Chapter 3
Viewers 108

Chapter 3 - ပိကျီး

.


ဖခင်ဖြစ်သူထွက်သွားပြီးနောက် ‌ရှောင်ချောင်နဲ့ချောင်စဲ့သည် ရတတ်မအေးစွာစောင့်ဆိုင်းနေကြသည်။ နာရီဝက်ကြာပြီးနောက်တွင် ဖခင်ဖြစ်သူပြန်လာတာမြင်လိုက်ရသဖြင့် ချောင်စဲ့သည်အလျင်မြန်အနားသွားကာ မေးလိုက်သည်။

"အဖေ ဦးလေးကိုဖျောင်းဖျခဲ့လား။"

အဖေဖြစ်သူမျက်မှောင်ကျုံ့ထားတာမြင်လိုက်ရတော့‌ ရှောင်ချောင့်နှလုံးသားအေးစက်သွားရသည်။ အမှန်ပါပဲ ချောင်ဖျင်သည်ခေါင်းခါယမ်းလိုက်၏။

"မင်းတို့ဦးလေးကငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ဆုံးဖြတ်ထားတယ် သူ့ကိုဖျောင်းဖျလို့မရမှာစိုးရိမ်မိတယ်။"

ချောင်စဲ့အပြင်ထွက်သွားပေမဲ့ ချောင်ဖျင်ရဲ့တားမြစ်ခြင်းခံလိုက်ရသည်။

"ရပ်လိုက်စမ်း! ဒီကိစ္စကဒီမှာတင်ပြီးပြီ  ဆက်ပြောလည်းအသုံးမဝင်ဘူး။"

ချောင်စဲ့တောင့်တင်းသွားကာ သုန်မှုန်သွားသည်။

ချောင်ဖျင် ခဏရပ်သွားပြီး သူ့လေသံသည်အနည်းငယ်ပျော့ပျောင်းသွားသည်။

"ဝေ့မိသားစုကဒီမင်္ဂလာပွဲကို လက်မခံလောက်ပါဘူး စောင့်ကြည့်ကြတာပေါ့။ ဒီကိစ္စမဖြစ်ခဲ့ဘူးဆိုရင် အဲ့ဒီအခါကျငါချန်းလျှိုကိုဆက်သွယ်မဲ့အကြောင်း ထပ်ပြောကြည့်လိုက်မယ် မင်းတို့ဦးလေးမကန့်ကွက်လောက်ဘူးလို့ ထင်ပါတယ်။"


သူကထိုသို့ပြောသော်ငြား ရှောင်ချောင်ကြားလိုက်ရချိန်မှာ သူမအဖေကတကယ်တမ်းတော့ မျှော်လင့်ချက်ကြီးကြီးမားမားတစ်စုံတစ်ရာမရှိဘူးလို့ ခံစားရသည်။

ချောင်စဲ့ကတော့ယုံကြည်သွားပြီး ထိုသို့ဖြစ်လာစေဖို့ မျှော်လင့်နေသည်။

ချောင်ဖျင်သည် ရှောင်ချောင့်ကိုကြည့်လိုက်ပြီး တုံ့ဆိုင်းသွားပြီးမှ " မန့်မန့် မင်းအစ်မနဲ့အချိန်ပိုဖြုန်းပေးပြီး သူ့ကိုစိတ်အေးလက်အေးဖြစ်အောင် ဖျောင်းဖျပေးလိုက်ပါ ဒီမင်္ဂလာပွဲကမအောင်မြင်လောက်ပါဘူး။ အနည်းဆုံးတော့ဖြစ်မြောက်သွားခဲ့ရင်တောင် ဝေ့ရှောက်ကသူရဲကောင်းဆန်တဲ့ဂုဏ်သတင်းနဲ့ လူငယ်လေးပဲ။ သူကအရှင်သခင်တစ်ယောက်လည်းဖြစ်တယ်။ ပြီးတော့ ချောမောခန့်ညားတယ်လို့လည်းအဖေကြားမိတယ် ဒါကြောင့် သူကလိုက်ဖက်ညီတဲ့သူပါပဲ။"


