အခန်း ၃၃ ကံဆိုးမှု (အပိုင်း ၃)
ဓားပျံများအားလုံး
မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်ကို မြင်လိုက်ရချိန်တွင် ထိုလူကြီးက
အလွန်ကြမ်းတမ်းသောအသံဖြင့် ရယ်မောရင်း သံကြိုးကို ပြန်ဆွဲကာ ကျွော့ချင်းကို
ဘေးသို့ တွန်းထုတ်လိုက်သည်။ သူက ချမ်ကျင်းကို ပြုံးပြလိုက်ပြီး "လူဆိုးကောင်လေး၊
ငါ မင်းကို ငရဲဘုရင်နဲ့တွေ့ဖို့ လိုက်ပို့ပေးမယ်!"
ထိုလူကြီးက
သံဘောလုံးကို ဝှေ့ယမ်းကာ ချမ်ကျင်းကို လှမ်းရိုက်လိုက်သည်။ ချမ်ကျင်းက
ထိုင်ချလိုက်ပြီး ဘောလုံးကို ရှောင်တိမ်းကာ ကြွေကျနေသော သစ်ရွက်ခြောက်များကို
တစ်ချက်ရွှေ့လျားသွားစေပြီး သူ့ခြေရင်းမှ ဓားပါးလေးကို ကန်ထုတ်လိုက်သည်။
လက်နက်များက
ကိုင်ဆောင်ရန် လွယ်ကူလှသည်တော့ မဟုတ်ပေ။ လူကြီးက သူ့၏သံကြိုးကို ပြန်ဆွဲကာ သံလုံးကို
ပြန်ရုပ်သိမ်းလိုက်သည်။ အန္တရာယ်ဖြစ်နိုင်ချေများသောကြောင့် ချမ်ကျင်းက ကျွော့ချင်းကို
သတိပေးလိုက်သည်။
"မြန်မြန်သွားတော့!"
ကျွော့ချင်းက
သူမ၏လည်ပင်းကို ဆုပ်ကိုင်ထားရင်း ဂူဝင်ပေါက်ဆီသို့ တရွေ့ရွေ့ လျှောက်သွားလိုက်သည်။
သူမ ပြန်ကြည့်လိုက်ချိန်တွင် ချမ်ကျင်းက သံလုံး၏ တိုက်ခိုက်မှုကို
တွန်းလှန်ရန်အတွက် သူ့လက်ထဲရှိ ဓားပျံများအားလုံးကို အသုံးပြုပြီးသွားပြီ ဖြစ်သည်။
သူက သံလုံးနှင့် အကြိမ်ပေါင်းများစွာ အတိုက်ခိုက်ခံနေရပြီး အသတ်ခံရလုနီးပါး ဖြစ်နေခဲ့သည်။
ယခုန လွင့်ထွက်သွားသော ဓားပျံများက ဂူအပြင်ဘက်တွင် ငွေရောင်အလင်းတန်းများကဲ့သို့
တောက်ပနေလေသည်။
ကျွော့ချင်းထံတွင် စေ့ဆော်မှုများ
တဖျပ်ဖျပ်ပေါ်လာပြီး သူမက မြေပြင်ပေါ်ရှိ ဒါဇင်ပေါင်းများစွာသော ဓားပျံများကို
ကောက်ယူကာ ဂူထဲသို့ ပြန်ပြေးသွားပြီး ချမ်ကျင်းဆီသို့ ပစ်ပေးလိုက်သည်။
"ချမ်ကျင်း
ဖမ်းထား"
ကျွော့ချင်းက ဤသို့
ပြန်ပေါ်လာလိမ့်မည်ဟု ချမ်ကျင်းက ဘယ်သောအခါမှ မမျှော်လင့်ထားချေ။ သူ လှည့်ကြည့်လိုက်ချိန်တွင်
ဓားများက သူဆီသို့ မိုးပေါက်များကဲ့သို ပြေးဝင်လာသည်။ ထိုလူကြီးက ဓားများကို ပိတ်ဆို့ရန်
သူ့၏သံကြိုးကို ထပ်မံ၍ ဝှေ့ယမ်းလိုက်သော်လည်း ကံမကောင်းစွာဖြင့် ချမ်ကျင်းက ဓားပျံများစွာကို
ဖမ်းဆုပ်နိုင်လိုက်ပြီ ဖြစ်သည်။
တောင်ပေါ်လှိုဏ်ဂူအတွင်းတွင်
လက်နက်များ အသုံးပြုရန် အကန့်အသတ်ရှိနေသဖြင့် ထိုလူကြီး၏ ရှည်လျားသော သံကြိုးက ချမ်ကျင်း၏
ဓားပျံများကဲ့သို့ အဆင်ပြေမှု မရှိသည်မှာ သိသာထင်ရှားနေသည်။ တိုက်ခိုက်မှုများစွာအပြီးတွင်
သူ့ကို ဓားချက်ပေါင်းများစွာ ထိမှန်သွားခဲ့သည်။
"မင်း မြေခွေးမ"
သူမသာ ချမ်ကျင်းကို
ဓားပျံတွေ မပစ်ပေးခဲ့ရင် သူ ဘယ်လိုလုပ် ဒဏ်ရာ ရမှာလဲ?
