Chapter 4 သစ်ခုတ်သမားတေးဆိုသည်
.
လရောင်အရိပ်အောက်တွင် တာ့ချောင်သည်သူမကိုကိုင်ထားတဲ့လူငယ်ရဲ့လက်တွေမှ ရုန်းထွက်လိုက်ပြီး ခေါင်းငုံ့ကာထွက်သွားရန်လှည့်လိုက်သည်။ သူမခြေနှစ်လှမ်းပဲလျှောက်ပြီးချိန်တွင် အမျိုးသားသည်အနောက်ကနေ သူမခါးလေးကိုပွေ့ဖက်လိုက်သည်။
သူမရပ်တန့်သွားပေမဲ့ ခဏအတွင်းမှာပဲ နောက်တစ်ကြိမ်ရုန်းထွက်လိုက်သည်။
အမျိုးသားသည်သူမနောက်မလိုက်တော့ပဲ ထိုနေရာမှာပဲရပ်နေကာ သူမရဲ့မှေးမှိန်ပျောက်ကွယ်သွားတဲ့နောက်ကျောလေးကို ငေးစိုက်ကြည့်နေသည်။ နောက်ဆုံးတွင် မြေပြင်ပေါ်ဖြေးညင်းစွာဒူးထောက်လိုက်ကာ အနက်ရောင်ပုံရိပ်သည် အေးခဲသွားပုံရပြီး လှုပ်ရှားမှုကင်းမဲ့နေသည်။
ရှောင်ချောင့်နှလုံးသားခုန်ပေါက်သွားပြီး အမြန်ပြန်လာခဲ့သည်။ အစေခံကအိပ်ပျော်နေတုန်းပဲ။ ရှောင်ချောင်သည် အစေခံကိုဖြတ်လျှောက်ကာ အတွင်းခန်းဆီပြန်ဝင်သွားပြီး ကုတင်ပေါ်တတ်လိုက်သည်။ စောင်လှန်ကာ ပြန်လှဲလျောင်းပြီး မျက်လုံးတွေမှိတ်လိုက်တဲ့အချိန်မှာပဲ အပြင်တံခါးအနည်းငယ်ကျွီခနဲမြည်သွားသံနဲ့ ခြေသံဖွဖွကိုကြားလိုက်ရသည်။ တာ့ချောင်လည်းပြန်ရောက်လာပြီ။
သူမကဟန်ချက်ပျက်သွားတာဖြစ်မည်။ အစေခံဘေးကိုဖြတ်သွားချိန်တွင် သူမခြေထောက်ကအစေခံအိပ်ရာရှေ့က ခုံပုလေးနဲ့မတော်တဆငြိသွားပြီး ခုံလည်သွားကာ 'ဒုတ်' ခနဲအသံဖြင့်ကြမ်းပြင်ပေါ်လဲကျသွားသည်။
အစေခံသည်အိပ်မက်မှနိုးသွားပြီး မျက်လုံးဖွင့်ကြည့်လာသည်။ သူမအနီးကလူရိပ်ကိုမြင်လိုက်ရတဲ့အခါ ထိတ်လန့်သွားပြီး အော်တော့မည့်အချိန်တွင် တာ့ချောင်ကိုမှတ်မိသွားသည်။
" ဘာမှမဟုတ်ပါဘူး အိပ်ပါ တို့ရေအိမ်သွားတာပါ"
တာ့ချောင်အသံသည်ဘာမှမဖြစ်ခဲ့သလို ထွက်ပေါ်လာသည်။ အစေခံသည်သံသယမဝင်ပဲ ခုံပုလေးကိုပြန်ကောက်ထောင်လိုက်သည်။ ခဏကြာပြီးနောက် ရှောင်ချောင်သည်ခြင်ထောင်အပြင်ဖက်မှ အဝတ်အစားချွတ်တဲ့အသံသဲ့သဲ့ကြားလိုက်ရသည်။ ထို့နောက် ခြင်ထောင်အနည်းငယ်ပွင့်ဟသွားကာ တာ့ချောင်ကုတင်ပေါ်ဖြေးညင်းစွာတတ်လာပြီး ရှောင်ချောင့်ကိုကျောပေး၍အပြင်ဖက်ကိုမျက်နှာမူကာ ဖြေးညင်းစွာလှဲလျောင်းလိုက်သည်။
သူမသည်လှဲလျောင်းလိုက်ချိန်တွင် အိပ်ပျော်သွားသည့်အလား အစ၌မလှုပ်ရှားခဲ့ပေ။ ဒါပေမဲ့ တခဏကြာပြီးနောက် ပခုံးသားလေးတွေတသိမ့်သိမ့်တုန်လာပြီး ချုပ်တည်းထားတဲ့ ငိုသံသဲ့သဲ့တို့ ရှောင်ချောင့်နားဆီရောက်လာသည်။
