အကြာကြီး တည်ရှိနေခဲ့ရင် အဆိပ်က ခန္ဓာကိုယ်၊ မျက်နှာ၊ လည်ချောင်းတွေအပြင် အစာပြွန်နဲ့ အစာအိမ်တွေမှာလည်း ပိုထင်ရှားတဲ့ လက္ခဏာတွေ ရှိနေသင့်တယ်။ အနီရောင်စစ်ချုံးရဲ့အဆိပ်က မူမမှန်တာ ဖြစ်နိုင်လား? တစ်စုံတစ်ယောက်ရဲ့လက်ထဲမှာ အဲ့အဆိပ်အကြောင်း ခွဲခြမ်းစိတ်ဖြာထားတဲ့ အစီရင်ခံစာ မရှိတာက ဘယ်သူ့ကိုမဆို  ဒုက္ခရောက်စေတာပဲ။

ခိုင်လုံသော အထောက်အထားများ မရှိသောကြောင့် ကျွော့ချင်းက သူမ၏စိတ်ထဲတွင်သာ ခန့်မှန်းနိုင်ခဲ့သည်။ သူမ၏လက်များက မလှုပ်မယှက်ဖြစ်နေသော ခန္ဓာကိုယ်ကို ညင်သာစွာ လှန်ကြည့်နေပြန်သည်။ ကျွော့ချင်းက အလောင်း၏အနောက်ဘက်ရှိ သေးငယ်သော အရေပြားအစိတ်အပိုင်းတိုင်းကို ဂရုတစိုက်စစ်ဆေးပြီး ထပ်ပြောလိုက်သည်။ "နောက်ကျောမှာလည်း မူမမှန်တာတွေ မတွေ့ဘူး၊ အရေပြားမျက်နှာပြင်မှာ သိသာထင်ရှားတဲ့ ဒဏ်ရာ မတွေ့ရဘူး"

  မြွေအဆိပ်တွင်ပါသော neurotoxins များက အသက်ရှုလမ်းကြောင်းနှင့် ဗဟိုသွေးကြောများကို ဟန့်တားနှောက်ယှက်ကာ အသက်ရှူလမ်းကြောင်းနှင့် သွေးလည်ပတ်မှုဆိုင်ရာ ချို့ယွင်းမှုများကို ဖြစ်စေပြီး cytotoxins များက သွေးနီဥများ ပျော်ဝင်စေကာ တစ်သျှူး necrosis ဖြစ်ပွားပြီး အချိန်တိုအတွင်း သေဆုံးစေသည်ဟု ကနဦးအနေဖြင့် ဆုံးဖြတ်နိုင်သည်။ သို့သော်လည်း ကျွော့ချင်းက တစ်ခုခုမှားနေသည်ဟု ခံစားနေရဆဲဖြစ်သည်။ ထို့ကြောင့် သူမက သေဆုံးသူ၏ဘေးတွင် ငုတ်တုတ်ထိုင်ချလိုက်သည်။ ကျွော့ချင်းက သေဆုံးသူ၏ ခပ်မြင့်မြင့်ထုံးထားသည့် ဆံထုံးကို ညင်ညင်သာသာ ဖြေချလိုက်ပြီး ခေါင်းပေါ်မှ ရွှေဆံညှပ်ကို ဖယ်ရှားကာ သေဆုံးသူ၏ဆံပင်များထဲသို့ သူမ၏လက်ချောင်းများ ထိုးထည့်ကာ ဆံပင်များကို ဖြည်းဖြည်းချင်း ခွဲဖြာပြီး ဦးခေါင်းခွံကို စစ်ဆေးလိုက်သည်။

  သူမ စကားမ​ပြောဘဲ နေနေသည်မှာ အချိန်ကြာသွားသောကြောင့် ရှရွှင်းစစ်က စိတ်မရှည်​စွာဖြင့် "မင်းတို့ စစ်ဆေးလို့ ပြီးသွားပြီလား?"

  ကံမကောင်းစွာဖြင့် ခန်းမတစ်ခုလုံးရှိ မည်သူမျှ သူ့ကို အဖြေပြန်မပေးခဲ့ပေ။

  ဘယ်သူကမှ သူ့ကို ဂရုမစိုက်ကြသောကြောင့် ရှရွှင်းစစ်က အရှက်ပြေ ချောင်းဟန့်လိုက်ပြီး "ကောင်းပြီ၊ မင်းတို့ စစ်ဆေးတာ ပြီးပြီဆိုရင် ငါ့ရဲ့ညီမလေးအလောင်းကို ပြန်သယ်သွားတော့မယ်"

  ရှရွှင်းစစ်၏စကားသံ ဆုံးသွားချိန်တွင်  ကန့်လန့်ကာထဲမှ မိန်းခလေး၏မျက်လုံးများထဲတွင် အလင်းတန်းများ တောက်ပလာပြီး အေးစက်သော အမျိုးသမီးအသံက ထပ်မံထွက်ပေါ်လာသည်။

"ခဏနေပါဦး" 

  နောက်ဆုံးတော့ သူမ ရှာတွေ့ပြီ။ 

(T/N: ဆေးပညာနဲ့ အလောင်းစစ်ဆေးတာတွေနဲ့ပတ်သတ်ပြီး မှားနေတာတွေ လွဲနေတာတွေရှိရင် တောင်းပန်ပါတယ်၊ အဆင်ပြေအောင်တော့ တက်နိုင်သမျှကြိုးစားပြီး ဘာသာပြန်ထားပါတယ်)  

✍️✍️✍️