Chapter 17
Viewers 6k

🍉 Chapter 17

ရသစုံရှိုးတစ်ခုတွင် ပါဝင်ခြင်း



ပါပါးဟော်နှင့် မာမားဟော်က ဟော်ကျင့်ကို ကြည့်လိုက်ကြသည်။

ဒါ အမှန်ပဲလား...


ဟော်ကျင့်၏ မျက်နှာက အလွန်မည်းမှောင်နေသည်။

ကျွန်တော်က ဘယ်လိုလုပ် သိမှာလဲ...


သူက အလုပ် အမြဲ ရှုပ်နေတတ်သောကြောင့် အင်တာနက်ပေါ်မှ ကောလဟာလများကို ကြည့်ရန် အချိန်မရှိသလောက်ပင်။


သူ့အထက်လူကြီးကို ဒေါသထွက်စေရန် မည်သည်ကို ပြောမိကြောင်း လက်ထောက်ဖုန်းအား စဉ်းစားရန် အချိန်မပေးဘဲ ဟော်ကျင့်က သူ့သွားများကို ကြိတ်ကာ ပြောသည်။

"မင်းရဲ့ညီ ဖုန်းကျီချီက အခု လတ်တလောမှာ ရသစုံရှိုးတစ်ခု ရိုက်ကူးနေတာကို ငါ မှတ်မိတယ်..."


မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ငါကိုယ်တိုင်အတွက်ပဲ ကြည့်တာက ပိုကောင်းတယ် မဟုတ်လား...


လက်ထောက်ဖုန်းက ပြောသည်။

"ဟုတ်ပါတယ်...ဒီရှိုးကို 'စွန့်စားကြရအောင်' လို့ ခေါ်ပါတယ်...ဒီနှစ် ကုမ္ပဏီက ထုတ်ဝေတဲ့ စွန့်စားခန်း၊ စိန်ခေါ်မှု ရှိုးအသစ်ပါ...ဒီနေ့က ပထမဆုံး ရိုက်ကူးမှုပါ..."


ဟော်ကျင့်က ယဲ့လဲ့ယောင်ကို ကြည့်လိုက်သည်။


ယဲ့လဲ့ယောင်က ပဟေဠိ ဖြစ်သွားသည်။


[ဟေး...ငါ့အစ်ကိုကြီးက ဖုန်းကျီချီ အကြောင်း ရုတ်တရက် မေးနေတာလား...]


[ဖုန်းကျီချီက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအကြောင်း ကောလဟာလတွေ ဖြန့်နေတာကို ငါ့အစ်ကိုကြီးက သိပြီးသား ဖြစ်နေတာလား...]


နောက်အခိုက်အတန့်တွင် ဟော်ကျင့်က ပြောသည်။

"ရှိုးရဲ့ဒါရိုက်တာကို ဆက်သွယ်ပြီး ပထမအပိုင်းမှာ လဲ့ယောင်ကို ဧည့်သည်အဖြစ် ပါခိုင်းလိုက်..."


မာမားဟော်နှင့် ပါပါးဟော်က ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။


ကောင်းလိုက်တာ...


သူတို့က အတင်းအဖျင်းကို တိုက်ရိုက် ကြည့်ရှုရန် အခွင့်အရေး မရှိမည်ကို စိတ်ပူခဲ့ကြပြီး ယခု ယဲ့လဲ့ယောင်က ရှိုးတွင် ပါဝင်မည် ဖြစ်သောကြောင့် သွားရန် တရားဝင် အကြောင်းပြချက် ရှိနေပြီ ဖြစ်သည်။


ယဲ့လဲ့ယောင်က မျက်လုံးများ ပြူးကျယ်သွားသည်။

[ငါက ဘာလို့ ရုတ်တရက်ကြီး ပွဲဦးထွက်လိုက်ရတာလဲ...]


လက်ထောက်ဖုန်းက ထပ်တူထပ်မျှ အံ့အားသင့်သွားပြီး ယဲ့လဲ့‌ယောင်ကို ကြည့်လိုက်သည်။

"ဒါပေမယ့် သခင်လေးက ဘာမှ အဆင်သင့် မဖြစ်သေးလို့ ဖြစ်ပါ့မလား..."


ဟော်ကျင့်က ပြောသည်။

"လဲ့ယောင်ရဲ့ အသွင်အပြင်က အရမ်းကောင်းတယ်...ဒါက ရသစုံရှိုးပဲကို...ဘာပြင်ဆင်မှုလိုလို့လဲ..."


လက်ထောက်ဖုန်းက ယဲ့လဲ့ယောင်ကို တိတ်တဆိတ် ကြည့်လိုက်သည်။


အင်း...ဒါက အမှန်ပဲ...