ရှောင်ချောင့်နှလုံးသားသည်လွန်ဆွဲနေပြီး ဆုံးဖြတ်ရန်ချီတုံချတုံဖြစ်နေချိန်မှာ သူမဘေးခေါင်းအုံးပေါ်က တာ့ချောင်ရဲ့ရှိုက်သံကို ရုတ်တရက်ကြားလိုက်မိသည်။ သူမကရှောင်ချောင့်ကိုနှိုးမိသွားမှာစိုးတာကြောင့် အသံတွေကိုပြန်မျိုချလိုက်ပေမဲ့ ပခုံးလေးတွေကပို၍ပင်တသိမ့်သိမ့်တုန်နေသည်။
သူမမျက်ဝန်းတွေကိုဖွင့်လိုက်ပြီး စောင်းကာဘောလုံးတစ်လုံးလိုတင်းတင်းကွေးထားတဲ့ နောက်ကျောပြင်လေးကိုကြည့်ကာ အံတင်းတင်းကြိတ်ပြီး နောက်ဆုံးမှာစိတ်ပိုင်းဖြတ်လိုက်သည်။ သူမကိုကျောပေးထားတဲ့ဝမ်းကွဲဖက်ကိုမှီကာ အနောက်ကနေလက်ဆန့်ပြီး နူးညံ့တဲ့ခါးလေးကိုဖက်၍ နားရွက်အနားကပ်တီးတိုးပြောလိုက်သည်။
" မမ မငိုပါနဲ့ မမအပြင်ထွက်သွားတုန်းက ညီမလည်းလိုက်လာတယ် ညီမအားလုံးမြင်ခဲ့ပါတယ်"
တာ့ချောင်ခန္ဓာကိုယ်တောင့်တင်းသွားကာ မကြာခင်မှာပဲဒီဖက်လှည့်လာပြီး အလောတကြီးဆိုလိုက်သည်။
" မန့်မန့် အထင်မလွဲလိုက်ပါနဲ့ မမက...."
ရှောင်ချောင် သူမပါးစပ်ကိုလှမ်းအုပ်ကာ တိတ်တိတ်နေရန်အချက်ပြလိုက်သည်။ သူမသည်အိပ်ရာပေါ်မှဆင်းကာ တံခါးဆီတိတ်တိတ်လေးလျှောက်သွားကာ နားထောင်လိုက်သည်။ အပြင်ဖက်ကအစေခံရဲ့သွားကြိတ်နေသံသဲ့သဲ့ကိုကြားရပြီးနောက်မှ ပြန်လာခဲ့ပြီး ဆီမီးအိမ်ကိုထွန်းညှိကာ လှည့်ကြည့်လိုက်သည်။
တာ့ချောင်သည်အိပ်ရာမှထထိုင်လိုက်သည်။ သူမရဲ့အနက်ရောင်ဆံနွယ်တွေတွဲရွဲကျနေပြီး လည်တိုင်နဲ့ပခုံးတွေပေါ်မှာအပုံလိုက်ရှိနေကာ လက်တွေကခါးနားမှစောင်စကို စိတ်မအေးစွာဖြင့်ဆုပ်ချေနေလေသည်။ မျက်နှာလေးကဖျော့တော့နေပြီး အခုတင်ငိုထားတာကြောင့် မျက်ဝန်းမှာလေးတွေပန်းရောင်ဖျော့ဖျော့သန်းနေပြီး ပါးပြင်နုနုထက်မှာလက်ကျန်မျက်ရည်စတစ်ချို့နဲ့ ရှောင်ချောင့်ကိုငေးစိုက်ကြည့်နေသည်။ အလှတရားလေးအတွက် ဂရုဏာသက်မိသွားသည်။
ရှောင်ချောင် ဆီမီးအိမ်ကိုကိုင်လာပြီး အိပ်ရာဘေးစားပွဲခုံပေါ်တင်လိုက်တာ မြင်လိုက်ရချိန်မှာ သူမအသိစိတ်ပြန်ကပ်သွားပြီး ရှောင်ချောင့်လက်ကိုခပ်သွက်သွက်ဆွဲကိုင်ကာ စိတ်မအေးစွာတီးတိုးပြောလိုက်သည်။
" မန့်မန့် မမတစ်ခြားမတွေးပါဘူး မိုးချုပ်ပြီးအပြင်မှာအရမ်းအေးနေတာကြောင့်ပါ အဲ့ဒီလူကိုဥယျာဉ်ထဲမှာစောင့်မနေစေချင်ဘူး တစ်ယောက်ယောက်ကသူ့ကိုတွေ့သွားခဲ့ရင် အကြောင်းရင်းမရှိပဲ နောက်ထပ်ဒုက္ခတစ်ခုဖြစ်လာလိမ့်မယ် အဲ့ဒါကြောင့် မမကသူ့ကိုထွက်သွားခိုင်းခဲ့တာပါ...."
