အခန်း ၃၄ နောက်ဆုံးတော့ ကယ်တင်ခံရပြီ
ရေပူစမ်းဥယျာဉ်၏
အဓိကခန်းမတွင်....
"ရှီးယန်"
လို့ရှီးယန်က
တွေဝေနေရာမှ တစ်ချက် မော့လှမ်းကြည့်လိုက်သော်လည်း သူ့မျက်နှာက မည်းမှောင်နေကာ သူ့လက်ထဲမှ
လက်ဖက်ရည်က ဖိတ်စင်လုနီးပါး ဖြစ်နေသည်။ ချီထျန်းယုက
အော်ခေါ်လိုက်သော်လည်း သူက လုံးဝ သတိမမူမိပုံရသည်။
ချီထျန်းယုက
မျက်မှောင်ကြုတ်လိုက်ပြီး "ရှီးယန်?"
လို့ရှီးယန်က
သတိပြန်ဝင်လာပြီး ချီထျန်းယုကို ကြည့်ကာ "သတင်းထူး ရှိလို့လား?"
အဲ့လို
သတိလွတ်နေတဲ့ ရှီးယန်ကို
သူ ဘယ်တုန်းက မြင်ဖူးလို့လဲ? သူက ချင်းဖုန့်ကို
စိတ်ပူနေတာလား?!
လို့ရှီးယန်
ဘာတွေးနေသည်ကို သူ မှန်းဆ၍ မရနိုင်သောကြောင့် ချီထျန်းယုက ဘာမှ မပြောတော့ဘဲ သူ့ခေါင်းကို
ခါယမ်းလိုက်ကာ "မဟုတ်ဘူး၊ မင်းလက်ဖက်ရည်က အေးနေပြီ"
လို့ရှီးယန်က
သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး သူ့လက်ထဲမှ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်
ပြန်တင်လိုက်ကာ အရှက်အကြောက်မရှိဘဲ ဘာမှ မဖြစ်သလို အေးအေးဆေးဆေး ရှိနေခဲ့သည်။ လွန်ခဲ့သော
အခိုက်အတန့်မှ သူ့၏ သတိလွတ်နေသော အရိပ်အယောင်က မရှိခဲ့သလိုဖြစ်နေပြီး ချီထျန်းယု၏
မျက်လုံးများကသာ မရေမရာဖြစ်နေသကဲ့သို့ပင်။
"သခင်" ကျင်းစက ပင်မခန်းမထဲသို့ ဝင်လာပြီး "မြောက်ပိုင်း ချီတိုင်းပြည်က
သံတမန်တွေ ဟွမ်းယန်မြို့အပြင်ဘက် ဆယ်လီ(အကွာအဝေးအတိုင်းအတာ)ကို ရောက်ရှိနေပါပြီ။ သူတို့က
အနားယူဖို့ ဒီနေ့ အဲ့နေရာမှာ စခန်းချနေပါတယ်။ မနက်ဖြန် နေ့လည်မှာ ဧကရာဇ်မင်းက
သူတို့ကို ချင်းယန်ခန်းမမှာ လက်ခံတွေ့ဆုံမှာပါ။ မနက်ဖန်ညမှာ ညစာ တည်ခင်းဧည့်ခံပါမယ်။
မြောက်ပိုင်းချီမင်းဆက်ရဲ့ သံတမန်တွေကို ဧည့်ခံဖို့အတွက် သခင်ရဲ့ ကျန်းမာရေး ကောင်းမွန်ရင်
တက်ရောက်နိုင်လားမေးဖို့ နန်းတော်က မိန်းမစိုးကောင်း ရောက်လာပါတယ်”
လို့ရှီးယန်က
ခဏလောက် စဉ်းစားနေခဲ့ပြီး "သံတမန်က ဘယ်သူတွေလဲ?"
