အခန်း ၃၅ တကယ်ကို
ကျွမ်းကျင်သူပဲ
လို့ရှီးယန်က
သူမဆီသို့ တည့်တည့် လျှောက်လာသောကြောင့် ကျွော့ချင်းက မတ်တပ်ထရပ်လိုက်ပြီး
"ဘာလို့ ဒီကို ရောက်လာတာလဲ?"
သူ့ခန္ဓာကိုယ်က
အပြင်းအထန် လှုပ်ရှားဖို့ မသင့်တော်သလို အခု ရာသီဥတုက အရမ်းဆိုးနေတာလေ။
လို့ရှီးယန်က
သူမ၏မေးခွန်းကို ပြန်မဖြေခဲ့ပေ။ သူမ၏ခြေတံရှည်များကို မြင်လိုက်ရချိန်တွင် လို့ရှီးယန်၏မျက်လုံးများက
မဲမှောင်သွားပြန်သည်။ ကျွော့ချင်း သူမ၏ခန္ဓာကိုယ်ပေါ်မှ နွေးထွေးမှုကို
ခံစားလိုက်ရချိန်တွင် လို့ရှီးယန်၏ဝတ်ရုံရှည်ကြီးက သူမကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားပြီးသား
ဖြစ်နေခဲ့သည်။ သူက သူမ၏မေးစေ့ကို ညင်သာစွာ မော့ယူလိုက်ပြီး သူ၏ အေးမြသော
လက်ချောင်းထိပ်များက သူမ၏လည်ပင်းရှိ ဒဏ်ရာများကို ညင်သာစွာ ပွတ်သပ်နေခဲ့သည်။ ကျွော့ချင်းက
ရှက်ရွံ့စွာဖြင့် သူမ၏လည်ပင်းကို ကိုင်ကာ တုန်န်ယင်ယင် ပြန်ဖြေလိုက်သည်။
"ကျွန်မ
အဆင်ပြေပါတယ်၊ သူတို့ဒဏ်ရာတွေက ကျွန်မထက် ပိုဆိုးတယ်"
လို့ရှီးယန်ရဲ့အပြုံးမဲ့တဲ့
အကြည့်ကို သူမ အသားမကျနိုင်သေးဘူး။ အခု သူမရဲ့နှလုံးသားတစ်ခုလုံး တုန်လှုပ်ချောက်ချားနေတယ်။
ချီထျန်းယုကလည်း
ဂူထဲသို့ ဝင်လာခဲ့ပြီး ဂူအတွင်းမှ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင်
သူက တုန်လှုပ်ခြောက်ခြားစွာဖြင့် "ရှုအာ မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ?"
သူမ၏ကိုယ်လုံးတီးနီးပါး
ပုံသဏ္ဍာန်ကို မြင်လိုက်ရချိန်တွင် ချီထျန်းယု၏မျက်နှာက ညိုမဲလာပြီး သူ့အဝတ်အစားများကို
ချက်ချင်း ချွတ်လိုက်ကာ သူ့ဝတ်ရုံရှည်ကို ရူ့အာကိုယ်ပေါ်သို့ တင်ပေးလိုက်သည်။
"သခင်လေး!" ကြောက်ရွံ့မှုနှင့် အကြပ်အတည်းများကို ရက်အတော်ကြာ သည်းခံပြီးနောက် ချီထျန်းယုကို မြင်လိုက်ရသောကြောင့်
နောက်ဆုံးတွင် ရှုအာက သူမ၏ခံစားချက်များကို ဖုံးကွယ်မထားတော့ပေ။
ချီထျန်းယုက
သူမ၏ပခုံးကို ကိုင်ထားပြီး သူမကို ကူညီပေးရန် ပြင်လိုက်သည်။ သို့သော်လည်း သူ ဆွဲထူလိုက်သည်နှင့်
ရှုအာက ချက်ချင်း နာကျင်စွာ တုန်ယင်လာမည်ကို သူ မည်သို့မျှ ကြိုမသိနိုင်ခဲ့ပေ။
ကျွော့ချင်းက
စိုးရိမ်တကြီးဖြင့် "သတိထားပါ၊ သူ့(မ)ရဲ့ခြေထောက်က ကျိုးသွားပြီ၊ မလှုပ်တာ