သူမလက်တွေကအေးစက်ကာ လက်ရှိသူမအသံလိုပဲ အနည်းငယ်တုန်ယင်နေသည်။
ရှောင်ချောင် တာ့ချောင်ရဲ့လက်ကိုပြန်ဆုပ်ကိုင်လိုက်ပြီး သူမကိုကြည့်ကာ " မမ ညီမအဲ့ဒီလူကိုတွေ့ခဲ့တယ် ဒါပေမဲ့ မကြောက်ပါနဲ့ ညီမဘယ်သူ့ကိုမှမပြောပြပါဘူး မမသူ့ကိုကြိုက်နေတယ်မဟုတ်လားဟင်?"
တာ့ချောင်ရဲ့ဖျော့တော့နေတဲ့ပါးပြင်လေးတွေ အနီရောင်ဖျော့ဖျော့သန်းသွားသည်။ ခဏတုံ့ဆိုင်းနေပြီးနောက်မှာ သူမသည်ရှောင်ချောင်နဲ့အကြည့်ချင်းဆုံကာ ခေါင်းညိတ်ပြလိုက်လေသည်။
" သူကအဆင့်အတန်းနိမ့်ကျတယ် ဒါပေမဲ့သူကအရမ်းကောင်းတာပါ တကယ်ကိုကောင်းတဲ့သူပါ....."
……
ကောင်လေးသည်ချောင်မိသားစုရဲ့မြင်းမွေးမြူရေးခြံတွင် ကြီးပြင်းလာခဲ့သည်။ သူကဆွံ့အသူတစ်ယောက်လို နှုတ်ဆိတ်ငြိမ်သက်ပေမဲ့ သန်မာပြီး မြင်းဒုန်းဆိုင်းကာလေကိုအမီလိုက်နိုင်သည်။ ထို့ပြင် သူသည်မြင်းထိန်းပညာရပ်မှာတော်ပြီး အကြမ်းတမ်းဆုံးမြင်းပင် သူ့အရှေ့မှာဦးညွတ်ရပေသည်။
ထို့ကြောင့် နောက်ပိုင်းတွင် သူကတာဝန်ရှိသူဖြစ်လာပြီး ခရီးထွက်တဲ့အခါ မိသားစုခေါင်းဆောင်တွေရဲ့မြင်းထိန်းအဖြစ်တာဝန်ထမ်းဆောင်ရန် ရွှေ့ပြောင်းခံလိုက်ရသည်။ ဒီလိုနဲ့ပဲ သူသည်ဘုရင်ခံရဲ့သမီးအကြီးဆုံးဖြစ်တဲ့ တာ့ချောင်ရှေ့တွင်စတင်ပေါ်လာခဲ့သည်။
ဒါပေမဲ့ နှစ်တွေအကြာကြီးကုန်လွန်သွားတော့ ထူးဆန်းတဲ့မျက်ဝန်းတစ်စုံနဲ့ ဒီငယ်ရွယ်သန်မာချောမောတဲ့အစေခံသည် ဒူးထောက်ပြီး သူမရထားလုံးပေါ်ဆင်းဖို့တတ်ဖို့ လူသားခြေနင်းခုံတစ်လုံးအဖြစ် ဆောင်ရွက်ပေးတဲ့အကြိမ်တိုင်းမှာ တခြားမြင်းစေတွေအပေါ်ခြေနင်းရတာထက် အများကြီးပိုတည်ငြိမ်တယ်ဆိုတဲ့ ထင်မြင်ချက်ကို တာ့ချောင်အပေါ်ချန်ထားခဲ့သည်။ သူမသူ့ကျောအပေါ်ခြေချလိုက်ချိန်တွင် သူမခြေထောက်တွေကမလှုပ်ရှားသွားခဲ့ပဲ ကျောက်တုံးတစ်လုံးလိုတည်ငြိမ်နေသည်။
တာ့ချောင်သည်ဒီအစေခံကို လွန်ခဲ့တဲ့သုံးနှစ်က သူမသတို့သားလောင်းဆုံးပါးသွားချိန်က မှတ်မိခဲ့သည်။ သူမနဲ့သတို့သားလောင်းကတစ်ခါမှမတွေ့ဖူးဘူးဆိုသော်ငြား ဒါသည်သူမအတွက် ဝမ်းနည်းစရာအဖြစ်အပျက်ဖြစ်နေသေးသည်။ ခဏလောက်တော့ သူမသည်မိခင်ဖြစ်သူနဲ့အတူ မြို့ပြင်ကချန်းရှန်းဘုရားကျောင်းမှာ မကြာခဏအမွှေးတိုင်သွားပူဇော်ခဲ့သည်။
တစ်နေ့ အပြန်လမ်းတွင် မြင်းသည်ထိတ်လန့်သွားခဲ့ပြီး ရထားလုံးမောင်းသူကိုရထားလုံးပေါ်ကပစ်ချကာ အရိုင်းဆန်စွာပြေးလွှားသွားလျက် ရထားလုံးကိုဆွဲသွားသည်။ သူမနဲ့သူမအမေတို့မှာ မှောက်သွားနိုင် သို့မဟုတ် လမ်းပေါ်လိမ့်သွားနိုင်သည့် ဇောက်ထိုးမိုးမျှော်ရထားလုံးထဲတွင် ပိတ်မိနေကြသည်။ သူမကြောက်ရွံ့ထိတ်လန့်နေချိန်တွင် အနောက်မှစူးရှတဲ့လေချွန်သံတစ်ချက်ပေါ်လာပြီး တစ်ယောက်ယောက်ကအမှီလိုက်လာခဲ့သည်။ ထို့နောက် မြင်းသည်အရှိန်လျှော့သွားကြပြီး လမ်းဘေးတွင်ရပ်သွားသည်။
