Chapter 32
Viewers 405

အခန်း ၃၂ ကံဆိုးမှု (အပိုင်း ၂)

  ကျွော့ချင်း ကောင်းမွန်သော အကြံဥာဏ်ကို မစဉ်းစားနိုင်သေးမီတွင် သူမ၏ နားရွက်ဘေးမှ လေတိုးသံတစ်ခုကို ကြားလိုက်ရပြီး ကျယ်လောင်သော ဆူညံသံများကို ဆက်တိုက်ကြားလိုက်ရသည်။ အနီးကပ်ကြည့်လိုက်ချိန်တွင် လက်သီးအရွယ်ရှိသည့် ကျောက်တုံးတစ်တုံးက ဂူဝင်ပေါက်ဆီ လှိမ့်ဝင်သွားသည်ကို သူမ တွေ့လိုက်ရသည်။ ကျွော့ချင်းက ​​ကျောရိုးအောက်ခြေအထိ အေးစက်သွားသလို ခံစားလိုက်ရသည်။

 သူမ ရှင်းရှင်းလင်းလင်းကို မလှုပ်ရှားခဲ့ဘူးလေ။ ဒီကျောက်တုံးက ဘယ်ကနေ ပေါ်လာတာလဲ?!

  ဘယ်သူလဲ” ဂူထဲမှ လူက အော်မေးလိုက်သည်။

  ကျွော့ချင်းက ထိတ်လန့်တုန်လှုပ်သွားပြီး အနီးနားရှိ ချုံပုတ်များဆီသို့ အမြန်ပြန်ပြေးသွားလိုက်သည်။ ရုတ်တရက် လက်ကြီးတစ်စုံက သူမ၏ပုခုံးကို ဆုပ်ကိုင်ကာ ကျန်လက်တစ်ဖက်က သူမပါးစပ်ကို အုပ်လိုက်ပြီး ဘေးဘက်သို့ ဆွဲခေါ်သွားသည်။ ကျွော့ချင်း ထိတ်လန့်တုန်လှုပ်သွားပြီး အသဲအသန် ရုန်းကန်နေချိန်တွင် ထူးဆန်းသော်လည်း ရင်းနှီးကျွမ်းဝင်နေသော အမျိုးသားအသံတစ်ခုက သူမနားနားတွင် တိုးတိုးလေး ထွက်ပေါ်လာခဲ့သည်။

"ငါ သူ့ကို အပြင် ခေါ်ထုတ်သွားမယ်၊ မင်းက လူကယ်ဖို့ ဝင်သွားလိုက်"

    ဒီအသံ? အဲ့ဒါက. . . ချမ်ကျင်း? 

ကျွော့ချင်းက သူမ၏ရုန်းကန်မှုကို ရပ်တန့်လိုက်ပြီး နောက်ဆုံးတွင် သူမကို ကိုင်ထားသည့် လက်ကလည်း ပြေလျော့သွားခဲ့သည်။ ကျွော့ချင်း အလျင်အမြန် လှည့်ကြည့်လိုက်ချိန်တွင် မှုန်ဝါးနေသော မိုးရေနှင့် မြူခိုးများကြားတွင် ရေကန်ကဲ့သို့ နက်ရှိုင်းသောမျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။ ရောက်လာသူက အမှန်ပင် ချမ်ကျင်း ဖြစ်နေခဲ့သည်။ ဤအချိန်တွင် သူ့မျက်လုံးများ တည်ငြိမ်မှုများနှင့် ပြည့်နှက်နေပြီး သူ၏ သာမာန်အချိန်များတွင် ဂရုမစိုက်သော အမူအရာနှင့် လုံးဝ မတူတော့သောကြောင့် ကျွော့ချင်းက ခဏမျှ တွေဝေသွားခဲ့သည်။

  ချမ်ကျင်းက သူမကို ဂူဘေးရှိ ကျောက်ဆောင်များနောက်သို့ ညင်သာစွာ တွန်းထုတ်ကာ ဂူပေါက်ဝဆီသို့ ပြေးသွားခဲ့သည်။ သို့သော် သူက ဂူအပြင်ဘက်တွင်သာ ရပ်နေသော သူ့တင်ပါးပေါ်သို့ လက်နှစ်ဖက်တင်လိုက်ပြီး “နေ့ခင်းကြောင်တောင် တောက်ပတဲ့ ကောင်းကင်အောက်မှာ... မင်းက အရပ်သားမိန်းကလေးကို အနိုင်ကျင့်နေတယ်ပေါ့၊ ဒီသခင်ကြီးက တကယ်ကို သည်းမခံနိုင်တော့ဘူး၊ မင်း ဘာလို့ ထွက်လာပြီး အသေမခံသေးတာလဲ?"

