Chapter 16
Viewers 6k

🍉 Chapter 16

ကောလဟာလ ချစ်သူကောင်လေး



လွန်ခဲ့သည့်နှစ်ရက်လုံးလုံး ယဲ့လဲ့ယောင်မှာ ဖရဲခင်းထဲတွင် အနားမယူနိုင်ဘဲ တောက်လျှောက် အွန်လိုင်းပေါ်က အတင်းအဖျင်းများကို စုစည်းနေခဲ့သည်။


နောက်ဆုံးရ သတင်းပေါ်လာချိန်တွင် သူက မထိန်းချုပ်နိုင်စွာ ရယ်မောလိုက်သည်။


[အဲ့လောက်လူတွေအများကြီး အဲ့ကိစ္စကို ကြည့်နေတဲ့အချိန်ကကျတော့ သူက မေ့လဲမသွားခဲ့ဘဲ သူ့ရာထူးကနေ ဖယ်ခံရတဲ့သတင်းကြားမှ မေ့လဲသွားတယ်ပေါ့လေ...]


[ဒီဆန်ကုန်မြေလေးရဲ့ သည်းခံနိုင်စွမ်းက တော်တော်အားနည်းတယ်လို့ မင်းတို့မထင်ကြဘူးလား...ဒါပေမယ့် ငါတော့ ကျေနပ်တယ် ဟားဟားဟား...]


အောက်ထပ်တွင်မူ...


ပါပါးဟော်နှင့် မာမားဟော်က အကြည့်ချင်းဖလှယ်လိုက်ကြပြီး အားရကျေနပ်စွာ ပြုံးလိုက်ကြသည်။


ယဲ့လဲ့ယောင်ကို ကျေးဇူးတင်ရပေမည်။ လွန်ခဲ့သည့် နှစ်ရက်လုံး သူတို့ဘာကိုမှ မလုပ်ခဲ့ကြသော်ငြား အွန်လိုင်းပေါ်က သတင်းလေးတစ်ခုကိုမျှ သူတို့လွတ်မသွားခဲ့ပေ။


နောက်ဆုံးရသတင်းကို ကြည့်ရှုပြီးနောက် ယဲ့လဲ့ယောင် အလျင်အမြန်ပင် နောက်သတင်းတစ်ခုကို နှိပ်လိုက်သည်။ နာရီဝက်နီးပါးမျှကြာအောင် မရပ်မနား ရှာဖွေဖတ်ရှုပြီးနောက်မှသာ အင်တင်တင်ဖြင့် Weibo ကထွက်ကာ ထုံးစံအတိုင်း လျှောက်ကြည့်ရှုရန် သူ့ friend circle ကိုဖွင့်လိုက်သည်။


သူ ကလစ်နှိပ်ကာ ဝင်ဝင်ချင်းမှာပင် ရင်းနှီးနေသည့် ပရိုဖိုင်ပုံကို မြင်လိုက်ရသည်။


ယင်းက ရှုချန်းပင်။


ခေါင်းစဥ်က ရိုးရှင်းသည့် စာကြောင်းတစ်ကြောင်းသာ ဖြစ်သည်။

"ဟိုဘက်ဒီဘက်ပုတ်ထုတ်ခံနေရတဲ့ ဘောလုံးတစ်လုံးလိုပဲ...ဘာမိသားစုဝင်မှ မကျန်တော့ဘူး..."


ယဲ့လဲ့ယောင်၏မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားပြီး ပိုနိုးကြားသွားသည်။


[မိသားစုမကျန်တော့ဘူးလား...]


[ရှုချန်းရဲ့အဖေနှစ်ယောက်လုံးကလည်း သူ့ကို ကန်ထုတ်လိုက်တာလား...]


