Chapter 2
Viewers 105

Chapter 2- အတိတ်အိပ်မက်တစ်ခု

.

" မန့်မန့်! မန့်မန့်! ထတော့!"

နူးညံ့သိမ်မွေ့ပြီး စိုးရိမ်နေတဲ့အသံတစ်ခု သူမနားအတွင်းမြည်ဟီးသွားပြီးနောက် နိုးသွားသည်။

ရှောင်ချောင်မျက်ဝန်းတွေဖွင့်ကြည့်လိုက်ရာ သူမကိုယ်သူမ နှစ်နှစ်တာလောက်အိပ်ခဲ့တဲ့အိပ်ရာပေါ်မှာ လှဲလျောင်းနေတာကိုတွေ့ရှိလိုက်သည်။ ဒါပေမဲ့ သူမတစ်ကိုယ်လုံးသည် ခုမှရေထဲကထွက်လာသည့်အလား ချွေးတွေနဲ့စိုရွှဲနေသည်။

သူမကိုနှိုးလိုက်တဲ့သူက သူမဦးလေးယန်ကျိုးဘုရင်ခံ ချောင်ယွဲ့ရဲ့သမီး သူမဝမ်းကွဲတာ့ချောင်ပင်။ သူမရဲ့ချစ်စနိုးအမည်ကအားဖန်း။ ဒီနှစ်မှာဆယ့်ခုနှစ်နှစ်ရှိပြီး သူမထက်သုံးနှစ်ကြီးသည်။ ညီအစ်မနှစ်ယောက်ကအတူတူကြီးပြင်းလာကြပြီး အလွန်ကောင်းမွန်တဲ့ဆက်ဆံရေးရှိတာကြောင့် မကြာခဏဆိုသလို တစ်အိပ်ရာတည်းအတူအိပ်တတ်ကြသည်။

သူမနိုးလာတာကိုမြင်သွားတော့ တာ့‌ချောင်သည်သူမနဖူးကိုစမ်းလိုက်ရာ ချွေးအေးတွေနဲ့ဖုံးလွှမ်းနေတာ သိရှိလိုက်သည်။ သူမကအဝတ်အစားဝတ်ကာ အိပ်ရာထဲမှထွက်ပြီး အပြင်မှာအိပ်ပျော်နေပြီဖြစ်တဲ့အစေခံတွေကို မနှိုးလိုက်တော့ပေ။

ဆီမီးအိမ်ကိုမီးညှိ၍ လက်ကိုင်ပုဝါတစ်ထည်ယူကာ အိပ်ရာထဲမှာလှဲလျောင်းနေဆဲဖြစ်သည့် ဝမ်းကွဲဖြစ်သူရဲ့ချွေးတွေကို သုတ်ပေးလိုက်သည်။ အအေးမိသွားမည်စိုး၍ သူမရဲ့အဝတ်သန့်သန့်တစ်ထည်ကိုထုတ်ယူပြီး ရှောင်ချောင်လဲဝတ်ရန်ကူညီပေးလိုက်ကာ ရေတစ်ခွက်ငှဲ့ပေးပြီး သူမကိုကမ်းပေးလိုက်သည်။

ရှောင်ချောင် အနည်းငယ်အာခြောက်နေတာကြောင့် လက်ခံယူလိုက်သည်။

တာ့ချောင်သည် အိပ်ရာအစွန်းမှာထိုင်လိုက်ပြီး သူမရေသောက်သည်ကိုကြည့်ကာ သက်ပြင်းရှိုက်လိုက်သည်။
" အိပ်မက်ဆိုးမက်ပြန်ပြီလား? မန့်မန့် နင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်‌လေ့ရှိတာကို အမှတ်ရပေမဲ့ ပြီးခဲ့တဲ့နှစ်နှစ်ကနင်ဘာဖြစ်ခဲ့တာလဲ နင်မကြာခဏအိပ်မက်ဆိုးတွေမက်တယ် အပြင်မှာ မသန့်ရှင်းတဲ့အရာတစ်ခုခုထိတွေ့မိသေးလား? မနက်ဖြန်ကျရင် အိမ်ကိုလာကြည့်ပေးဖို့ ဘုန်းတော်ကြီးတစ်ပါးခေါ်ဖို့ အမေ့ကိုပြောသင့်ပြီထင်တယ်"

