Chapter 13
Viewers 6k

🍉 Chapter 13

ကျွန်တော်လည်း မြင်ချင်တယ်



စင်ပေါ်တွင် အဖေရှုက မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေပြီး မိုက်ကရိုဖုန်းကို ကိုင်ကာ စိတ်အားထက်သန်စွာ စကားပြောနေခဲ့သည်။


ရှုယောင်က အဖေရှု၏နံဘေးတွင် မတ်တတ်ရပ်နေခဲ့သည်။ အဖေရှု၏မျက်ရည်များကို မြင်ပြီး အလျင်အမြန် တစ်ရှုးတစ်ရွက်ကို ထုတ်ကာ မျက်ရည်များကို ကိုယ်တိုင်သုတ်ပေးလိုက်သည်။ သူ့အမူအရာက အာရုံစူးစိုက်ထားပြီး လှုပ်ရှားမှုများက ချစ်ခင်ကြင်နာမှုများ ပြည့်နေခဲ့သည်။


အမေရှုက သူတို့နှစ်ယောက်နံဘေးတွင် ရပ်နေပြီး အဖေနှင့်သားကြားက ရင်းနှီးမှုကို ကျင့်သားရနေသည့်အလား ရှုယောင်၏အပြုအမူကို မြင်သော်လည်း မည်သည့်ခံစားချက်မှ မပြခဲ့ချေ။ အဖေရှုက လှမ်းကြည့်လိုက်ချိန်တွင် သူမက တွေးတောချိန်ဆကာ သူမ၏ကော့တေးလ်ကို ကမ်းပေးလိုက်သည်။


အမေရှုက မည်သည့်မူမမှန်မှုကိုမှ သတိမထားမိသည်ကို မြင်ပြီး အဖေရှုက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ဖန်ခွက်ကို ယူကာ သောက်လိုက်သည်။


ထို့နောက် အမေရှုက စားပွဲထိုးထံမှ အနီရောင် ဝိုင်ဖန်ခွက်တစ်ခုကို ယူလိုက်ပြီး သူမဘေးနားရပ်နေသည့် ရှုယွင်ကျီးကို ပေးလိုက်သည်။


ရှုယောင်က တစ်ဖက်တွင်ရှိသည့် ရှုယွင်ကျီးကို လှမ်းကြည့်လိုက်ပြီး ယင်းမြင်ကွင်းကို တွေ့သွားသည်။ အောင်ပွဲခံသည့် အပြုံးတစ်ခုက သူ့မျက်လုံးထဲ ဖြတ်ပြေးသွားပြီး အဝေးကို အကြည့်လွှဲကာ စိတ်ကျေနပ်သွားသည်။


အဖေရှုက စင်ပေါ်တွင်ရပ်ပြီး သူ့ဖန်ခွက်ကို မြှောက်ပြလိုက်သည်။

"ပွဲကျင်းပဖို့ထိုက်တန်တဲ့ ဒီနေ့မှာ....ကျွန်တော့်ရဲ့ မိသားစုကိုယ်စား လူတိုင်းကို ဆုတောင်းပေးလိုက်ပါတယ် ...."


အဖေရှုက ကော့တေးလ်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ချိန်တွင် အမေရှုက ရုတ်တရက် သူ့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး လျှပ်တစ်ပြက်အပြုံးတစ်ခုက သူမ၏နှုတ်ခမ်းထောင့်တွင် ပေါ်လာခဲ့သည်။


ယဲ့လဲ့ယောင်က မိသားစုကြားက ထူးဆန်းသည့် လေထုကို သတိပြုမိလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ပုံမှန်ထင်ရသော်လည်း တစ်စုံတစ်ရာက မှားယွင်းနေသည်။


သူ ယခင်က ဖတ်ခဲ့ဖူးသည့် ဝတ္ထု၏ဇာတ်ကြောင်းကို ပြန်တွေးလိုက်ရာ ရုတ်ချည်း သဘောပေါက်လိုက်သည်။


[ငါ သဘောပေါက်ပြီ...]