ထိုလူကြီးက
သူ့ဒေါသကို ကျွော့ချင်းဘက်သို့ ပြောင်းလိုက်ကာ သူ့၏သံလုံးကို သူမဆီသို့ လှမ်းပစ်လိုက်သည်။
ချမ်ကျင်းက
ထိတ်လန့်တုန်လှုပ်သွားပြီး သူ့လက်ကောက်ဝတ်ကို ပြင်းထန်စွာ လှုပ်ရှားလိုက်ကာ သူ့လက်ထဲမှ
ဓားပျံကို ထိုလူကြီး၏လက်ကောက်ဆီသို့ လှမ်းပစ်လိုက်သည်။ ဓားပျံကို ပစ်လိုက်သည့်အင်အားက
ပြင်းထန်လွန်းသောကြောင့် ထိုလူကြီး၏လက်ကောက်ဝတ်ကို တိုက်ရိုက်ထိုးဖောက်သွားပြီး ထိုလူကြီး၏ဝမ်းဗိုက်ထဲကိုပါ
နစ်ဝင်သွားခဲ့သည်။ သူ့လက်က အရှိန်လျော့ကျသွားသော်လည်း သံလုံးကြီးကတော့ ကျွော့ချင်း၏မျက်နှာဆီသို့
ပျံသန်းလာနေဆဲဖြစ်သည်။
ကျွော့ချင်းက
နောက်ပြန်ဆုတ်နေခဲ့သော်လည်း သူမ၏ကျောက ကျောက်နံရံနှင့် ထိနေပြီ ဖြစ်သည်။
နောက်ပြန်ဆုတ်ရန် လမ်းမရှိတော့ချေ။ ကျွော့ချင်းက သူမ၏မျက်နှာကို ကာကွယ်ရန် သူမ၏လက်နှစ်ဖက်ကို
အမှတ်တမဲ့ မြှောက်လိုက်ပြီး ထိုအချိန်တွင် သံလုံးကြီးက ခန္ဓာကိုယ်တစ်ခုအား ထိသွားသည့်အသံကို
သူမ ကြားလိုက်ရသည်။ ကျွော့ချင်းက နာကျင်မှုကို မခံစားရသောကြောင့် သူမ၏လက်ကို ဖယ်ကြည့်လိုက်ရာ
ချမ်ကျင်း၏အရပ်ရှည်သော ခန္ဓာကိုယ်ကြီးကို တွေ့လိုက်ရသည်။
"ချမ်ကျင်း!" ကျွော့ချင်းက သူ့ဆီသို့ လျှောက်လာချိန်တွင်
သံကြိုးရှည်ကြီးက မြေပြင်ပေါ်သို့
တွဲကျနေသည်ကို တွေ့လိုက်ရသည်။ သံဘောလုံးက သူ့နှလုံးနေရာတွင် စူးစူးနစ်နစ်
စိုက်ဝင်နေသည်။ သံဘောလုံးပေါ်ရှိ ချွန်ထက်သော အချွန်အတက်များကို တွေ့လိုက်ရချိန်တွင်
ကျွော့ချင်း၏ နှလုံးခုန်နှုန်းက စောင့်တက်သွားခဲ့သည်။ သူမက သူ့လက်ကို
တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး သူ့ကို အမြန်ကူတွဲပေးလိုက်သည်။ ချမ်ကျင်းက တုန်တုန်ယင်ယင်
ဖြစ်နေသောကြောင့် သူမတို့နှစ်ယောက်လုံး မြေပြင်ပေါ်သို့ လဲကျသွားသည်။ လေထဲတွင်
သွေးရနံ့များ ပျံနှံနေပြီး ကျွော့ချင်း၏ နှလုံးခုန်သံကို ပိုကျယ်လာကာ သူမကို ပိုတုန်လှုပ်လာစေခဲ့သည်။
ကျွော့ချင်းက
သူမ၏ခေါင်းကြီးတစ်ခုလုံး တဒိန်းဒိန်း မြည်နေသလို ခံစားလိုက်ရပြီး သူမ ဘာပြောချင်သည်ကိုပင်
သူမဘာသာ မသိတော့ပေ။
"ဘာလို့လဲ..."