"မြောက်ပိုင်းချီရဲ့တတိယမင်းသား ရှရွှင်းစစ်၊ သတ္တမမင်းသမီး ရှယွင်ယွင်နဲ့ စစ်သူကြီးချုပ်
ဟူကျန်းယုရဲ့အကြီးဆုံးသား ဟူရှီအန်း"
တတိယမင်းသား၊
သတ္တမမင်းသမီးနဲ့ စစ်သူကြီးချုပ်ရဲ့အကြီးဆုံးသား...
လို့ရှီးယန်က
သူ့မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်သည်။ ယခုတကြိမ်တွင် မြောက်ပိုင်းချီမှ
စေလွှတ်သော သံတမန်က အမှန်တကယ်ကို စိတ်ရင်းမှန်ဖြစ်ကြောင်း ပြသနေသည်။
မှန်းဆကြည့်မည်ဆိုလျှင် ယခုတစ်ကြိမ်ပါလာသော သတ္တမမင်းသမီးက အထူးသံတမန် ဖြစ်နိုင်သည်။
မြောက်ပိုင်းချီ၏ သတ္တမမင်းသမီးက ရုပ်ရည်လှပရုံသာမက အကအခုန် ကျွမ်းကျင်သည်ဟုလည်း
ပြောကြသည်။ ကြည့်ရှုဖူးသူများ၏ အဆိုအရ သူမ၏အကစွမ်းရည်က အလွန်မြင့်မားပြီး
ဖော်မပြနိုင်လောက်အောင် အံ့သြစရာကောင်းသည်ဟု ဆိုကြသည်။ မြောက်ပိုင်းချီက
အလွန်ထင်ရှားသော ရည်ရွယ်ချက်ဖြင့် သူမကို ဤနေရာသို့ စေလွှတ်ခဲ့ပုံရသည်။
ဒါပေမယ့် ဟုန်ထျန်းလို
ဧကရာဇ်မျိုးကို ရှုပ်ထွေးအောင်လုပ်ဖို့က လွယ်ပါ့မလား?
လို့ရှီးယန်က
ပြုံးလိုက်ပြီး "ပြန်သွားပြီး မနက်ဖြန်ည ငါ ရောက်လာမယ်လို့ ကောင်းကျင်းကို ပြောလိုက်ပါ"
"ဟုတ်ကဲ့" ကျင်းစက ဦးညွှတ်ပြီး ပြန်ထွက်ခွာသွားခဲ့သည်။
ချီထျန်းယုက
ကောင်းကင်ကို မော့ကြည့်လိုက်ပြီး "သန်းခေါင်ကျော်ခါနီးနေပြီ၊ ဘာလို့ ခဏလောက်
အနားမယူတာလဲ? မင်း မနက်မိုးလင်းရင် အိမ်တော်ကို ပြန်ပြီး ညနေနန်းတော်ဧည့်ခံပွဲအတွက်
ပြင်ဆင်ရမယ်။ ချင်းဖုန်းကို ဆက်ရှာဖို့ ငါ ကူညီပါ့မယ်"
လို့ရှီးယန်က
သူ့ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး တည်ငြိမ်စွာဖြင့် "ခဏစောင့်မယ်"
လို့ရှီးယန်က
အသစ်ထည့်ထားသော လက်ဖက်ရည်ကို ကောက်ယူလိုက်ပြီး ခွက်အဖုံးကို ကိုင်ကာ လက်ဖက်ရွက်များကို
အေးအေးဆေးဆေး လှုပ်ခါကာ ခွက်နှုတ်ခမ်းကို ညင်သာစွာ ပွတ်သပ်နေခဲ့သည်။
သူ့အမူအရာက
ခါတိုင်းကဲ့သို့ ဖြစ်နေပြီး ချီထျန်းယုက ယခု သူ စိတ်လှုပ်ရှားနေလား
မလှုပ်ရှားနေဘူးလားဟု တိတ်တဆိတ် တွေးနေခဲ့သည်။
အခုန သူ အမြင်မှားသွားခဲ့တာလား?