ရုတ်တရက်ဆိုသလို စိတ်လှုပ်ရှားနေသည့် အသံက ပါပါးဟော်နှင့်မာမားဟော်ကို မှင်သက်သွားစေခဲ့သည်။


သူတို့ မတုံ့ပြန်နိုင်မီမှာပင် ယဲ့လဲ့ယောင်က ပိုစိတ်လှုပ်ရှားလာသည့်အသံဖြင့် ပြောလာခဲ့သည်။


[ဒီမှာ ပြဿနာတစ်ခုခုရှိနေတယ်လို့ ငါအရင်က တွေးခဲ့ဖူးတာ အံ့ဩစရာမရှိတော့ပါဘူး...ပုံမှန်ဆိုရင် ရှုယောင်လို ရည်မှန်းချက်ကြီးပြီး အကြံများတဲ့သူက ဒီလို အဓိကကျတဲ့ အခမ်းအနားမှာ အမှားလုပ်မိမှာ မဟုတ်ဘူး...ဒီလိုအရေးကြီးတဲ့နေ့မှာ သူ့မွေးစားအဖေနဲ့ ကိစ္စပေါ်လာဖို့က သူ့အတွက် မဖြစ်နိုင်ဘူး...ဒီတော့ အဲ့ဒါက ဆေးခတ်ထားတဲ့ ကော့တေးလ်ဆိုတာ သူ မသိခဲ့ဘူးပဲ...]


[ရှုယောင်က အခုလေးတင်ပဲ ရှုယွင်ကျီးကို ကြည့်လိုက်တယ်...သူက ရှုယွင်ကျီးကို ဆေးခတ်ချင်ခဲ့တာပဲ...]


[ဒါပေမဲ့ ဆေးခတ်ထားတဲ့ကော့တေးလ်ကို အဖေရှုက သောက်လိုက်မိလိမ့်မယ်လို့ သူ ထင်ထားခဲ့မှာ မဟုတ်ဘူး...]


[ပြီးတော့လည်း မီဒီယာသတင်းထောက်တွေ အများကြီးကိုလည်း ဒီနေ့ပါတီကို ဖိတ်ထားခဲ့သေးတယ်...ဒါပေမယ့် ဟိုတယ်က ဒီလောက်ကြီးပြီး အခန်း‌တွေကလည်း အဲ့လောက်များတာကို သူတို့က ဘယ်လိုလုပ် ကွက်တိ အဲ့အခန်းထဲ ပြေးဝင်မိသွားကြတာလဲ...ပါတီပွဲကျင်းပတဲ့သူက တမင်တကာ သူတို့ကို အဲ့အခန်းကို လမ်းညွှန်မပေးခဲ့ရင်ပေါ့လေ...]


ယဲ့လဲ့ယောင် ယုံကြည်ချက်အပြည့်ဖြင့် နိဂုံးချုပ်လိုက်သည်။


[အမေရှုက သေချာပေါက် ဒီအကြောင်းကို ဟိုးအရင်ကတည်းက သိပြီးသားပဲ...]


ဟော်မိသားစုနှင့် ချင်ယောင်တို့အားလုံးက ရုတ်ချည်းနားလည်သွားပြီး ခေါင်းညိတ်လိုက်သည်။


ဒီတော့ အဲ့လို ဖြစ်သွားတာကိုး...


အမေရှုက အဖေရှုနဲ့ရှုယောင်ကြားက ကိစ္စကို ဟိုးအရင်ကတည်းက သိပြီးသားဖြစ်ရမယ်...


မာမားဟော်က မျက်မှောင်ကြုတ်လိုက်ပြီး တိုးတိုးလေးမပြောဘဲ မနေနိုင်တော့ပေ။

"သနားစရာကောင်းလိုက်တဲ့ အမျိုးသမီး..."


ပါပါးဟော်က ခေါင်းညိတ်ကာ သဘောတူလိုက်သည်။


ဆယ်နှစ်ကျော်ကြာအောင် ပျောက်ဆုံးသွားသော သူမ၏သားကို နောက်ဆုံး၌ပြန်တွေ့ချိန်တွင် သူတို့နှင့်အတူနေထိုင်ခဲ့သော မွေးစားသားက သူ့နေရာနှင့်ပတ်သက်ပြီး ခြိမ်းခြောက်မှုကို ခံစားရ၍ သူ့ကို ဆယ်နှစ်ကျော်ကြာအောင် ပျိုးထောင်ပေးခဲ့သော မွေးစားအဖေကို မြူဆွယ်ဖြားယောင်းခဲ့လေသည်။


အမေရှုက ယင်းအကြောင်းကို ချက်ချင်းမထုတ်ဖော်ခဲ့ဘဲ ယနေ့ထိတိုင် မြိုသိပ်သည်းခံခဲ့သည်။


"ကိုယ်မှတ်မိသလောက်တော့ ရှုယောင်ရဲ့ အိမ်ထောင်စုစာရင်းက ရှုမိသားစုအောက်မှာ မဟုတ်ဘူးမလား..."