ဟော်မိသားစုစံအိမ်ထဲသို့ ယခုလေးမှ ဝင်လာသည့် ဟော်ကျင့်က ထိုစကားကို ကြားသွားခဲ့သည်။


မာမားဟော်နှင့် ပါပါးဟော်ကလည်း ၎င်းကို ဆွေးနွေးနေကြသည်။


မာမားဟော်က ပြောလိုက်သည်။

"ရှုဟိုက်က ရှုချန်းကို ကန်ထုတ်လိုက်တယ်လို့တော့ ကျွန်မမကြားမိသေးဘူး...ရှုယောင်က လုပ်လိုက်တာများလား..."


ပါပါးဟော်က မျက်မှောင်ကြုတ်ကာ ခေါင်းယမ်းလိုက်သည်။ 


သူ မသေချာပေ။ အကယ်၍ ယင်းက ရှုယောင်သာဆိုပါက ရက်စက်လွန်းလှပေသည်။


သို့သော် ဤအရာအားလုံးက ရှုချန်းကိုယ်တိုင် လုပ်ဆောင်ခဲ့သည့် အကျိုးများပင်။ သူက ကျွမ်းဟွား သူ့အပေါ်ထားရှိသည့် နောက်ဆုံးလက်ကျန် ချစ်မြတ်နိုးမှုကို နာကျင်စေခဲ့ခြင်းဖြစ်၏။


တံခါးဝမှ လှုပ်ရှားမှုများကို ကြားပြီး နှစ်ယောက်သား အလိုအလျောက် လှည့်ကြည့်လိုက်ကြသည်။


ဟော်ကျင့်က လွန်ခဲ့သည့်ရက်အနည်းငယ်က စီးပွားရေးကိစ္စဖြင့် နိုင်ငံခြားကို သွားခဲ့ခြင်းဖြစ်သည်။ မူလက ယနေ့တွင် သူ့ကိုယ်ပိုင်နေရာကို ပြန်ရန် စီစဥ်ထားခဲ့သည်။ သို့သော် ယမန်နေ့က သူ့လက်ထောက်က ယဲ့လဲ့ယောင်အတွက် စီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့ပြီးသွားကြောင်း ပြောလာသည်ကို သတိရသွားပြီး လက်ထောက်ဖုန်းနှင့်အတူ လူကိုယ်တိုင် ယဲ့လဲ့ယောင်ကို ပြောပြရန်အတွက် ပြန်လာရန် ဆုံးဖြတ်လိုက်သည်။


သူ လမ်းလျှောက်ပြီး ဝင်ဝင်လာချင်းမှာပင် ရင်းနှီးနေသည့် နာမည်များကို ကြားလိုက်ရမည်ဟု မထင်ထားခဲ့ချေ။


"မား..ပါး...ဘာတွေဖြစ်နေတာလဲ..."

ဟော်ကျင့်က လမ်းလျှောက်ဝင်လာပြီး ထိုင်ချလိုက်သည်။


ပါပါးဟော်က လက်ထောက်ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး ယဲ့လဲ့ယောင်ထံမှ သူတို့ရခဲ့သည့် သတင်းအသစ်ကို ဖုံးကာ လွန်ခဲ့သည့် နှစ်ရက်ကဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ဟော်ကျင့်ထံ ရိုးရိုးရှင်းရှင်း ပြန်ပြောပြလိုက်သည်။


လက်ထောက်ဖုန်းက နားထောင်ပြီး ကြက်သေသေသွားကာ မျက်လုံးများပြူးကျယ်လျက် လုံးဝ စျာန်ဝင်သွားခဲ့သည်။


ချမ်းသာတဲ့မိသားစုတွေမှာ အဲ့လောက် စိတ်ဝင်စားစရာကောင်းတဲ့ အတင်းအဖျင်းတွေ တကယ်ရှိတာလား...


ဒီထက် ပိုပြောပြလို့မရဘူးလား...