       ကျွော့ချင်း၏ ဦးခေါင်းတွင် ရုတ်တရက် အနက်ရောင်လိုင်းများ ဖုံးလွှမ်းသွားသည်မှာ သေချာလာတော့သည်။

တိမ်ညိုတိမ်မည်းတွေကြောင့် လရောင်က မှောင်မိုက်နေပြီး လေပြင်းတွေလည်း တိုက်ခိုက်နေတာလေဟယ်။ နေ့ခင်းကြောင်တောင် တောက်ပတဲ့ ကောင်းကင်က ဘယ်ကနေ ရောက်လာတာလဲ? သူက တကယ်ကို သူမ သိထားတဲ့ အရူးကောင်ပဲ။ 

ကျွော့ချင်းက တစ်ယောက်တည်း စိတ်ထဲမှ ရေရွတ်နေရင်း ကျောက်နံရံတွင် တွယ်ကပ်နေကာ ဂရုတစိုက် ပုန်းနေခဲ့သည်။ ရုတ်တရက် ဂူပေါက်ဝမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချမ်ကျင်းက တစ်ဘက်သို့ ခုန်ကာ ဘေးတိုက်ရှောင်ထွက်သွားခြ့သည်။ မမျှော်လင့်ဘဲ ငွေရောင်အလင်းတန်းက တစ်ဖန် ထွက်ပေါ်လာပြန်သည်။

  "ညစ်ပတ်နံစော်နေတဲ့ အကောင်ငယ်လေး၊ ဒီအဘိုးကြီးက မင်းကို ခုတ်နိုင် မခုတ်နိုင် ကြည့်လိုက်ရအောင်!"

 ကြမ်းတမ်းသော အော်ဟစ်သံနှင့်အတူ ဂူပေါက်ဝတွင် အရပ်ရှည်ပြီး သန်မာသော လူတစ်ယောက် ပေါ်လာခဲ့သည်။ သူ၏ သန်မာသော ကိုယ်လုံးကိုယ်ပေါက်က အနည်းငယ် ကြောက်စရာကောင်းနေပုံရပြီး ကျွော့ချင်းကတော့ ဂရုတစိုက် ကြည့်နေခဲ့သည်။ သူ့လက်ထဲတွင် သံကြိုးအဝိုင်းပေါင်းများစွာ ရစ်ပတ်ထားသည်ကို သူမ တွေ့လိုက်ရသည်။ သံကြိုးအောက်တွင် လက်သီးထက် အနည်းငယ်သေးငယ်သော သံလုံးတစ်လုံးကို ချိတ်ဆွဲထားပြီး ထိမှန်လျှင် သွေးထွက်သံယို ဖြစ်စေမည်ပင်။

       ကျွော့ချင်းက အသက်ရှုကြပ်သွားပြီး သူမကိုယ်ကို ကျုံလိုက်စဥ် ချမ်ကျင်း၏ လှောင်ပြောင်သံကို ကြားလိုက်ရပြန်သည်။

"ဒါဆို ဘယ်သူ အရင်သေမလဲ ကြည့်လိုက်ရအောင်!"