အကောင်းဆုံးပဲ"
သူမ ပြောလိုက်မှ
ချီထျန်းယုက ရှုအာ၏ခြေထောက်များကို ရှည်လျားသောအထည်အမြှောင်းများဖြင့်
ပတ်ထားသည်ကို သတိပြုမိပြီး သူမကို ပိုဂရုတစိုက် ကောက်ပွေ့လိုက်သည်။ သို့သော် ရှုအာက
မထချင်သေးဘဲ ကျွော့ချင်းကို မေးလိုက်သည်။
"မိန်းကလေး၊
မင်းရဲ့နာမည်ကို မမေးရသေးဘူး”
"ငါ့နာမည်... ချင်းဖုန့်"
"ငါ့နာမည်က ဖေးရှုပါ။ ငါ့ကို ကယ်တင်ခဲ့တဲ့ ချင်းသခင်မလေးကို
ကျေးဇူးတင်ပါတယ်"
ထိုစကားကို
ပြောပြီးသည်နှင့် ဖေးရှုက ချီထျန်းယု၏ကူညီမှုဖြင့် မြေပြင်ပေါ်တွင် ဒူးတစ်ဝက်ထောက်အနေအထားဖြင့်
ထိုင်ချလိုက်သည်။
အခြားသူများက
သူမကို ဦးညွှတ်မှုအား ကျင့်သားမရသော ကျွော့ချင်းက နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ချမ်ကျင်းကို
လက်ညှိုးထိုးပြပြီး "ဒီလိုမလုပ်ပါနဲ့၊
ကျေးဇူးတင်ချင်ရင် သူ့ကိုပဲ ကျေးဇူးတင်လိုက်ပါ"
ရှုအာက
ခေါင်းမာမာဖြင့် ကျွော့ချင်းကို ဆက်ဦးညွှတ်လိုက်ပြီးမှ ချမ်ကျင်းကို ဦးညွှတ်လိုက်သည်။
ချမ်ကျင်းက သူ့လက်ကို ဝှေ့ယမ်းပြီး ဒဏ်ရာကို လက်ဖြင့်အုပ်ကာ အပြုံးဖြင့် ပြန်ပြောလိုက်သည်။
“ရပြီ၊ ငါ သိပြီ၊ ငါက အရမ်း အစွမ်းထက်တဲ့အတွက်
မင်း ငါ့ကို ကျေးဇူးတင်နေဖို့ မလိုပါဘူး၊ ငါ့အတွက်က အားထုတ်မှု နည်းနည်းပဲလိုတာပါ”
အကြပ်အတည်းမှ
လွတ်မြောက်သွားခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို ချမ်ကျင်းက
စိတ်အခြေအနေ ပိုကောင်းလာပုံရသည်။ သူ၏ ကျေနပ်နေသောအကြည့်ကို မြင်နိုင်ပြီး ကျွော့ချင်းက
သူမ၏ ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ကို ပိုက်ထားကာ သူ့ကို တချက်စွေကြည့်လိုက်ပြီး "အဲ့တာက သေးငယ်တဲ့ အားထုတ်မှုလား? ဟုတ်ပ!
ရှင်က ဓားပျံနဲ့ ပေါက်တာကလွဲရင် တခြားဘာမှ
မလုပ်တတ်ဘူး! အဲ့တာကို ကြေးစားမုဆိုး ဖြစ်နေသေးတယ်၊
အခုအချိန်အထိ အသက်ရှင်နေရတာကိုက မိုးကောင်းကင်က ရှင့်ကို တကယ် ကောင်းချီးပေးနေလို့ပဲ"
ချမ်ကျင်း၏ပါးစပ်က
အေးခဲသွားပြီး "ရုပ်ဆိုးတဲ့မိန်းမ၊ မင်းက ဘာသိလဲ? ဓားနဲ့ပေါက်တာအပြင်
ငါ့ရဲ့ ကိုယ်ဖော့သိုင်းက လောကမှာ ယှဉ်နိုင်တဲ့သူ မရှိဘူး။ ငါ့ရဲ့ ဆရာတူအစ်ကိုကြီးနဲ့
အစ်မကြီးလို ဆရာကြီးတွေတောင် ငါ့ကို မယှဉ်နိုင်ဘူး။ ဒါကြောင့် ငါက သူတို့ထက်
သာလွန်တဲ့သူပဲ"
ကြေးစားမုဆိုးတွေ!