ရှောင်ချောင်ရဲ့မိခင်သည် လွန်ခဲ့တဲ့နှစ်အနည်းငယ်ကဆုံးပါးသွားခဲ့ပြီး သူမအဒေါ်ဖြစ်တဲ့သခင်မတင်းသည် ရှောင်ချောင့်အပေါ်သနားပြီး သူမကိုအမြဲဂရုစိုက်ပေးခဲ့သည်။

ရှောင်ချောင် ခေါင်းခါလိုက်ကာ " မလိုပါဘူး မမ ညီမအဆင်ပြေပါတယ်"

တာ့ချောင်သည်ပန်းကန်လုံးကိုယူပြီး စားပွဲမှာပြန်ထားလိုက်ကာ စိတ်မအေးသေးပေ။
" ဘာအိပ်မက်တွေမက်လို့များ ခန္ဓာကိုယ်တစ်ခုလုံး ဒီလိုမျိုးအေးစက်နေရတာလဲကွယ်?"


……

ဒီပရမ်းပတာဖြစ်နေတဲ့ကမ္ဘာကြီးထဲက မိန်းကလေးတစ်ယောက်ကိုယ်ထဲ ရှောင်ချောင်ဝိဉာဉ်ကူးပြောင်းလာခဲ့သည့် လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက ထိုအိပ်မက်သည်မကြာခဏပေါ်ပေါ်လာခဲ့သည်။ ဒါသည်အိပ်မက်ဆိုးတစ်ခုထက်ပိုမှန်း သူမသိပါသည်။

သူမသည် အရှေ့စီရင်စုရှိယန်ကျိုး၏တရားသူကြီး ချောင်ဖျင်ရဲ့ဆယ့်နှစ်နှစ်အရွယ်သမီး ရှောင်ချောင်ဖြစ်လာခဲ့ရုံတင်မဟုတ် ရှောင်ချောင်ရဲ့အရင်ဘဝအနှစ်နှစ်ဆယ်စာ မှတ်ဉာဏ်တွေအားလုံးသည်လည်း သူမခေါင်းထဲမှာစွဲထင်မှတ်မိနေသည်။

‌အိပ်မက်ထဲကကြောက်လန့်ဖွယ်မြင်ကွင်းသည် သူမမသေဆုံးခင်လေးက သူမဘဝရဲ့နောက်ဆုံးမြင်ကွင်းပင်။ အိပ်မက်ထဲကအရာအားလုံးသည် သွေးလွှမ်းနေပြီးစစ်မှန်သည်။

နန်းတွင်းအမှုထမ်းရဲ့ဓားချက်အောက်မှာ သေဆုံးသွားခဲ့တဲ့ ဆယ့်သုံးနှစ်အရွယ်ကြင်ယာတော်လျှိုသည် သူမကိုထူးဆန်းတဲ့အကြည့်ကြီးနဲ့ ငေးစိုက်ကြည့်ရင်း သေဆုံးသွားခဲ့သည်။ နိုးသွားတဲ့လက်ရှိအချိန်မှာပင် ကျောချမ်းဖွယ်ခံစားမိနေတုန်းပဲ။ သူမနှလုံးသားကိုထွင်းဖောက်သွားတဲ့ ထက်ရှသည့်ဓားသွားမှလာတဲ့ စူးရှတဲ့နာကျင်မှုနဲ့အေးစိမ့်မှုကို ခံစားမိနေသေးသယောင်။

သူမမမှတ်မိချင်တော့ဘူး။ တာ့ချောင်ကိုမှီကာ တီးတိုးရေရွတ်လိုက်သည်။
" ရက်စက်ကြမ်းကြုတ်တဲ့ ကျားကြီးတစ်ကောင်အလိုက်ခံရတယ်လို့ အိပ်မက်မက်ခဲ့တာ....."