          ဓားပျံက ထိုလူကြီးဆီသို့ ပျံသန်းလာပြီး ထိုလူကြီး၏သံလုံးကို ထိမှန်သွားခဲ့သည်။ ဓားနှင့်သံလုံးထိသွားသောအခါ မီးပွားများထွက်လာသည်။ တစ်ချက် အထိနာသွားခဲ့သော်လည်း ထိုလူကြီးက အားနည်းချက်ကို မပြဘဲ သူ့လက်ထဲတွင်ရှိနေသည့် သံကြိုးကို ဝှေ့ယမ်းကာ ချမ်ကျင်း၏မျက်နှာကို လှမ်းရိုက်လိုက်သည်။ ချမ်ကျင်းက နောက်သို့ပြန်ဆုတ်ကာ ခုန်ထွက်သွားခဲ့သည်။ ထိုလူကြီးက အခွင့်ကောင်းယူကာ ပြေးလိုက်သွားပြီး လက်နက်များ ထိပ်တိုက်တွေ့သံနှင့် ကြမ်းတမ်းသော လှုပ်ရှားသံများက ဝေးကွာသွားသည်။ ထိုအခိုက်အတန့်တွင် ကျွော့ချင်းက သူမ၏ စကတ်ရှည်ကြီးကို မလိုက်ပြီး ဂူဝင်ပေါက်ဆီသို့ ပြေးဝင်သွားခြ့သည်။

  လှိုဏ်ဂူကြီးက ကြီးမားပြီး အလယ်တွင် မီးရောင်တစ်ခု ရှိနေပြီး ထိန်လင်းနေလေသည်။ သေးငယ်သော ထောင့်တစ်နေရာ၌ ဆံပင်များပြန့်ကျဲနေသော မိန်းကလေးတစ်ဦးက မြေပြင်ပေါ်တွင် ခွေခွေလေး လဲကျနေကာ သူမကို ထိတ်လန့်စွာ စိုက်ကြည့်နေလေသည်။ သူမ၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကလည်း အဆက်မပြတ် တုန်ခါနေခဲ့သည်။

  ကျွော့ချင်းက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ "မြန်မြန်ထပြီး ငါ့နောက်ကို လိုက်ခဲ့"

  မိန်းကလေးက မတ်တပ်ထရပ်ရမည့်အစား ကြောက်စိတ်ကြောင့် နောက်ဆုတ်သွားခဲ့သည်။ ကျွော့ချင်းက ထိုမိန်းကလေးကို လက်မောင်းမှ ဆွဲထူလိုက်ပြီး “မင်းက ရှုအာ မဟုတ်လား၊ ချီထျန်းယုက မင်းကို ကယ်တင်ဖို့ ငါတို့ကို ပြောခဲ့တယ်၊ မေးခွန်းတွေ အများကြီး မမေးနဲ့၊ ဒီကနေ အရင်ထွက်ရအောင်"

  နောက်ဆုံးတွင် ကျွော့ချင်းက ထိုမိန်းကလေးကို ဆွဲထူလိုက်သော်လည်း သူမက ကွော့ချင်းကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ထိန်းမနိုင်သိမ်းမရ လှုပ်ခါနေဆဲဖြစ်သည်။ ကျွော့ချင်းက စိတ်တိုနေပြီး စကားထပ်မပြောရသေးခင်မှာ ထိုအမျိုးသမီးက မျက်ရည်များဝဲနေကာ သနားစဖွယ် တုန်တုန်ယင်ယင်ဖြင့် "ခြေထောက်က မလှုပ်နိုင်တော့ဘူး..."

  မလှုပ်နိုင်ဘူးလား? 

ကျွော့ချင်းက ထိုမိန်းကလေး၏စကပ်ကို ညင်သာစွာ မြှောက်ကြည့်လိုက်ပြီး မီးရောင်အောက်တွင် ထိုမိန်းကလေး၏ ညာဖက်ခြေဖဝါးမှ သိသိသာသာ ပွင့်ထွက်နေသော ဒဏ်ရာတစ်ခုကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

  "သေစမ်း!" ကျွော့ချင်းတစ်ယောက် ကျိန်ဆဲလိုက်ပြန်သည်။

ဒီဒဏ်ရာက အရမ်းကြီးပြီး ခြေသလုံးကြွက်သားတွေအထိရောက်အောင် ပြင်းပြင်းထန်ထန် စုတ်ပြဲနေပြီ။ အချိန်မီ မကုသနိုင်ရင် ပိုးဝင်တာကြောင့် ဒီမိန်းကလေးရဲ့ ခြေထောက်က အသုံးမဝင်နိုင်တော့သလို၊ ဒဏ်ရာက သူမကို သေစေနိုင်လိမ့်မယ်။ ဒီလူက သူမကို ဂူထဲမှာ တစ်ယောက်တည်း ထားခဲ့ရဲတာ အံ့ဩစရာ မရှိတော့ဘူး။ သူမခြေထောက်က ကျိုးနေတာ ကြာပြီလေ။ ပြေးဖို့နေနေသာသာ ဂူထဲကနေတောင် မထွက်နိုင်ဘူး!

