Chapter 5.1
Viewers 106

Chapter 5.1 ကျားစီးမိလျက်သား

.

သခင်မတင်းသည်အမွှေးနံ့သာတိုင်ပူဇော်ရန် ချောင်ညီအစ်မနှစ်ယောက်နဲ့အတူ ချန်းရှန်းဘုရားကျောင်းကိုလာခဲ့ပေမယ့် သူမတရေးအိပ်ရာကနိုးလာတဲ့အခါ တာ့ချောင်ကိုဘယ်မှာမှရှာမတွေ့တော့ပေ။ သူမသည်ရှောင်ချောင့်ကိုကပျာကယာမေးလိုက်တော့ ရှောင်ချောင်ကသူမနဲ့တာ့ချောင်က အစကတစ်ခန်းတည်းမှာရှိခဲ့ပေမဲ့ သူမကနေ့လည်စာအစားများသွားတာကြောင့် ဗိုက်တင်းနေရာ ဘုရားကျောင်းအနောက်ဖက်မှာလမ်းလျှောက်ထွက်ချင်ခဲ့သည်။ သူမကတာ့ချောင်ကိုအတူတူသွားဖို့ခေါ်ခဲ့ပေမယ့် တာ့ချောင်ကပင်ပန်းနေပြီလို့ပြောခဲ့တာကြောင့် အစေခံကိုပဲအတူခေါ်သွားခဲ့ပြီး ပြန်လာချိန်မှာတာ့ချောင်ကိုမမြင်မိသဖြင့် သခင်မတင်းနဲ့အတူရှိနေသည်ဟု ထင်ခဲ့မိတယ်လို့ ဆိုလေသည်။

သခင်မတင်းသည်ပို၍ပင်ဆောက်တည်ရာမရဖြစ်သွားပြီး အစေခံတွေနဲ့ဘုရားကျောင်းထဲကဘုန်းကြီးတွေကို နေရာအနှံ့ရှာဖို့ပြောခဲ့ပေမဲ့ အချည်းနှီးပါပဲ။ အစကသူမသည်ဘုရားကျောင်းထဲခိုးဝင်လာတဲ့ လူဆိုးတွေကတာ့ချောင်ကိုပြန်ပေးဆွဲသွားသည်လို့ တွေးမိလိုက်‌တာကြောင့် မျက်ရည်တွေကျဆင်းလာပြီး ခြေထောက်များသည်အားနည်းပျော့ခွေသွားသဖြင့် လမ်းပင်မလျှောက်နိုင်တော့ပေ။

ထိုဆိုးယုတ်တဲ့သူခိုးတွေကိုဖမ်းပေးဖို့ သူမခင်ပွန်းကိုသတင်းပို့ရန် မြို့သို့အမြန်ပြန်ချင်ခဲ့ပေမဲ့ ထိုအချိန်တွင်အိမ်တော်မှသူမနဲ့အဖော်ပါလာတဲ့အိမ်တော်ထိန်းသည် ပီကျစ်လည်းပျောက်ဆုံးနေသည်ဟု သတင်းပို့လာသည်။

သခင်မတင်းသည်အလွန်တုန်လှုပ်ခြောက်ခြားနေတာကြောင့် အစ၌ဒီလူနှစ်ယောက်ကို မဆက်စပ်မိပေ။ မြို့သို့ပြန်လာတဲ့လမ်းတွင် သူမသည်ရထားလုံးထဲမှာ ဘာဆက်လုပ်ရမှန်းမသိဖြစ်လျက်ရှိနေသေးသည်။ သူမမျက်နှာကိုလက်ကိုင်ပုဝါနဲ့အုပ်ကာ အဆက်မပြတ်ငိုနေတာပဲတတ်နိုင်လေသည်။