တာ့ချောင်ပြုံးပြီး သူမဆံနွယ်လေးတွေကိုချစ်ခင်စွာပွတ်သပ်ပေးလိုက်သည်။ မီးအိမ်ကိုကုန်းမှုတ်လိုက်ကာ စောင်ထဲပြန်တိုးဝင်ပြီး ရှောင်ချောင့်ကိုဖက် ကျောလေးပုတ်ပြီး  " မကြောက်နဲ့နော် မမနင်နဲ့အတူအိပ်ပေးမယ်"

ရှောင်ချောင်ခေါင်းညိတ်ပြီး တာ့ချောင်ရဲ့‌နူးညံ့နွေးထွေးတဲ့ ခန္ဓာကိုယ်မှာမှီကာ မျက်လုံးတွေမှိတ်စက်လိုက်သည်။

ဟန်ပြည်‌ထောင်တင့်ခန်းခုနှစ်နှစ်မြောက်ရဲ့ အေးစက်တဲ့နိုဝင်ဘာလကလရောင်သည် ပြတင်းပေါက်စက္ကူရွက်မှတစ်ဆင့် ဖြာကျနေပြီး အိပ်ရာအရှေ့ကကြမ်းပြင်မှာထွန်းလင်းနေသည်။ ရှောင်ချောင့်စိတ်တွေတည်ငြိမ်သွားပြီး မျက်လုံးတွေမှိတ်လိုက်သည်။

ဒါပေမဲ့ သူမအိပ်မပျော်တော့ပေ။

သူမဘေးကတာ့ချောင်လည်း သူမလိုပဲအိပ်မရတဲ့ပုံပင်။

သူမသည်ရှောင်ချောင်အိပ်ပျော်သွားပြီဟုတွေးတာကြောင့် ဝမ်းကွဲညီမရဲ့စောင်ကို ညင်သာစွာအနားထိုးထည့်ပေးလိုက်ပြီး သူမကတော့လူးလိုက်လွန့်လိုက်နဲ့ အတန်ကြာအောင်အိပ်မပျော်ခဲ့ပေ။

ရှောင်ချောင်သည် တာ့ချောင်ရဲ့အသက်ရှူသံကိုနားထောင်နေပြီး သူမဘာတွေတွေးနေလဲဆိုတာ သိပါသည်။


……

ယန်ကျိုးရှိချောင်ညီအစ်မနှစ်ယောက်သည် အလှတရားကြောင့်နာမည်ကြီးကြပြီး သူမတို့သည်ဟဲ့နန်တစ်ခွင်ကျော်ကြားသည်။ တာ့ချောင်ဆယ်နှစ်အရွယ်တွင် ထိုအချိန်ကတုန်းဖျင်ရဲ့အင်အားကြီးဘုရင်ခံဖြစ်တဲ့ စွေ့မိသားစုရဲ့သားနဲ့စေ့စပ်ခဲ့သည်။

လွန်ခဲ့တဲ့နှစ်နှစ် တာ့ချောင်ဆယ့်ငါးနှစ် လက်ထပ်ဖို့အသင့်ဖြစ်ချိန်တွင် တုန်းဖျင်ကိုယန်မြို့ရဲ့ကျိုးစစ်တပ်ကတိုက်ခိုက်ခဲ့ပြီး စွေ့မိသားစုရဲ့အဖေနဲ့သားသည် စစ်ပွဲမှာအသတ်ခံခဲ့ရတာကြောင့် လက်ထပ်ပွဲပျက်သွားခဲ့သည်။

နှစ်နှစ်ကုန်ဆုံးသွားပြီး အခုတာ့ချောင်သည်ဆယ့်ခုနစ်နှစ်ရှိပြီ။ ကမ္ဘာတစ်ဝှမ်းကပိုးပန်းသူတွေသည် တံခါးဘောင်ကိုချိုးဝင်လာတော့မတတ်ရှိကြပေမဲ့ လက်ထပ်ထိမ်းမြားမှုသည်စိတ်ကျေနပ်စရာမရှိခဲ့ပဲ ယနေ့အထိနှောင့်နှေးနေခဲ့သည်။

လွန်ခဲ့တဲ့လတစ်ဝက်ကမှ သူမအဖေကသူမကို နှစ်အစောပိုင်းကမှဟဲ့ပေကိုသိမ်းပိုက်ခဲ့တဲ့ ဝေ့ရှောက်နဲ့လက်ထပ်ပေးဖို့ ဆုံးဖြတ်ထားကြောင်း တာ့ချောင်သိခဲ့ရသည်။ ရန်မြို့ကျိုးစစ်တပ်ရဲ့တိုက်ခိုက်မှုများမှ လွတ်မြောက်နိုင်အောင် သူကဒီမင်္ဂလာပွဲကိုအသုံးချပြီး ယန်ကျိုးရဲ့အင်အားကို ဝေ့ရှောက်ဆီမှအကူအညီလိုချင်သည်။

အခု သူတို့သည်ဝေ့ရှောက်အခြေစိုက်ထားသည့် ကျီကျိုးသို့သံတမာန်စေလွှတ်ထားခဲ့သဖြင့် ဦးလေးသည်တစ်ဖက်လူထံမှအဖြေကို စိတ်ပူပန်စွာစောင့်ဆိုင်းနေသည်။



……


" ငါနင့်ကိုအနှောင့်အယှက်ဖြစ်သွားစေတာလား?"