  ဒဏ်ရာ၏ မျက်နှာပြင် အနေအထားနှင့် အမျိုးသမီး၏ အနည်းငယ်ထုံကျဉ်သော အသွင်အပြင်ကို ကြည့်ပြီး ဒဏ်ရာက ဆယ့်နှစ်နာရီကျော် ကြာလောက်ပြီဟု သူမ ခန့်မှန်းနိုင်ခဲ့သည်။ ကျွော့ချင်းက ကြံရာမရ ဖြစ်သွားပြီး ဝေးဝေးမသွားနိုင်မည်ကို စိုးရိမ်သောကြောင့် သူမကို တွဲခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း အပြင်ဘက်တွင် ပေါင်းပင်များနှင့် တောတွင်းသစ်ပင်များ၏ အကိုင်းအခက်များ ရှိနေသည်။ နောက်တစ်ခါ ထပ်ထိခိုက်မိလျှင် ထိုမိန်းကလေး ပို၍ ဒုက္ခရောက်သွားနိုင်သည်ကို တွေးမိသောကြောင့် ကျွော့ချင်းက အခြေအနေအရ အလျင်အမြန်  ဆုံးဖြတ်ချက်ချလိုက်သည်။ သူမက ထိုမိန်းကလေးကို ထိုင်ခိုင်းလိုက်ပြီး မီးပုံနားမှ သစ်ကိုင်းခြောက်နှစ်ခုကို သွားကောက်လိုက်ကာ ထိုမိန်းကလေး၏ အနားသို့ ပြန်သွားလိုက်သည်။ ထို့နောက် သူမက သူမ၏စကတ်ကို ဆုတ်ဖြဲလိုက်ရင်း အသံတိုးတိုးလေးဖြင့် "နည်းနည်းတော့ သည်းခံလိုက်!"

  ရူအာ မတုံ့ပြန်နိုင်ခင်မှာ ကျွော့ချင်းက သူမ၏ခြေသလုံးများကို ဆွဲကိုင်လိုက်ပြီး အရိုးများကို မြန်မြန်ဆန်ဆန် ဆွဲဆန့်ကာ နေရာမှန်ရောက်အောင် ပြန်ပြုပြင်ပေးလိုက်သည်။

  "အား————" အရိုးပြန်လည်နေရာချထားခြင်း ခံရသည့် ဝေဒနာကြောင့် ရူအာက မူးမေ့လဲလုနီးပါး ဖြစ်သွားခဲ့သည်။ နောက်ဆုံးတွင် သူမ အနည်းငယ် ပြန်လည်သက်သာလာပြီး ကျွော့ချင်းက သစ်ကိုင်းများကို သုံးကာ ဒဏ်ရာကို ပတ်တီးစည်းပေးခဲ့သည်။ ထိုနောက် ကျွော့ချင်းက သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်ကာ သူမကို ထပ်မံဆွဲထူလိုက်ပြီး မတ်တပ်ထရပ်ရန် ကူညီပေးလိုက်သည်။

"လှုပ်လို့ ရပြီလား?"

အရာအားလုံးက ခနတာအတွက် ယာယီသာ ဖြစ်သည်။ သို့သော် မိန်းကလေး၏ ညာဘက်ခြေထောက်ကို တင်းတင်းကြပ်ကြပ် ပတ်ဆီးစည်းပေးထားသောကြောင့် ဒုတိယအကြိမ် ထပ်မကျိုးတော့ဘူးဟု သူမ အာမခံနိုင်သည်။ သူမ ကျော်ဖြတ်နိုင်ရန်တော့ ကျွော့ချင်း မျှော်လင့်နေမိသည်။

   ရှုအာက သူမ၏ညာဘက်ခြေထောက်ကို အနည်းငယ် ရွှေ့ကြည့်လိုက်ပြီး နာကျင်နေသေးသော်လည်း သူမ၏ခွန်အားကို ပြန်အသုံးချနိုင်သွားခဲ့သည်။ ရှုအာက သူမ၏အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး ပြင်းပြင်းထန်ထန် ခေါင်းညိတ်ကာ "ကျွန်မ လှုပ်နိုင်ပြီ၊ သွားရအောင်!"