ရှောင်ချောင်သည်သူမကိုအဖော်ပြုပေးနေပြီး အဒေါ်ဖြစ်သူရဲ့ဝမ်းနည်းကြေကွဲမှုကိုမြင်လိုက်ရတော့ သူမနှလုံးသားကမခံမရပ်နိုင်ဖြစ်သွားရသည်။ ဒါပေမဲ့ လူနှစ်ယောက်ကဝေးဝေးမသွားခဲ့ကြသဖြင့် ဦးလေးကတကယ်ပဲဒီပြည်နယ်ထဲမှာကျယ်ကျယ်ပြန့်ပြန့်လိုက်ရှာမှာကိုလည်း သူမမှာစိတ်ပူရသည်။ သူတို့မိသွားပါက ဆိုးရွားတာတစ်ခုခုဖြစ်လာပေလိမ့်မည်။ လမ်းတစ်ဝက်တွင် တရှုံ့ရှုံ့ငိုယိုလျက် သူမကိုယ်သူမအပြစ်ရင်း " ဒါတွေအားလုံးကဒီတူမရဲ့အပြစ်တွေပါ ဒီတူမသာအဆော့မမက်ပဲ မမနဲ့အတူနေခဲ့ရင် မမဘာမှဖြစ်မှာမဟုတ်ပါဘူး"

ရှောင်ချောင်ကငယ်ငယ်ရွယ်ရွယ်နဲ့မိခင်ကိုဆုံးရှုံးခဲ့ရသည်။ သခင်မတင်းသည်ကြင်နာသနားတတ်ပြီး ရက်ရောကာ မိန်းမငယ်လေးတစ်ယောက်ဖြစ်တဲ့သူမကိုကရုဏာသက်ပြီး ဆွေမျိုးရင်းတစ်ယောက်လိုဆက်ဆံသည်။ သူမကိုယ်သူမအပြစ်တင်နေတာမြင်လိုက်ရတော့ သခင်မတင်းသည်ဝမ်းနည်းမှုကိုပြန်ထိန်းကာ သူမကိုအကြံပေးလေသည်။
" ကလေးရယ် ဒါမင်းအပြစ်မဟုတ်ပါဘူးကွယ် ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့"

ရှောင်ချောင်က  " ဒေါ်လေး ကျွန်မအခုမှတွေးမိတယ် မမနဲ့မြင်းထိန်းကဘယ်လိုဖြစ်ပြီးအတူတူပျောက်သွားရတာလဲဟင်? ကျွန်မထင်တာ မမကိုမကောင်းတဲ့လူတွေပြန်ပေးဆွဲသွားတာမဖြစ်နိုင်ဘူး....."

သခင်မတင်း သူမကိုငေါင်တောင်တောင်နဲ့ကြည့်လာသည်။ ရှောင်ချောင် သူမနားအနီးကပ်ကာ တီးတိုးပြောလိုက်သည်။

သခင်မတင်း ထိတ်လန့်တုန်လှုပ်သွားပြီး " မင်းပြောတာသူတို့က....."

သူမကရုတ်ခြည်းစကားရပ်တန့်လိုက်ပြီး ပါးစပ်ကိုလက်ကိုင်ပုဝါနဲ့ကာလိုက်သည်။

ရှောင်ချောင်ခေါင်းညိတ်လိုက်သည်။
" ဒါကတစ်ခုတည်းသောဖြစ်နိုင်ချေပဲလို့ ကျွန်မထင်ပါတယ် ဒေါ်လေးစဉ်းစားကြည့်ပါ လူဆိုးကအကြောင်းရင်းမရှိပဲ ဗုဒ္ဓရဲ့သန့်စင်တဲ့မြေဖြစ်တဲ့ချန်းရှန်းဘုရားကျောင်းကိုခိုးဝင်ပြီး လူကိုပြန်ပေးဆွဲတယ် ဒီလူဆိုးကသတ္တိရှိလွန်းလို့ ဘုရင်ခံအိမ်‌တော်ကသခင်မလေးကို တိုက်ခိုက်ရဲတာလား? မမပျောက်နေသလို မြင်းထိန်းကလည်းပျောက်နေတယ် သူတို့အတူထွက်သွားတာမဟုတ်ရင် တခြားဘာဖြစ်နိုင်အုံးမလဲ? ပြီးတော့ ဒီအကြောင်းပြောမှ ကျွန်မတစ်ခုခုကိုသတိရသွားတယ်....."