……


ထိုညတွင် ရှောင်ချောင်နဲ့တာ့ချောင်တို့ အိပ်ရာတစ်ခုတည်း အတူထပ်အိပ်ခဲ့ကြသည်။ တာ့ချောင်စိတ်လေးလံနေတာကို ရှောင်ချောင်မြင်နိုင်ပေမဲ့ သူမကတော့ရှောင်ချောင့်အရှေ့မှာ အပြုံးမပျက်ပင်ရှိသေးသည်။ သူမသည်မင်္ဂလာပွဲနဲ့ပတ်သတ်၍ ဘာမှမပြောတာကြောင့် ရှောင်ချောင်မှာပို၍ပင်စိတ်မကောင်းဖြစ်ရသည်။

သူမအဖေကတာ့ချောင်ကို နှစ်သိမ့်ပေးဖို့ပြောခဲ့ပေမဲ့ နှစ်သိမ့်စကားတွေအားလုံးက မထိရောက်ပဲအသုံးမဝင်ဘူးလို့ သူမနက်နက်ရှိုင်းရှိုင်းခံစားမိသည်။

ညီအစ်မနှစ်ယောက်သည် မျက်နှာချင်းဆိုင်ပြီးအိပ်နေကြသည်။ ‌မှိန်ပျပျညအတွင်းမှာ ထွက်ပေါ်လာတဲ့ဝမ်းကွဲရဲ့အသံကို ရှောင်ချောင်ကြားလိုက်သည်။

" မန့်မန့် နင်လျှိုရှိဇီနဲ့မတွေ့တာ ကြာပြီမဟုတ်လား?"

(T/N လျှိုရှိဇီ=ဆက်ခံသူလျှို)


……



တာ့ချောင်ခေါ်တဲ့ 'လျှိုရှိဇီ'သည် ရှောင်ချောင်ရဲ့လက်ရှိစေ့စပ်ထားတဲ့သတို့သားလောင်း သူမအရင်ဘဝကခင်ပွန်း မောက်ချင်းဟုအမည်ရသည့် အနာဂတ်ဧကရာဇ်လျှိုယန်ပင်။ ဒါပေမဲ့ လက်ရှိတွင် လျှိုမောက်ချင်းသည် ဟန်ပြည်ထောင်ရဲ့လန်ယာပြည်နယ်က တန်ဖိုးထားခြင်းမခံရတဲ့ အကြီးဆုံးသားတစ်ယောက်အဖြစ်ပဲ ရှိနေသေးသည်။

သူ့အသက်ဆယ့်သုံးနှစ်အရွယ်တွင် သူ့မိထွေးသည်သူမသားဖြစ်သူ အာဏာမြင့်တတ်လာစေဖို့ ကူညီရန်အလို့ငှာ သူကသူမကိုကိုယ်ထိလက်ရောက်စော်ကားပါသည်ဟုဆိုလျက် သူ့ခမည်းတော်လန်ယာဘုရင်ရှေ့တွင် အသရေဖျက်ခဲ့သည်။ သားငယ်ကိုဦးစားပေးတဲ့ လန်ယာဘုရင်သည် သွားပုပ်လေလွင့်စကားကိုနားထောင်ခဲ့ပြီး လျှိုယန်ကိုအရပ်သားအဖြစ်အဆင့်ချကာ လန်ယာမှနှင်ထုတ်ခဲ့သည်။ သူ့‌အဒေါ်ကရှေုင်ချောင်ရဲ့အဒေါ်ဖြစ်တာကြောင့် ယန်ကျိုးလာပြီး ခိုလှုံခဲ့သည်။

ထိုအချိန်က ဟန်ပြည်ထောင်သည်ဆုတ်ယုတ်သွားသည်။ လော့ယန်ရဲ့နန်းမြို့တော်တွင် လွန်ခဲ့တဲ့ခုနစ်နှစ်ကဝန်ကြီးချုပ်ရှင်းရွှင်နန်းတင်ပေးခဲ့တဲ့ ဆယ့်လေးနှစ်အရွယ်ဧကရာဇ်လေးသည် ရုပ်သေးရုပ်တစ်ခုလိုပင်။ တကယ့်အာဏာကိုတော့ ဝန်ကြီးချုပ်ရှင်းရွှင်ကိုင်ဆောင်ထားခဲ့သည်။