ရှောင်ချောင်အိပ်မပျော်သေးတာကို သတိထားလိုက်မိတော့ တာ့ချောင်မေးလိုက်သည်။

" မဟုတ်ပါဘူး" လို့ရှောင်ချောင်ပြန်ပြောလိုက်သည်။

တခဏကြာပြီးနောက်တွင် မှောင်ပျပျညနက်ထဲမှာ ရှောင်ချောင်သည်သက်ပြင်းရှည်ကြီးကိုကြားလိုက်ရသည်။ တာ့ချောင်သည်သူမကိုမေးနေသလိုရှိပေမဲ့ သူမဘာသာပြောနေသလိုလည်းဖြစ်သည်။

" ဝေ့မြို့စားကငါတို့မိသားစုနဲ့ရန်ငြိုးရှိထားလို့ ဒီမင်္ဂလာပွဲကိုသူလက်မခံလောက်ဘူးမလား?"

ရှောင်ချောင် နှုတ်ဆိတ်နေသည်။

လွန်ခဲ့တဲ့နှစ်နှစ်က ရှောင်ချောင်ဟုအမည်တွင်ပြီးနောက်တွင် အတိတ်ဘဝအကြောင်း အတိအကျဆိုရရင် အနာဂတ်ဖြစ်လာမည့်အကြောင်း သူမမှတ်မိခဲ့တဲ့အရာတွေအားလုံးသည် အိပ်မက်တစ်ခုသာဖြစ်ပါစေလို့ တိတ်တဆိတ်မျှော်လင့်ခဲ့မိသည်။

ဒါပေမဲ့ အချိန်တွေကုန်လွန်လာသည်နှင့်အမျှ ဒါတွေအားလုံးသည်အစစ်အမှန်ဖြစ်ပုံရသည်ဟု ထိတ်လန့်ခြောက်ခြားစွာနားလည်ခဲ့ရသည်။ ကိစ္စတွေသည် ဖြစ်လာလိမ့်မယ်လို့သူမသိထားတဲ့နှုန်းဖြင့် တစ်ဆင့်ချင်းရွေ့လျားနေသည်။

အကယ်၍ ဘာမှမပြောင်းလဲသွားခဲ့ရင် ဝေ့ရှောက်သည်ဒီမင်္ဂလာပွဲကို လက်ခံပေလိမ့်မည်။ ဒါပေမဲ့ တာ့ချောင်လက်ထပ်သွားတော့ သူမကသူမကိုယ်တိုင်ထက်ပင် ပိုပြီးကြေကွဲစရာကံကြမ္မာဖန်သွားခဲ့သည်။

ဝေ့မိသားစုထဲသူမလက်ထပ်ဝင်ရောက်သွားတံ့ ပထမဆုံးနေ့ကတည်းက သူမခင်ပွန်းဝေ့ရှောက်သည် သူမကိုလုံးဝမထိတွေ့ခဲ့ပေ။ နှစ်တွေကြာလာတော့ ဝေ့ရှောက်ဧကရာဇ်ဖြစ်လာချိန်တွင် ချောင်မိသားစုသည်ဟိုတစ်စုဒီတစ်စုနဲ့ကွဲပြားကာ ပျက်စီးသွားခဲ့ပြီး တာ့ချောင်သည်ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့သည်။

ထို့နောက် ဝေ့ရှောက်သည်တခြားအမျိုးသမီးတစ်ယောက်ကို သူ့ဧကရီအဖြစ်တင်မြှောက်လိုက်လေသည်။ တာ့ချောင်ကဘဝကိုထိုကဲ့သို့ အဆုံးသတ်သွားခဲ့သည်။

ရှောင်ချောင် စမ်းတဝါးဝါးနဲ့ဝမ်းကွဲရဲ့လက်ကို ဖြေးညင်းစွာကိုင်လိုက်သည်။ တာ့ချောင်ရဲ့လက်ချောင်းလေးများသည် အနွေးဓာတ်တစွန်းတစမရှိပါပဲ ရေခဲလိုအေးစက်နေသည်။


……....