ရှောင်ချောင့်မျက်နှာလေးမှာ ချီတုံချီတုံဖြစ်မှုပေါ်လာသည်။

" ဘာများလဲကွယ်? ဒေါ်လေးကိုမြန်မြန်ပြောစမ်းပါ!"
သခင်မတင်းသည်စိတ်လောကြီးစွာ တိုက်တွန်းလိုက်သည်။

" ဟိုတစ်နေ့ကကျွန်မ မမနဲ့အတူအပြင်ထွက်တုန်းက ဟိုမြင်းထိန်းလည်းလိုက်လာတယ် သူနဲ့မမတို့လူတွေအမြင်ကနေပုန်းပြီး စကားပြောနေကြတာကို အမှတ်မထင်တွေ့ခဲ့မိတယ် သူတို့ကကျွန်မလာနေတာမြင်သွားတော့ အမြန်လူချင်းခွဲလိုက်ကြပြီးတော့ မမကထိတ်လန့်နေသလိုပဲ ကျွန်မသိပ်ဂရုမစိုက်ခဲ့မိပေမဲ့ အခုတွေးကြည့်လိုက်တော့......"

သူမစကားရပ်လိုက်သည်။

သူမပြောသွားတာတွေက သေချာပေါက်အလိမ်အညာစကားတွေပါပဲ။ ဒါပေမဲ့ သခင်မတင်းသည်သူမလိမ်ညာလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ချေ။ ရှောင်ချောင့်စကားတွေကြားပြီးနောက် သူမမျက်နှာဖြူတစ်လှည့်နီတစ်လှည့်ဖြစ်သွားကာ စကားတစ်ခွန်းမဆိုနိုင်တော့ပေ။

" ဒေါ်လေးရယ် ဒီနေ့ဒီလိုတွေဖြစ်မယ်ဆိုတာ ကျွန်မသိခဲ့ရင် အဲ့ဒီတုန်းကဒေါ်လေးကိုပြောပြခဲ့သင့်တာ.....အမှုမဲ့အမှတ်မဲ့နိုင်လွန်းတဲ့အတွက် ဒီတူမရဲ့အပြစ်တွေပါ...."

ရှောင်ချောင့်အသံလေးတိမ်ဝင်သွားပြီး ခေါင်းလေးငုံ့ထားသဖြင့် ဝမ်းပန်းတနည်းငိုရှိုက်နေပုံဖြစ်စေသည်။

သခင်မတင်းသည်ထိုမြင်းထိန်းကိုသေသေချာချာပြန်စဉ်းစားကြည့်လိုက်သည်။ အစိမ်းရောင်မျက်လုံးကလွဲရင် သူသည်အမှန်ပင်မျက်စိဖမ်းစရာကောင်းသည်။

လွန်ခဲ့တဲ့နှစ်နှစ် ရှောင်ချောင်နဲ့လျှိုယန်တို့စေ့စပ်ကြောင်းလမ်းမှုစီစဉ်ပြီးခါစတွင် လျှိုယန်မိထွေးရဲ့ညီမ လန်ယာတိုင်းပြည်ရဲ့သခင်မယန်တုသည်အရှေ့စီရင်စုသို့ရောက်လာပြီး ချောင်မိသားစုရဲ့မြင်းထိန်းကိုမျက်စိကျသွားကာ သူ့ကိုတောင်းဆိုခဲ့သည်။ သူမကကလူကျီစယ်တတ်တဲ့စရိုက်ရှိပြီး ချောမောလှပတဲ့ကောင်လေးများကိုသိမ်းထားရသည်ကိုသဘောကျကြောင်း ဂုဏ်သတင်းရှိသည်။

သူမကတောင်းဆိုလာပြီဖြစ်ရာ ထိုသူကလည်းမြင်းထိန်းတစ်ယောက်ပဲဖြစ်တာကြောင့် သခင်မတင်းသည်သဘာဝအလျောက်ပင်သဘောတူလိုက်သည်။ မမျှော်လင့်ထားစွာဖြင့် ရက်အနည်းငယ်ကြာပြီးနောက်တွင် မြင်းထိန်းသည်တစ်ကိုယ်လုံးဒဏ်ရာဒဏ်ချက်တွေနဲ့ ရိုက်နှက်ခံထားရပြီး သေအံ့ဆဲဆဲဖြစ်ကာ မြို့ပြင်တွင်အပစ်ခံထားရသည်။ သူကထိန်းသိမ်းမရပဲ သခင်မယန်တုကိုစိတ်အနှောင့်အယှက်ဖြစ်စေတာကြောင့် အပြစ်ဒဏ်ကိုရရှိခဲ့သည်ဟုဆိုကြသည်။