သူ့သခင်လေး၏ အသွင်အပြင်က အလွန်ပြောင်မြောက်၍ လမ်းပေါ်တွင် လူအများက သူ့ကို ချဉ်းကပ်ကာ ကြယ်ပွင့်ဟုတ်မဟုတ် မေးမြန်းကြသည်။


ဒါပေမယ့် ဘော့စ်ရဲ့ တောင်းဆိုမှုက တကယ်ကို ရုတ်တရက်ကြီးပဲ...


သို့သော်လည်း ဘော့စ်က အမိန့်ပေးထားပြီး ဖြစ်သောကြောင့် လက်ထောက်ဖုန်းက ကြိတ်မှိတ် လက်ခံလိုက်ပြီး ထရပ်လိုက်သည်။

"ဒါဆို ဒါရိုက်တာကို အခုပဲ ဆက်သွယ်လိုက်ပါမယ်...သခင်လေးရဲ့ စီမံခန့်ခွဲမှုအဖွဲ့ကိုလည်း ဆက်သွယ်လိုက်ရမလား..."


ဟော်ကျင့်က ခေါင်းညိတ်လိုက်သည်။


လက်ထောက်ဖုန်းက သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဖုန်းခေါ်ရန် ခြံထဲသို့ သွားသည်။


ယဲ့လဲ့ယောင်က တုန်လှုပ်နေသေးသည်။


မာမားဟော်က ပြောသည်။

"ရှောင်ယောင်...မင်းအဖေနဲ့ ငါ၊ မင်းနဲ့ လိုက်လာခဲ့ရင်ရော ဘယ်လိုလဲ..."


အဆုံးတွင် ၎င်းက သူ၏ ပထမဆုံးအကြိမ် ရှိုးတွင် ပါဝင်ခြင်း ဖြစ်သောကြောင့် သူ့မိဘများ အတူ လိုက်လာခြင်းက သင့်လျော်သည်။


ပါပါးဟော်ကလည်း ခေါင်းညိတ်လိုက်သည်။

ဟုတ်တယ်၊ အမှန်ပဲ...


ဟော်ကျင့်ကလည်း ပြောသည်။

"ကျွန်တော်လည်း သွားကြည့်မယ်..."


ယဲ့လဲ့ယောင်က သူတို့ သုံးယောက်ကို ကြည့်ကာ စိတ်ရှုပ်ထွေးသွားသည်။


[ခဏလေးနေပါဦး...ရုတ်တရက်ကြီး ပွဲဦးထွက်ရတာရဲ့ တုန်လှုပ်ချောက်ချားမှုကနေတောင် ပြန်ကောင်းမလာသေးဘူး...]


[ဒါက ရုတ်တရက် ဆန်လွန်းတယ်...ဒါပေမယ့် ငါ ပါမဲ့ ရှိုးမှာ ဖုန်းကျီချီလည်း ရှ်ိတယ်မလား...ဒါဆို အတင်းအဖျင်းကို တိုက်ရိုက်ကြည့်လို့ရနိုင်မလား...]


၎င်းကို တွေးကာ ယဲ့လဲ့ယောင်၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အနည်းငယ် ပေါ်လာသည်။


ရုတ်တရက် ပွဲဦးထွက်ရတာက အရမ်း ဆိုးဝါးပုံ မပေါ်ပါဘူး...


'စွန့်စားကြရအောင်'က မကြာသေးမီက ဟော်ကျင့်မှ ဖုန်းကျီချီအတွက် အကြံပြုထားသည့် ရသစုံရှိုးဖြစ်သော်လည်း ဟော်ကျင့်က သူ၏ ကြင်နာသော အပြုအမူကို လူသိရှင်ကြား အသုံးချခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။


ပြီးတော့ ကောလဟာလတွေ ဖြန့်တာ အတွက်ရောပဲ...


ဟော်ကျင့်က မေးရိုးကို တင်းလိုက်သည်။

ဖုန်းကျီချီက သူ ဘာတွေ လုပ်နေလဲဆိုတာ သူ့ကိုယ်သူ သိဖို့ လိုတယ်...