ဟော်ကျင့်က မျက်မှောင်ကြုတ်ကာ အကြည့်ဖြင့် မေးခွန်းထုတ်လိုက်သည်။


ဒါက ယဲ့လဲ့ယောင်ဆီက ပေါက်ကြားလာတာလား...


မာမားဟော်က အသာခေါင်းညိတ်ပြလိုက်သည်။


ဒါပေါ့...


မဟုတ်ရင် ငါတို့က ဘယ်လိုလုပ်ပြီး လတ်လတ်ဆတ်ဆတ် အတင်းအဖျင်းကြီးကို တိုက်တိုက်ဆိုင် ဖမ်းမိပါ့မလဲ...


ဟော်ကျင့် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါင်းညိတ်လိုက်သည်။ အခြားတစ်စုံတစ်ယောက်၏မိသားစု ကိစ္စများဖြစ်သည့်အတွက် သူ အလွန်စိုးရိမ်ပူပန်မနေတော့ပေ။ သူ့အနေဖြင့် ရှုအုပ်စုကို ကျွမ်းဟွားနှင့် ရှုယွင်ကျီးက လွှဲပြောင်းယူပြီးနောက် သိသာသည့် ဗျူဟာများ ရွှေ့လာမှုရှိ၊မရှိကို စောင့်ကြည့်ရန်သာ လိုပေ၏။ ယင်းက သူတို့၏စီးပွားရေးပူးပေါင်းမှုကို မသက်ရောက်သရွေ့ ဟော်ကျင့် စိုးရိမ်နေရန် မလိုပေ။


အကြမ်းဖျင်း တစ်ခဏမျှ တွေးကြည့်ပြီးနောက် ဟော်ကျင့်မေးလိုက်သည်။

"ယဲ့လဲ့ယောင်က အပေါ်ထပ်မှာလား..."


ထိုအခိုက်မှသာ မာမားဟော်က သူပြန်လာရသည့် အကြောင်းကို မေးလိုက်သည်။


ဟော်ကျင့် သူ့ရည်ရွယ်ချက်ကို ရှင်းပြလိုက်သည်။


မာမားဟော် လျင်မြန်စွာ ထရပ်ကာ ယဲ့လဲ့ယောင်ကို အောက်ထပ်ဆင်းလာရန် ခေါ်လိုက်သည်။


ယဲ့လဲ့ယောင် ဖုန်းကိုကိုင်ပြီးဆင်းလာရာ တစ်နည်းတစ်ဖုံ ချောမောခံ့ညားနေသည့် ဆိုဖာပေါ်ရှိ ရင်းနှီးကျွမ်းဝင်နေသည့် ပုံရိပ်ကို မြင်လိုက်ရသည်။


ယဲ့လဲ့ယောင်၏မျက်ဝန်းများက တမဟုတ်ချင်း ဝင်းလက်သွားပြီး အလွန်စိတ်လှုပ်ရှားလာခဲ့သည်။


[နှစ်ဆယ့်ခြောက်နှစ်ကြာအောင် တစ်ကိုယ်တည်းဖြစ်နေတဲ့ ငါ့အစ်ကိုအကြီးဆုံးက နောက်ဆုံးတော့ သူ့ကောင်လေးကို အိမ်ခေါ်လာခဲ့ပြီပေါ့လေ...]


ပါပါးဟော် : "...အဟွတ် အဟွတ် အဟွတ် အဟွတ် အဟွတ်..."


ဟော်ကျင့် : "..."


[ပါပါးဟော်က ဘာဖြစ်တာလဲ...ဘာလို့ရေသီးသွားတာတုန်း...]


မာမားဟော် : "..."


အဲ့ဒါ ဘာလို့ဆို မင်းက ထိတ်လန့်စရာကောင်းတဲ့ကိစ္စတွေပြောတာ မရပ်လို့ မဟုတ်ဘူးလား...