Chapter 2.2

နောက်တစ်နေ့တွင် သက်တူရွယ်တူဖြစ်ပြီး သူမထက်အနည်းငယ်လေးပဲနောက်ကျပြီးမွေးလာသည့် ရှောင်ချောင်ရဲ့အမြွှာမောင်လေးချောင်စဲ့သည် ယန်ချန်အရှေ့စီရင်စုမှ အလျင်မြန်ပြန်လာခဲ့ပြီး သူအိမ်ပြန်ရောက်ချိန်တွင် မိုးပင်ချုပ်နေလေပြီ။

ရှောင်ချောင်နဲ့ချောင်စဲ့တို့မောင်နှမနှစ်ယောက်ကြား ဆက်ဆံရေးသည်အလွန်ကောင်းမွန်သည်။ ချောင်စဲ့သည်ဆယ့်လေးနှစ်ပဲရှိသေးပေမဲ့ ‌အစ်မဖြစ်သူရှောင်ချောင့်ထက်ခေါင်းတစ်ဝက်စာပိုမြင့်ပြီး သူရသတ္တိရဲရင့်တဲ့လူငယ်လေးတစ်ယောက်အဖြစ် ထင်ရှားနေပြီဖြစ်သည်။

လွန်ခဲ့တဲ့နှစ်လက သူ့အဖေချောင်ဖျင်သည်သူ့ကို လေ့ကျင့်ရေးဆင်းဖို့အတွက်ယန်ချန်ကိုပို့ခဲ့သည်။ သခင်လေးပြန်ရောက်ပြီဟု အစေခံတွေဆီမှကြားရသည့်အခါ ရှောင်ချောင်သူ့ကိုသွားရှာလိုက်သည်။ သူမအဖေရဲ့စာကြည့်ခန်းတံခါးဝသို့ရောက်ချိန်တွင် အလွန်စိတ်လှုပ်ရှားနေပုံပေါက်သည့် မောင်ဖြစ်သူရဲ့အသံအခန်းထဲမှလွင့်ပျံ့လာတာကို ကြားလိုက်ရသည်။

" အဖေ! ရန်မြို့ရဲ့ကျိုးစစ်တပ်ကသန်မာပေမဲ့ ယန်ကျိုးကလည်းစစ်သည်နှစ်သိန်းရှိပါတယ် ကျွန်တော်တို့အတူတူအလုပ်လုပ်ပြီး ကြိုးကြိုးစားစားတိုက်ထုတ်လိုက်မယ်ဆိုရင် နိုင်နိုင်ချေရှိပါတယ် ကျွန်တော်ဦးဆောင်မယ်! ဦးလေးကစိုးရိမ်နေလို့ ဝေ့ရှောက်ကိုအကူအညီတောင်းဖို့ စီစဉ်နေတယ်လို့ ကျွန်တော်ကြားတယ် ဝေ့ရှောက်ကရည်မှန်းချက်ကြီးတယ် ကျီကျိုးကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက်မှာ သူ့အာဏာကဟဲ့ပေဒေသကိုရောက်နေပြီ သူ့ကိုမှီခိုတာကယာယီငြိမ်းချမ်းမှုကိုပေးလိမ့်မယ်ဆိုပေမဲ့ အချိန်ကြာလာရင် ဘယ်လိုဆက်ထိန်းသိမ်းသွားနိုင်မလဲ? မိသားစုနှစ်ခုကရန်ငြိုးရှိထားတာ မမကြီးရဲ့အနာဂတ်ကိုပြောနေစရာတောင်မလိုဘူး သူကကျွန်တော်တို့ချောင်မိသားစုကို ကူညီမယ်တဲ့လား?"