မိနစ်နှစ်ဆယ်အကြာတွင် လက်ထောက်ဖုန်းက အရာအားလုံးကို စီစဉ်ပေးခဲ့သည်။ သူတို့ကုမ္ပဏီက ရင်းနှီးမြှုပ်နှံထားသည့် ရှိုးပွဲဖြစ်သောကြောင့် ပါဝင်သူတစ်ဦးကို တစ်ဝက်တစ်ပျက် ထည့်သွင်းရိုက်ကူးရန် လွယ်ကူပေသည်။


လက်ထောက်ဖုန်းက ပြောသည်။

"ကျွန်တော်က ရိုက်ကူးရေး လုပ်ငန်းစဉ်နဲ့ ရင်းနှီးပါတယ်...ဒါရိုက်တာအဖွဲ့က မကြာခင် ပထမဆုံးရိုက်ကွင်းကို စပြီး ရိုက်ကူးဖို့အတွက် တစ်ယောက်ယောက်ကို လွှတ်တော့မှာပါ...ဒီတစ်ကြိမ် အသံလွှင့်မယ့် နည်းလမ်းက တိုက်ရိုက်လွှင့်တာ တစ်ဝက်၊ တည်းဖြတ်ထားတာ တစ်ဝက် ပုံစံမျိုးပါ...ဧည့်သည်နှစ်ယောက်က စပြီး ရိုက်ကူးနေပါပြီ..."


လက်ထောက်ဖုန်းက ခဏမျှ ရပ်ပြီး ဆက်ပြောသည်။

"သခင်လေးက ဒီကနေ ဝင်လာတာကနေ စရိုက်မှာလား...ဒါမှမဟုတ်..."


ဟော်ကျင့်၏ ကျန်းပင်းဗီလာတွင် ရိုက်ကူးရန် ရွေးချယ်ခဲ့သော ဖုန်းကျီချီကဲ့သို့ပင် အနုပညာရှင်များက ပထမဆုံး ဝင်ရောက်ရိုက်ကူးမည့် နေရာကို လွတ်လပ်စွာ ရွေးချယ်နိုင်သည်။


ယဲ့လဲ့ယောင်က တုံ့ဆိုင်းနေစဉ်တွင် ပါပါးဟော်က ပြောလိုက်သည်။

"အကြီးဆုံးသားရဲ့ ဗီလာကို ဘာလို့ မသွားတာလဲ..."


ယဲ့လဲ့ယောင်၏ မျက်လုံးများက တောက်ပလာသည်။


[ပါပါးဟော်က ငါ့ကို တကယ်နားလည်တာပဲ...]


[တကယ်လို့ ငါတို့ တစ်မိသားစုလုံးက သွားတဲ့ အချိန်မှာ ဖုန်းကျီချီက ဗီလာအခန်းထဲကနေ ထွက်လာခဲ့မယ်ဆိုရင်...]


ဟော်ကျင့်၏ မျက်နှာက မည်းမှောင်သွားသည်။


ပါပါးဟော်နှင့် မာမား‌ဟော်လည်း အနည်းငယ် စိတ်ပူသွားသည်။


ထိုသို့ အမှန်တကယ် ဖြစ်လာလျှင် ရှင်းပြရခက်လိမ့်မည်။


ယဲ့လဲ့ယောင်က သူ့မှတ်စုကို အမြန်ဖွင့်ပြီး ဆက်စပ်သည့် အကြောင်းအရာများကို ဂရုတစိုက် ရှာဖွေလိုက်သည်။


ထို့နောက် သက်ပြင်းကို ဖြည်းညှင်းစွာ ချလိုက်သည်။


[အိုး...တော်သေးတာပေါ့...ဖုန်းကျီချီက တကယ် ရဲရင့်ပေမယ့် ငါ့အစ်ကိုရဲ့ ဗီလာမှာ တိုက်ရိုက်နေဖို့ထိတော့ မရဲရင့်သေးဘူး...]


[ကန်ဘေးက ဗီလာကို အစ်ကိုကြီးက သွားလည်တာ ရှားတယ်...ဒါပေမယ့် တစ်နှစ်ပတ်လုံး ထိန်းသိမ်းပေးတဲ့ အိမ်တော်ထိန်း တစ်ယောက် ရှိတယ်...ရိုက်ကူးတဲ့ နေ့မှာ ဖုန်းကျီချီက အိမ်တော်ထိန်းကို ကြိုပြီး အပြင် လွှတ်လိုက်ပြီး ရုပ်ရှင်အဖွဲ့သားတွေ မရောက်ခင် နာရီဝက်အလိုမှာ ရောက်လာတယ်...]


၎င်းကို ကြားလျှင် ဟော်မိသားစုက သက်ပြင်းတစ်ချက် ချလိုက်သည်။


ထို့ကြောင့် ယဲ့လဲ့ယောင်က စောပြီး ရောက်ရှိလာသရွေ့ ဖုန်းကျီချီက ရှက်ရွံ့သွားလိမ့်မည် ဖြစ်သည်။


ဟော်ကျင့်က သူ့ဖုန်းကို ထုတ်လိုက်ပြီး ဗီလာကို စီမံခန့်ခွဲသည့် အိမ်တော်ထိန်းကို စာပို့လိုက်သည်။

"နောက်ကျနေပြီ...စောစော စကြရအောင်..." 