သူမကို
သုံးကြိမ်သာတွေ့ဖူးတဲ့ ဒီလူက သူမအတွက် ဒီထိုးနှက်ချက်ကို တားဆီးချင်နေတာ
ဘာကြောင့်လဲဆိုတာ သူမ တကယ်ကို နားမလည်နိုင်တော့ဘူး။
သူက ဘာလို့
သူမကို ကယ်တင်ပေးချင်ရတာလဲ?
ချမ်ကျင်းကိုယ်တိုင်လည်း
ဘာကြောင့်မှန်း မသိခဲ့ပေ။
သူ သူမကို ဘယ်တော့မှ ထပ်မတွေ့ချင်တော့ဘူးလို့တောင်
ပြောခဲ့တယ် မဟုတ်လား?! ဒါပေမယ့် အခုတော့ သူ ဘာအကြောင်းကိုမှ သိပ်မစဉ်းစားနိုင်တော့ဘဲ
သူ့ခန္ဓာကိုယ်က သူ့စိတ်ရဲ့တုံ့ပြန်နိုင်တာထက် ပိုမြန်နေခဲ့တယ်။ ဘာကြောင့်မှန်း သူ မသိပေမယ့်
အပြစ်မဲ့သူတစ်ယောက်ကို မနာကျင်စေချင်တာလည်း ဖြစ်နိုင်ပါတယ်။
ကျွော့ချင်းက
စိတ်ရှုပ်ထွေးနေပြီး အပြစ်ရှိသလို ခံစားနေရသည့်အကြည့်များကို မြင်လိုက်ရသောကြောင့်
ချမ်ကျင်းက "မင်း... မင်းက အခုတောင် ရုပ်ဆိုးနေပြီ၊ မင်း ထပ်ရုပ်ဆိုးသွားရင်
လူတွေကို သေတဲ့အထိ ကြောက်လန့်စေလိမ့်မယ်..."
ဒီလူက
ဘာလို့ အမြဲတမ်း မလေးနက်ရတာလဲ?!
ကျွော့ချင်း
ပြန်ကျိန်ဆဲချင်နေသော်လည်း သူမ၏အသံက သူမ၏လည်ချောင်းထဲတွင် ပိတ်မိနေခဲ့သည်။
မြေပြင်ပေါ်တွင်
ရုန်းကန်နေသော လူကြီးကို တစ်ချက်ကြည့်လိုက်ပြီး ချမ်ကျင်းက ကျွော့ချင်းကို
တွန်းဖယ်လိုက်ကာ "သွားတော့... ရှုအာကို ကူညီပေး...... မြန်မြန်သွားကြမယ်..."
ဤတွန်းအားကြောင့်
နောက်ဆုံးတွင် ကျွော့ချင်းက သူမ၏ မူလသိစိတ်အာရုံများဆီသို့
ပြန်လည်ရောက်ရှိသွားခဲ့သည်။ သူမက ချမ်ကျင်း၏ ခန္ဓာကိုယ်ကို ဖိထားပြီး သံလုံး၏ဆွဲအားကို
လျှော့ချကာ မြေပြင်ပေါ်တွင် တစ်ဝက်ခန့်လှဲချလိုက်သည်။ ထို့နောက် ချမ်းကျင်း၏ဒဏ်ရာ အတိမ်အနက်ကို
သေချာစစ်ဆေးလိုက်သည်။ ဘယ်ဘက်တွင် ဖောက်ဝင်သွားသော အရာသုံးခု ရှိနေပြီး
ကံကောင်းထောက်မစွာဖြင့် ရင်ဘတ်ဘေးနားမှ ဒဏ်ရာက အရမ်းမနက်သလို ကိုယ်တွင်းအင်္ဂါများကိုလည်း
မထိခိုက်စေခဲ့ပေ။ သို့သော်လည်း
ဆူးများကို အတင်းဆွဲထုတ်ပါက ဒဏ်ရာကို ပိုပြီး ကြီးမားလာစေရုံသာမကဘဲ ကြွက်သားများ
အလွန်အကျွံ စုတ်ပြဲသွားပါက အတွင်းအင်္ဂါများကို ထိခိုက်စေနိုင်သည်။
ကျွော့ချင်းက
သူမခေါင်းကို ပြန်မော့လိုက်ပြီး အပြင်သို့ လှမ်းကြည့်လိုက်ရာ အပြင်တွင် မိုးများက
တဖြောက်ဖြောက် ကျနေပြန်သည်။ သူမက သူ မထနိုင်အောင် ပေါ့ပေါ့ပါးပါး ဖိထားလိုက်ပြီး
"မသွားဘူး၊ အပြင်မှာ မိုးရွာနေတယ်၊ ရှင့်ဒဏ်ရာ အရင် မကုရင် နာရီဝက်လောက်ကြာတာနဲ့
ရှင် သွေးထွက်လွန်ပြီး သေသွားလိမ့်မယ်!"
