Chapter 5.2
Viewers 107

Chapter 5.2 ကျားစီးမိလျက်သား(2)

.

ယန်ကျိုးသည်တရုတ်ပြည်မရဲ့ကုန်းတွင်းပိုင်းမှာတည်ရှိပြီး ဝမ်မြစ်နဲ့စစ်မြစ်တို့ပေါင်းဆုံရာ ဟဲ့နန်နဲ့နီးသည်။ လှပပြီးသဘာဝအရင်းအမြစ်ကြွယ်ဝကာ လူ‌ဦးရေထူထပ်သည်။ တောင်ပိုင်းမှရွှီကျိုးနဲ့ယွီကျိုးတို့ဆီသို့ ဖြတ်လမ်းတစ်ခုလည်းဖြစ်သည်။ ထို့ကြောင့်ပဲ ယန်ကျိုးသည်ရှေးယခင်ခေတ်ကတည်းက စစ်ဗျူဟာရှင်တွေအားပြိုင်ရာ အရေးပါတဲ့နေရာတစ်ခုဖြစ်လာခဲ့သည်။

ချောင်မိသားစုရဲ့ဘိုးဘေးတွေသည် ဟန်ဧကရာဇ်အတွက်နယ်မြေကိုစောင့်ကြပ်ခဲ့ကြပြီး ဒီနေရာမှာမျိုးရိုးစဉ်ဆက်နေထိုင်ခဲ့ကြသည်။ အဖိုးဖြစ်သူချောင်ကွေ့အသက်ရှိနေစဉ်က အင်အားတောင့်တင်းတဲ့စစ်သည်တွေနဲ့မြင်းတွေရှိခဲ့ပါသည်။ ချောင်ယွဲ့လက်ထက်ရောက်လာတဲ့အခါ ချောင်မိသားစုရဲ့အရှိန်အဟုန်သည် အတိတ်တုန်းကလောက်တော့မသန်မာတော့ပေ။ ထို့ပြင် ချောင်ယွဲ့ရဲ့စရိုက်သည်အားနည်းပြီး အမြဲတမ်းမိမိကိုယ်ကိုကာကွယ်ခြင်းကို အရင်စဉ်းစားတာကြောင့် ယန်ကျိုးသည်ဆက်လက်နိမ့်ကျလာခဲ့သည်။ ဒါကယန်ကျိုးကိုလက်ရှိအချိန်လိုကျားနဲ့ဝံပုလွေတွေဝိုင်းနေကြတဲ့အကြောင်းရင်းပင်။

ခုနကချောင်ယွဲ့ပြောသွားခဲ့သည့် ဝေ့ရှောက်ရဲ့အဘွားတော်သခင်မရွှီသည် မူလကကျုံးရှန်းပြည်ထောင်တော်ဝင်မိသားစုက မင်းသမီးကောင်းယန်ရဲ့သမီးတော်ဖြစ်ပြီး ဝမ်းကျူဘွဲ့ပေးအပ်ခံခဲ့ရသည်။ ဝေ့ရှောက်အဖိုးရဲ့ရှူံးနွီတွေကိုဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ ချီးမြှင့်ထိုက်တဲ့တာဝန်ထမ်းဆောင်မှုကြောင့် သူမကဝေ့မိသားစုထဲလက်ထပ်ဝင်ရောက်ခဲ့သည်။ သူမကလိမ္မာပါးနပ်ပြီး လုပ်နိုင်စွမ်းရှိတဲ့အမျိုးသမီးတစ်ယောက်ဖြစ်သည်။ လွန်ခဲ့တဲ့ဆယ်နှစ်ကလီစူးကိုတိုက်ခိုက်ခဲ့ချိန်မှာ အကြီးဆုံးသားနဲ့မြေးဖြစ်သူကို ရုတ်တရက်ဆုံးရှုံးခဲ့ရသည်။ ထိုအချိန်မှာ ဝေ့ရှောက်သည်ဆယ့်နှစ်နှစ်သာရှိသေးပြီး အင်အားကြီးရန်သူတွေရဲ့ဝန်းရံခြင်းခံခဲ့ရသည်။ ယိုကျိုးရဲ့အခြေခံအုတ်မြစ်သည်အန္တရာယ်ရှိလာခဲ့ပေမယ့် သခင်မရွှီရဲ့လမ်းညွှန်ပဲ့ကိုင်မှုကြောင့် ရှင်သန်နိုင်ခဲ့သည်။