ထိတ်လန့်မှုကြောင့်ဖြူဖျော့နေတဲ့မျက်နှာလေးနဲ့ သူမသည်ရထားလုံးပြတင်းပေါက်မှ အပြင်လှမ်းကြည့်လိုက်စဉ် ခုနကလိုက်မှီသွားတဲ့အမျိုးသားသည် ကြောက်လန့်သွားတဲ့မြင်းကို စိတ်ငြိမ်အောင်ထိန်းပေးနေတာတွေ့လိုက်ရသည်။ သူသည်နှာမှုတ်နေသည့်မြင်းခေါင်းကိုဖက်ထားရင်း မြင်းဘေးမှာရပ်နေသည်။ မြင်းရဲ့လည်ဆံမွှေးတွေကိုပွတ်သပ်ပေးနေရင်း မြင်းနားရွက်အနားကပ်ကာ ချော့မော့နေသကဲ့သို့ လေသံတိုးဖွဖွနဲ့ သူမနားမလည်နိုင်တဲ့တစ်ခုခုကို တီးတိုးပြောလိုက်သည်။ နောက်ဆုံးတွင် မြင်းသည်လုံးဝငြိမ်သက်သွားသည်။
ထိုအချိန်တွင် ကျန်တဲ့အမှုထမ်းတွေရောက်လာကြပြီး အိမ်တော်ထိန်းသည်ဒေါသတကြီးဖြင့် ကြာပွတ်ကိုမြင့်မြင့်မြှောက်ကာ မြင်းကိုရိုက်ချလိုက်ပေမဲ့ မြင်းထိန်းရဲ့လက်ဖြင့်ဖမ်းဆုပ်လိုက်သည်။ အနက်ရောင်ကြာပွတ်သည် သူ့ရဲ့ကြွက်သားတွေနဲ့လက်မှာရစ်ပတ်ထားပြီး အရေပြားအောက်မှအစိမ်းရောင်သွေးကြောမျှင်များသည် ကွေ့ကွေ့ကောက်ကောက်နဲ့ ဖောင်းထွက်နေပြီး သူမလက်သန်းလေးလောက်ထူသည်။
အိမ်တော်ထိန်းသည်ပို၍ပင်ဒေါသဖြစ်သွားခဲ့ပြီး အခြေအနေတင်းမာလာချိန်တွင် မြင်းထိန်းသည်သူ့ကိုကြည့်နေသည့်တာ့ချောင်ဘက်လှည့်ကြည့်ကာ အကူအညီတောင်းခံလိုက်သည်။
ထိုနေ့ရဲ့ကြည်လင်တဲ့ကောင်းကင်ကြီးနဲ့ လေပြေညင်းလေးကို သူမမှတ်မိနေပါသေးသည်။ နေရောင်ရဲ့အောက်မှာ မျက်ဝန်းစိမ်းတွေက သလင်းကျောက်လိုထူးဆန်းနေလေသည်။
ထိုနေ့မှစပြီး သူ့နာမည်ပိကျီးဆိုတာ သူမမှတ်ထားခဲ့ပါသည်။
……
သူမရဲ့ကို့ရို့ကားယားနိုင်တဲ့စကားတွေကြောင့် တာ့ချောင်ကိုယ့်ကိုကိုယ်မုန်းမိသွားသည်။ သူမရဲ့လျှို့ဝှက်ချက်ကိုရုတ်တရက်ရှာတွေ့သွားခဲ့တဲ့ ညီမဖြစ်သူယုံကြည်အောင် ဘယ်လိုစကားတွေကိုသုံးပြီး ပိကျီးကအနည်းဆုံးတော့ သူမမျက်လုံးထဲမှာ အရမ်းကောင်းတဲ့ တကယ့်ကိုအရမ်းအရမ်းကောင်းတဲ့လူပါဆိုတာ ယုံကြည်စေဖို့ ပြောရမလဲမသိပေ။ သူမမျက်နှာလေးနီမြန်းသွားကာ မျက်ဝန်းလေးတွေပြူးကျယ်ဝိုင်းစက်ပြီး ရှောင်ချောင့်ကိုရတတ်မအေးစွာကြည့်လိုက်သည်။
ရှောင်ချောင်အသာယာပြုံး၍ နူးညံ့စွာပြောလိုက်သည်။
" မမ ညီမကိုပြောပြစရာမလိုပါဘူး သူကအရမ်းကောင်းတဲ့လူဆိုတာ ညီမသိပါတယ် သူကမမကိုအဝေးခေါ်သွားချင်တာကြောင့် ခုနကထွက်လာဖို့ပြောခဲ့တာမဟုတ်လား?"