လို့ရှီးယန်၏
မျက်လုံးများက အနည်းငယ် အရောင်တောက်လာသော်လည်း သူက ငြိမ်သက်နေခဲ့သည်။ ကျွော့ချင်းက သိပ်နားမလည်သောကြောင့်
ရယ်မောလိုက်ပြီး "ထွက်ပြေးတာက ရှင့်ရဲ့အကြီးမားဆုံးစွမ်းရည်လို့ ကျွန်မကို ပြောနေတာလား?!"
ချမ်ကျင်းက
သူ့နှုတ်ခမ်းများကို တွန့်ကာ ညည်းညူလိုက်ရင်း "အဲ့တာ ဘာဖြစ်လဲ၊ မင်း နိုင်အောင်
မတိုက်နိုင်ရင် မင်း ပြေးရမှာ ထုံးစံပဲ။ အဲ့တာကြောင့် ပြေးတဲ့နေရာမှာ
ကျွန်းကျင်တဲ့သူက ဆရာကြီးပဲ၊ ငါ ဓားပျံကို ဘာလို့ ရွေးချယ်ခဲ့တာလဲ သိလား? ပထမတစ်ချက်က
ဆော့ရတာ အရမ်းလွယ်တာကြောင့်... ဒုတိယကတော့ တခြားသူကို အနိုင်မယူနိုင်ရင် ထွက်ပြေးဖို့
ပိုလွယ်လို့... အီး!”
ရယ်မောပြောဆိုနေရင်း
တစ်ချိန်တည်းမှာပင် ဒဏ်ရာက နာကျင်လာသောကြောင့် ချမ်ကျင်းက ရွံတွနေသေးသည်။
ကျွော့ချင်းက
လျင်မြန်စွာ ခေါင်းငုံလိုက်ကာ စိုးရိမ်တကြီးဖြင့် "ရှင် အဆင်ပြေရဲ့လား?! ရှင်
နာနေတာကို ဖုန်းကွယ်မထားနဲ့နော်!"
ဒီလူက
တကယ်ကို ထူးဆန်းတဲ့လူပါ။ သိုင်းလောကလို့ ပြောတဲ့လူတွေက သူတို့ ထွက်ပြေးသွားတယ်လို့
အပြောခံရမှာကို ရှက်ကြတယ် မဟုတ်ဘူးလား? သူက တော်တော် ကောင်းမွန်တယ်၊ ဖြောင့်မတ်ပြီး တရားမျှတစွာပြောဆိုတတ်တဲ့အပြင်
တိကျမှန်ကန်ပြီး ရိုးသားတာကြောင့် သူမ သူ့ကို သဘောကျသွားပြီ။
ချမ်ကျင်းက နာကျင်ကိုက်ခဲနေသော
ဒဏ်ရာကို ကိုင်ထားရင်း ကျွော့ချင်းကို စိုက်ကြည့်နေကာ "မင်းသာ
လမ်းလျှောက်ဖို့ မရောက်လာခဲ့ရင် ငါက ဘာလို့
ဒီလောက်သနားစရာကောင်းနေရမှာလဲ?!"
သူ့၏စိတ်တိုဒေါသထွက်နေသည့်အကြည့်ကို
မြင်လိုက်ရသော်လည်း ကျွော့ချင်းက စိတ်မဆိုးနိုင်ဘဲ တိုးတိုးလေး ရယ်မောလိုက်သည်။ သူမ
ရယ်လေလေ ချမ်ကျင်းက ပိုပြင်းထန်သည့် စူးစူးရဲရဲ အကြည့်များနှင့် ကြည့်လာလေလေဖြစ်ကာ
ကျွော့ချင်း၏ရယ်သံကလည်း ပိုကျယ်လောင်လာလေလေ ဖြစ်နေခဲ့သည်။ လူနှစ်ယောက်က တစ်ဖက်ကို
တစ်ဖက်စိုက်ကြည့်ကာ အားပြိုင်နေကြပြီး ဘေးနားရှိ အခြားလူများကို လျစ်လျူရှုထားသည်။
ချီထျန်းယုက လို့ရှီးယန်ကို တိတ်တဆိတ် ကြည့်လိုက်ရာ သူ့မျက်နှာတွင် အမူအရာ
များများစားစား မရှိသည်ကို တွေ့ရရုံမျှမက သူ့မျက်လုံးများက အမှတ်တမဲ့ အနည်းငယ် မှေးကျဉ်းသွားသည်ကို
သူ တွေ့လိုက်ရသည်။ ထိုအပြင် သူ့လက်ညိုးကိုလည်း အနည်းငယ် ပွတ်သပ်နေတာကြောင့် လောလောဆယ်
သူ စိတ်အခြေအနေ မကောင်းကြောင်း ပြသနေသည်။
ချီထျန်းယုက အနည်းငယ်
ချောင်းဟန့်လိုက်ပြီး ရှုအာကို သူ့ဘေးနားရှိ အစောင့်လက်ထဲသို့ အမြန်အပ်လိုက်ကာ ချမ်ကျင်းထံသို့
လှမ်းသွားလိုက်ပြီး "အစ်ကို ချမ်ကျင်း၊ မင်းရဲ့ဒဏ်ရာက မပေါ့ပါးဘူးလို့ ငါ ထင်တယ်၊
မင်း ဘာလို့ ငါတို့နဲ့ ပြန်မလိုက်တာလဲ?