ဝေ့ရှောက်သည်သူ့အဘွားတော်ကိုအရမ်းလေးစားသည်ဟု ဆိုကြသည်။ ဒီမင်္ဂလာပွဲသည် ဝေ့ရှောက်ကိုယ်တိုင်ရဲ့ကတိကိုမရခဲ့ပေမယ့် သခင်မရွှီကကတိပေးလိုက်သည့်အတွက် ဒီကိစ္စကပြီးမြောက်ပြီးဖြစ်ရပေမည်။ အစ်ကိုကြီးဒီလောက်စိုးရိမ်ပူပန်နေတာ မဆန်းတော့ပါဘူး။

ချောင်ဖျင်က " အစ်ကိုကြီး ကျွန်တော်ပြောခဲ့သလိုပါပဲ တူမလေးကဟိုမှာလက်ထပ်ဖြစ်ခဲ့ရင်တောင် ဒါကရေရှည်ဖြေရှင်းနည်းမဟုတ်ဘူး အခုချိန်မှာဝေ့မိသားစုရဲ့အာဏာကမြောက်ပိုင်းမှာပဲရှိနေသေးတယ် ဒါပေမယ့် သူတို့ကစစ်သည်တစ်ယောက်ကိုမှမသုံးပဲ တရုတ်ပြည်မရဲ့ကုန်းတွင်းပိုင်းနက်နက်ထဲသွားဖို့ ယန်ကျိုးကိုစမှတ်တစ်ခုအဖြစ်သုံးဖို့ကြံစည်နေတာ ဝေ့မိသားစုကခြေကုပ်ခိုင်ခိုင်မာမာရသွားပြီး ကျွန်တော်တို့ချောင်မိသားစုကိုခွာထုတ်လိုက်တဲ့အခါ ဘယ်လိုဖြေရှင်းကြမလဲ? ကျွန်တော့်တူမလေးကရော သူ့ကိုယ်သူဘယ်လိုရင်ဆိုင်ရမလဲ? ဝေ့မိသားစုကပြီးခဲ့တာတွေနဲ့ပတ်သတ်ပြီး အငြိုးထားနေတုန်းပဲ အခုဒီမင်္ဂလာပွဲကကျားကိုကိုယ့်ခန္ဓာကိုယ်ထိုးကျွေးနေတာနဲ့အတူတူပဲ အတိတ်ကလီစူးမိသားစုကသင်ခန်းစာပဲ"

ချောင်ယွဲ့မျက်မှောင်ကျုံ့သွားပြီး " ဒုတိယညီလေး မင်းအတွေးလွန်နေတာပဲ ငါတို့ကခမည်းခမက်တွေဖြစ်လာကြမှတော့ ဝေ့မိသားစုကငါတို့ကိုဘယ်လိုကျောခိုင်းနိုင်မှာလဲ? ပြီးတော့အခုအခြေအနေအရေးပေါ်ဖြစ်နေတာ အရင်ဆုံးဒီအခက်အခဲကိုကျော်လွှားဖို့အရေးကြီးတယ် အားဖန်းကချောင်မိသားစုရဲ့သမီးကြီးပဲ ယန်ကျိုးကပျက်စီးမယ့်အခြေအနေထဲရောက်နေတာ ချောင်မိသားစုရဲ့အခက်အခဲတွေကိုကူညီဖြေရှင်းပေးဖို့က သူ့ရဲ့တာဝန်တစ်ခုပဲ အစကဒီပြဿနာကပြေလည်သွားပြီ သူဒီလောက်တာဝန်မသိတတ်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး ဒီသမီးတစ်ယောက်ကိုအချည်းနှီးပျိုးထောင်ခဲ့မိတာပဲ"