ရှောင်ချောင် ရပ်တန့်သွားပြီး တံခါးဝမှာရပ်၍အထဲလှမ်းကြည့်လိုက်ရာ မောင်ဖြစ်သူချောင်စဲ့သည်စာကြည့်ခန်းထဲမှာ ပတ်ပတ်လည်လျှောက်နေစဉ် အဖေဖြစ်သူသည်လက်နောက်ပစ်လျက် ပြတင်းပေါက်ဘေးမှာရပ်နေတာကို မြင်လိုက်ရသည်။


……

ချောင်နဲ့ဝေ့ကြားကအငြိုးအကြောင်းပြောရရင် အချိန်တွေကိုလွန်ခဲ့တဲ့ဆယ်နှစ်ကိုပြန်သွားရမှာပင်။ ဝေ့ရှောက်ရဲ့ဖခင်ဝေ့ကျင်းသည် ကျားစွယ်တပ်ရဲ့တတိယအဆင့်စစ်သူကြီးဖြစ်ပြီး ရှုံးနွီတွေကိုဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ သူ့ရဲ့အကျိုးကျေးဇူးကြောင့် ယန်မြို့စားအပ်နှင်းခံရသည်။

သူကယိုကျိုးရဲ့ဘုရင်ခံလည်းဖြစ်ပြီး ချန်းခရိုင်ရဲ့ပုန်ကန်ထကြွတဲ့လီစူးကို တိုက်ခိုက်ရာတွင် ရှောင်ချောင့်အဖိုးဖြစ်တဲ့ ယန်ကျိုးရဲ့ဘုရင်ခံချောင်ကွေ့နဲ့ပူးပေါင်းဖို့ ရုံးတော်မှအမိန့်ပေးခံခဲ့ရသည်။ လီစူးသည်အင်အားကြီးကာသန်မာပြီး ဝေ့ကျင်းနဲ့ချောင်ကွေ့သည် ချန်းခရိုင်ကိုအရှေ့အနောက်ညှပ်၍ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ဒါပေမဲ့ လီစူးရဲ့စစ်ကူတွေရောက်လာပြီဟု သတင်းရလိုက်စဉ်တွင် ချောင်ကွေ့သည် ဝေ့ကျင်းနဲ့သူ့ရဲ့သားကြီးဝေ့ပေါင်တို့က အရေအတွက်မမျှပဲ နောက်ဆုံးမှာအဝိုင်းခံရကာ စစ်ပွဲထဲမှာနှစ်ယောက်စလုံးသေဆုံးသွားသည်ကို မသိလိုက်ပဲပြန်ဆုတ်သွားခဲ့သည်။

ထိုစဉ်က ဝေ့ရှောက်သည်ဆယ့်နှစ်နှစ်ပဲရှိသေးသည်။ သူကလည်းအဖေနဲ့အစ်ကိုကြီးတို့နဲ့အတူ စစ်ပွဲထဲကိုလိုက်သွားခဲ့ရာ သူ့ကိုကာကွယ်ပေးဖို့ လက်အောက်ငယ်သားများသည်အသက်စတေးခဲ့ကြပြီး နောက်ဆုံးတွင်အဝိုင်းခံထားရတဲ့ကြားမှ လွတ်မြောက်ခဲ့ပြီးယိုကျိုးကိုပြန်ဆုတ်သွားသည်။

ချောင်မိသားစုသည်နောက်ပိုင်းတွင် သတင်းပါးဖို့လူတွေလွှတ်လိုက်ကြောင်း ရှင်းပြခဲ့ပေမဲ့ သတင်းပို့ဆက်သားသည်လမ်းတွင် ခြုံခိုအသတ်ခံခဲ့ရသည်။ သူတို့မှာရွေးချယ်စရာမရှိတော့ပေ။ နာရေးအတွင်းမှာ ဝေ့မိသားစုထံသို့ လက်ဆောင်ပဏ္ဍာအမြောက်အများ ပို့ဆောင်ပေးခဲ့ပါသည်။

လွန်ခဲ့တဲ့လေးနှစ်က 'စစ်ဘုရင်လေး' လို့ကျော်ကြားတဲ့ ဆယ့်ရှစ်နှစ်အရွယ်ဝေ့ရှောက်သည် စစ်တပ်တစ်တပ်ကိုဦးဆောင်ကာ အရှေ့ပင်လယ်ရဲ့ကမ်းခြေတွေမှာ လီစူးရဲ့မိသားစုတစ်ခုလုံးကို နောက်ဆုံးမှာသတ်ဖြတ်ပစ်ခဲ့သည်။