မိသားစုက ကန့်ကွက်ခြင်းမရှိဘဲ အလုပ်ရှုပ်နေသည်။


ပါပါးဟော်က လွန်ခဲ့သည့် ရက်အနည်းငယ်က ယဲ့လဲ့ယောင်အတွက် ဝယ်ခဲ့သော ကားကို ယာဉ်မောင်းမှ ထုတ်ပေးခဲ့ပြီး မာမားဟော်က ရိုက်ကူးရေးအတွက် ယဲ့လဲ့ယောင် ဝတ်ဆင်ရန် အဝတ်အစားများကို စတင်ရွေးချယ်သည်။


၎င်းက ရသစုံရှိုး ဖြစ်ပြီး စွန့်စားခန်းအပြင်အဆင် ရှိုးများက ပုံမှန်အားဖြင့် ကိုယ်လက်လှုပ်ရှားမှု ပါ၀င်သောကြောင့် ဝတ်စုံက ပေါ့ပါးပြီး သက်တောင့်သက်သာရှိရန် လိုအပ်သည်။


အဝတ်အစားများကို ရွေးချယ်ပြီးနောက် အတူနေထိုင်သော စတိုင်လစ်က ရောက်ရှိလာသည်။ မာမားဟော်က မကြာခဏ စုဝေးပွဲများကို တက်ရလေ့ရှိသောကြောင့် မိသားစုတွင် အမြဲလိုလို အတူနေ စတိုင်လစ် တစ်ယောက် ရှိသည်။


ယဲ့လဲ့ယောင်က ကားပေါ် တက်ပြီးသည်နှင့် စတိုင်လစ်က စတင်၍ အလုပ်လုပ်သည်။


ကားက နောက်ဆုံးထွက်ဗားရှင်း ဖြစ်ပြီး ယဲ့လဲ့ယောင်၊ ဟော်မိသားစုမှ အဖွဲ့ဝင်သုံးဦး၊ လက်ထောက်ဖုန်း နှင့် စတိုင်လစ် တို့ကို အတူတကွခေါ်ဆောင်ရန် လုံလောက်သည်။


ယဲ့လဲ့ယောင်၏ ရုပ်ရည်ကြည့်ကောင်းမှုကြောင့် စတိုင်လစ်က သူကြည့်ကောင်းနေစေရန် အချိန်များစွာ မလိုအပ်ပေ။


လက်ထောက်ဖုန်းက လှည့်ကြည့်လိုက်ပြီး စိတ်ရင်းမှန်ဖြင့် ချီးကျူးသည်။

"သခင်လေးက တကယ် ချောမောတာပဲ..."


မာမားဟော်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူမက ယနေ့ ယဲ့လဲ့ယောင်၏ ပုံစံကို အလွန် သဘောကျသည်။


လက်ထောက်ဖုန်းက ယဲ့လဲ့ယောင်ကို ကြည့်ကာ ရုတ်တရက် တစ်ခုခုကို တွေးမိလိုက်သည်။

"ဒါဆို သခင်လေးနဲ့ ကျွန်တော့်ညီက ရှိုးမှာ အတူတူ ဆိုတော့ သူ့ကို ဖုန်းဆက်ပြီး ကြိုပြောထားလိုက်မယ်လေ..."


"မလုပ်နဲ့..."


"မလိုပါဘူး..."


အသံနှစ်သံက တညီတညွတ်တည်း ပြောလာသည်။


လက်ထောက်ဖုန်းက လန့်ဖျပ်သွားပြီး လက်တုန်သွားကာ သူ့ပေါင်ပေါ်သို့ ဖုန်းကျသွားသည်။ သူက မျက်မှန်ကို တွန်းတင်လိုက်ပြီး ပါပါးဟော်နှင့် မာမားဟော်ကို မော့ကြည့်လိုက်ကာ အနည်းငယ် လန့်နေသေးသည်။


ဘာလို့ ဒီလောက် အသံကျယ်ကျယ်နဲ့ ပြောကြတာလဲ...ကြောက်စရာကောင်းလိုက်တာ...


ပါပါးဟော်က အမြန် ရှင်းပြသည်။

"အိုး... သူတို့ မကြာခင်မှာ တွေ့မယ်လို့ ထင်ပါတယ်...သူ့ကို ကြိုပြီး အကြောင်းကြားစရာ မလိုပါဘူး..."