ချောင်ဖျင်ဖျောင်းဖျလိုက်သည်။
" အစ်ကိုကြီး တူမလေးကိုရှာမတွေ့ကြမှတော့ နောက်ထပ်အကောင်းဆုံးဖြစ်မယ့်အရာကို ပြင်ဆင်ထားသင့်တယ် ကျေးဇူးပြုပြီးကျန်းဖုကိုဖျောင်းဖျဖို့ ချန်းလျှိုကိုသွားခွင့်ပြုပါ ကြိုးစားကြည့်ရင် နည်းလမ်းမရှိဘူးဆိုတာ မဖြစ်နိုင်ပါဘူး "


ချောင်ယွဲ့သက်ပြင်းချလိုက်ပြီး " မင်းကပေါ့ပေါ့လေးပြောသွားတာပဲ ကျန်းဖုနဲ့အင်အားစုချင်းပူးပေါင်းပြီး အခက်အခဲတွေကိုကျော်လွှားနိုင်မနိုင်ကိုမပြောနဲ့အုံး ဝေ့မိသားစုဖက်မှာ သံတမာန်‌ကရောက်လာတော့မယ် အားဖန်းကဘယ်မှာမှရှာမတွေ့ဘူး ငါတို့ဒါကိုဘယ်လိုရှင်းပြကြမလဲ?"

" အားဖန်းရုတ်တရက်ပြင်းထန်တဲ့ရောဂါဖြစ်သွားခဲ့လို့ ဒီမင်္ဂလာပွဲကိုဆက်မလုပ်နိုင်‌တော့ဘူးလို့ပြောကြရအောင်ပါ ဝေ့မိသားစုကိုတောင်းပန်တဲ့လက်ဆောင်တွေများများပို့ပေးလိုက်ရင် ဝေ့မိသားစုကစိတ်ထဲထားမယ်မထင်ပါဘူး"
ချောင်ဖျင်သည်အဖြေကိုကြိုပြင်ဆင်ထားပြီးပြီဖြစ်ပြီး ပြောလိုက်သည်။

ချောင်ယွဲ့သည်မျက်မှောင်ကျုံ့သွားကာ ခဏလောက်စဉ်းစားပြီးနောက် သက်ပြင်းရှည်ကြီးချလိုက်ကာ " ဒီအကြောင်းကိုထပ်စဉ်းစားပါ‌ရစေအုံး"

သူကအလျင်စလိုလုပ်လို့မရဘူးဆိုတာကို ချောင်ဖျင်သိတာကြောင့် ထွက်လာခဲ့ဖို့ကလွဲပြီးရွေးချယ်စရာမရှိပေ။ သူသည်ပြန်သွားခဲ့ပြီး စိတ်အားထက်သန်စွာစောင့်ဆိုင်းနေတဲ့ချောင်စဲ့ကို အတိုချုံးရှင်းပြလိုက်ပြီး ချောင်စဲ့ကရှောင်ချောင့်ကိုပြန်ပြောပြလိုက်သည်။ ရှောင်ချောင်သည်ရုတ်တရက်မျှော်လင့်ချက်ရှိသလို ခံစားလိုက်ရပြီး

ချောင်စဲ့ကိုသတင်းအသစ်ရှိတာနဲ့ချက်ချင်းလာပြောပြပေးဖို့ ပြောလိုက်ရာ ချောင်စဲ့ကသဘောတူလိုက်သည်။

နှစ်ရက်ကြာပြီးနောက်မှာ တာ့ချောင်ဆီကသတင်းတစ်ခုမှမရသေးပေ။ ချောင်ဖျင်သည်အစ်ကိုဖြစ်သူရဲ့အဖြေစကားကို ရတတ်မအေးစွာစောင့်ဆိုင်းနေစဉ် ကျိုးစစ်တပ်သည်ချောင်နဲ့ဝေ့မိသားစုနှစ်ခုကြားက မင်္ဂလာပွဲအကြောင်းကြားပြီးနောက် ယန်ကျိုးမှတိတ်ဆိတ်စွာတပ်ပြန်ခေါက်သွားတယ်လို့ အရှေ့စီရင်စုရဲ့ပုယန်မြို့မှာ အကြောင်းရင်းတစ်ချို့ကြောင့်သတင်းတွေပျံ့နှံ့လာသည်။