အရင်ဆုံး ရေပူစမ်းဥယာဥ်မှာ မင်းအတွက် သမားတော်ခေါ်ပေးပြီး ကုသခိုင်းလိုက်မယ်"
ချမ်ကျင်းက
ကျွော့ချင်းထံမှ အကြည့်လွှဲလိုက်ပြီး ဝမ်းသာအားရ ခေါင်းညိတ်လိုက်ကာ
"ကောင်းပြီ၊ အဲ့ဒါက အဆင်အပြေဆုံးပဲ!"
သူ
ဒီမှာ သမားတော်နဲ့ ပြနိုင်ရင် ပိုက်ဆံစုလို့ ရတယ်လေ ~~~
"လာ ဒီကိုလာကြ!" ချီထျန်းယုက သူ့ကို ကူညီဖို့ အစောင့်နှစ်ယောက်ကို ထပ်ခေါ်လိုက်သည်။
ကျွော့ချင်းက
သူမ၏ခါးကို ဆန့်ကာ ရေပူစမ်းဥယျာဉ်သို့ ပြန်သွားရန် ပြင်ဆင်နေခဲ့သည်။ ထိုအချိန်တွင်
အေးစက်သောလက်တစ်ဖက်က သူမ၏လက်ကောက်ဝတ်ကို ညင်သာစွာ ဆုပ်ကိုင်လာသောကြောင့် ကျွော့ချင်းက
သူမဘေးနားရှိ လို့ရှီးယန်ကို စိတ်ရှုပ်ထွေးစွာ လှည့်ကြည့်လိုက်သည်။ လို့ရှီးယန်က
သူမအတွက် ဝတ်ရုံကို အသေအချာ ဆွဲတင်ပေးလိုက်ပြီး ပေါ့ပါးသောလေသံဖြင့် "ကိုယ် အခု
၀န်ကြီးချုပ်အိမ်တော်ကို အပြေးအလွှား ပြန်သွားရတော့မယ်။ မြောက်ပိုင်းချီက သံတမန်တွေက
ချုံယွဲ့ကို ကြိုပြီး ရောက်လာတယ်။ မနက်ဖြန်ည နန်းတော်မှာ ဧည့်ခံပွဲတက်ရမယ်။ အဲ့တာကို
အခွင့်အရေးယူပြီး မင်းညီမနဲ့တွေ့နိုင်ဖို့ စီစဉ်ထားတယ်။ နန်းတော်ဧည့်ခံပွဲပြီးရင် ကိုယ်
မင်းကို ဒီကို ပြန်ခေါ်လာပေးမယ်။ မင်း အခု ကိုယ်နဲ့ ပြန်လိုက်ချင်လား? ဒါမှမဟုတ်
ကောင်းကောင်းကစားဖို့ ရေပူစမ်းမှာ နေခဲ့ချင်လား? အခု အနားယူပြီး နောက်တစ်ကြိမ်မှ
ညီမတွေနဲ့ သွားတွေ့မလား?"