  "သွားကြရအောင်" ကျွော့ချင်းက ရှုအာကို ဂူထဲမှ ထွက်နိုင်အောင် ကူညီပေးခဲ့ပြီး ရှုအာက သန်မာပြီး ထက်မြက်သော မိန်းကလေးဖြစ်ကြောင်း သူမ၏ နှလုံးသားထဲမှ တိတ်တဆိတ် ချီးမွမ်းနေခဲ့သည်။

  "ဘယ်သွားမလို့လဲ!"

  သူမတို့ နှစ်ယောက် ဂူအဝင်ဝသို့ လျှောက်သွားပြီးသည်နှင့် အပေါက်ဝတွင် လူမည်းကြီး၏ မည်းမှောင်သော အသွင်အပြင် ပေါ်လာပြီး ထိုလူက ကျေနပ်အားရစွာဖြင့် ရယ်မောကာ “မင်းက ကျားကို မောင်းထုတ်တဲ့ လှည့်ကွက်ကို သုံးချင်နေတာလား? ဒီလူက ဒီတော ဒီတောင်မှာ နှစ်အတော်ကြာအောင် နေလာခဲ့တာ အဲဒါတွေအားလုံးက အချည်းနှီးမှ မဟုတ်တာ”

  ရှုအာ၏ ခန္ဓာကိုယ်က အထိန်းအကွပ်မဲ့ တုန်ခါနေပြီး ကျွော့ချင်း၏ နှလုံးသားကလည်း သူမ၏ လည်ချောင်းထဲသို့ ရောက်ရှိလာသည်။ ကျွော့ချင်းအတွက် သူမ၏ နှလုံးခုန်သံကို ယခုကဲ့သို့ ထင်ရှားစွာ ခံစားလိုက်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူမက  ရှုအာကို တွဲထားရင်း သူမတို့နှစ်ဦးလုံး အေးခဲနေသည့် ကျောက်နံရံကို နီးကပ်သွားသည်အထိ နောက်ပြန်ဆုတ်သွားခဲ့သည်။

  မီးက ပိုပြင်းလာပြီး ကျွော့ချင်း၏စကတ်ကလည်း စုတ်ပြဲနေကာ အတွင်းထဲတွင် သူမ ဝတ်ဆင်ထားသည့် ဘောင်းဘီကလည်း ပုစဉ်းရင်ကွဲ၏တောင်ပံများကဲ့လို ပါးလွှာနေလေသည်။ ထိုလူကြီး၏မျက်လုံးများက မဲမှောင်သွားပြီး ကျွော့ချင်းကို အပေါ်အောက် စုန်ဆန်ကြည့်နေလေသည်။

"ကျစ်၊ ကျစ်၊ ကျစ်၊ မိုးနတ်မင်းက ငါ့ကို ကောင်းကောင်း ဆက်ဆံတာပဲ၊ အာ~ ဒီအမျိုးသမီးက ပိုစိတ်လှုပ်ရှားစရာကောင်းတယ်"