တာ့ချောင်သည်ထိတ်လန့်အံ့အားသင့်သွားပုံရပြီး အရင်ဆုံးခေါင်းခါယမ်းပြလိုက်သည်။ ခဏကြာပြီးနောက် ခေါင်းငုံ့လိုက်ကာ တစ်ဖန်ခေါင်းပြန်မော့လာချိန်တွင် သူမမျက်နှာအမူအရာသည်အများကြီးပိုတည်ငြိမ်လာသည်။
" မန့်မန့် ငါသူနဲ့မလိုက်သွားပါဘူး ခုနကပဲသူ့ကိုရှင်းရှင်းလင်းလင်းပြောခဲ့ပြီးပြီ မပူနဲ့ နောက်ဆိုသူနဲ့မတွေ့တော့ပါဘူး"
" မမ သူ့ကိုအဝေးခေါ်သွားခိုင်းလိုက်ပါ ဒီမှာမနေပါနဲ့တော့" ရှောင်ချောင်ပြောလိုက်လေသည်။
……
တာ့ချောင်လက်ထပ်သွားရင်တောင် ဒါကယာယီသဘောတူညီချက်တစ်ခုပဲဖြစ်မှာပဲ။ အနာဂတ်မှာ သူမအသက်ဆုံးရှုံးသွားပြီး ချောင်မိသားစုတစ်ခုလုံသုတ်သင်ခံရပေလိမ့်မည်။ သူမအဖေလိုချင်တဲ့အတိုင်း ပေးကြိုးစားကြည့်လိုက်တာကမှပိုကောင်းသည်။ နောက်တစ်နည်းရှိချင်ရှိနေနိုင်ပါသည်။
တာ့ချောင်ထွက်သွားရင် ဦးလေးလုပ်နိုင်တာဘာမှမရှိတော့ရာ အဲ့ဒီအခါကျရင် သူမအဖေအကြံပြုရတာပိုလွယ်ကူသွားလိမ့်မယ်လို့ သူမထင်သည်။
……
တာ့ချောင်မှင်သက်သွားပြီး ရှောင်ချောင့်ကိုခဏကြည့်ကာ ပြုံးလိုက်ပြီး အပြုံးကအနည်းငယ်နာကျင်နေကာ " အရူးမလေး မင်းကငါ့ကိုမသန့်စင်တော့ဘူးထင်လို့ ဟိုမှာလက်ထပ်လိုက်ရင်သိသွားမှာကိုစိုးရိမ်နေတာလား? မပူပါနဲ့ သူနဲ့ငါကသန့်ရှင်းကြပါတယ် ဘာမှမရှိပါဘူး"
" အဲ့ဒါကြောင့်မဟုတ်ပါဘူး"
ရှောင်ချောင် သူမနားရွက်အနားကပ်လိုက်သည်။
" မမ ထွက်သွားရမယ် ဝေ့မိသားစုကမင်္ဂလာပွဲကိုသဘောတူလိမ့်မယ် မမ,မထွက်သွားရင် သူနဲ့လက်ထပ်ရမှာ ဟိုဖက်မှာဒီလိုမျိုးလက်ထပ်သွားရရင် မမဘဝကပြီးဆုံးသွားပြီပဲ ပြီးတော့ မမမှာသဘောကျတဲ့အမျိုးသားရှိတယ်မဟုတ်လား?"
တာ့ချောင် ခဏတာအတွေးထဲနစ်မြုပ်သွားပြီး အသာယာခေါင်းခါလိုက်သည်။
" ဒါဆို ငါပိုလို့တောင်မသွားနိုင်ဘူး ဝေ့မိသားစုကမင်္ဂလာပွဲကိုသဘောတူခဲ့ပြီး ငါကထွက်သွားခဲ့ရင် ဒါဆိုငါ့မိသားစုဘာဖြစ်သွားမလဲ? ငါကချောင်မိသားစုရဲ့သမီးဖြစ်လို့ ဒါတွေအားလုံးကိုလက်ခံရမယ်"
ရှောင်ချောင်ခဏတန့်သွားကာ တိတ်တဆိတ်သက်ပြင်းချပြီး မျက်လုံးတွေပင့်ကာ " မမ အကယ်၍ညီမကမမကိုယ်စားဝေ့ရှောက်ကိုလက်ထပ်ချင်တယ်လို့ပြောရင် ညီမကိုလုပ်ခွင့်ပြုမှာလား?"