ဘေးကျပ်နံကျပ်အနေအထားပြီးဆုံးသွားပြီး ဝေ့မြို့စားရဲ့လက်ထပ်ပွဲအတွက်သံတမာန်သည်မကြာခင်ရောက်လာတော့မည်။ စစ်သည်တွေဆုတ်ခွာသွားကြသည်ဟု ဖူယန်မြို့ကလူတွေကြားလိုက်ကြတော့ အားလုံးစိတ်လှုပ်ရှားသွားကြပြီး မ‌နက်ကနေညအထိ အမျိုးသား၊ အမျိုးသမီးနဲ့ကလေးသူငယ်များသည် အချင်းချင်းဖေးမကူညီကာ ဘုရင်ခံအိမ်တော်ရှေ့တွင်ဒူးထောက်ပြီး ရှိခိုးကန်တော့ကာ ကျေးဇူးတင်ကြလေသည်။

ချောင်ဖျင်သည်တစ်ခုခုမှားယွင်းနေတာသိသွားပြီး အစ်ကိုကြီးကိုအလျင်အမြန်လာအရှာတွင် အစ်ကိုဖြစ်သူနဲ့ကျန်းဖူတို့မျက်နှာချင်းဆိုင်ထိုင်ကာ စကားပြောနေကြသည်ကိုတွေ့လိုက်ရသည်။ ကျန်းဖူသည်ချောင်ဖျင်လာတာကိုမြင်လိုက်ရတဲ့အခါမှာ စကားရပ်လိုက်ပြီး ထရပ်၍အရိုအသေပေးကာ ထွက်သွားသည်။

" အစ်ကိုကြီး! ကျိုးစစ်တပ်ကပြန်ဆုတ်သွားပြီ တစ်မြို့လုံးမှာဝေ့မိသားစုနဲ့မင်္ဂလာပွဲအကြောင်းပြောနေကြတယ် ဒီစကားတွေဘယ်လိုပြန့်သွားတာလဲ?"

ချောင်ဖျင်ရဲ့စိတ်ရှုပ်ထွေးမှုနဲ့ဆန့်ကျင်စွာ ချောင်ယွဲ့သည်ယခင်ကဆောက်တည်ရာမရမှုတို့ပြောင်းလဲသွားခဲ့ပြီး အလွန်တည်ငြိမ်နေပုံရသည်။
" ဒါကကောင်းတဲ့အရာပဲမဟုတ်လား? ယန်ကျိုးကစစ်သည်တွေနဲ့ပြည်သူတွေကို စစ်ဘေးဒုက္ခကနေကာကွယ်ပေးခဲ့တယ်လေ"

" ကျိုးစစ်တပ်ဆုတ်ခွာသွားတာကောင်းတဲ့အရာပါ အစ်ကိုကြီးများတူမလေးဆီကသတင်းရခဲ့တာလား?"

ချောင်ယွဲ့ ခေါင်းယမ်းလိုက်ပြီး တည်ကြည်လေးနက်စွာပြောလိုက်သည်။
" ဘာသတင်းလဲ? အခုချိန်ကစပြီး ဒီအရှက်မဲ့တဲ့မိန်းကလေးအကြောင်း ငါ့အရှေ့မှာမပြောနဲ့ ငါ့ရဲ့ချောင်မိသားစုမှာဒီလိုသမီးမျိုးမရှိဘူး!"