  ထိုလူကြီးက သူမတို့နားသို့ ကပ်လာပြီး သူ့လက်က ကျွော့ချင်း၏ပခုံးကို ဖမ်းကိုင်ရန် နီးကပ်လာချိန် ဓားပါးပါးလေးတစ်ချောင်းက လေထဲမှ ဖြတ်သန်းဝင်ရောက်လာခဲ့သည်။ ထိုလူကြီးက ဓားကို ရှောင်ရန် သူ့လက်ကို အမြန်ရပ်လိုက်ချိန်တွင် ကျွော့ချင်းကလည်း ရှုအာကို ဆွဲကာ ထွက်ပြေးရန် အခွင့်အရေး ယူလိုက်သည်။ ခြေလှမ်းအနည်းငယ်ပြေးပြီးနောက် မမျှော်လင့်ထားသည့် ပြင်းထန်သောအင်အားတစ်ခုက ကျွော့ချင်း၏လည်ပင်းကို တင်းတင်းကြပ်ကြပ် ဆွဲယူလိုက်ပြီး သူမ နောက်ပြန်ဆုတ်သွားစေခဲ့သည်။ ကျွော့ချင်းက စိတ်ပျက်အားငယ်စွာဖြင့် ရှုအာ၏အင်္ကျီလက်ကို တင်းတင်းကြပ်ကြပ် ကိုင်ထားရာမှ သူမကို အပြင်သို့ တွန်းထုတ်လိုက်သည်။ ဂူထဲကို အပြေးအလွှား ဝင်လာနေသည့် ချမ်ကျင်းက ရှုအာကို ချက်ချင်း လှမ်းဖမ်းးလိုက်သည်။

       ထိုလူကြီးက ကျွော့ချင်းက သူ့ရှေ့သို့ ဆွဲယူလိုက်ပြီး မကြောက်မရွံ အော်ပြောလိုက်သည်။

"မင်းနဲ့ ငါနဲ့ ရန်ငြိုးဖွဲ့ထားတာ မရှိဘူး။ ငါ မင်းကို မသတ်ချင်ဘူး၊ မင်း ငါ့ကို ဆက်ပြီး နှောက်ယှက်နေရင် ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့"

  လူကြီး၏သံကြိုးက ကျွော့ချင်း၏လည်ပင်းကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားသောကြောင့် ကျွော့ချင်းကို အသက်ရှူရခက်စေပြီး သူမ၏မျက်နှာက နီရဲလာလေသည်။ ချမ်ကျင်း၏ မျက်လုံးများက ပိုအေးစက်လာပြီး သူက ရှုအာကို ဝင်ပေါက်ဆီသို့ ရောက်အောင် ကူညီပေးခဲ့သည်။ ထိုနောက် သူက နောက်ပြန်လှည့်လာကာ အေးစက်သောလေသံဖြင့် “ငါနဲ့ မင်းနဲ့ အာဃာတမရှိပေမယ့်  တစ်စုံတစ်ယောက်ရဲ့ စည်းစိမ်ဥစ္စာက တခြားလူရဲ့ ဘေးဒုက္ခလည်း ဖြစ်တယ်၊ တခြားလူတွေရဲ့ ဘေးဒုက္ခဖြေရှင်းဖို့ ငါက ပိုက်ဆံယူပြီး မင်းလို လူကို ချေမှုန်းရမယ်။ မင်းမှာ အရည်အချင်း တကယ်ရှိရင် ငါ တစ်ယောက်တည်းချင်း တိုက်ခိုက်လေ၊ မင်း မိန်းမတွေကို အကာအရံအနေနဲ့ အသုံးချပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရင် မင်းက ယောက်ျားမဟုတ်တော့ဘူး!"

  "အဲ့လိုနှိုးဆော်တဲ့နည်းလမ်းတွေက ဒီသခင်ကြီးအတွက် အသုံးမဝင်ဘူးကွ!" ထိုလူကြီးက သံကြိုးကို တင်းတင်းထပ်ဆွဲလိုက်ပြန်သည်။ ကျွော့ချင်း၏ အသက်ရှုသံက ငြိမ်သက်သွားပြီး အသက်ရှူရအလွန်ခက်ခဲလာခဲ့သည်။ ထိုလူကြီးက ချမ်ကျင်း၏လက် လက်သီးဆုပ်ထားသည်ကို တွေ့သွားခဲ့ပြီး သူ မှန်ကန်သောလူကို ဖမ်းမိထားကြောင်း နားလည်သွားခဲ့သည်။ သူက အသံကျယ်ကျယ်ဖြင့် "မင်း လက်ထဲမှာရှိနေတဲ့ ဓားတွေအားလုံးကို နာခံမှုရှိရှိနဲ့ ပစ်ချလိုက်တာ အကောင်းဆုံးဘဲ၊ မဟုတ်ရင် သူ့(မ)လည်ချောင်းကို ဖိချိုးပစ်လိုက်မယ်!"