"သခင်" မော့ပိုင်က ပင်မခန်းမထဲသို့ ခပ်မှန်မှန်ဝင်လာပြီး လို့ရှီးယန်ဆီသို့
လျှောက်လာနေခဲ့သည်။ သူက သူ့လက်ထဲမှ ပစ္စည်းများကို ကမ်းပေးရင်း "ရေပူစမ်းက
နေရာတွေကို အကုန်လုံးနှံ့အောင် လိုက်ရှာပြီးပါပြီ၊ ချင်းဖုန့်ကို
ရှာမတွေ့သေးပေမယ့် တစ်စုံတစ်ခုကို တွေ့လိုက်ရတယ်၊ တောင်အနောက်က တောအုပ်ထဲမှာ
တိုက်ပွဲဖြစ်ထားတဲ့ ခြေရာလက်ရာတွေ တွေ့လို့ အခုအနောက်ဘက် တောင်တန်းတွေမှာ
ရှာဖွေနေပါတယ်"
လို့ရှီးယန်က
လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး မော့ပိုင်၏ လက်ထဲမှ အရာကို လှမ်းယူလိုက်သည်။ လို့ရှီးယန်က သူ့မျက်လုံးများကို
အနည်းငယ် မှေးကျဥ်းထားပြီး "ဒါက... ချမ်ကျင်းရဲ့လက်နက်ပဲ"
ထိုအချိန်တွင်
ချမ်ကျင်းက ၎င်းကို သူ့လက်ထဲတွင် ဆော့ကစားနေခဲ့သည်။ ဓါးက လခြမ်းပုံသဏ္ဍာန်ရှိပြီး
ထက်မြက်ကာ သေးငယ်သော ဓားပျံမျိုးဖြစ်သည်။ ထိုဓားမျိုးကို အသုံးပြုနိုင်သူက ရှားပါးလွန်းလှသည်။
နောက်ကွယ်ကလူက ချမ်ကျင်းဆိုရင် သူ ဘယ်သူနဲ့
တိုက်ခိုက်နေတာလဲ? ချင်းဖုန့်ပျောက်နေတာက
သုံးရှိချန်လောက် ရှိနေပြီ။
လို့ရှီးယန်က
ရုတ်တရက် ထရပ်လိုက်ပြီး ချီထျန်းယုက စိုးရိမ်တကြီးဖြင့် "ရှီးယန်...မင်း ဘယ်သွားမလို့လဲ?"
လို့ရှီးယန်က
သူ့၏ အပြင်ဘက်၀တ်ရုံကို ထပ်၀တ်နေရင်း အပြင်သို့ ထွက်သွားကာ "အနောက်ဘက်
တောင်ပေါ်ကို သွားကြည့်မလို့"
ချီထျန်းယုက
စိုးရိမ်တကြီးဖြင့် "ဒါပေမယ့် အခုက အရမ်းနောက်ကျနေပြီ၊
မင်းရဲ့ခန္ဓာကိုယ်..."
ရှီးယန်က အဲ့အမျိုးသမီးကို
ဂရုစိုက်တယ်ဆိုတာ သူ သေချာသွားပြီ။ ချင်းဖုန့်မှာ ဘယ်လို မှော်စွမ်းအားတွေ
ရှိနေတာလဲ? ရှီးယန်က ဘာလို့ သူမကို အရမ်းဂရုစိုက်နေတာလား?!
"ငါ အဆင်ပြေပါတယ်၊ အနောက်ဘက်က တောင်တန်းမှာ သူ(မ)ကို ရှာမတွေ့ရင်
အိမ်ပြန်မယ်"
လို့ရှီးယန်၏
ခြေလှမ်းများက တုံ့ဆိုင်းမနေဘဲ ပုံမှန်အတိုင်း ဆက်သွားနေခဲ့သည်။
ရှီးယန်က
သူ့ရဲ့ဆုံးဖြတ်ချက်ကို ဘယ်သူကြောင့်မှ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး။
ချီထျန်းယုက
"ကောင်းပြီ၊ အတူတူသွားကြရအောင်"
လူတစ်စုက
ရေပူစမ်းဥယျာဉ်မှ ထွက်ခွာကာ အနောက်ဘက်တောင်ပေါ်သို့ တက်လာခဲ့ကြသည်။
.......။.....။.....