လက်ထောက်ဖုန်းက မကြားနိုင်သည်မှာ ကံကောင်းလှပေသည်။ သို့မဟုတ်ပါက သူ ပျာယာခတ်သွားလိမ့်မည်ပင်။


နောက်ထပ် နားလည်မှုလွဲမှားသွားမည်ကို ကာကွယ်ရန် မာမားဟော်က ယဲ့လဲ့ယောင်၏လက်မောင်းကို ကမန်းကတန်းဆွဲကာ ရှင်းပြလိုက်သည်။

"ဖျော်ဖြေရေးလောကထဲကို ဝင်ချင်တယ်လို့ မင်းအရင်တုန်းက မပြောခဲ့ဖူးလား...အဲ့ကြောင့် မား မင်းအစ်ကိုကို ပြင်ဆင်ခိုင်းလိုက်တာလေ...အခု လက်ထောက်ဖုန်းက အဖွဲ့တစ်ခုဖွဲ့ပြီးသွားပြီ...အင်းအစ်ကိုက မင်းကို သေချာပြောပြပေးဖို့ သူ့ကို ပြန်ခေါ်လာတာ..."


သူမက "လက်ထောက်ဖုန်း"ဟူသည့်စကားကို အသားပေးပြောလိုက်သည်။


ထိုအခါမှသာလျှင် ယဲ့လဲ့ယောင်က သူနားလည်မှုလွဲသွားသည်ကို သဘောပေါက်လိုက်သည်။ ယင်းကို တွေးကြည့်ရာ ဝတ္ထုထဲတွင် သူ့အစ်ကိုကြီးထံ၌ "သတင်းထွက်နေသည့် ကောင်လေး"ရှိကြောင်းကို ကောလာဟလသာ ကြားဖူးခဲ့ပြီး အမှန်တကယ် လက်တွဲဖော် မရှိခဲ့သည်ကို သူ သတိရလိုက်သည်။


သူ "အိုး" ဟု အသံပြုလိုက်ကာ ဆိုဖာပေါ်တွင် မာမားဟော်နံဘေး ထိုင်ချလိုက်သည်။


နားလည်မှုလွဲသွားသည်ကို သတိမပြုမိဘဲ လက်ထောက်ဖုန်းက ယဲ့လဲ့ယောင်ကို ပြုံးပြကာ ပြင်ဆင်ခဲ့သည့် စာရွက်စာတမ်းများကို ရှင်းပြရန် ထုတ်လိုက်သည်။


ဖျော်ဖြေရေးလောကထဲရှိ သူ့အနာဂတ်တိုးတက်မှုနှင့် ပတ်သက်နေ၍ ယဲ့လဲ့ယောင် အလွန်ဂရုတစိုက်ဖြင့် နားထောင်လိုက်သည်။


လက်ထောက်ဖုန်း စိတ်ထဲ သက်ပြင်းမချလိုက်ဘဲ မနေနိုင်တော့ပေ။


ဘော့စ်က သူ့ကို ကုမ္ပဏီနဲ့ လက်မှတ်ထိုးခိုင်းခဲ့တာ အံ့ဩစရာ မရှိတော့ပါဘူး...ဒီလောက် ချောမောပြီး ထောင်လွှားမှုမရှိတဲ့ လူငယ်လေးကို ဘယ်သူက မကြိုက်ဘဲ နေမှာလဲ...


အဲ့လိုဆိုပေမယ် ငါကတော့ ငါ့ညီလေးကို ပိုသဘောကျနေတုန်းပဲ ဟီးဟီး...


လက်ထောက်ဖုန်းက ယဲ့လဲ့ယောင်အား သဘောကျနှစ်သက်သွားပြီး စကားပိုပြောလိုက်သည်။

"...ကျွန်တော်တို့ သခင်လေးရဲ့ အနာဂတ်တိုးတက်မှုလမ်းကြောင်းကို အစီအစဥ်ဆွဲထားပေမယ့်လည်း အဲ့ဒါက အစီအစဥ်တစ်ခုလေးသာသာပါပဲ...ပိုအရေးကြီးတာက အနုပညာလောကထဲမှာ သခင်လေး ဘယ်လို တိုးတက်လာပြီးတော့ ပရိသတ်တွေက သခင်လေးကို ဘယ်လိုသတိမူမိမလဲဆိုတာကို ကြည့်ရမှာပါ..." 