ချောင်ယွဲ့တွင်ကိုယ်လုပ်တော်အမြောက်အများရှိသော်ငြား တာ့ချောင်အပြင်သူ့မှာ နောက်ထပ်သားတစ်ယောက်နဲ့သမီးတစ်ယောက်ရှိ‌ခဲ့ပေမယ့် ငယ်ငယ်ရွယ်ရွယ်မှာပဲသေဆုံးသွားကြတာကြောင့် တာ့ချောင်ကချောင်ယွဲ့ရဲ့တစ်ဦးတည်းသောသမီးဖြစ်လေသည်။ တာ့ချောင်ဆီမှဘာသတင်းမှမရခဲ့ပဲ မြို့ထဲမှာမင်္ဂလာပွဲအကြောင်းကောလဟလ‌တွေပျံ့နှံ့နေပေမယ့် ချောင်ယွဲ့သည်နည်းနည်းလေးမှစိတ်ပူပုံမရတာကြောင့် ချောင်ဖျင်စိတ်ရှုပ်ထွေးသွားပြီး အစ်ကိုကြီးဖြစ်သူကိုကြည့်လိုက်ရာ တောက်ပတဲ့မျက်လုံးတွေနဲ့သူ့ကိုကြည့်နေတာမြင်လိုက်ရတော့ ခုနကကျန်းဖူသည်ထွက်မသွားခင် သူ့ကိုမျက်လုံးထဲမှာအရိပ်အယောင်တစ်ခုခုနဲ့ကြည့်သွားသည်ကို ရုတ်တရက်အမှတ်ရလိုက်ပြီး အတွေးတစ်ခုဖြတ်ခနဲပေါ်လာစဉ် မျက်နှာလည်းချက်ချင်းပျက်ယွင်းကျသွားသည်။

" မဟုတ်မှ အစ်ကိုကြီးရှောင်ချောင့်ကိုအစားထိုးလက်ထပ်စေချင်တာလား?"
သူသည်တုံ့ဆိုင်းသွားပြီး မေးလိုက်သည်။

ချောင်ယွဲ့က " အင်း ငါတို့ဒီလိုလုပ်ဖို့စီစဉ်နေကြတာ ခုနကပဲညီလေးကိုဆွေးနွေးဖို့ခေါ်ခိုင်းချင်ခဲ့ပေမယ့် မင်းကကိုယ့်ဘာသာကိုယ်ရောက်လာခဲ့တယ် မင်းရောဘယ်လိုထင်လဲ?"

ချောင်ဖျင်တုန်လှုပ်သွားပြီး တွေးတောင်မတွေးကြည့်ပဲ ချက်ချင်းခေါင်းယမ်းလိုက်သည်။
" ဒါကလုံးဝကိုမသင့်တော်ပါဘူး အစ်ကိုကြီးမေ့သွားပြီလား မန့်မန့်ကလန်ယာ့ရဲ့အိမ်ရှေ့စံလျှိုယန်နဲ့စေ့စပ်ထားပြီးပြီ နောက်နှစ်ဆိုလက်ထပ်ကြတော့မှာ သူကဝေ့ရှောက်နဲ့ဘယ်လိုလက်ထပ်နိုင်မှာလဲ?"

" ငါမြင်ရသလောက်တော့ လန်ယာအိမ်ရှေ့စံနဲ့ပတ်သတ်ပြီးပြဿနာမရှ်ိဘူး စေ့စပ်ကြောင်းလမ်းမှုဖျက်သိမ်းဖို့ နှုတ်ရေးကြွယ်တဲ့သံတမာန်စေလွှတ်ပြီး လက်ဆောင်တွေရက်ရက်ရောရောပေးလိုက်မယ် လန်ယာဘက်ကပြဿနာရှိမယ်မထင်ဘူး"

သူ့လေသံကဖြေးဖြေးနဲ့မှန်မှန်ရှိပြီး ယခင်ကချောင်ဖျင်ရဲ့စကားတွေအတိုင်းပြန်ပြောလိုက်သည်။

ချောင်ဖျင်မတတ်နိုင်ပဲလက်ယမ်းလိုက်ပြီး " အစ်ကိုကြီး ဒါကလုံးဝမဖြစ်နိုင်ပါဘူး မန်မန့်နဲ့လန်ယာအိမ်ရှေ့စံကစေ့စပ်ထားတာကြာပြီ သူတို့ကအချင်းချင်းမေတ္တာမျှနေကြတာ ဒီလိုမျိုးကျွန်တော်ဘယ်လိုလုပ်ပြီး သူတို့ကိုခွဲနိုင်မှာလဲ? တောင်းပန်ပါတယ် ကျွန်တော်သဘောမတူနိုင်....."

" လုအန်း!!!"