ခြေသံများ
နီးကပ်လာသည်နှင့်အမျှ ကျွော့ချင်းက ပုံမှန်မဟုတ်သော အသံအနည်းငယ်ကို ကြားလိုက်ရသည်။
သူမ၏ အာရုံကြောများက တင်းမာလာပြန်သည်။
ကျွော့ချင်းက
ပတ်ပတ်လည်ကို လျှင်မြန်စွာ ကြည့်လိုက်ပြီး သူမတို့တွင် ပုန်းစရာနေရာ မရှိသလောက်ပင်။
ရှိလျှင်ပင် လူသုံးယောက်အတွက် နေရာ မရှိပေ!
အခုထွက်သွားလျှင်လည်း
ထောင်ချောက်ထဲသို့ ကျသွားရန်မှတပါး တခြားနည်းလမ်း မရှိတော့သောကြောင့် ကျွော့ချင်းတစ်ယောက် သက်ပြင်းချနေမိသည်။
အခုတော့
ရောက်လာတဲ့သူတွေက လူဆိုးမဟုတ်ဖို့ပဲ ဆုတောင်းနိုင်တော့တယ်။
ကျွော့ချင်းက
ဂူပေါက်ဝကို ထိတ်လန့်တကြား စိုက်ကြည့်နေရင်း သူမ၏ လက်ကောက်ဝတ်များ ရုတ်တရက်
တင်းကြပ်သွားသလို ခံစားလိုက်ရသောကြောင့် ငုံ့ကြည့်လိုက်ရာ ချမ်ကျင်းက
မြေပြင်ပေါ်တွင် လဲလျောင်းနေရာမှ ကိုယ်တစ်ဝက်ကို ဆန့်ကာ သူမ လက်တစ်ဖက်ကို ကိုင်ထားပြီး
သူမအား စကားပြောလိုက်သည်ကို သူမ တွေ့လိုက်ရသည်။
"ထိုင်ဖို့...ကူညီပေး"
ကျွော့ချင်းက
ချမ်ကျင်း၏အနားသို့ ပြန်ဆုတ်သွားပြီး သူ့ပခုံးနှစ်ဖက်ကို သူမ၏လက်နှစ်ဖက်ဖြင့်
ညင်သာစွာ တွန်းကာ ထိုင်ခိုင်းလိုက်သည်။ ချမ်ကျင်းက မြေပြင်ပေါ်ရှိ ဓားပျံနှစ်ချောင်းကို
ကောက်ကိုင်လိုက်ပြီး သူ့လက်ချောင်းများကြားတွင် ညှပ်ထားကာ ကျွော့ချင်းကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ခနနေ
... အခွင့်အရေးရရင် ပြေးတော့..နားလည်လား?!"