ချမ်ကျင်းက
ခေါင်းယမ်းကာ သူ့၏အပ်စိုက်မှတ် အနည်းငယ်ကို
နှိပ်ပြီးနောက် မတ်တပ်ထရပ်လိုက်ပြီး "ငါ
သွေးကြောတွေကို ခနပိတ်ထားလိုက်ပြီ။ သူက သေမှာ မဟုတ်ဘူး။ ငါတို့ ထွက်သွားရမယ်။ သူက
အရမ်းအန္တရာယ်များတယ်။ ငါမှာ မင်းတို့ကို ထပ်ပြီး
ကာကွယ်ပေးနိုင်စွမ်း မရှိတော့ဘူး”
ကပ်စိုက်ကုထုံးတွေကို
ဖိပြီးပိတ်ထားလိုက်ရင် မသေတော့ဘူးလား? အဲ့ဒါဆိုရင်တော့
အရင်က သူမ ချက်ချင်းကို အလုပ်ပြုတ်သွားနိုင်တယ်။
ကျွော့ချင်းက
သူ့စကားကို မယုံသော်လည်း မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် လူကြီးကို တစ်ချက်ကြည့်လိုက်ရာ
ထိုလူက သူ့ဝမ်းဗိုက်မှ ဒဏ်ရာကို
ဆုပ်ကိုင်ထားပြီး ညည်းညူနေသည့်အတွက် ကျွော့ချင်းလည်း အနည်းငယ် စိတ်ပူသွားခဲ့သည်။
သူက အခုအချိန်မှာ
ခြိမ်းခြောက်မှု မဖြစ်နိုင်ပေမယ့် နောက်ပိုင်းမှာ ပြင်းပြင်းထန်ထန် ထိုးနှက်ချက်တွေ
ပေးနိုင်မယ်ဆိုတာကို သူမ ငြင်းလို့ မရဘူး။
ခဏလောက်စဉ်းစားပြီးနောက်
ကျွော့ချင်းက ရုတ်တရက် ထရပ်ကာ မြေပြင်ပေါ်ရှိ အထူဆုံးသစ်သားချောင်းကို
ကောက်ကိုင်လိုက်ပြီး လူကြီး၏ နံဘေးသို့ လျှောက်သွားလိုက်သည်။ ထိုလူကြီး၏
မျက်လုံးများက ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသည်။ ကျွော့ချင်းက သစ်သားချောင်းကို
ချိန်ဆလိုက်ပြီး ထိုလူ၏လည်ပင်းနောက် သုံးစင်တီမီတာအကွာနေရာကို ရိုက်ချလိုက်သည်။ ရိုက်ချက်က
အလွန်မြန်ဆန်တိကျပြီး ရက်စက်လွန်းသောကြောင့် ထိုလူကြီး မူးမေ့လဲမသွားမီ
ငြီးတွားရန် အချိန်ပင် မရခဲ့ပေ။
ကျွော့ချင်းက
ဒူးထောက်ထိုင်ချလိုက်ပြီး ထိုလူကြီးကို နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်ပြီး မေ့မျောသွားကြောင်း
အတည်ပြုလိုက်သည်။ ထိုအချိန်မှသာ သူမက သူမလက်ထဲက သစ်သားချောင်းကို လွှင့်ပစ်ကာ သစ်မှုန့်စများကို
လက်ဖြင့် ပုတ်ခါနေရင်း ချမ်ကျင်းကို အေးအေးဆေးဆေး ပြန်မေးလိုက်သည်။
"ဒါဆို
ရပြီလား?"
ချမ်ကျင်းကတော့
အံ့အားသင့်နေခဲ့သည်။ သူတို့နှစ်ယောက်
ပထမဆုံးတွေ့ခဲ့သည့်အချိန်ကို ပြန်တွေးကြည့်လိုက်ချိန်တွင် သူမက သူမထက် နှစ်ဆလောက်ပိုသန်မာတဲ့
လူထွားကြီးတစ်ယောက်ကို မထင်မှတ်ပဲ ကိုင်ပေါက်ခဲ့သည်ကို သူ ပြန်တွေးမိသွားခဲ့သည်။
ချမ်ကျင်းက
ခေါင်းခါပြီး ခါးသီးစွာ ပြုံးလိုက်ကာ "... မင်းလောက် ရက်စက်ပြီး ကြမ်းတမ်းတဲ့
မိန်းမကို ငါ တစ်ခါမှ မတွေ့ဖူးဘူး"
ရက်စက်ပြီး
ကြမ်းတမ်းတယ်တဲ့လား?
ကျွော့ချင်းက
သူ့ကို လျစ်လျူရှုလိုက်ပြီး "အခု တွေ့ဖူးပြီးမလား?"