သူက စကားပြောပြီးနောက် မာမားဟော်ကို ကြည့်လိုက်သည်။


မာမားဟော်ကလည်း အကြောင်းပြချက် ရှာထားပြီးသား ဖြစ်သည်။

"ဟုတ်တယ်...ငါလည်း ဒီလိုပဲ ထင်တာ...ဒါ့အပြင် ဒါက ရသစုံရှိုးမှာ လဲ့ယောင်ရဲ့ ပထမဆုံး အကြိမ်ဆိုတော့ သူ့ကို အထူး ဆက်ဆံတာမျိုး မခံယူစေချင်ဘူး..."


ယဲ့လဲ့ယောင်က ခေါင်းညိတ်လိုက်သည်။

[ဟုတ်တယ်...မင်းရဲ့ ညီကို ကြိုပြောထားရင် ဘယ်လိုလုပ်ပြီး ဒရမ်မာ ကြည့်လို့ရတော့မှာလဲ...]


ပါပါးဟော်နှင့် မာမားဟော်က ခေါင်းညိတ် သဘောတူလိုက်သည်။


အသိမပေးနဲ့...လုံးဝ အသိပေးလို့ မရဘူး...


ပါပါး‌ဟော်နှင့် မာမားဟော်၏ ရှင်းပြချက်ကို ကြားလျှင် ၎င်းက အဓိပ္ပါယ်ရှိသည်ဟု လက်ထောက်ဖုန်းက ခံစားရကာ အပိုစကားမပြောတော့ဘဲ သူ့ဖုန်းကို ချထားလိုက်သည်။


ထို့နောက်တွင် သူက ယဲ့လဲ့ယောင်အား ရိုက်ကူးနေစဉ် မှတ်သားရမည့် အဓိကအချက်များကို ရှင်းပြသည်။


ယဲ့လဲ့ယောင်က အသေအချာ နားထောင်ပြီး တိတ်တဆိတ် စဉ်းစားနေသည်။


[လက်ထောက်ဖုန်းက သူ့အလုပ်မှာ လေးနက်ပြီး စေ့စေ့စပ်စပ် လုပ်တတ်ပေမယ့် သူက သူ့ညိီကို အရမ်း ထောက်ခံလွန်းတယ်...]


[ဖုန်းကျီချီက သူနဲ့ အစ်ကိုကြီး အကြောင်း ကောလာဟလတွေကို ပျံ့နှံ့စေပြီး ချိတ်ဆက်ထားတဲ့ ပရိုမိုးရှင်းကနေ ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို တန်ဖိုးထားတယ်...ငါ့အစ်ကိုက နောက်ကျ သူ့ကို ဖော်ထုတ်မိခဲ့ရင်တောင် သူ့မှာ ခြွင်းချက်မရှိ ပံ့ပိုးပြီး၊ ကူညီပြီး ရှင်းပေးမယ့် လက်ထောက်ဖုန်း ရှိနေတုန်းပဲ...]


[ဇာတ်ကွက်ထဲမှာ ဖုန်းကျီချီနဲ့ ငါ့အစ်ကိုကြားက အရှုပ်တော်ပုံက ရသစုံရှိုး ထုတ်လွှင့်ပြီးနောက်မှာ ပေါက်ကွဲသွားခဲ့တာ...အစ်ကိုကြီးက သိလိုက်ရတော့ ဒေါသတကြီးဖြစ်ပြီး ဖုန်းကျီချီကို တရားစွဲဖို့ ဥပဒေအဖွဲ့ကို ချက်ချင်း ဆက်သွယ်ခဲ့တယ်...ဖုန်းကျီချီ ကိုယ်စား အစ်ကိုကြီးကို တောင်းပန်ခဲ့တဲ့ လူက လက်ထောက်ဖုန်းပဲ...အစ်ကိုကြီးက နူးညံ့သိမ်မွေ့တဲ့ နှလုံးသားရှိပြီး နောက်ဆုံးမှာတော့ လက်ထောက်ဖုန်းက သူ့ဘေးမှာ နှစ်အတော်ကြာ ရှိခဲ့တာပဲလို့ ယူဆပြီး ဖုန်းကျီချီရဲ့ အဖွဲ့ကို ရှင်းလင်းချက် ထုတ်ပြန်ချက် တစ်ခုကိုပဲ ထုတ်ပြန်စေခဲ့ပြီး အဲ့ဒါကို ဆက် မလုပ်တော့ဘူး...]