ပရိသတ်တွေ သတိပြုမိတဲ့ ကိုယ်ပိုင်ဂုဏ်ပုဒ်တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် ဖန်တီးနိုင်ရမှာပဲ...


လက်ထောက်ဖုန်းက မနေနိုင်ဘဲ ဥပမာတစ်ခုပေးလိုက်သည်။

"ကျွန်တော့်ညီလေး အနုပညာလောကထဲကို ဝင်လာတုန်းက အေဂျင်စီက သူ့အတွက် 'မြင့်မြတ်တဲ့သားတော်' ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုဖန်တီးပေးခဲ့ပြီးတော့ အဲ့အချိန်တုန်းက အရမ်း‌ကျော်ကြားခဲ့တာ...ဒီဂုဏ်ပုဒ်နဲ့ပဲ သူက အမြန် ကျော်ကြားလာခဲ့တာလေ..."


ယဲ့လဲ့ယောင် လက်ထောက်ဖုန်းကို ကြည့်လိုက်သည်။


သူ လက်ထောက်ဖုန်းကို ယခင်က တစ်နေရာရာမှာ တွေ့ဖူးသကဲ့သို့ လက်ထောက်ဖုန်းက ခံ့ညားသည်ကို အစောပိုင်းက တွေ့ရှိခဲ့သည်။


လက်ထောက်ဖုန်းတွင် ညီငယ်တစ်ယောက်ရှိသည်ကို ကြားပြီး ယဲ့လဲ့ယောင် အနည်းငယ် အံ့ဩသွားခဲ့သည်။


[ဒီလောက်တိုက်ဆိုင်တာမျိုးက တကယ်ဖြစ်နိုင်ပါ့မလား...]


အခြားဟော်မိသားစုဝင်များအားလုံး လှည့်ကြည့်လိုက်ကြသည်။


လက်ထောက်ဖုန်းက သူ့ညီကို ချီးကျူးပြီးသွားသည့်နောက် ယဲ့လဲ့ယောင်က မေးလိုက်သည်။

"လက်ထောက်ဖုန်း...ခင်ဗျားက ခင်ဗျားရဲ့ ညီအရင်းအကြောင်းပြောနေတာလား..."


လက်ထောက်ဖုန်းက ခပ်ရှက်ရှက်ဖြင့် ပြုံးကာ ပြောလိုက်သည်။

"ဟုတ်ပါတယ်...သူ့နာမည်က ဖုန်းကျီချီပါ...သခင်လေး အနုပညာလောကထဲဝင်ရင် သူနဲ့အလုပ်တူတူလုပ်ဖို့ အခွင့်အရေးရလောက်မှာပါ..."


လက်ထောက်ဖုန်းကို ကြည့်နေသည့် ယဲ့လဲ့ယောင်၏မျက်ဝန်းများက တမဟုတ်ချင်း ဖော်ပြရန် ခက်ခဲလာပြီး နက်ရှိုင်းသည့် အဓိပ္ပါယ်များဖြင့် ပြည့်သွားခဲ့သည်။


[တကယ်ကြီး အဲ့လောက်တောင် တိုက်ဆိုင်တာပဲ...]


မာမားဟော် သူမခွက်ကို အောက်ချလိုက်သည်။


ဘယ်လိုတိုက်ဆိုင်တာတုန်း...


ငါတို့မသိတာ တစ်ခုခု ရှိနေတာလား...


ပါပါးဟော်လည်း စိတ်ပူပန်သွားသည်။

မြန်မြန်လေး ပြောစမ်းပါ...ဖုန်းကျီချီက ငါတို့ကုမ္ပဏီအောက်က အနုပညာရှင်မလား...