ကျွော့ချင်းက
ထိတ်လန့်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် သူမက ခဏလောက် ထပ်စဉ်းစားပြီး ခေါင်းညိတ်လိုက်ကာ
"အင်း"
တစ်ယောက်ယောက်က
ထွက်ပြေးနိုင်သရွေ့ မျှော်လင့်ချက်ရှိမှာပါပဲ။
သူမ၏အဖြေကို
ကြားပြီးနောက် ချမ်ကျင်းက အနည်းငယ် စိတ်သက်သာရာရသွားပုံပေါ်သည်။ ရှုအာက သူမ၏
အောက်နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်ပြီး သူမ၏ လက်များက တုန်ယင်နေသော်လည်း
သူမလက်ထဲမှ သစ်သားချောင်းကို မြဲမြဲဆုပ်ကိုင်ထားဆဲဖြစ်သည်။
ခြေသံများ
ထပ်မကြားရသော်လည်း ဂူအဝင်ဝတွင် အရိပ်ဖျော့ဖျော့တစ်ခု ပေါ်လာခဲ့သည်။ ချမ်ကျင်း၏မျက်နှာက
လုံးဝ တင်းမာသွားတော့သည်။ ရောက်လာသူက ကိုယ်ခံပညာ အားနည်းသူ မဟုတ်ပေ။ သူက အမှန်တကယ်
ရန်လို ဖြစ်နေခဲ့လျှင် သူတို့ထဲမှ မည်သူမျှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။ ချမ်ကျင်းက သူ့လက်ထဲမှ
ဓားပျံပါးပါးလေးကို ဆုပ်ကိုင်ထားရင်း စောင့်ကြည့်နေခဲ့သည်။ ဝင်လာသူ၏လက်ထဲမှ
အေးစက်သော ဓားရှည်၏ရောင်ပြန်ဟပ်နေသည့် အလင်းတန်းကို မြင်လိုက်ရပြီးနောက် သူက ဓားပျံကို
ဝင်ပေါက်နားရှိ အရိပ်ဆီသို့ သူ့အစွမ်းရှိသမျှ ပစ်သွင်းလိုက်သည်။
ဓားပါးလေးက
ပျံထွက်သွားပြီး ဝင်လာသူက ဓားဖြင့် ဘေးတိုက်ရိုက်ချလိုက်ရာ လက်နက်အချင်းချင်းတိုက်မိသော
"ဒင်း!"ဟူသော အသံသာ ထွက်လာပြီး ဓားပျံက ဘေးနားရှိ ကျောက်နံရံထဲသို့
တည့်တည့် မြုပ်ဝင်သွားသည်။ ဓားပျံက တစ်စိတ်တစ်ပိုင်း လှုပ်ရှားနေပြီး ဆူညံသံများထွက်နေသည်။
ဤကဲ့သို့ သေးငယ်သော ဓားပျံကို
ဓားအသုံးပြုပြီး ကျောက်နံရံအတွင်းသို့ ဝင်ရောက်စေနိုင်ခြင်းက ဝင်လာသူ၏
ကြီးမားသော ခွန်အားကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေသည်။
ကျွော့ချင်းနှင့်
ချမ်ကျင်း နှစ်ယောက်လုံး တုန်လှုပ်သွားကြပြီး တစ်ချိန်တည်းမှာပင် ဂူထဲသို့ လူတစ်ယောက်
ဝင်လာခဲ့သည်။
အရပ်ရှည်ရှည်နှင့်
ဖြောင့်မတ်သော ရုပ်သွင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် ကျွော့ချင်းက
အံ့အားသင့်စွာဖြင့် "မျက်လုံးပြာ?"
ဝူး.....ဝူး....ဝူးးး....
ဘုရားသခင်က တကယ်ကို မျက်လုံးတွေ ပွင့်သွားပြီပဲ။
ကျွော့ချင်းတစ်ယောက်
မျက်ရည်များ ကျလုမတတ်ဖြစ်နေခဲ့သည်။ မော့ပိုင်က
ဂူအတွင်းမှ အခြေအနေကို တစ်ချက်ကြည့်လိုက်ပြီး ဘေးဘက်သို့ အနည်းငယ်
တိမ်းရှောင်ပေးလိုက်ရာ ဂူဝတွင် လို့ရှီးယန်၏ပိန်ပိန်ပါးပါးပုံစံ ပေါ်လာပြန်သည်။
မီးရောင်အောက်မှာ
ကျွော့ချင်း၏နှလုံးသားက ခုန်ပေါက်နေတော့သည်။
သူက အမြဲတမ်း
နူးညံ့သိမ်မွေ့နေပေမယ့် အခုချိန်မှာတော့ နက်နဲပြီး မှန်းဆလို့ မရတဲ့ပုံပေါက်နေတယ်။
ဘယ်လိုဖြစ်ပြီး? သူက...
✍️✍️✍️