[ဒါပေမဲ့ ဖုန်းကျီချီရဲ့ အဖွဲ့က သူတို့ရဲ့ ရှင်းလင်းချက် ထုတ်ပြန်မှုမှာ မရေရာတဲ့ စကားလုံး အသုံးအနှုန်းတွေနဲ့ မရှင်းလင်းတဲ့စကားတွေ ပါပြီး ကောင်းမွန်တဲ့ ရှင်းလင်းချက် ထုတ်ပြန်မှုကို တရားဝင် ကြေညာတာ အဖြစ် ပြောင်းလဲစေခဲ့တယ်...]


ပါပါးဟော်နှင့် မာမားဟော်က ဟော်ကျင့်ကို မယုံကြည်နိုင်စွာ ကြည့်ကာ မျက်လုံး ပြူးကျယ်သွားကြသည်။


ငယ်စဉ်ကတည်းက ချီးမွမ်းခံခဲ့ရသော သူတို့၏ သားက ကိစ္စတစ်ခုနှင့် ပတ်သက်၍ နှစ်ကြိမ် အမှားလုပ်မိခဲ့သည်။


ရှားပါးလိုက်တာ...


ဟော်ကျင့်က မေးရိုးကို တင်းထားပြီး လက်ထောက်ဖုန်းကို မျက်လုံးများဖြင့် ဓားမြှောင်များ စတင်ပစ်ခတ်လာသည်။


[နောက်ပိုင်းမှာတော့ ငါ့အစ်ကိုက စိတ်ဆိုးပြီး ဒေါသထွက်လာပေမယ့် အဲဒီအချိန်မှာတော့ သူ ဘယ်လိုထုတ်ပြန်ချက်မျိုးပဲ ထုတ်ထုတ် ဖုန်းကျီချီနဲ့ အဆက်အသွယ်ဖြတ်ဖို့ အကြောင်းပြချက် တစ်ခု အနေနဲ့ သုံးတာလို့ပဲ ပရိသတ်တွေနဲ့ အင်တာနက်အသုံးပြုသူတွေက မြင်ကြလိမ့်မယ်...]


[ဖုန်းကျီချီက သူ့ရဲ့ ပန်းတိုင်ကို အောင်မြင်ခဲ့ပေမယ့် လက်ထောက်ဖုန်းအတွက်ကတော့ သနားစရာပါပဲ...]


ယဲ့လဲ့ယောင်က လက်ထောက်ဖုန်းကို နောင်တရစွာဖြင့် စိုက်ကြည့်နေသည်။


လက်ထောက်ဖုန်းက သူ့အကြည့်အောက်တွင် အနည်းငယ် ပဟေဠိ ဖြစ်သွားသည်။


ပါပါးဟော်နှင့် မာမားဟော်လည်း သိချင်နေကြသည်။


ဒါဆို နောက်ဆုံးမှာ ဘာဖြစ်သွားတာလဲ...


လက်ထောက်ဖုန်းက ဘာဖြစ်သွားတာလဲ...


[ဖုန်းကျီချီရဲ့ အကြိမ်ကြိမ်အသုံးချတာကို ခံရပြီးနောက်မှာ လက်ထောက်ဖုန်းက CEO ရဲ့ အထူးလက်ထောက်အဖြစ်ကနေ ပုံမှန် ဝန်ထမ်းအဖြစ်ကို တဖြည်းဖြည်း ဆင်းလာပြီး နောက်ဆုံးမှာ သူ့ကို အာဖရိကတိုက်မှာ ရှားစောင်းပင် စိုက်ဖို့ အစ်ကိုကြီးက တိုက်ရိုက်စေလွှတ်တာကို ခံခဲ့ရတယ်...]


ဟော်ကျင့်: “…”


ငါက ဘာလို့ ရှားစောင်းပင် စိုက်ဖို့ လက်ထောက်ဖုန်းကို အာဖရိကကို လွှတ်ရမှာလဲ...


ယဲ့လဲ့ယောင်က အဲ့လို ယုတ္တိမရှိတဲ့ အမှိုက်ဝတ္ထုတွေကို ဖတ်နေကျလား...


မာမားဟော်က သူမ၏ ပါးစပ်ကို ဖုံးထားကာ ရယ်မောလိုခြင်းကို ခက်ခဲစွာ ထိန်းချုပ်နေသည်။


ပါပါးဟော်က သူ့လည်ချောင်းကို ရှင်းလိုက်သည်။

"ငါတို့ ရောက်ခါနီးပြီ..."