တကယ်က တကယ်ရက်စက်တာကို
သူ မသိသေးပါဘူး။ ကုယွင်ကို တွေ့ခွင့်ရမှ ရက်စက်ကြမ်းကြုတ်မှုရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကို
သူ သိလိမ့်မယ်။
ကျွော့ချင်းက
ဂူအဝင်ဝသို့ လျှောက်သွားလိုက်ပြီး ရှုအာကို မီးပုံဘေးတွင် ထိုင်နိုင်ရန်
ကူညီပေးလိုက်သည်။ ထို့နောက် သူမက "ရှုအာ ကျေးဇူးပြုပြီး မီးပိုတောက်လာအောင်
ကူညီပေးပါ"
ရှုအာက
အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။
ဒီမိန်းခလေးရဲ့
ထက်မြက်မှုနဲ့ ရဲစွမ်းသတ္တိက လူတွေကို အဆုံးမရှိ ချီးမွမ်းစေနိုင်လောက်တယ်။
ခြေလှမ်းနှစ်လှမ်းခန့်
လှမ်းပြီးနောက်တွင် ကျွော့ချင်းက မြေပြင်ပေါ်ရှိ သစ်သားချောင်းကို တစ်ဖန်
ကောက်ယူပြီး ရှုအာကို ပေးလိုက်ပြီး "ဒါကို ယူထား၊ သူ ပြန်နိုးရင် နောက်ထပ်
တုတ်တစ်ချက်လောက် ပေးလိုက်။ ခနနေ ဆေးကုနေရင်း ဒီလူကြီး နိုးလာရင် ဒုက္ခရောက်လိမ့်မယ်”
ရှုအာက
သူမ၏လက်ကောက်ဝက်ထက် ပိုထူသောတုတ်ကို ယူကာ သူမဘေးနားရှိ သတိလစ်နေသော လူကြီးကို
ကြည့်လိုက်ပြီးနောက် ကျွော့ချင်း၏ အေးစက်စက်နှင့် စိတ်ပိုင်းဖြတ်ထားသည့်
မျက်နှာကို ပြန်ကြည့်ကာ တံတွေးကို တိတ်တဆိတ် မျိုချလိုက်ပြီး ခက်ခက်ခဲခဲ ပြန်ဖြေလိုက်သည်။
"အိုး~ ကျွန်မ ..သိပါပြီ"
ဒါက
သူမအတွက် နည်းနည်း ခက်ခဲနေမှန်းသိပေမယ့် လက်ရှိ အခြေအနေက ဒီလိုဖြစ်နေတော့ ရွေးချယ်စရာ
မရှိတော့ဘူးလေ။
ကျွော့ချင်းက
ချမ်ကျင်းဆီသို့ ပြန်လျှောက်သွားလိုက်ပြီး သူ့ကို လှဲလျောင်းစေကာ "ရှင့်ဒဏ်ရာတွေကို
အရင်ကုသပေးမယ်"
ချမ်ကျင်း၏မျက်နှာတွင်
သံသယအကြည့်များ ပြည့်နေခဲ့ပြီး သူ့အဝတ်များကို ဖြည်ရန် လုပ်နေသည့် ကျွော့ချင်း၏လက်ကို
ဆုပ်ကိုင်လိုက်ပြီး "မင်း လုပ်နိုင်လို့လား...?"
ကျွော့ချင်းက
သူမ၏မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်သည်။
သူမက
ခွဲစိတ်ဆရာဝန်အဖြစ် အရည်အချင်းပြည့်မီတဲ့သူပဲ။ ပြီးတော့ သူမက
အခြားခွဲစိတ်ဆရာဝန်တွေလိုမျိုး ခွဲစိတ်မှုတွေ အများကြီးကို လုပ်ဆောင်ခဲ့ဖူးတယ်။ လူတွေရဲ့
ကြွက်သားများ၊ အရိုးတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေကို သုတေသနပြုတဲ့နေရာမှာ
သာမန်ခွဲစိတ်ဆရာဝန်တွေက သူမကို လက်လှမ်း မီမှာ မဟုတါဘူး။ ဒီလို
အသေးစားခွဲစိတ်မှုဆိုတာက သူမအတွက်တော့ ကိတ်မုန့်တစ်ဖဲ့ ဖဲ့သလောက်ကို လွယ်ကူလွန်းတယ်။
ကျွော့ချင်းက
သူမလက်ကို တစ်ဖန်ဆန့်ထုတ်လိုက်ချိန်တွင် ချမ်ကျင်းက "ခဏနေပါဦး။ ကူညီပါဦး... ငါ့ခါးက
ဆေးပုလင်းကို ထုတ်လိုက်"
ကျွော့ချင်းက
သူ့ခါးတစ်ဝိုက်ကို ခဏလောက် ရှာဖွေလိုက်ပြီး ကြွေပုလင်းသေးသေးလေးကို တွေ့လိုက်ရသည်။
သူမ အဖုံးကို ဖွင့်လိုက်ရာ ဆေးနံ့သင်းသင်းလေး ထွက်လာသည်။ သူမက ပုလင်းကို လက်ပေါ် လောင်းထည့်လိုက်သော်လည်း
အတွင်းထဲတွင် ဘာမှ မရှိတော့ပေ။ ကျွော့ချင်းက ပုလင်းကို ချမ်ကျင်းဆီသို့ ပေးလိုက်ရင်း "ဘာမှ မရှိတော့ဘူး"
ကုန်ပြီလား? ငါ ငိုချင်လာပြီကွ၊
ဒီအချိန်မှာမှ ဘာလို့ ကုန်နေရတာလဲ? မိုးနတ်မင်းက ငါ့ကို သတ်ချင်နေတာလား?!