လက်အောက်ခံတိုင်းပြည်ငယ်လေးထဲက လျှိုမိသားစုကိုမဆိုထားနှင့် ဧကရာဇ်လေးပင်ထိုကဲ့သို့ဖြစ်နေသဖြင့် လျှိုမိသားစုသည်ကိုယ်ပိုင်စစ်တပ်ဖွဲ့ထားကြသည့် ဒေသခံစစ်ဘုရင်တွေရဲ့ရှေ့မှာ ဩဇာသက်ရောက်မှုလုံးဝမရှိပေ။ ထို့ကြောင့် ချောင်မိသားစုသည် လန်ယာဘုရင်ကိုမကြောက်ပဲ လျှိုယန်ကိုခေါ်ထားခဲ့ကြသည်။

သူ့မှာထူးကဲတဲ့ရုပ်ရည်သွင်ပြင်နဲ့ အရည်အချင်းရှိသည်။ ချောင်ဖျင်သည်သူ့ကိုသဘောကျပြီး ကောင်းကောင်းဂရုစိုက်ပေးခဲ့သည်။ နောက်ဆုံးတွင်လွန်ခဲ့တဲ့သုံးနှစ်က သူ့အသက်ဆယ့်ရှစ်နှစ်တွင် လန်ယာဘုရင်သည် အမတ်တွေရဲ့စကားကိုနားထောင်ပြီး သားကြီးအပေါ်မှားခဲ့မှန်း အသိဝင်ကာ သူ့အပြုအမူတွေကိုနောင်တရတာကြောင့် သူ့ကိုပြန်ခေါ်ခဲ့သည်။

ထို့နောက်များမကြာမီတွင် လန်ယာဘုရင်သည်ယန်ကျိုးသို့ သံတမန်စေလွှတ်ပြီး လျှိုယန်နဲ့ရှောင်ချောင်တို့ကြား လက်ထပ်ပွဲအဆိုပြုချင်ခဲ့သည်။

သူ့သမီးရှောင်ချောင်နဲ့ လျှိုယန်တို့ အချင်းချင်းမေတ္တာမျှနေကြတာကို ချောင်ဖျင်သည် သတိပြုမိပြီးသားပင်။ သူကရှောင်ချောင့်ကိုမေးမြန်းခဲ့ပြီး သူမရှက်ရွံ့နေတာမြင်လိုက်ရတော့ သူမသဘောတူကြောင်း သိလိုက်သည်။ သူကချက်ချင်းပဲထိုလက်ထပ်ပွဲကိုသဘောတူလိုက်ကာ နှစ်‌ဖက်သည်စေ့စပ်ခဲ့ကြပြီး နောက်နှစ်အတွက်အစီအစဉ်ဆွဲခဲ့ကြသည်။

ရှောင်ချောင်ဆယ့်ငါးနှစ်ပြည့်ချိန်တွင် သူတို့လက်ထပ်ကြပေမည်။

လွန်ခဲ့တဲ့ခြောက်လက လျှိုယန်သည်ချောင်ယွဲ့ရဲ့မွေးနေ့ကို ဂုဏ်ပြုပေးခြင်းအမည်ခံကာ အရှေ့ခရိုင်ကိုတစ်ကြိမ်ရောက်လာခဲ့သည်။ သူသည်ရှောင်ချောင့်ကိုတွေ့ပြီး သူမကိုဘယ်လောက်တမ်းတလွမ်းဆွတ်ရကြောင်း ပြောနိုင်မည်ဟုတွေးခဲ့ပေမဲ့ ရှောင်ချောင်သည်သူ့ကိုအမြဲရှောင်ဖယ်ခဲ့ပြီး အဆုံးမှာတော့စိတ်မကောင်းစွာဖြင့်သာ ထွက်သွားခဲ့ရသည်။


……


သူမအရင်ဘဝကအိပ်မက်ဆိုးသည် တရစ်ဝဲဝဲစွဲကျန်ခဲ့သည့် နက်ရှိုင်းတဲ့စိတ်ပိုင်းဆိုင်ရာအရိပ်မဲကြီးချန်ထားရစ်ခဲ့သည်။ သူမသည်လျှိုယန်နဲ့အတူကြီးပြင်းလာတဲ့ မူလရှောင်ချောင်မဟုတ်တော့ရာ ဒီသတို့သားလောင်းအပေါ်ခံစားချက်မရှိတာကြောင့် သူနဲ့မတွေ့အောင်ရှောင်ခဲ့သည်။ အခု တာ့ချောင်သူ့အကြောင်းရုတ်တရက်ပြောတာကြားလိုက်ရတော့ သူမမှင်သက်သွားသည်။