ချောင်ယွဲ့သည်ညီဖြစ်သူရဲ့နာမည်ကို ကျယ်လောင်စွာအော်ခေါ်ကာ ထိုင်ခုံမှကြမ်းတမ်းစွာထရပ်လိုက်သည်။

" ကျိုးစစ်တပ်ပြန်ဆုတ်သွားပြီဆိုတာသိလိုက်ရတော့ စီရင်စုကပြည်သူတွေဘယ်လောက်ပျော်ရွှင်နေလိုက်ကြသလဲ? ဒုတိယညီလေး မင်းဒီမြင်ကွင်းကိုမြင်ပြီးလောက်ပါပြီ ငါတို့ရဲ့ချောင်မိသားစုကမျိုးရိုးစဉ်ဆက်လိုက် ဧကရာဇ်ရဲ့အမဲလိုက်ခွေးတွေအဖြစ် ဒီနေရာမှာရှိခဲ့ကြတာ ဒုတိယညီလေးမင်းမှာယန်ကျိုးကိုအပျက်စီးခံဖို့ နှလုံးသားတကယ်ပဲရှိတာလား စစ်သည်နှစ်သိန်းနဲ့ပြည်သူတွေကသေရေးရှင်ရေးအကျပ်အတည်းမှာရှိနေကြတာ အခုဝေ့မိသားစုနဲ့မင်္ဂလာသတင်းပျံ့သွားတော့ ကျိုးစစ်တပ်ကတပ်ခေါက်သွားခဲ့တယ် မန့်မန့်နဲ့ယန်ကျိုးကစစ်သည်နှစ်သိန်းနဲ့ပြည်သူတွေမှာ ဘယ်သူကပိုအရေးကြီးလဲ? ဒုတိယညီလေးကိုထပ်ပြောပြစရာမလိုတော့ဘူးမဟုတ်လား?"

ချောင်ဖျင် ခဏလောက်မှင်သက်သွားခဲ့ပြီး သူ့ရင်ထဲမှာနောက်ဆုံးတော့သဘောပေါက်သွားခဲ့သည်။

အစ်ကိုကြီးကငြိမ်းချမ်းရေးဖော်ဆောင်ဖို့ စိတ်အားထက်သန်နေသည်။ သူက ကျန်းဖူရဲ့နောက်ထပ်အဆိုပြုချက်ကို ‌နားထောင်ကာ တာ့ချောင်အစားသူ့သမီးကိုလက်ထပ်ပေးဖို့ တွေးခဲ့ပေမယ့် သူသဘောမတူမှာကြောက်တာကြောင့် သတင်းတွေကိုတမင်တကာအရင်လွှင့်ထားကာ ဒီနေ့အခြေအနေကိုဖြစ်ပေါ်စေပြီး သူ့ကိုကျားစီးမိလျက်သားဖြစ်အောင်လုပ်ခဲ့ပုံရလေသည်။

သူကသူ့ကလေးတွေကိုချစ်မြတ်နိုးပြီး အထူးသဖြင့်ရှောင်ချောင့်ကိုရတနာတစ်ပါးလို ချစ်ခင်ကာ အမြဲတမ်းသူမလေးမတရားခံရမှာ စိုးရိမ်ခဲ့သည်။ သူ့သမီးလေးကိုတကယ်ပဲ ဝေ့မိသားစုဆီဒီလိုမျိုးလက်မထပ်ပေးလိုက်ချင်ပေမယ့် လက်ရှိတွင် ' မလုပ်နိုင်ဘူး' ဆိုတဲ့စကားက ကျောက်တုံးတစ်ထောင်အလား လေးလံနေပုံရသည်။

ဆယ့်တစ်လပိုင်းရာသီဥတုဖြစ်သော်ငြား ချောင်ဖျင်နဖူးမှာချွေးတွေရှိနေသည်။ အချိန်အတော်ကြာအောင့်အည်းထားပြီး နောက်ဆုံးတွင် " အစ်ကိုကြီး ဒီညီလေးကအရေးပါတာကိုမသိလို့မဟုတ်ပါဘူး ဒါပေမယ့် ဒီကိစ္စကသိပ်ပြီး...."