မြင်းထိန်းသည် အသက်ရှင်သန်နိုင်လောက်အောင် ကံကောင်းခဲ့ပြီး အချိန်အနည်းငယ်ကြာပြီးနောက် ချောင်မိသားစုဆီပြန်လာခဲ့သည်။ ထိုအချိန်တွင် သခင်မယန်တုသည်ထွက်သွားပြီဖြစ်တာကြောင့် ချောင်မိသားစုသည်သူ့ကိုမမောင်းထုတ်ခဲ့ပဲ နေခွင့်ပြုလိုက်သည်။

သခင်မတင်းသည်ထိုပြီးခဲ့တဲ့ကိစ္စအကြောင်း တွေးလိုက်တဲ့အခါမှာ သူမနှလုံးသားသည်ပိုပိုဗလာကျင်းလာပြီး နောင်တနဲ့မုန်းတီးမှုတို့ပြည့်နှက်လာသည်။ သူမသည်ရှောင်ချောင့်လက်ကိုရုတ်တရက်ဖမ်းဆွဲကာ မှာလိုက်သည်။
" ကလေး ဒီကိစ္စကမင်းအစ်မရဲ့ဂုဏ်သတင်းနဲ့ဆက်စပ်နေတယ် ဒီအကြောင်းကိုဘယ်သူ့ကိုမှသိခွင့်မပြုနဲ့"

သူမစကားတွေက ရှောင်ချောင်စောင့်မျှော်နေတာပင်ဖြစ်ရာ စိတ်သက်သာရာရသွားပြီး ခေါင်းညိတ်လိုက်သည်။
" မစိုးရိမ်ပါနဲ့ ဒေါ်လေး ကျွန်မဘယ်သူ့ကိုမှလုံးဝမပြောပါဘူး"

အစ၌ သခင်မတင်းသည်သမီးဖြစ်သူကို လူဆိုးတွေပြန်ပေးဆွဲသွားတာလို့ ထင်ခဲ့မိပြီး သူမနှလုံးသားကဆောက်တည်ရာမရဖြစ်ကာ ဦးနှောက်ကရှုပ်ထွေးနေခဲ့ပေမယ့် ရှောင်ချောင်ရဲ့ဆန်းစစ်ပိုင်းဖြတ်မှုကိုနားထောင်လိုက်ပြီးနောက်တွင် ပိုတွေးကြည့်လေ ရှောင်ချောင်ပြောတာမှန်တယ်လို့ ခံစားလာရလေပင်။ သူမသမီးရဲ့အသက်ကအန္တရာယ်ကင်းလောက်ရာ နောက်ဆုံးမှာသူမနှလုံးသားသည်တဖြေးဖြေးနဲ့ အနည်းငယ်တည်ငြိမ်သွားသည်။

အပြန်လမ်းတွင် သူမသည်တရှုံ့ရှုံ့ငိုနေရင်း သက်ပြင်းချနေခဲ့ပြီး အိမ်ပြန်ရောက်တဲ့အခါ ဒီကိစ္စဆွေးနွေးရန်ခင်ပွန်းဖြစ်သူထံ အလျင်အမြန်ထွက်သွားသည်။ သူ့ဇနီးသည်မျက်ရည်‌တွေသုတ်လို့ပြီးစီးသွားချိန်တွင် ချောင်ယွဲ့သည်နားထောင်ခဲ့ပြီး အံ့ဩတုန်လှုပ်ရလွန်းလို့ စားပွဲကိုဒေါသတကြီးမှောက်ပစ်ကာ ဓားဆွဲပြီးအပြင်ထွက်တော့မည့်အချိန်တွင် သခင်မတင်းသည်ဖမ်းဆွဲလိုက်ပြီး မျက်ရည်တွေနဲ့ပြောလေသည်။

" ဖူးကျွင်း! ရှင်အကျယ်တဝင့်လူသိရှင်ကြားလုပ်ပြီး ပတ်ပတ်လည်မှာရှာမယ်ဆိုရင် ကျွန်မတို့သမီးရဲ့ဂုဏ်သိက္ခာပျက်ဆီးသွားရလိမ့်မယ်!"