ကျွော့ချင်းက
ခဏလောက် စဉ်းစားလိုက်ပြီး "ကျွန်မ... ရှင်နဲ့ပြန်လိုက်မယ်"
ဒီအခွင့်အရေးက
အခုတစ်ခါ လွတ်သွားရင် ဘယ်အချိန်ပြန်စီစဉ်နိုင်မလဲဆိုတာ သူမ မသိနိုင်ဘူးလေ။
လို့ရှီးယန်က
ကျွော့ချင်းကို ညင်သာစွာ ကူတွဲပေးကာ ဂူထဲမှ ထွက်လာခဲ့သည်။ လူနှစ်ယောက် အတူတူ
လမ်းလျှောက်သွားသည်ကို ကြည့်ရင်း ချီထျန်းယုက အပြုံးဖြင့် ခေါင်းခါလိုက်သည်။
ရှီးယန်ရဲ့
ဒီလှည့်စားမှုက အံ့ဩစရာ ကောင်းလွန်းတယ်။ အခုတော့ ရှီးယန်ရဲ့ချင်းဖုန့်အပေါ် ထားတဲ့
သဘောထားကို သူ နားလည်သွားပြီ။ ချင်းဖုန့်က ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ရှီးယန်က
သူမကို သေချာပေါက် ခေါ်ဆောင်သွားမှာပဲ။ အခု သူမက တလိုတလား ထွက်ခွာသွားရုံသာမက
သူ့ကိုလည်း ကျေးဇူးတင်ရတော့မယ်။ မြေခွေးကောင်ကတော့ မြေခွေးကောင်ပါပဲ။
ဂူပေါက်ဝသို့
ရောက်သောအခါ လို့ရှီးယန်က အနောက်ဘက်တောင်မှ ၀န်ကြီးချုပ်အိမ်တော်သို့
တိုက်ရိုက်ပြန်သွားမည်ဖြစ်ကာ ချီထျန်းယုက တောင်ပေါ်မှဆင်းပြီး အနောက်ဘက်တံခါးမှတဆင့်
ရေပူစမ်းဥယျာဉ်သို့ တိုက်ရိုက်ပြန်သွားရမည် ဖြစ်သည်။ ထို့ကြောင့် သီးခြားလမ်းက
သွားရတော့မည် ဖြစ်သည်။
ကျွော့ချင်းက
ချမ်ကျင်းကို ကြည့်ပြီး ပြုံးလိုက်ကာ "ကျေးဇူးတင်ပါတယ် ချမ်ကျင်း၊
ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ"
ချမ်ကျင်းက
ခေါင်းညိတ်ပြီး ကျယ်လောင်စွာ ပြန်ပြောလာခဲ့သည်။ " ဒီတစ်ခါ ငါ မင်းကို
တင်ထားတဲ့ အကြွေးတွေကို အခွင့်အရေးရရင် ပြန်ဆပ်ပါ့မယ်"
ဘယ်သူက
ဘယ်သူ့ကို အကြွေးတင်တာလဲ? သူမအတွက်သာ
မဟုတ်ရင် သူ နာကျင်မှာ မဟုတ်ပါဘူး။
ကျွော့ချင်းက
သူ့ကို သူမ၏နှလုံးသားထဲမှ ကျေးဇူးတင်နေခဲ့သော်လည်း သူမက တမင်ပြုံးလိုက်ပြီး ထပ်ပြောလိုက်သေးသည်။
"ရှင်
ကျွန်မကို ဘာအကြွေးမှ မတင်ပါဘူး။ ဒါပေမယ့် ရှင် ကျွန်မကို လျန်တစ်ရာ
အကြွေးတင်နေတုန်းပဲ။ ရှင့်ကျန်းမာရေးကို ဂရုစိုက်ပြီး ပိုက်ဆံကို တတ်နိုင်သမျှ အမြန်ဆုံး
ပြန်ဆပ်ပါ!"
ချမ်ကျင်းက
ခဏလောက် အံ့အားသင့်နေပြီးမှ သူက ဒေါသတကြီးဖြင့် "မင်းက ပိုက်ဆံလိုချင်ပေမယ့် ငါ့မှာ
မရှိဘူး၊ ငါ့မှာ အသက်ပဲရှိတယ်"
ကျွော့ချင်းတစ်ယောက်
ရယ်ရမလား ငိုရမလားတောင် မသိတော့ပေ။
"ရှင်က
တကယ်ကို ပိုက်ဆံမက်တဲ့ဝိဥာဏ်ပဲ!!"