ဒီရက်တွေအတွင်းမှာ နေ့ရောညပါ မျက်လုံးဖွင့်ထားပိတ်ထားချိန်မှာ ဝမ်းကွဲတာ့ချောင်ရဲ့မင်္ဂလာပွဲအကြောင်းကိုတွေးနေခဲ့ပြီး သူမမှာလည်းစေ့စပ်ထားသူရှ်ိကြောင်း မေ့နေသလောက်ပင်။ ပြီးတော့ နောက်နှစ်ထဲက လက်ထပ်မည့်နေ့ကနီးကပ်လာပြီ။

" မန့်မန့် ဒီတစ်ခေါက်ငါလက်ထပ်သွားခဲ့ရင် မြောက်ပိုင်းကဝေးတယ် နောက်နှစ်နင်လက်ထပ်တဲ့အချိန်ကျရင် ငါပြန်မလာနိုင်မှာစိုးရိမ်မိတယ် ငါတို့နှစ်ယောက်အတွက် နောက်တစ်ခါပြန်တွေ့ဖို့ဆိုတာ ခဲယဉ်းမှာစိုးတယ် နင်နဲ့ရှိဇီတို့ကနှလုံးသားတစ်ခုတည်းမျှဝေထားကြတာ လက်ထပ်ပြီးရင် မင်းပျော်ရွှင်ရမှာ ဒါကြောင့် ငါစိတ်တော့မပူပါဘူး"

ညင်သာသိမ်မွေ့တဲ့အသံနဲ့ သူမပြောသည်ကို ရှောင်ချောင်ကြားလိုက်ရပြီး နှလုံးသားနာကျင်သွားကာ မျက်ဝန်းတို့ပူနွေးလာရသည်။

တာ့ချောင်သည်သူမရဲ့ထူးဆန်းမှုကိုသတိမပြုမိပဲ ဆက်ပြုံးလိုက်သည်။

" အရင်ကတည်းကနင့်ရဲ့အချုပ်အလုပ်ကမကောင်းဘူး။ ဒီနှစ်နှစ်မှာပိုဆိုးလာသလိုပဲ ငါ့မှာနင့်ကိုပေးစရာဘာမှမရှိဘူး ဒါပေမဲ့ နောက်နှစ်နင်လက်ထပ်ရမယ်ဆိုတာ ငါတွေးမိတယ် လျှိုမိသားစုကတော်ဝင်မိသားစုပဲ မင်းကအချုပ်အလုပ်ကိုပေါ့ပေါ့တန်တန်လုပ်လို့မရဘူး ငါတို့ကလျှိုမိသားစုကိုလေးစားသမှုပေးရမယ် ဒါကြောင့်ဒီနှစ်အစမှာ ချွမ်းနျန်နဲ့အတူငါ့ရဲ့အားလပ်ချိန်တွေမှာ နင့်အတွက်ပစ္စည်းတွေလုပ်ထားပေးပြီး သူ့နေရာမှာသိမ်းထားတယ် အကုန်အသင့်ဖြစ်လုပြီ နင့်ယောက္ခထီးအတွက် အနီရောင်ဖိနပ်တစ်စုံပဲကျန်တော့တယ် အဲ့ဒါကအချိန်အတော်ယူတာကြောင့် နောက်ဆုံးမှာထားလိုက်တာ ထိပ်ဦးပိုင်းကိုတော့ငါလုပ်ထားပြီးပြီ ဒါပေမဲ့ အရောင်ကိုမဆုံးဖြတ်နိုင်ဘူး နင်တစ်ချက်လောက်ကြည့်ကြည့်မလား? ဘယ်အရောင်လေးဆိုကောင်းမလဲဟင်? ဆွေးနွေးကြရအောင်....."