ပြောကြသည်မှာ လီစူးကိုအရင်ဆုံးညှင်းပန်းနှိပ်စက်ပြီး ဝေ့ရှောက်ကိုယ်တိုင်ကွပ်မျက်ခဲ့ကာ ဓားအချက်တစ်ထောင်ထိုးပြီး သေဆုံးသွားပြီးနောက်မှာ ဝေ့ရှောက်သည်သူ့ကိုနှုတ်နှုတ်စင်းကာ ငါးစာကျွေးပစ်ခဲ့သည်တဲ့။

ရှောင်ချောင်အဖိုး သေသွားပြီးနောက် သိပ်မကြာခင်တွင် ဟဲ့ကျန်းကိုတိုက်ခိုက်နေတဲ့ဝေ့ရှောက်သည် သတင်းကြားပြီး အေးစက်စွာဖြင့် ' ခေါင်းဖြူသူခိုးကြီးကသေသင့်တယ်' ဟုပြောခဲ့သည်လို့လည်းဆိုကြသည်။

ဝေ့ရှောက်အမုန်းတရားရဲ့နက်ရှိုင်းမှုက သိသာထင်ရှားသည်။


……


" အဖေ! အရမ်းအားနည်းလွန်းလို့ အသံတစ်သံတောင်မထွက်ရဲတော့ဘူးလား? အဖေဘာမှမပြောရင် ကျွန်တော့်ဘာသာဦးလေးကိုသွားရှာပြီးပြောလိုက်မယ်"

အဖေဖြစ်သူတုံ့ဆိုင်းနေတာကိုမြင်လိုက်သဖြင့် ချောင်စဲ့လက်သီးတင်းတင်းဆုပ်ကာ လှည့်ထွက်သွားတော့မည့်ဟန်ပြင်လိုက်သည်။

" အဓိပ္ပါယ်မရှိလိုက်တာ! အဲ့ဒီမှာရပ်နေစမ်း!"

ချောင်ဖျင်လှည့်လာကာ သားဖြစ်သူကိုတားလိုက်ပြီး " ကျိုးစစ်တပ်ကသန်မာတယ် သူတို့ကတုန်းဖျင်ကိုဝါးမြိုထားပြီး စွေ့မိသားစုရဲ့အခြေခံအုတ်မြစ်ကိုဖျက်စီးထားတာ သူတို့ကဒါတွေကိုတစ်ချက်တည်းဖျက်စီးပစ်ခဲ့တယ် လွန်ခဲ့တဲ့တစ်လကတိုက်ပွဲနိုင်ထားလို့ သူတို့ကစိတ်ခွန်အားတတ်ကြွနေကြတာ အခုချိန်မှာ သူတို့ကနောက်တစ်ကြိမ်တိုက်ခိုက်လာတော့မယ် ‌‌ဟဲ့ပေကဝေ့ရှောက်ရဲ့စောင့်ကြည့်မှုနဲ့ဆို ယန်ကျိုးကစစ်သည်နှစ်သိန်းက ဘယ်လိုရှင်သန်နိုင်မှာလဲ?"

" ဝေ့ရှောက်ကိုအားကိုးဖို့ကလွဲပြီး တခြားနည်းမရှိတော့ဘူးလား? ကျွန်တော့်အစ်မကဒီလို လက်ထပ်သွားရမဲ့အတွေးမျိုး မတွေးနိုင်ဘူး"

ချောင်ဖျင် ခဏလောက်တွေးဆပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။

" ဝေ့ရှောက်ဆီက အကူအညီတောင်းတာ မသင့်တော်မှန်းငါလည်းသိပါတယ် ငါကြိုးကြိုးစားစားမတိုက်ခဲ့ဘူးလို့များ မင်းထင်နေလား ချန်းလျှိုကကျန်းဖုနဲ့ အင်အားစုတွေပူးပေါင်းဖို့ ငါတစ်ခါကအကြံပြုခဲ့ပေမဲ့ အောင်မြင်ဖို့အခွင့်အရေးမရှိနိုင်ဘူး ငါငယ်ငယ်တုန်းကကျန်းဖုနဲ့ မိတ်ဆွေတွေဖြစ်ခဲ့ကြတော့ သူ့ကိုသွားဖျောင်းဖျပေးဖို့ ဆန္ဒရှိပါတယ် ဒါပေမဲ့ မင်းဦးလေးနဲ့အမတ်တွေက စစ်ပွဲကိုရှောင်ဖို့ဆုံးဖြတ်ခဲ့ကြတယ်..."