ယဲ့လဲ့ယောင်က လျင်မြန်စွာ လှည့်ကြည့်လိုက်ပြီး ဖုန်းကျီချီ မရောက်သေးသည်ကို တွေ့လိုက်ရသည်။


အိမ်တော်ထိန်းက သတင်းကို ကြိုတင် လက်ခံရရှိထားပြီး ဗီလာတံခါးကို ဖွင့်ရန် ရောက်ရှိနေပြီး ဖြစ်သည်။


ဟော်ကျင့်၏ တောင်းဆိုချက်အရ သူက စောင့်ကြည့်ရေး(CCTV)အခန်းကို စီစဉ်ရန် မြေအောက်ထပ်သို့ သွားခဲ့သည်။


ယဲ့လဲ့ယောင်က ဧည့်ခန်းထဲတွင် တစ်ယောက်တည်း ထိုင်နေပြီး ကျန်လူများက စောင့်ကြည့်ရေးအခန်းသို့ သွားကြသည်။


ပရိုဂရမ်အဖွဲ့သားများကို စောင့်နေစဉ် ယဲ့လဲ့ယောင်က ဗီလာတစ်ဝိုက်တွင် လျှောက်သွားခဲ့သည်။


ဤသီးသန့်အိမ်ကြီးက မြေညီထပ် သုံးထပ်နှင့် အောက်ထပ် နှစ်ထပ်ရှိပြီး အိမ်နောက်ဖေးတွင် ရေကူးကန်ကြီးတစ်ခုပါရှိသည်။ ဟော်ကျင့်က များသောအားဖြင့် အလုပ်များပြီး ကုမ္ပဏီအနီးရှိ တိုက်ခန်းတွင် မကြာခဏ တည်းခိုလေ့ရှိကာ ဤနေရာသို့ ပြန်လာခဲသောကြောင့် ဗီလာတစ်လျှောက်တွင် နေထိုင်သူ အနည်းငယ်သာ ရှိသည်။


သို့သော် ၎င်းကို ကျွမ်းကျင်ပညာရှင်များမှ ပုံမှန် ထိန်းသိမ်းထားသောကြောင့် ဗီလာက အတွင်းနှင့်အပြင်တွင် အလွန် သန့်ရှင်းသပ်ရပ်သည်။


ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးနောက် ရုပ်ရှင်အဖွဲ့သားများက သူတို့ အဖွဲ့နှင့် ရောက်ရှိလာကြသည်။


နောက်ထပ်အနုပညာရှင်တစ်ဦး၏ နောက်ဆုံးမိနစ်မှ ရောက်ရှိလာမှုက ပရိုဂရမ်အဖွဲ့သားများကို လွှမ်းမိုးလုနီးပါး ဖြစ်နေသည်။ သူတို့က မကျေနပ်မှုများဖြင့် ရောက်ရှိလာကြပြီး ချက်ချင်းပင် တံခါးဘဲလ်ကို နှိပ်လိုက်သည်။


ယဲ့လဲ့ယောင်က တံခါးကို ဖွင့်ပြီး သူတို့ကို ပြုံးပြကာ နှုတ်ဆက်သည်။


ဝန်ထမ်းများက ခဏမျှ အံ့အားသင့်သွားသည်။


အရမ်း...အရမ်း ချောတာပဲ...


သို့သော်လည်း ပို၍ပင် သိသာထင်ရှားသည်မှာ ယဲ့လဲ့ယောင်က အနီရောင် စာအိတ်ထူထူကို ကိုင်ထားသည်။


"ရိုက်ကူးဖို့ လာရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...ကံကောင်းပါစေ..."

ယဲ့လဲ့ယောင်က အဖွဲ့သားများကို စာအိတ်အနီများ ပေးကာ ပျော်ရွှင်စွာ ပြောလိုက်သည်။


"ဘာ ပြဿနာမှ မရှိပါဘူး..."


ဒါက ပြဿနာမရှိပါဘူး...


ဒါက သူတို့ရဲ့ ပုံမှန်အလုပ်ပါပဲ...


တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်နေပြီဖြစ်သော်လည်း ယဲ့လဲ့ယောင်က အမည်မသိလူသစ်တစ်ဦး ဖြစ်သောကြောင့် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းတွင် ကြည့်ရှုသူအရေအတွက်မှာ အလွန်ကျဲသွားသည်။


ပြန့်ကျဲနေသော မှတ်ချက်အချို့သာ ရှိသည်။


"ဟေး...သူ့နာမည်က ဘယ်လိုခေါ်လဲ...သူ့ကိုဆက်သွယ်ဖို့ အသေးစိတ်အချက်အလက်ကို အခု ချက်ချင်း ပြောပြ..."