တာ့ချောင်သည်စောင်ထဲမှထရန် ခန္ဓာကိုယ်ကိုရွှေ့လိုက်ပေမဲ့ ရှောင်ချောင်သည်သူမကိုပြန်ဆွဲချလိုက်ပြီး အတတ်နိုင်ဆုံးတည်ငြိမ်တဲ့လေသံနဲ့ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် အစ်မ သွားကြည့်စရာမလိုပါဘူး အစ်မလည်းပင်ပန်းနေပြီ အိပ်တော့လေ။"

တာ့ချောင် " ငါစိတ်လောနေတယ် ပစ္စည်းတွေကိုအချိန်မီမလုပ်နိုင်မှာစိုးရိမ်တယ် ငါ...."

သူမစကားရပ်သွားကာ ခဏနှုတ်ဆိတ်သွားပြီးမှ ပြုံးလိုက်သည်။

" မနက်ဖြန်အဆင်ပြေတယ် အရင်အိပ်ကြတာပေါ့"


……


အခန်းသည်တိတ်ဆိတ်ငြိမ်သက်သွားသည်။

တာ့ချောင်သည်လှုပ်ရှားမှုမရှိပဲ အသက်မှန်မှန်ရှူကာ အေးချမ်းစွာအိပ်ပျော်သွားပုံရသည်။ ရှောင်ချောင်သည်အစကနိုးနေခဲ့ပေမဲ့ ဒုတိယညပိုင်းရဲ့အစောပိုင်းတွင် အိပ်ငိုက်လာခဲ့သည်။

သူမနိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေချိန်တွင် အိပ်ရာရဲ့အပြင်ဖက်ခြမ်းမှာအိပ်နေတဲ့ တာ့ချောင်ရုတ်တရက်လှုပ်ရှားသွားတာကို သူမသတိပြုမိလိုက်သည်။ ထို့နောက် သူမသည်မီးအိမ်မထွန်းပဲ အိပ်ရာထဲမှတွားထွက်ကာ ပြတင်းပေါက်မှတစ်ဆင့်အခန်းထဲဝင်နေတဲ့ လရောင်အောက်မှာ အဝတ်အစားတွေဝတ်ဆင်လိုက်သည်။ သူမကညင်သာစွာလမ်းလျှောက်ကာ တံခါးကိုဖြေးဖြေးဖွင့် အပြင်မှာအိပ်ပျော်နေတဲ့အစေခံတွေကို ဖြတ်ကျော်သွားပြီး အခန်းထဲမှထွက်သွားသည်။

မူလက ရှောင်ချောင်သည်သူမညရေးညတာထတာလို့ထင်လိုက်တာကြောင့် သူမဘာမှမပြောခဲ့ပေမဲ့ အဲ့ဒီနောက် တစ်ခုခုမှားယွင်းနေသလိုခံစားလိုက်ရသည်။ တာ့ချောင်အပြင်ထွက်သွားချိန်တွင် အရင်ဘဝကအဖြစ်အပျက်တစ်ခုကို သူမအမှတ်ရလိုက်သည်။ သူမထိတ်လန့်တုန်လှုပ်သွားကာ အိပ်ရာထဲမှခပ်သွက်သွက်ထပြီး ဖြစ်ကတတ်ဆန်းအဝတ်ကောက်ဝတ်ကာ အသက်အောင့်၍တိတ်တိတ်လေးထွက်လာခဲ့သည်။

ဒီညလရောင်သည်အေးမြပြီး ငြိမ်သက်စေတဲ့အရောင်မှိန်မှိန်လေး ခြံဝင်းအတွင်းထွန်းလင်းနေသည်။ တံခါးဘောင်ကိုကျော်လိုက်ချိန်တွင် အနောက်ဘက်ဥယျာဉ်ကိုဦးတည်နေပုံရတဲ့ တာ့ချောင်ရဲ့ပုံရိပ်လေး ပြတင်းတံခါးအနားမှာ လျင်မြန်စွာဖြတ်သန်းသွားတာကို တွေ့လိုက်ရသည်။