" အဖေ! ကျေးဇူးပြုပြီးဦးလေးကိုထပ်ဖျောင်းဖျပေးပါနော်!"

ရှောင်ချောင်မနေနိုင်ပဲ တံခါးတွန်းဖွင့်ပြီး အဖေဖြစ်သူအရှေ့မှာ ဒူးထောက်လိုက်သည်။ ဘာမှမလုပ်ခဲ့ပဲ ကိစ္စတွေကစီစဉ်ထားတဲ့အတိုင်းဆက်သွားပါက တာ့ချောင်ရဲ့ဘဝကြီးက ပျက်စီးသွားပေလိမ့်မည်။ ထို့နောက် နှစ်အနည်းငယ်ကြာပြီးရင် ချောင်မိသားစုတစ်ခုလုံး ရှင်သန်တော့မှာမဟုတ်ပေ။

သူမအဖေက စစ်ပွဲထဲမှာသေသွားပြီး သူမနဲ့သူမရဲ့နောက်ဖြစ်လာမည့် ခင်ပွန်းဧကရာဇ်လျှိုယန်တို့ လွတ်မြောက်နိုင်စေရန် လိုက်ဖမ်းသူတွေကိုအာရုံပြောင်းဖို့ သူ့အသက်ကိုစွန့်လွှတ်စတေးခဲ့တဲ့ သူမမောင်ချောင်စဲ့သည် ဝေ့ရှောက်စစ်သည်တွေရဲ့အဝိုင်းခံရပြီး မြှားမိုးတွေကြားမှာသေဆုံးသွားခဲ့တာကို သူမမှတ်မိပါသည်။

ချောင်ဖျင်သည် ဒီနှစ်မှာသုံးဆယ့်ငါးနှစ်ပဲရှိသေးပြီး အလွန်ချောမောခန့်ညားတဲ့ အမျိုးသားတစ်ယောက်ပင်။ သူသည်စီရင်စုအရေးတွေနဲ့ အလုပ်များနေခဲ့ပြီး ဥပဒေကိုမျှတစွာပြဌာန်းကာ စီရင်စုရဲ့ပြည်သူတွေကို ဂရုစိုက်ပေးခဲ့သည်။ ထို့ပြင် ချောင်မိသားစုသည် ယန်ကျိုးမှာမျိုးဆက်သုံးဆက်တိုင်တိုင် ရှိနေခဲ့သည်။

သူမရဲ့အဖေက ထူးချွန်ပြောင်မြောက်တဲ့ ကဗျာဆရာတစ်ယောက်ဖြစ်ပေမဲ့ အားနည်းပျော့ညံ့တဲ့ ပညာသင်သားတစ်ယောက်တော့မဟုတ်ပေ။ သူ့ရဲ့တိုက်ပွဲဝင်ဝတ်ရုံကိုဝတ်ဆင်လိုက်ချိန်တွင် ဝတ်ရုံဖြူစစ်သူကြီးတစ်ဦးဖြစ်လာခဲ့သည်။

ဒီဘဝမှာ ဒီလိုအဖေနဲ့မောင်ငယ်တို့ဖြင့် သူမက‌ မူလရှောင်ချောင် မဟုတ်ဘူးဆိုရင်တောင် သူတို့ကိုဒီလိုမျိုးအဆုံးရှုံးခံလိုက်ဖို့ မလိုလားပေ။

ချောင်ဖျင်သည် သမီးဖြစ်သူကရုတ်တရက်အထဲဝင်လာပြီး ဒီလိုမျိုးဒူးထောက်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ရာ တောင့်တင်းသွားသည်။

" အဖေ အစ်မပြောတာမှန်ပါတယ် ကျွန်တော်တောင်းဆိုပါတယ်‌အဖေ!"

ချောင်စဲ့လည်း ရှောင်ချောင်နဲ့အတူ ဒူးထောက်လိုက်သည်။

ချောင်ဖျင်မျက်မှောင်ကျုံ့သွားကာ ပြတင်းပေါက်ဆီ တခဏလောက်မျှော်ကြည့်ကာ နောက်ဆုံးတွင်  " ကောင်းပြီ အဖေထပ်ဖျောင်းဖျကြည့်လိုက်မယ်"





.....