ချောင်ယွဲ့တည်ငြိမ်သွားပြီး သူ့ဇနီးပြောတာမှန်တယ်ဆိုတာ သ်ိလိုက်သည်။ အခုချိန်ကဝေ့မိသားစုနဲ့လက်ထပ်ရတော့မည့်အချိန်ဆိုတာကို အသာထားအုံး တာ့ချောင်မြင်းထိန်းနဲ့ခိုးရာလိုက်ပြီး ထွက်ပြေးလွတ်မြောက်သွားတာကို သူတို့သိသွားပါက ဝေ့မိသားစုသည်ဘယ်တော့မှငဲ့ညှာမှုထပ်ပြတော့မည်မဟုတ်ပေ။ ခဏစဉ်းစားပြီးနောက် သူ့ရဲ့ယုံကြည်ရတဲ့အကြံပေးကျန်းဖူကိုချက်ချင်းခေါ်လိုက်သည်။

ဒီလက်ထပ်ပွဲအကြံသည်ကျန်းဖူဆီမှလာတာဖြစ်ပြီး ဒီသတင်းကိုကြားလိုက်ရချိန်မှာတော့ ကျန်းဖူသည်အံ့ဩတုန်လှုပ်လွန်းလို့ မနှောင့်နှေးရဲတာကြောင့် တာ့ချောင်ပျောက်နေတဲ့သတင်းကို ထုတ်ဖော်မပြောဖို့လက်အောက်ငယ်သားတွေကို အမြန်အမိန့်ပေးလိုက်ပြီး တချိန်တည်းမှာပဲသူမကိုရှာဖို့ လူအင်အားအများအပြားစေလွှတ်လိုက်သည်။ သဘာဝအလျောက်ပင် သူတို့ကအကျယ်တဝင့်မရှာရဲကြပဲ ထိုနှစ်ယောက်ထွက်ပြေးသွားနိုင်သည့်ဘက်ကိုရှာဖွေရန် လူတွေကိုတိတ်တဆိတ်သာလွှတ်နိုင်သည်။

ထိုညတွင် ရှောင်ချောင်သည်သူမအခန်းထဲတွင် မိဘတွေကိုပေးပေးရန်တာ့ချောင်မှသူမအတွက်ချန်ထားခဲ့တဲ့ တောင်းပန်စာတစ်စောင်ကို‌ရှာတွေ့လိုက်သည်။ သူမသည်မနှောင့်နှေးမကြန့်ကြာရဲပဲ ချက်ချင်းယူသွားပေးလိုက်သည်။ စာကိုဖတ်ရှုပြီးနောက်တွင် ချောင်ယွဲ့နဲ့သခင်မတင်းတို့သည် သမီးဖြစ်သူကအမှန်တကယ်ပင် မျက်လုံးစိမ်းအမျိုးသားအစေခံနဲ့ထွက်ပြေးသွားခြင်းဖြစ်ကြောင်း လက်ခံယုံကြည်သွားကြသည်။

တစ်ယောက်ကဒေါသတကြီးဆွေ့ဆွေ့ခုန်နေစဉ်မှာ ကျန်တစ်ယောက်ကတော့ တရှုံရှုံ့ငိုရှိုက်နေလေသည်။ ထို့ပြင် သူမကိုသွားရှာကြတဲ့သူတွေဆီက ဘာသတင်းစကားမှမရခဲ့ပေ။ အပြင်လူတွေကတော့သတိမမူပေမယ့် တကယ်တမ်းတွင်ဘုရင်ခံအိမ်တော်သည် ရုန်းရင်းဆန်ခတ်နဲ့ရှုပ်ထွေးနေလေသည်။