ကျွော့ချင်းက
ဤဆေး၏အနံကို အလွန်ရင်းနှီးနေသည်ဟု ခံစားနေရသည်။ သူမက ခေါင်းငုံ့ကာ သူမ၏
ခါးပတ်အိတ်အတွင်း ဝှက်ထားသော အိတ်ကို ခဏကြာအောင် ရှာဖွေပြီးနောက် အထည်အိတ်ငယ်ကို
ထုတ်ယူကာ ဂရုတစိုက်ဖွင့်ပြီး လောင်းချလိုက်သည်။ ကျွော့ချင်းက သူမကိုယ်သူမ တိတ်တဆိတ်
ကျေးဇူးတင်လိုက်ပြီး ချမ်ကျင်း၏လက်ကို ဆွဲကာ ဆေးလုံးသေးသေးလေးကို ထည့်ပေးလိုက်သည်။
ထို့နောက် ကျွော့ချင်းက ပြုံးလိုက်ပြီး "ကံကောင်းလိုက်တာ၊ ရေမစိုသေးဘူး ၊ ယူပြီး
စားလိုက်"
ဟိုးယခင်က
ဤဆေးက သွေးထွက်ခြင်းကို ရပ်တန့်စေပြီး မတည်ငြိမ်မှုကို ဖယ်ရှားပေးနိုင်ကာ အာရုံကြောများကို
ငြိမ်သက်စေနိုင်သည့်အပြင် အဆိပ်အတောက်နှင့် မကောင်းသောလေကို ဖယ်ရှားပေးနိုင်သည်ဟု
သူ ပြောခဲ့သည်။ ထိုစကားက အမှန်ဖြစ်ရန်သာ သူမ မျှော်လင့်နေမိသည်။
“ဒါက…”
ချမ်ကျင်းက
သူ သူမကို နောက်ဆုံးအကြိမ်က ပေးခဲ့သည့်ဆေးမှန်း နားလည်လိုက်သည်။
ကျွော့ချင်းက
ပါးလွှာသော ဓါးပျံနှစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး ၎င်းတို့ကို ဂရုတစိုက်ကြည့်နေခဲ့သည်။
ဓါးသွားများက အလွန်ထက်ရှနေပြီး အထူအပါးကလည်း သင့်လျော်သည်။ နောက်ဆုံးတွင် သူမက တစ်ချောင်းကို
ရွေးချယ်လိုက်သည်။ ကျွော့ချင်းက ချမ်ကျင်းကို နောက်ကျောပေးထားပြီး ဓါးကို
ပိုးသတ်ရန် မီးကင်နေရင်းမှ "ကျွန်မ ရှင့်ရဲ့ဒီအသက်ကို
ကယ်သင့်တယ်၊ အခု ရှင်က ကျွန်မဆီမှာ လျန်တစ်ရာ အကြွေးတင်နေတာ"
ချမ်ကျင်းက
လှပသောနောက်ကျောပုံရိပ်ကို ကြည့်နေခဲ့ပြီး သူ့နှလုံးသားထဲတွင် ထူးထူးခြားခြား
ခံစားချက်တစ်ခု လျှို့ဝှက်စွာ ပြည့်နှက်သွားသည်ကို ခံစားလိုက်ရသည်။
ကျွော့ချင်းက သူမ ပြင်ဆင်ထားသည့်
ယာယီခွဲစိတ်ဓါးကို ကိုင်ထားရင်း ချမ်ကျင်းထံ လျှောက်သွားကာ "စိတ်အေးအေးထားပါ၊
မကြာခင် စတော့မယ်"
"လာပါ!"
ချမ်ကျင်းက သူ အသေခံရန် အဆင်သင့် ဖြစ်နေပုံရသည်။
ကျွော့ချင်းတစ်ယောက်
မရယ်နိုင် မငိုနိုင် ဖြစ်သွားရသည်။
သူက ဒီအချိန်မှာတောင်
ဟာသပြောဖို့ ကြိုးစားနေသေးတယ်!!