ဟော်ကျင့်လည်း ဖုန်းကျီချီကို မှတ်မိ‌ပေသည်။


၎င်းမှာ သူက ကုမ္ပဏီခွဲအောက်ရှိ ထူးချွန်ပြီး ကတိတည်သည့် အနုပညာရှင်ဖြစ်၍မဟုတ်ဘဲ အနားယူအပန်းဖြေသည့်အချိန်များတွင် လက်ထောက်ဖုန်းက ရံဖန်ရံခါ ဟော်ကျင့်နှင့် စကားစမည်ပြောလေ့ရှိပြီး သူ့ညီအကြောင်း ပြောတတ်၍ဖြစ်သည်။


ထိုသူ့အကြောင်း ကြားရပါများပြီးနောက်တွင် ဟော်ကျင့်က ထိုလူကို မှတ်မိနေခဲ့သည်။


အတိအကျပြောရပါက ကတိပေးထားသည့် ပရောဂျက်တစ်ခုရှိသည်ကို တွေးပြီး ဖုန်းကျီချီကို တွင်ပါဝင်ရန် အကြံပြုခဲ့သည်။


ဒီတော့ အဓိကအချက်ကို ပြန်သွားရရင် ဘယ်လိုတိုက်ဆိုင်တာလဲ...


လူသုံးယောက်က ယဲ့လဲ့ယောင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေကြပြီး ပဟေဠိကို သူဖြေရှင်းပေးမည်ကို စိတ်ရှည်ရှည်နှင့် စောင့်နေခဲ့ကြသည်။


[နေဦး ဓာတ်ပုံရှာလိုက်ဦးမယ်...]


ယဲ့လဲ့ယောင် သူ့ဖုန်းကို ကောက်ကိုင်ကာ တစ်ခဏကြာအောင် ရှာကြည့်လိုက်သည်။ နောက်ဆုံး၌ သူဖုန်းကို နောက်တစ်ဖန် ကြည့်လိုက်ပြီးနောက် လက်ထောက်ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။


"သူလား..."

ယဲ့လဲ့ယောင် မေးလိုက်သည်။


လက်ထောက်ဖုန်း အားရပါးရ ပြုံးလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်...အဲ့ဒါ ကျွန်တော့်ညီလေးပဲ..."


သူက လွန်ခဲ့သည့် တစ်နှစ်က ပွဲဦးထွက်ခဲ့ကာ အနုပညာလောကထဲတွင် တိုးတက်နေဆဲ ကြယ်ပွင့်တစ်ပွင့် ဖြစ်နေပြီဖြစ်၏။


ဖုန်းကျီချီအကြောင်း ပြောရာ၌ လက်ထောက်ဖုန်းက အထူးသဖြင့် ဂုဏ်ယူနေကာ သူ့မေးစေ့က အနည်းငယ်ပင် အပေါ်မော့နေခဲ့သည်။


ယဲ့လဲ့ယောင် : [ဒါက တကယ်ကို......စိတ်ဝင်စားစရာပဲ]


ဘာစိတ်ဝင်စားစရာလဲ...မင်းရဲ့ မြှုပ်ထားတဲ့စကားထဲက အစက်ခြောက်စက်က အဖြစ်အပျက်အများကြီးကို သိမ်းထားတာပဲ...ငါတို့ကို တန်းလန်းမထားဘဲနဲ့ ပြောတော့လို့...