ကျွော့ချင်းက
သည်းမခံနိုင်တော့ဘဲ ခေါင်းကို ခါယမ်းလိုက်သည်။ ထို့နောက် သူမက သူမဘေးနားရှိ လို့ရှီးယန်ကို
ညင်သာစွာ ပြုံးပြကာ လှမ်းပြောလိုက်သည်။
"သွားကြရအောင်"
သူ့မှာ
သူမကို အော်ငေါက်ဖို့ စွမ်းအားတွေရှိနေသေးတာကြောင့် သူမအနေနဲ့ ချမ်ကျင်းကို စိတ်ပူနေစရာ
မလိုတော့ဘူး။
လို့ရှီးယန်က
သူ့ကို ခေါင်းကိုက်စေခဲ့သည့် လို့ရှီးဝူအကြောင်း စဉ်းစားရင်း ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူက ခဏလောက် စဉ်းစားလိုက်ပြီး ချီထျန်းယုကို ထပ်ပြောလိုက်သည်။
"ထျန်းယု၊
ရှီးဝူကို ရက်အနည်းငယ်လောက် ထားခဲ့မယ်။ မင်း သူ့(မ)ကို ဂရုစိုက်ပေးပါ၊ ငါ သူ့(မ)ကို ပြန်ခေါ်ဖို့
တစ်ယောက်ယောက်ကို လွှတ်ပေးမယ်"
"ကောင်းပြီလေ" ချီထျန်းယုက ခပ်မြန်မြန် သဘောတူလိုက်သည်။
သူမတို့နှစ်ယောက်က
တောင်အောက်သို့ ဘေးချင်းကပ် လျှောက်နေရင်း ကျွော့ချင်းက "ရှီးဝူကို တွေ့ပြီလား?"
တောင်ပေါ်က
လမ်းက အနည်းငယ် ကြမ်းတမ်းသောကြောင့် လို့ရှီးယန်က ကျွော့ချင်း၏ပခုံးကို ကိုင်ထားရင်း
ပေါ့ပေါ့ပါးပါး ပြန်ဖြေလာခဲ့သည်။
"တွေ့ပြီ"
တောင်တက်လမ်းက
အမှန်တကယ် သွားလာရခက်ခဲသောကြောင့် ကျွော့ချင်းက လို့ရှီးယန်၏ ပံ့ပိုးကူညီမှုကို
ဂရုမစိုက်ဘဲ ထပ်စပ်စုလိုက်သည်။
"ဘယ်သူ
ရှာတွေ့ခဲ့တာလဲ?"
"ကျင်းစ"
"ဘယ်လိုတောင် တိုက်ဆိုင်လိုက်တာလဲ?" ကျွော့ချင်းက
ရယ်မောလိုက်ပြီး "ဒီကောင်မလေးက ရည်ရွယ်ချက်ရှိရှိ လုပ်တာ မဟုတ်ဘူးလား?"
လို့ရှီးယန်က
မျက်ခုံးပင့်ကာ အနည်းငယ် ပြုံးလိုက်ပြီး "မင်းရော ရည်ရွယ်ချက်ရှိရှိ
လုပ်ခဲ့တာလား"
"ကျွန်မ?" ကျွော့ချင်းက မျက်ရည်မကျဘဲ ငိုချင်နေပြီး
"ကျွန်မက လမ်းမှားသွားတာ၊ အဲ့တော့ ဘာဖြစ်လဲ..."
စကားသံများက
တိတ်ဆိတ်ပြီးရင်း တိတ်ဆိတ်လာကာ သူတို့ပြောနေသည်ကို မကြားရသလောက်ပင်။ သို့သော်
သူတို့နှစ်ယောက် ကျောခိုင်းထွက်သွားသည့်နောက်ကျောပုံရိပ်များကို လူတိုင်းက
ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ချမ်ကျင်းက
သူအကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ ဘာတွေကြည့်နေတာမိတာလဲဟု အံ့သြတကြီး တွေးကာ
မျက်မှောင်ကြုတ်လိုက်မိသည်။
အဲ့ရုပ်ဆိုးတဲ့ မိန်းခလေးက အရင်ထဲက လို့ရှီးယန်ရဲ့အမျိုးသမီးလေ။ သူ အခု စိုးရိမ်သင့်တာက ချီထျန်းယုက သူ့အတွက် လုပ်အားခ ဘယ်လောက်ပေးမှာလဲ? လျန်သုံးရာလား? လျန်လေးရာလား? ဟုတ်တယ် ပိုက်ဆံက ပိုလှတယ်လေ...
✍️✍️✍️