သွေးများထွက်နေသောကြောင့်
သူ့အဝတ်များနှင့် အရေပြားက
ပူးကပ်နေကာ ကျွော့ချင်းက အဝတ်စများကို သေသေချာချာ
ဆုတ်ဖြဲလိုက်သည်။ မီးအလင်းရောင်ကြောင့် ကျွော့ချင်းက ဓား၏အနေအထားကို သေသေချာချာ မြင်နိုင်ပြီး
မဆိုင်းမတွပင် စတင်လိုက်တော့သည်။
"ဟမ်~~"
ချမ်ကျင်း၏သည်းခံနိုင်ရည်က
အံ့မခန်းဖြစ်နေသည့်တိုင် ထုံဆေး မရှိသောကြောင့် နာကျင်မှုအရ ဖြစ်ပေါ်လာသည့် သဘာဝအလျောက်
ကြွက်သားကျုံ့မှုနှင့် မသိစိတ်မှ ခုခံမှုများက သူမ ခွဲစိတ်ရာတွင် ခက်ခဲစေခဲ့သည်။ ကျွော့ချင်းတစ်ယောက်
မျက်မှောင်ကြုတ်လိုက်သည်။
သေချာတာကတော့
သူမက တကယ်ကို ခွဲစိတ်ဖို့ မသင့်တော်ဘူး။ ဒီခွဲစိတ်မှုအရ နှိုင်းယှဥ်ကြည့်ရလိုက်တော့
သူမ အလောင်းကောင်တွေကို ပိုနှစ်သက်လာမိတယ်။
တွယ်ကပ်နေသော
ကြွက်သားတစ်သျှူးကို တိကျစွာ ဖြတ်တောက်ပြီး ဆူးများအားလုံးကို ထုတ်ယူရန် အချိန်ဆယ်မိနစ်ခန့်သာ
ကြာခဲ့သည်။ ကျွော့ချင်းက လူသတ်လက်နက်ကို ဘေးသို့ ပစ်ချလိုက်ပြီး လက်သီးများကို တင်းတင်းဆုပ်ထားသည့်
ချမ်ကျင်းကို ကြည့်လိုက်ရာ မီးရောင်အောက်တွင် သူ့မျက်နှာက နီရဲနေပြီး
ချွေးသီးပုတီးများက သူ့ပါးပြင်တစ်လျှောက် မြေပြင်ပေါ်သို့ တလိမ့်လိမ့်ကျနေကာ အသက်ရှူရှိုက်သံများက
ရှုပ်ယှက်ခတ်နေသည်။ ကျွော့ချင်းက သူမပါးပြင်ကို သူမဘာသာ ပြန်ပွတ်သပ်နေရင်း
လေးနက်သော အသံဖြင့် "ချမ်ကျင်း၊ ရှင် အဆင်ပြေသွားပါပြီ၊ အနားယူလိုက်ပါ"
လူသတ်လက်နက်ကို
ဖယ်ထုတ်လိုက်သော်လည်း ပိုးသတ်ဆေးနှင့် ပြန်ချုပ်ရန် ခွဲခန်းသုံးကိရိယာများ မရှိပေ။
ကံကောင်းထောက်မစွာ၊ အလားတူ ခွဲစိတ်မှုများနှင့် နှိုင်းယှဉ်ပါက ဒဏ်ရာမှ
သွေးထွက်နှုန်းက အံ့အားသင့်ဖွယ် နည်းပါးလွန်းလှသည်။
အပ်စိုက်မှတ်ကို
နှိပ်လိုက်တာက သွေးကို တကယ်ပဲ ရပ်လိုက်နိုင်တယ်ပေါ့၊ အဲဒါ အမှန်ပဲလား? ဒါက
အံ့သြစရာကောင်းတယ်၊ သူမ သေသေချာချာ လေ့လာရမယ်။
အခုတော့ ပိုးဝင်တာကနေ
ကာကွယ်ဖို့ ဒဏ်ရာကို ပတ်တီးပတ်ပေးရမယ်။ မေးစရာက ပတ်တီးအဖြစ် ဘာကို သုံးရမလဲ?