……

ချောင်မိသားစုအနောက်ဥယျာဉ်ရဲ့ ပန်းမန်တွေနဲ့သစ်ပင်‌တွေရဲ့ကြားမှာ လူငယ်လေးတစ်ယောက်စောင့်ဆိုင်းနေသည်။ သူ့မျက်နှာသည်ချောမောခန့်ညားပြီး ခန္ဓာကိုယ်ကတောလိုက်ကျားသစ်တစ်ကောင်အလား သန်မာဖျတ်လက်ပြီး ကြွက်သားစိုင်တိုင်းတွင် ပေါက်ကွဲရန်အသင့်ဖြစ်နေသည့် ကြီးစွာသောခွန်အားတစ်ခုပါရှိသည်။

ချောင်မိသားစုအနောက်ဥယျာဉ်ရဲ့တံတိုင်းသည် လူနှစ်ရပ်မြင့်ပေမဲ့ သူ့အတွက်တော့လုံးဝပြဿနာတစ်ခုမဟုတ်ပေ။

သူသည်လရောင်မကျတဲ့ ခပ်မှောင်မှောင်ထောင့်တစ်ခုတွင် မြဲမြံစွာရပ်နေပြီး သူ့နောက်ကျောကိုအမှောင်ထုကဝါးမြိုထားကာ အဆုံးအစမဲ့တဲ့ညအမှောင်ထဲမှာ ရောယှက်နေသည်။

သူသည်ဒီနေရာမှာစောင့်နေတာ အတော်ကြာပြီ။ သူ့ကိုယ်ပေါ်ကအဖာအစပ်တွေနဲ့ ပါးလွှလွှချည်သားအင်္ကျီသည် ဆောင်းတွင်းညရဲ့အေးစက်မှုကြောင့် ရွှဲရွှဲစိုနေသည်။ ဒါပေမဲ့ အေးစက်မှုကိုလုံးဝမခံစားရပေ။

ရွှေနန်းဆောင်ထဲမှ သူ့ရဲ့ချစ်ရပါသော အလှမ်းကွာပြီး မြင့်မြတ်တော်ဝင်တဲ့မိန်းမပျိုလေးသည် သူ့ကိုဒီနေရာမှာ လာတွေ့ဖို့ဆန္ဒရှိပါ့မလားဆိုတာ သူမသိပေမဲ့ ဒီနေရာမှာလာစောင့်‌မိနေဆဲပင်။ လက်ရှိတွင် သူ့နှလုံးသားသည် မီးတောက်တစ်ခု တောက်လောင်နေပြီး ‌ထိုမီးတောက်က အားနည်းသေးငယ်ကာ အချိန်မရွေး ပျောက်ကွယ်သွားနိုင်ပေမဲ့ ဒီအေးစက်တဲ့ညမှာသူ့ကိုနွေးထွေးနေစေဖို့လုံလောက်သည်။

သူမွေးလာချိန်တွင် သူ့မျက်လုံးတစ်ဖက်ကအစိမ်းရောင်ဖြစ်ပြီး ညဖက်မှာတောက်ပနေသည်။ သူ့မိဘတွေသည်သူ့ကိုမကောင်းဆိုးဝါးလို့တွေးကာ အလွန်ကြောက်ရွံ့သွားကြပြီး သူ့ကိုချောင်မိသားစုမြင်းမွေးမြူရေးခြံဘေးက ဝက်ခြံအနီးမှာစွန့်ပစ်ခဲ့ကြသည်။ ရေခဲနဲ့နှင်းမှုန်တွေကြားမှာ သူသည်အေးခဲမသေခဲ့ပဲ ဝက်အမေကြီးကသူ့ကိုဝက်ခြံထဲခေါ်သွားခဲ့ကာ ဝက်နို့သောက်ပြီးရှင်သန်ခဲ့သည်။

မြင်းထိန်းကတွေ့ရှိသွားတော့ ထူးဆန်းတယ်ဟုတွေးကာ ပိုင်ရှင်မိသားစုဆီသတင်းပို့ခဲ့သဖြင့် သူ့ကိုခေါ်ထားခဲ့ပြီး မြင်းမွေးမြူရေးခြံမှာ အစေခံတစ်ယောက်အဖြစ် ကျွေးမွေးထားခဲ့သည်။

သူ့မှာမျိုးရိုးအမည်နဲ့နာမည်မရှိပေ။ သူ့ကိုမွေးကင်းစမှာ ဝက်ခြံထဲစွန့်ပစ်ထားခဲ့တာကြောင့် ပိကျီးကသူ့နာမည်ဖြစ်လာသည်။