တာ့ချောင် တစ်ဖန်မှင်သက်သွားခဲ့ပြီး ပြူးကျယ်ဝိုင်းစက်တဲ့မျက်ဝန်းတွေနဲ့ ရှောင်ချောင့်ကိုအကြာကြီးစိုက်ကြည့်ကာ " မန့်မန့်...နင်ဘာလို့ဒီလိုတွေးရတာလဲ? နင်နဲ့လျှိုရှိဇီကချစ်ကျွမ်းဝင်နေကြပြီး နောက်နှစ်မှာလက်ထပ်ကြမှာမဟုတ်ဘူးလား? ပြီးတော့ မြို့စားဝေ့က ငါကြားထားတာ သူက....သူက...."
သူမတုံ့ဆိုင်းသွားပြီး သူမကြားထားတဲ့ ' ရက်စက်တဲ့စရိုက်၊ နိုင်လိုမင်းထက်ဆန်ပြီး ယုတ်မာတယ်' ဆိုတဲ့မှတ်ချက်တွေကို ထုတ်မပြောရဲခဲ့ပေ။
" ဟုတ်တယ် ဝေ့ရှောက်ကလူကောင်းမဟုတ်ဘူး"
ရှောင်ချောင် သူမကိုယ်စားပြောပေးလိုက်သည်။ " ဒါပေမဲ့ မမ အိမ်ထောင်ရေးဆိုတာနှစ်မျိုးပဲရှိတယ် ပထမတစ်ခုကတော့ မမလိုပေါ့ အသက်အရွယ်ကြီးတဲ့အထိ ကိုယ်ချစ်ရတဲ့သူနဲ့အတူ ရိုးရှင်းပေမဲ့ စိတ်ကျေနပ်ရတဲ့ဘဝလေးနဲ့ပေါ့! ဒါပေမဲ့ ညီမကမမနဲ့မတူဘူး ညီမလိုချင်တဲ့ခင်ပွန်းက မှန်ရှေ့မှာညီမကိုမျက်ခုံးမွှေးဆွဲပေးမဲ့သူမဟုတ်ပဲ အာဏာနဲ့အဆင့်အတန်းယူလာနိုင်တဲ့သူပဲ ညီမလျှိုရှိဇီကိုကြိုက်ခဲ့ပါတယ် ဒါပေမဲ့ အခုချိန်မှာသူကညီမလိုချင်တဲ့သူမဟုတ်မှန်းသိလိုက်ပြီ သူကအားနည်းလွန်းတယ် ညီမသူ့ကိုလက်ထပ်လိုက်ရင် သူကအနာဂတ်မှာလန်ယာထီးနန်းကိုဆက်ခံရရင်တောင် ဒီနေ့ကမ္ဘာကြီးရဲ့အာဏာနဲ့ဆို လန်ယာမင်းသမီးတစ်ယောက်သာသာလောက်က ဘာမို့လို့လဲ? ဒါပေမဲ့ ဝေ့ရှောက်ကတော့မတူဘူး သူကအနာဂတ်မှာအဖိုးတန်တဲ့လူဖြစ်လာမယ်လို့ ညီမမျှော်မှန်းထားတယ် မိသားစုနှစ်ခုကလက်ထပ်မင်္ဂလာပြုပြီးပေါင်းစည်းကြမှာဆိုတော့ ဒီလိုအခွင့်အရေးကိုညီမဘယ်လို လက်လွတ်ခံနိုင်မှာလဲ?"
တာ့ချောင်သည်ရုတ်တရက်ပြောင်းလဲသွားပုံရတဲ့ ညီမဝမ်းကွဲကိုစိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။ သူမကအတန်ကြာအောင်မှင်သက်နေခဲ့ပြီးမှ " မန့်မန့် နင်တကယ်ပဲအဲ့လိုတွေးတာလား? တကယ်တော့ငါ့ကိုကူညီပေးနေတာမဟုတ်လား?"
" မမ ညီမကမှမမကိုတောင်းဆိုနေတဲ့သူပါ ကျေးဇူးပြုပြီးညီမဆန္ဒကိုဖြည့်ဆည်းပေးပါ"
ရှောင်ချောင့်လေသံကစိတ်ပိုင်းဖြတ်ထားသည်။
တာ့ချောင်သည်အကြာကြီးမှင်သက်နေခဲ့ပြီး သူမမျက်ဝန်းတွေမှာ နောက်ဆုံးတွင်အတန်ကြာအောင်မမြင်တွေ့ခဲ့ရတဲ့ မျှော်လင့်ချက်ခပ်မှိန်မှိန်လေး ဖြေးညင်းစွာထွက်ပေါ်လာသည်။ ဒါပေမဲ့ဘသူမကသိပ်တော့မသေချာသေးပေ။ သူမသည်ရှောင်ချောင့်ကိုတုံ့ဆိုင်းစွာကြည့်ပြီး ရေရွတ်လိုက်သည်။
" တကယ်အဆင်ပြေပါ့မလား? ငါတကယ်ပဲအားလုံးကို ဒီနေရာမှာလွှတ်ချခဲ့လို့ရတာလား? ငါ့အဖေငါ့ကိုအပြစ်တင်မလားဟင်? ငါ့အမေရောဝမ်းနည်းသွားလေမလား...."