"ဟယ်...ဖျော်ဖြေရေးလောကမှာ ဒီလောက် ချောတဲ့ ကောင်လေးကို ဘယ်တုန်းက လျှို့ဝှက်ထားတာလဲ...အရမ်း ချောတာပဲ..."


"ကောင်းပြီ...နေရောင်ခြည်လိုမျိုး ချစ်စရာကောင်းတဲ့ ကောင်လေး...ငါ့ရဲ့မျှော်လင့်ချက်တွေက မိုးပေါ်ရောက်နေပြီ..."


မာမားဟော်က ပြောလိုက်သည်။

"တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းမှာ လူနည်းလွန်းတယ်..."


ကြည့်ရှုသူနည်းပါးသောကြောင့် နောက်ပိုင်းတွင် စိတ်လှုပ်ရှားမှုကို မခံစားရမည်ကို စိတ်ပူသွားမိသည်။


ဟော်ကျင့်ကလည်း ၎င်းကို သိပြီး ဒါရိုက်တာကို တိုက်ရိုက်သတင်းပို့လိုက်သည်။


ထို့ကြောင့် တစ်မိနစ်အကြာတွင် ယဲ့လဲ့ယောင်၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းက အဓိက အထူးအသားပေး ထုတ်လွှင့်မှု ဖြစ်လာသည်။


ယဲ့လဲ့ယောင်က ရုပ်ရှင်အဖွဲ့သားများကို ဗီလာထဲသို့ ခေါ်သွားပြီး တံခါးကို သေချာ ပိတ်လိုက်သည်။


လက်ထောက်ဒါရိုက်တာက လုပ်ငန်းစဉ်ကို ချက်ချင်းပင် လမ်းညွှန်ခဲ့သည်။


ယဲ့လဲ့ယောင်က ကင်မရာရှေ့တွင် ရိုးရှင်းသော မိမိကိုယ်ကိုယ် မိတ်ဆက်မှုတစ်ခု ပြုလုပ်ခဲ့သည်။


ထို့နောက် လက်ထောက်ဒါရိုက်တာက မေးသည်။

"ဒါက မင်းရဲ့ အိမ်လား...ငါတို့ရဲ့ ပရိုဂရမ်က ဒီမှာ ရိုးရှင်းတဲ့ ရိုက်ကူးရေးတွေ လုပ်ဖို့ လိုတယ်..."


ယဲ့လဲ့ယောင်က အပြုံးဖြင့် ပြန်ဖြေသည်။

"ဒါက ကျွန်တော့် အိမ် မဟုတ်ပါဘူး...ကျွန်တော့် အစ်ကိုကြီးရဲ့ အိမ်ပါ..."


နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီးနောက် လက်ထောက်ဒါရိုက်တာက ဤကိ့သို့ ပူးပေါင်းလုပ်ဆောင်တတ်သည့် အနုပညာရှင်များကို အလွန် သဘောကျသည်။


သူမ ရှေ့မှ ကောင်လေးက လူသစ်တစ်ယောက်ဖြစ်ပြီး သူမက သူ့ကို အလိုလိုက်ချင်ခဲ့သည်။


လက်ထောက်ဒါရိုက်တာက ကင်မရာသမားကို ချက်ချင်း ရိုက်ကူးရန် အချက်ပြလိုက်သည်။


ယဲ့လဲ့ယောင်က နံရံပေါ်မှ နာရီကို မော့ကြည့်လိုက်သည်။


ကောင်းပြီ...အချိန်ကျခါနီးပြီ...


ထိုအချိန် စောင့်ကြည့်နေသည့် အခန်းထဲတွင်‌ ဟော်မိသားစုဝင်သုံးယောက်က ဇိမ်ခံကားတစ်စီးကို ကင်မရာမှတစ်ဆင့် ကြည့်နေကြပြီး သိသာထင်ရှားစွာပင် ၎င်းက သူတို့၏ ကား မဟုတ်ပေ။ ကားက ဗီလာတံခါးဝတွင် ရပ်လိုက်ပြီးနောက် အားလုံးက ပြုံးလိုက်ကြသည်။


ကောင်းပြီ...ဖုန်းကျီချီ ရောက်လာပြီ...


လက်ထောက်ဖုန်းက ထောက်လှမ်းရေး ဗီဒီယိုကို မျက်နှာပြင်ကြီးကြီးသို့ ပြောင်းထားသည်ကို ကြည့်ပြီး ဇိမ်ခံကားကို သတိပြုမိသည်။ သူက ၎င်းကို ရင်းနှီးနေသကဲ့သို့ ခံစားရသည်။


အရင်က တစ်နေရာရာမှာ မြင်ဖူးနေသလိုပဲ...



🍉🍉🍉