……


ရှောင်ချောင်သည်အနောက်မှလိုက်သွားပြီး အမှောင်ရိပ်ထဲမှထွက်လာသည့် လူငယ်လေးတစ်ယောက် သူမဝမ်းကွဲကိုပွေ့ဖက်လိုက်တာကို ခပ်လှမ်းလှမ်းမှမြင်လိုက်ရသည်။ ထို့နောက် သူမကသူ့ကိုတစ်ခုခုပြောနေသကဲ့သို့ သူ့ရင်ခွင်ထဲမှရုန်းထွက်လိုက်သည်။

ရှောင်ချောင့်ရင်ထဲရုတ်တရက်သဘောပေါက်သွားသည်။ အရင်ဘဝတုန်းက တာ့ချောင်လက်ထပ်ပြီးနောက်မကြာခင်မှာ ပိကျီးလို့အမည်ရတဲ့ဒီအစေခံသည်လည်း ပျောက်ကွယ်သွားခဲ့သည်။ ချောင်မိသားစုတွင်အစေခံရာပေါင်းများစွာရှိရာ လူတစ်ယောက်မရှိခြင်းသည် မိသားစုခေါင်းဆောင်ပိုင်းတွေဆီမှ အာရုံသိပ်မဆွဲဆောင်နိုင်ခဲ့ပေ။ ရှာဖွေမှုမအောင်မြင်ချိန်မှာတော့ လက်လျှော့လိုက်ကြသည်။

နှစ်အနည်းငယ်ကြာပြီးနောက် ယန့်ကျဲမြစ်တောင်ပိုင်းကမိုးခေါင်မှုသည် ဖရိုဖရဲဖြစ်မှုဆီဦးတည်ခဲ့သည်။ ဒုက္ခသည်များသည်နေရာအနှံ့လှည့်လည်ကြပြီး တဖြေးဖြေးနဲ့သူခိုးဂျပိုးအုပ်စုတစ်ခုဖြစ်လာကာ ၎င်းတို့အနက် မျက်လုံးတစ်ဖက်စိမ်းဓားပြသည် မြင့်တတ်လာကာ အင်အားစုအားလုံးကိုဝါးမြိုပြီး အဓိကကျတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်လာသည်။ ဒါသည်တဖြေးဖြေးနဲ့အလားအလာတစ်ခုဖြစ်လာပြီး နောက်ဆုံးတွင်ဟွိုင်ယင်ကိုသိမ်းပိုက်ကာ သူ့ကိုယ်သူတပ်မှူးအဖြစ်ကြေငြာခဲ့သည်။

လော့ယန်ကရှင်းရွှင်သည် အဖက်ဖက်ကဝိုင်းတိုက်ရန်စစ်သည်တွေနဲ့ မြင်းတွေစေလွှတ်ခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့လေသည်။ ထို့ပြင် ဝေ့ရှောက်နဲ့စစ်ပွဲကပြင်းထန်လာသဖြင့် လက်လွှတ်လိုက်ဖို့သာတတ်နိုင်ပြီး သူ့ကိုထိုမြေကိုအုပ်စိုးခွင့်ပြုလိုက်ရသည်။

နောက်တော့ ဝေ့ရှောက်သည်‌ရှင်းရွှင်ကိုအနိုင်တိုက်ပြီး လော့ယန်ကိုသိမ်းပြီးနောက် တရုတ်ပြည်မကိုအုပ်စိုးနိုင်ခဲ့သည်။ ဒါပေမဲ့ အမြဲတမ်းသီးသန့်နေခဲ့တဲ့ မျက်လုံးစိမ်းဓားပြသည် ယုံးတုကသစ္စာရှိအမတ်အုပ်စုက ဟန်ဧကရာဇ်အဖြစ်တင်မြှောက်လိုက်တဲ့ လျှိုယန်နဲ့ ရုတ်တရက်ကြီးကိုယ့်ဆန္ဒနဲ့ကိုယ်ပူးပေါင်းခဲ့သည်။