" မမ!"
ရှောင်ချောင် သူမလက်ကိုခိုင်မာစွာဆုပ်ကိုင်လိုက်သည်။
" မမထွက်သွားပြီးရင် မမမိဘတွေကိုမမကိုယ်စားညီမအလုပ်အကျွေးပြုပေးမယ် အချိန်တွေကြာလာရင် ဦးလေးနဲ့ဒေါ်လေးကမမကိုနားလည်လာကြမှာပါ ပြီးတော့ မမတွေးကြည့်ကြည့် မမဒီလိုလက်ထပ်သွားရင် ဟိုလူဘယ်လိုလုပ်မလဲ?"
တာ့ချောင်မျက်နှာကဖြူဖျော့နေပေမဲ့ ပါးပြင်လေးတွေနီမြန်းသွားသည်။ သူမကမျက်လုံးတွေမှိတ်ကာ တီးတိုးရေရွတ်လိုက်သည်။
" မမတွေးကြည့်လိုက်ပါအုံးမယ် တွေးကြည့်ပါရစေအုံးကွယ်....."
" ညီမ မမကိုဖိအားမပေးပါဘူး ဖြေးဖြေးစဉ်းစားကြည့်ပါ"
ရှောင်ချောင်သူမကိုလှဲလျောင်းရန်ကူညီပေးလိုက်ကာ စောင်ခြုံပေး၍ မီးအိမ်မှုတ်သတ်လိုက်ပြီး သူမဘေးမှာလှဲလျောင်းလိုက်သည်။ တခဏကြာပြီးနောက် သူမစကားဆိုလိုက်သည်။
" ညီမအရင်ကအိပ်မက်ဆိုးတွေမကြာခဏမက်လေ့ရှိတယ်မဟုတ်လား ညီမ,မမကိုမပြောပြခဲ့ဘူးလေ တကယ်တော့ မမနဲ့အဲ့ဒီမြင်းစေအကြောင်း အိပ်မက်မက်ခဲ့တာ အိမ်မက်ထဲမှာမမကတခြားသူတစ်ယောက်ရဲ့ဇနီးအဖြစ် လက်ထပ်သွားခဲ့တာ မမကစောစောစီးစီးဆုံးပါးသွားပြီးတော့ ကမ္ဘာပေါ်မှာအထီးကျန်နေတဲ့အုတ်ဂူတစ်လုံးကိုပဲ ချန်ထားရစ်ခဲ့တာ သူလည်းအထီးကျန်စွာနေခဲ့တာ အဆုံးမှာသူဘာလုပ်ခဲ့လဲဆိုတာ မမသိလား? အဆုံးမှာ သူကမမအုတ်ဂူကိုရှာတွေ့သွားပြီး မမကိုမြေကြီးထဲကထုတ်ယူပြီး သူနဲ့အတူထွက်သွားဖို့ ခေါ်သွားခဲ့တာ....."
" မပြောပါနဲ့တော့...."
တာ့ချောင်အသံတိုးတိုးနဲ့ပြောလိုက်ပြီး ပါးပြင်တစ်လျှောက်မျက်ရည်တွေစီးကျလာကာ ခေါင်းအုံးအတွင်းစိမ့်ဝင်သွားသည်။
……
သုံးရက်ကြာပြီးနောက် သခင်မတင်းသည်ချောင်ညီအစ်မနှစ်ယောက်ကို အမွှေးတိုင်ပူဇော်ပြီးဆုတောင်းရန် ချန်းရှန်းဘုရားကျောင်းကိုခေါ်သွားသည်။ အမွှေးတိုင်ပူဇော်ပြီး အမွှေးနံ့သာဆီဖြည့်ပေးပြီးနောက် ခရီးရှည်ကြီးတစ်လျှောက်ပင်ပန်းလာခဲ့တာကြောင့် သူမသည်ခါတိုင်းကဲ့သို့ပင် တရေးတမောအိပ်ရန်အခန်းဆီပြန်သွားသည်။
ဒါပေမဲ့ သူမသမီးတာ့ချောင်သည်ခါတိုင်းပုံစံနဲ့ ကွဲပြားနေတယ်လို့ သူမခံစားရသည်။ သူမ(တာ့ချောင်)စိတ်တွေလေးလံနေပြီး စကားပြောဖို့ချီတုံချတုံဖြစ်နေကာ သူမ(သခင်မတင်း)လက်ကိုတစ်ချိန်လုံးဆုပ်ကိုင်ထားပြီး သူမလှဲလျောင်းတဲ့အချိန်မှာပင် သူမကအနားမှာထိုင်နေသည်။
သခင်မတင်းသည်သိပ်မတွေးခဲ့ပဲ သူမသမီးကဝေ့မိသားစုနဲ့လက်ထပ်ပွဲအကြောင်း စိတ်ပူနေတာလို့ပဲထင်မိတာကြောင့် သူမလက်လေးကိုကိုင်ကာ ပြုံးလိုက်သည်။