‌ဟော်မိသားစုဝင် သုံးယောက်မှာ စိတ်ဖိစီးလာခဲ့သည်။


ယဲ့လဲ့ယောင်က ရုတ်တရက် ခေါင်းလှည့်ကာ ဟော်ကျင့်ကို ကြည့်လိုက်သည်။


ဟော်အုပ်စုထဲရှိ လေနှင့်မိုးများကို အမိန့်ပေးနိုင်သည့် ဟော်မိသားစု၏အကြီးဆုံးသားမှာ ရုတ်ချည်းဆိုသလို ကျောရိုးတစ်လျှောက် ကြက်သီးများထသွားခဲ့သည်။


ဟော်အုပ်စု၏စတော့စျေးများ ထိုးစိုက်ကျဆင်းသွားခဲ့ချိန်ကပင် သူ ဤသို့ ကြောက်လန့်မသွားခဲ့ပေ။


နောက်ဆုံးအဆုံးအဖြတ်ကို စောင့်ဆိုင်းနေရသကဲ့သို့ ဟော်ကျင့် တစ်ခဏမျှ အသက်ရှူအောင့်လိုက်သည်။


ထို့နောက် ယဲ့လဲ့ယောင်ပြောသည်ကို သူ ကြားလိုက်ရသည်။


[ငါ့ရဲ့အစ်ကိုအကြီးဆုံးက တကယ်ကို...သနားစရာအကောင်းဆုံးနဲ့ အချိန်မှားသွားရှာတဲ့ လူပဲ...]


[မြင့်မြတ်တဲ့သားတော် ဂုဏ်ပုဒ်ခံယူပြီး ပွဲဦးထွက်ခဲ့တဲ့ ဖုန်းကျီချီက သူ့ကိုယ်သူ ဟော်အုပ်စုက အိမ်ရှေ့စံမင်းသားလေးရဲ့ ကောလာဟလချစ်သူအဖြစ် ခေါင်းစဥ်တပ်ပြီး အနုပညာလောကထဲမှာ သူ့အင်အားကို ကြွားလုံးထုတ်နေတာကို ငါ့အစ်ကိုကို ဘယ်လိုပြောပြရပါ့....ပြီးတော့ ငါ့အစ်ကိုရဲ့ ကျန်းပင်းဗီလာသော့ကို ရဖို့ လက်ထောက်ဖုန်းရဲ့ အဆက်အသွယ်တွေကိုတောင် သုံးလိုက်သေးတယ်...]


[နေပါဦး...အခုအချိန် ဖုန်းကျီချီက ရသစုံရှိုး တစ်ခုမှာ ပါဝင်နေတာ မဟုတ်ဘူးလား...]


[ငါသာ မမှားရင် ဒီနေ့က ဖုန်းကျီချီ ရိုက်ကူးရေးအဖွဲ့ကို ငါ့အစ်ကိုရဲ့ဗီလာကို ခေါ်သွားပြီး သူက ငါ့အစ်ကိုရဲ့ ကောလာဟလထွက်နေတဲ့ ကောင်လေးပါလို့ သတင်းထွက်သွားစေတဲ့နေ့မလား ဟုတ်တယ်မလား...]


ခွမ်း...

ဟော်ကျင့် မတော်တဆ ဖန်ခွက်ကို ခွဲမိသွားသည်။


သူ ရုတ်တရက်ပင် မတ်တတ်ထရပ်လိုက်သည်။ သူ့ပတ်ပတ်လည်ရှိ လေထုက ကျောချမ်းစဖွယ် အေးစက်စက်ဖြစ်နေကာ လက်ထောက်ဖုန်းကို အေးစက်စွာ ကြည့်လိုက်သည်။


သူ့ညီလေးကို ချီးကျူးမြှောက်ပင့်နေဆဲ လက်ထောက်ဖုန်းက သူ့ဘော့စ်၏အကြည့်ကို မြင်လိုက်ပြီး ကျန်စကားလုံးများက လည်ပင်းတွင် တစ်ဆို့သွားကာ ချွေးအေးများက တမဟုတ်ချင်း သူ့နဖူးကို ဖုံးလွှမ်းသွားခဲ့သည်။


ဘ-ဘာဖြစ်သွားတာလဲ...



🍉🍉🍉