စစ်သည်နဲ့စစ်သူကြီးတွေပြတ်လပ်နေတဲ့လျှိုယန်သည် အပျော်လွန်သွားခဲ့ပြီး သူ့ကိုဟွိုင်ယင်ဘုရင်အဖြစ်ခန့်အပ်ခဲ့သည်။ ထို့နောက် သူသည်ပွင့်ပွင့်လင်းလင်းပင် ဝေ့ရှောက်ရဲ့ရန်သူတော်ဖြစ်လာခဲ့သည်။

ဘယ်နေရာကပေါ်လာမှန်းမသိရတဲ့ ဟွိုင်ယင်ဘုရင်ရဲ့တန်ပြန်တိုက်ခိုက်မှုတွေကြောင့်သာမဟုတ်ရင် ဝေ့ရှောက်ရဲ့ကမ္ဘာကြီးကိုသိမ်းပိုက်မဲ့အစီအစဉ်က အနည်းဆုံးနှစ်နှစ်ပိုစောနိုင်ခဲ့မည်ဟု ဆိုကြသည်။

ဟွိုင်ယင်ဘုရင်ရဲ့နောက်ဆုံးအဆုံးသတ်ကလည်း အတော်လေးဒဏ္ဍာရီဆန်သည်။ ကမ္ဘာကြီးရဲ့အောင်နိုင်သူကိုအဆုံးအဖြတ်ပေးတဲ့ ဝေ့နန်ကနောက်ဆုံးတိုက်ပွဲပြီးနောက် ဟွိုင်ယင်ဘုရင်သည်ပျောက်ကွယ်သွားခဲ့သည်။

တစ်ချို့ကသူသေသွားပြီလို့ဆိုကြပြီး တခြားသူတွေကတော့ သူကမျက်လုံးတစ်လုံးဖောက်ထုတ်ခဲ့ကာ သူ့ကိုယ်သူရုပ်ပျက်ဆင်းပျက်ဖြစ်အောင်လုပ်ပြီး ထွက်ပြေးသွားသည်ဟုဆိုကြသည်။ ဝေ့ရှောက်သည်ထိုလူကိုမုန်းတီးလွန်းလှလို့ သူ့ကို‌အသေရရ အရှင်ရရဖမ်းရန် ရွှေစင်သောင်းချီနဲ့အိမ်ထောင်စုပေါင်းတစ်သောင်းဆုလာဒ် ထုတ်ပြန်ခဲ့သည်။ ဒါပေမဲ့ ဘာမှမထူးခြားခဲ့ပေ။

ခြောက်လကြာပြီး‌နောက်မှသာ ဝေ့ရှောက်ဆီသတင်းရောက်လာပြီး တစ်ယောက်ယောက်ကဝေ့မိသားစုရဲ့ဘိုးဘေးဂူသင်္ချိုင်းအနီးမှာ ဟွိုင်ယင်ဘုရင်နဲ့တူတဲ့အမျိုးသားတစ်ယောက်ကို တွေ့ခဲ့မိသလိုပဲဟုဆိုသည်။

ဝေ့ရှောက် အပြေးအလွှားရောက်သွားခဲ့ပေမဲ့ ထူးခြားတာတစ်ခုကိုမှရှာမတွေ့ခဲ့မိပေ။ ထို့နောက်တွင် တစ်ယောက်ယောက်သည် ဘိုးဘေးဂူသင်္ချိုင်းအပြင်က စွန့်ပစ်ထားတဲ့ အုတ်ဂူကိုဖောက်ထွင်းသွားခဲ့ကြောင်း ရှာတွေ့ခဲ့သည်။ အလောင်းကိုဘယ်နေရာမှာမှရှာ‌မတွေ့တော့ပဲ အဝါရောင်မြေသားဂူသည်ဗလာဖြစ်နေသည်။

ဝေ့ရှောက်သည်ချောင်မိသားစုရဲ့သမီးကိုနန်းချခဲ့သည်။ သူမသေဆုံးပြီးနောက်တွင် ဝေ့မိသားစုရဲ့ဘိုးဘေးဂူသင်္ချိုင်းထဲ ဝင်ခွင့်မရခဲ့တာကြောင့် သူတို့သည်သူမကိုဂူသင်္ချိုင်းအပြင်က အုတ်ဂူတစ်လုံးမှာမြှုပ်နှံခဲ့ကြသည်။





.......