 ကျွော့ချင်းက ငိုချင်နေသော်လည်း မျက်ရည်ပင် မကျနိုင်တော့ပေ။

အခု သူမ ခံစားနေရတာတွေကို ဖော်ပြဖို့ ဘာနဲ့မှ မလုံလောက်တော့ဘူး။ သူမ ဒီငရဲလို ကြောက်စရာကောင်းတဲ့ နေရာကို ရောက်လာကတည်းက သူမ ကံမကောင်းခဲ့ဘဲ လည်ပင်းကလည်း အကြိမ်ကြိမ် နာကျင်ခဲ့ရတယ်။

ကျွော့ချင်းက အသက်ရှုရန် အတတ်နိုင်ဆုံးကြိုးစားရင်း ချမ်ကျင်းက ယခင်အချိန်ကကဲ့သို့ စိတ်အေးလက်အေး ဟန်ဆောင်မည်ဟု သူမ ထင်နေခဲ့သည်။၊ သူက ထိုလူကြီးအား ဒေါသထွက်စေကာ တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးကို ရှာဖွေရန်လည်း သူမ မျှော်လင့်နေခဲ့သည်။

ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ သူက ရှုအာကို ကယ်ဆယ်ထားပြီးပြီလေ။

    ဒါပေမယ့် ဖြစ်လာမယ့်အရာတွေကို ဘယ်သူက ကြိုသိနိုင်မှာတဲ့လဲ???

  မသဲမကွဲအသံများ ထွက်ပေါ်လာပြီး တောက်ပနေသည့် ငွေရောင်ဓားပျံလေးများက မြေကြီးပေါ်သို့ တစ်ချောင်းချင်းစီ ပြုတ်ကျလာခဲ့သည်။ ကျွော့ချင်းကတော့ ချမ်ကျင်းကိုသာ စိုက်ကြည့်နေလိုက်တော့သည်။

​​သူ ရူးနေတာလား?! ဓားမရှိရင် သူက အဲ့လူကြီးကို ဘယ်လို တိုက်ခိုက်နိုင်တော့မှာလဲ? သူ ဒီလိုလုပ်လိုက်တာက သူမကို ကယ်တင်နိုင်မှာ မဟုတ်သလို သူ့ကိုယ်သူလည်း အသက်ဆုံးရှုံးစေလိမ့်မယ်။ ဒါမှမဟုတ် တခြားနေရာမှာ ဝှက်ထားတဲ့ ဓားတွေနဲ့ ပစ်ပေါက်မှာလား?

  "မင်း ခါးပေါ်က ဓားပျံတွေအကုန်လုံး ပစ်ချလိုက်၊ ဘယ်လှည့်ကွက်မှ သုံးဖို့ မစမ်းသပ်ကြည့်နဲ့!"

ထိုလူကြီးကလည်း သူမကဲ့သို့ တွေးမိပုံရသည်။ ချမ်ကျင်းက ခဏလောက် တုံ့ဆိုင်းနေခဲ့ပြီး ထိုလူကြီးက သံကြိုးကို ထပ်တင်းလိုက်သည်။ ကျွော့ချင်းက နာကျင်စွာ ချောင်းဆိုးလိုက်သည်။

  ပစ်မချနဲ့တော့! 

ကျွော့ချင်းက သူမ၏လည်ပင်းမှ နာကျင်မှုကို လျစ်လျူရှုရင်း ချမ်ကျင်းကို စိုက်ကြည့်ကာ “လွှင့်မပစ်နဲ့တော့!

 သူတို့၏မျက်လုံးများ ခဏလောက် ဆုံသွားကြပြီး ကျွော့ချင်းက သူ့မျက်လုံးနက်နက်ထဲမှ အရိပ်အယောင်များကို ကြည့်ကာ သူ ဘာတွေတွေးနေမှန်း မပြောနိုင်သော်လည်း သူမနားထဲမှာ ပြတ်သားသည့်အသံတချို့ ထပ်မံထွက်ပေါ်လာပြီး ဓားပါးပါးလေးတစ်‌ချောင်းက မြေပြင်ပေါ်သို့ ကျသွားခဲ့သည်။

✍️✍️✍️