ချောင်ယွဲ့သည်ရုတ်တရက်သူ့အနားလျှောက်လာပြီး စကားတစ်လုံးမှမပြောပဲ ဒူးထောက်ချလိုက်သည်။ သူ့နဖူးကြမ်းပြင်ကိုထိခါနီးတွင် ချောင်ဖျင်ထိတ်လန့်တုန်လှုပ်သွားပြီး အလျင်အမြန်ရှေ့တိုးကာ သူ့ကိုတားလိုက်သည်။

" အစ်ကိုကြီး ဒါဘာလုပ်တာလဲ...."

" ဒုတိယညီလေး!"

ချောင်ယွဲ့မျက်လုံးတွေသည် မျက်ရည်တွေနဲ့ပြည့်နေပြီး " မင်း မန့်မန့်ကိုအဝေးကယိုကျိုးမှာလက်မထပ်ပေးချင်ဘူးဆိုတာ ငါသိပါတယ် ငါ့မှာလည်းသမီးလေးတစ်ယောက်ပဲရှိတာ ဘယ်လိုလုပ်ပြီးမိဘတွေနဲ့အဝေးမှာလက်ထပ်ပေးရက်မှာလဲ? ဒါပေမယ့် အခုကောင်းဖို့အတွက် မင်းအစ်ကိုကြီးရဲ့အကြံကိုနားထောင်ပေးပါ ဝေ့ရှောက်ဆီကအကူအညီတောင်းဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူး! အားဖန်းသာအညှာတာမဲ့မဲ့နဲ့ထွက်မသွားခဲ့ရင် ငါလည်းမင်းရဲ့မန့်မန့်ကိုအဝေးမပို့ပါဘူး ယန်ကျိုးကစစ်သည်နှစ်သိန်းနဲ့ပြည်သူတွေကိုယ်စား မင်းကိုတောင်းပန်နေတာပါ"

ထို့နောက် သူသည်ချောင်ဖျင်ရဲ့တားမြစ်မှုကိုလျစ်လျူရှုကာ ထပ်ဦးညွတ်လိုက်သည်။

ချောင်ဖျင်ရဲ့နှလုံးသားသည်မြှားတစ်ထောင်စိုက်နေသလိုခံစားရပြီး ခြေလက်တွေပို၍ပင်အေးစက်လာခဲ့သည်။ သူ့ခွန်အားအကုန်သုံးကာ အစ်ကိုဖြစ်သူကိုထူမပေးလိုက်ပြီး အံတင်းတင်းကြိတ်၍ " အစ်ကိုကြီး ကျေးဇူးပြုပြီးထပါ ကျွန်တော်အမိန့်နာခံပါ့မယ်"

နောက်ဆုံးတွင် သူလက်လျှော့လိုက်တာကိုမြင်လိုက်ရတော့မှ ချောင်ယွဲ့သည်သက်ပြင်းကျိတ်ချလိုက်ပြီး ထရပ်ကာချောင်ဖျင်ရဲ့လက်ကိုတင်းတင်းဆုပ်ကာ မျက်ရည်တွေဖြင့် " ညီအစ်ကိုတစ်ယောက်ထက်ပိုကောင်းတဲ့သူမရှိဘူး ဒုတိယညီလေး ငါ့ရဲ့အခက်အခဲတွေကိုမင်းနားလည်ပါတယ် ငါတကယ်ကျေးဇူးတင်ပါတယ်ကွာ"

ဒီကိစ္စကအတည်ဖြစ်သွားပြီဆိုတာ ချောင်ဖျင်သိလိုက်ပြီး ခါးသီးစွာပြုံးလိုက်သည်။ ထွက်လာခဲ့ပြီးနောက် ဒီအကြောင်းကိုဘာမှမသိရှာတဲ့သမီးငယ်ကို ဘယ်လိုပြောရမယ်မှန်း မသိသေးပေ။ သူသည်တစ်ချိန်တည်းမှာပင် စိတ်ရှုပ်ထွေးကာဝမ်းနည်းနေပြီး သူမအခန်းရှေ့ရောက်လာပေမယ့် တဝဲလည်လည်ဖြစ်နေပြီး နုနယ်တဲ့သမီးငယ်ရဲ့မျက်နှာကို မကြည့်ဝံ့ပေ။



.....