" ကလေးရယ် အခုပဲအမေဗုဒ္ဓရှေ့မှာ ဆုတောင်းခဲ့ပါတယ် မင်းသာအနာဂတ်မှာပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်ရေးကိုရနိုင်သရွေ့ အမေ့အသက်ကိုစတေးဆိုစတေးမှာပါ ဗုဒ္ဓကဆုတောင်းကိုဖြည့်ဆည်းပေးမယ်လို့အမေမျှော်လင့်ပါတယ် စိတ်မပူနဲ့တော့နော်"
တာ့ချောင်သည်ခွဲခွာခြင်းရဲ့ဝမ်းနည်းမှုကိုထိန်းထားကာ အမေဖြစ်သူရဲ့လက်ကိုအကြာကြီး လွှတ်ပေးရန်ဆန္ဒမရှိပဲဆုပ်ကိုင်ထားသည်။
……
ချန်းရှန်းဘုရားကျောင်းရဲ့အနောက်တွင် လူသူကင်းမဲ့တဲ့တောင်လမ်းလေးရှိပြီး နေ့တိုင်းထင်းခုတ်ဖို့အတွက် တောင်ပေါ်တတ်လိုက်ဆင်းလိုက်လုပ်ကြသည့် အနီးနားကသစ်ခုတ်သမားတွေပြုလုပ်ထားခြင်းဖြစ်သည်။
သူမရဲ့တောက်ပတဲ့အဝတ်အစားတွေကိုလဲကာ ဖျင်ကြမ်းဝတ်စုံဝတ်ဆင်ထားတဲ့ တာ့ချောင်နဲ့သူမဘယ်ဖက်ကအမျိုးသားသည် ဘေးချင်းယှဉ်တွဲကာ တောင်လမ်းလေးတစ်လျှောက်ထွက်ခွာသွားသည်။ ခဏလောက်လျှောက်သွားကြပြီး သူတို့ပုံရိပ်တွေသည်လမ်းဘေးတစ်ဖက်တစ်ချက်စီက သစ်ပင်ရိပ်တွေကြောင့် လုံးဝပျောက်ကွယ်သွားတော့မည့်အချိန်တွင် မျက်လုံးတစ်ဖက်စိမ်းနဲ့လူငယ်သည် ရုတ်တရက်ရပ်တန့်သွားပြီး တစ်ဖန်ပြန်လှည့်ကာရှောင်ချောင့်ဆီလျှောက်လာပြီး သူမရှေ့မှာဒူးထောက်ကာ အရိုအသေပေးလေသည်။
" မမလေး ဒီဘဝမှာမမလေးလိုအပ်တာတစ်ခုခုရှိမယ်ဆိုရင် ကျွန်တော့အသက်ကိုပေးအပ်မှာပါ"
သူကတစ်လုံးချင်းဆိုသွားသည်။
ဒါကသူစကားပြောသည်ကို ရှောင်ချောင်ကြားဖူးတာပထမဆုံးအကြိမ်ပင်။ အသံသည်နူးညံ့ညင်သာပြီး တည်ငြိမ်ကာ လူကိုမသိစိတ်ကယုံကြည်ဖို့ထိုက်တန်သလို ခံစားရစေသည်။
သူသည်အရိုအသေပေးပြီးနောက် ထရပ်ကာ သူ့ကိုပြန်လှည့်ကြည့်နေတဲ့တာ့ချောင်ဆီလျှောက်သွားကာ လူရိပ်နှစ်ခုသည်မကြာခင်မှာ ရှောင်ချောင့်မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်။
" ......တစ်ရံရောအခါမယ် ဟွရွှီသို့ရယ်အိပ်ပျော်စဉ် ယောင်ယမ်းလမ်းထလျှောက်လို့ ကမ္ဘာကြီးရဲ့ပထမအဆင့်ဖြစ်ခဲ့ပေါ့......"
ရှောင်ချောင်သည် ချန်းရှန်းဘုရားကျောင်းဆီ ဖြေးညင်းစွာပြန်လာချိန်တွင် တောအုပ်အနက်ပိုင်းထဲက သစ်ခုတ်သမားတွေရဲ့တေးဆိုသံတိုးဖျော့ဖျော့ကို ရုတ်တရက်ကြားလိုက်မိသည်။ အသံတွေကမသဲမကွဲနဲ့ အလှမ်းဝေးပေမဲ့ ကမ္ဘာကြီးရဲ့ထာဝရရှင်သန်သောအငွေ့အသက်တချို့ ဆောင်ကြဉ်းလာသယောင်။
........