ဟိုတစ်ဖက်ရှိခန်းမကျယ်ကြီးသည် အရှုပ်အထွေးထဲရောက်နေပေမယ့် ချောင်ဖျင်ဘက်မှာတော့မတူကွဲပြားတဲ့မြင်ကွင်းတစ်ခုပင်။ ရှောင်ချောင်သည်စိတ်မကောင်းဖြစ်နေပုံရပြီး သခင်မတင်းကိုစိတ်သက်သာရာရစေရန် တနေ့တာလုံးအဖော်ပြုပေးနေခဲ့သည်။ ထိုအချိန်တွင် ဝမ်းကွဲကခိုးရာလိုက်ပြေးသွားခဲ့ကြောင်း သိသွားခဲ့ချိန်တွင် ချောင်စဲ့သည်ဒေါသမဖြစ်ပဲ ပျော်ရွှင်သွားကာ ဦးလေးဖြစ်သူကိုတိုက်တွန်းဖို့ အဖေဖြစ်သူကိုမဆိုင်းမတွလောဆော်လိုက်သည်။

ချောင်ဖျင်သည်နှစ်ရက်တာစောင့်ဆိုင်းခဲ့ပေမယ့် တာ့ချောင်သည်ကောက်ရိုးပုံထဲ‌အပ်ပျောက်သလို မည်သည့်သတင်းအစအနမှမရှိပဲ‌ ပျောက်ကွယ်သွားသည်ကိုမြင်လိုက်ရတော့ သူဆက်နှောင့်နှေးနေလို့မရတော့ကြောင်း သိလိုက်သည်။ သူသည်အစ်ကိုကြီးဖြစ်သူအရေးကိစ္စတွေဆွေးနွေးတဲ့ စာကြည့်ခန်းကိုသွားရှာခဲ့ပြီး တံခါးဝသို့ရောက်ချိန်တွင် အတွင်းမှသက်ပြင်းချသံကြီးကြားလိုက်ရသည်။ အထဲဝင်သွားတဲ့အခါမှာတော့ သူ့အစ်ကိုကြီးချောင်ယွဲ့နဲ့ အစ်ကိုဖြစ်သူရဲ့အကြံပေးကျန်းဖူတို့ နှစ်ဦးစလုံးမျက်မှောင်ကျုံ့ထားလျက် မျက်နှာချင်းဆိုင်ထိုင်နေကြသည်ကို မြင်လိုက်ရသည်။ 
 
ချောင်ယွဲ့က  " ဝေ့ရှောက်ဆီကိုပို့လိုက်တဲ့သံတမာန်ကဝေ့ရှောက်နဲ့မတွေ့ခဲ့ပေမယ့် သူ့အဘွားတော်သခင်မရွှီနဲ့တွေ့ခဲ့တယ် သခင်မရွှီကဒီမင်္ဂလာပွဲကိုသဘောတူလိုက်ပြီး နေ့ကောင်းရက်သာရွေးပြီး သတို့သမီးကြိုဖို့ယန်ကျိုးကိုလူလွှတ်လိုက်မယ်လို့ပြောတယ်လို့ ခုနကပဲသတင်းရခဲ့တယ် သံတမာန်ကမကြာခင်ရောက်တော့မှာ အခုချိန်မှာတာ့ချောင်ကထွက်ပြေးသွားပြီ ငါတို့ဘာလုပ်ကြမလဲ?"


သူသည်ရတတ်မအေးလွန်းလို့ စကားဆုံးပြီးနောက်တွင် ပတ်ပတ်လည်လမ်းလျှောက်နေသည်ကိုရပ်လိုက်သည်။

ချောင်ဖျင်ထိတ်လန့်သွားခဲ့ပြီး ကျန်းဖူကိုကြည့်လိုက်ပေမယ့် သူသည်လည်းမျက်မှောင်နက်နက်ကျုံ့လျက်ရှိသည်ကို မြင်လိုက်ရတော့ ခဏတွေးကြည့်ပြီးနောက် ကျန်းဖူကိုအရင်ထွက်သွားခိုင်းလိုက်သည်။



……