"ဗြိ-"
ကျွော့ချင်း
စိတ်ဆင်းရဲနေစဥ်မှာပင် အဝတ်ဆုတ်ဖြဲသံများ ထွက်ပေါ်လာသည်။
ရှုအာက
သူမ၏ အသုံးမချနိုင်တော့သည့် ခြေထောက်ကို
ဆန့်ထုတ်ထားသော်လည်း သူမက စကတ်မှ အဝတ်စကို ကျွော့ချင်းထံသို့ လှမ်းပေးနေသေးသည်။
ကျွော့ချင်းက အဝတ်စကို ယူကာ ကျေးဇူးတင်သော အပြုံးဖြင့် "ကျေးဇူးတင်ပါတယ်"
ရှုအာက
ရှက်ရွံ့စွာ ခေါင်းညိတ်ပြလိုက်သည်။
သူမက
သူတို့ကို ဘာမှ မကူညီနိုင်ခဲ့ပါဘူး။ သူတို့သာ သူမကို မကယ်ခဲ့ဘူးဆိုရင် သူမကို အရှက်ရလိမ့်မယ်။
ကျွော့ချင်းက
အဝတ်စကိုယူကာ ဆုတ်ဖြဲလိုက်ပြီး ရှည်လျားသောအပိုင်းများ ဖြစ်အောင် ဆက်ကာ ချမ်ကျင်းကို
ညင်သာစွာ မပြီး ဒဏ်ရာကို အမြန်ပတ်တီးစည်းပေးလိုက်သည်။ ပြင်းထန်သော နာကျင်မှုကို
ခံစားရပြီးနောက် ချမ်ကျင်း၏စိတ်က ပိုမိုကြည်လင်လာသည်။ သူက သူ့မျက်လုံးများကို
အနည်းငယ် မှေးကျဥ်းထားပြီး ဒဏ်ရာများကို ကျွမ်းကျင်စွာ ပတ်တီးစည်းပေးနေသော
ကျွော့ချင်းကို ကြည့်နေခဲ့သည်။
"မင်း...
မင်းက သမားတော်လား...?"
ချမ်ကျင်းက
သူမ၏နောက်ခံကို တိတ်တဆိတ် တွေးတောနေမိသည်။
သွေးတွေနဲ့
ဆိုးရွားလှတဲ့ ဒဏ်ရာတွေကို ရင်ဆိုင်နေရတာတောင် သူမက အေးဆေးတည်ငြိမ်နေသေးတယ်။ ပြီးတော့
သူမက ဓားကို အေးအေးဆေးဆေး ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်တယ်။ သူမရဲ့သပ်ရပ်တဲ့
ဓားချက်တွေကလည်း ချီးကျူးဖို့ ကောင်းလွန်းနေပြန်တယ်။ သူမမှာ ဆေးဘက်ဆိုင်ရာ ကျွန်းကျင်မှုရှိနေတာကို
သံသယဖြစ်ဖို့ မရှိပေမယ့် ဒဏ်ရာတွေနဲ့ ရင်းနှီးကျွမ်းဝင်နေတာကတော့ ထူးဆန်းလွန်းတယ်။
ဒီလိုဒဏ်ရာတွေကို အကြိမ်ပေါင်း ထောင်ချီပြီး ကုသခဲ့ဖူးသလိုပါပဲ။ အများအားဖြင့် သမားတော်တွေ
လုပ်နိုင်တာက သွေးခုန်နှုန်းကို စစ်ဆေးပြီး ဆေးဝါးတချို့ကို ကျိုချက်ပေးတာ မဟုတ်ဘူးလား။
သမားတော်လား? ဟုတ်တာပေါ့...
မှုခင်းဆရာဝန်ကလည်း ဆရာဝန်ပဲလေ~
သူ့ဒဏ်ရာကို
ပတ်တီးစည်းပေးပြီးသည်နှင့် ကျွော့ချင်းက အသက်ကို ပြင်းပြင်းရှူလိုက်ကာ
မောပန်းနွမ်းနယ်ဟန်ဖြင့် မြေပြင်ပေါ် လဲကျသွားပြီး "ရှင် ခဏလောက် အနားယူလိုက်ပါ၊
မိုးတိတ်ရင် ကျွန်မတို့..."
ချမ်ကျင်း၏
မျက်လုံးများက ရုတ်တရက် အရောင်တောက်လာပြီး သူ့မျက်နှာက ညိုမှိုင်းသွားသည်။ သူက သူမ၏လက်ကောက်ဝတ်ကို
ဖမ်းကိုင်လိုက်ပြီး တိုးတိုးလေး ထပ်ပြောလိုက်သည်။
“တစ်စုံတစ်ယောက်
ရှိနေတယ်”
တစ်စုံတစ်ယောက်လား!?
ကျွော့ချင်း၏
အာရုံကြောများလည်း ပြန်လည်တင်းမာလာခဲ့သည်။
သူမ နောက်တစ်ခါ
ရုန်းကန်ရဦးမှာလား? ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။
တစ်ဖက်မှ မသန်စွမ်းသူနှင့်
တစ်ဖက်မှ ကိုယ်လုံးတီးခန္ဓာကိုယ်ကို ကြည့်နေရင်း ကျွော့ချင်းတစ်ယောက် အော်ငိုချင်နေတော့သည်။
ဒီည ငါ့မှာ လုံလောက်တဲ့ ဒုက္ခတွေ မရှိသေးလို့လား? လူတစ်ယောက်က ဘယ်လောက်တောင် ကံဆိုးနိုင်တာလဲ?!
✍️✍️✍️