ပါပါးဟော်က အသံနိမ့်နိမ့်ဖြင့် မာမားဟော်ကို တီးတိုးပြောလိုက်ပြီး တစ်စုံတစ်ရာကို ပြန်တွေးလိုက်သည်။


မာမားဟော် ခေါင်းညိတ်လိုက်သည်။ သူမက ယခင်က အမေရှုနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခု ရှိခဲ့ပြီး တိုးတိုးလေး ပြန်ပြောလိုက်သည်။

"အမေရှုက ရှုယောင် အရမ်းရည်မှန်းချက် ကြီးလွန်းမှာကို ကြောက်လို့ အစောကြီးကတည်းက ကြိုတင်ကာကွယ်ထားခဲ့တာ...ကျွန်မတောင်မှ ရှင်အရမ်းသတိကြီးလွန်းနေတာဆိုပြီး သူ့ကို ပြောခဲ့သေးတယ်..."


သို့သော် ယခုကြည့်ရသည်မှာ ကလေးတိုင်းက ယဲ့လဲ့ယောင်ကဲ့သို့ မဟုတ်ပုံပေ။


မာမားဟော်က ပြောလိုက်သည်။

"စကားမစပ် အခွင့်အရေးရရင် ရှောင်ယောင်ကို စတော့လွှဲပြောင်းတဲ့ သဘောတူညီမှုကို လက်မှတ်ထိုးခိုင်းဖို့ သတိရဦး..."


ပါပါးဟော် ရယ်မောလိုက်သည်။

"စိတ်မပူပါနဲ့ကွာ...အကုန်ပြင်ပြီးသွားပါပြီ...ရှောင်ယောင် ၁၈ နှစ်ပြည့်ရင် စတော့တွေကို ရှောင်ယောင်ဆီ လွဲပေးဖို့ ကိုယ်တို့အစကတည်းက ပြောပြီးသားပဲ..."


စင်ပေါ်တွင် အဖေရှုနှင့်ရှုယောင်က သူတို့၏"နက်ရှိုင်းလှသည့် အဖေနှင့်သားဆက်ဆံရေး"ကို သရုပ်ဖော်ပြသနေဆဲပင်။ ဆေးခတ်ထားသည့် ကော့တေးလ်ကို သောက်ထားခြင်းကြောင့် အဖေရှု၏ခြေလှမ်းများက အတော်လေး မတည်မငြိမ် ဖြစ်လာခဲ့သည်။ ရှုယောင်က ရှေ့တိုးပြီး သူ့ကို ခိုင်မြဲစွာ ထိန်းကူပေးလိုက်သည်။


လူအိုကြီးက သူ့ခေါင်းကိုလှည့်လိုက်သည်။ သူ၏ရီဝေဝေအကြည့်များက ရှုယောင်၏မျက်မှာပေါ်တွင် ဝေ့ဝဲနေပြီး ထို့နောက် သူ့လက်ကို ရှုယောင်၏ခါးပေါ်ထားလိုက်ပြီး ညှစ်ပင်ညှစ်လိုက်သေးသည်။


ရှုယောင်က မဖယ်လိုက်ဘဲ အဖေရှုအား ကျီစယ်သည့် အကြည့်တစ်ချက်သာ ပေးလိုက်သည်။


အဖေရှုက နူးညံ့စွာ ရယ်မောလိုက်သည်။


ရှုယောင်က ရှက်ရွံ့စွာ ခေါင်းငုံ့ချလိုက်သည်။


ယဲ့လဲ့ယောင် သူ့မျက်လုံးများကို ကိုယ်ထိလက်ရောက် ကျူးလွန်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး မျက်ခုံးများကို တင်းကြပ်စွာ ကြုတ်လိုက်သည်။


[ငါက ဝတ္ထုကို ဖတ်ရုံဖတ်ထားတဲ့ လူလေးတစ်ယောက်သာသာပါပဲ...အဲ့လို မျက်လုံးတွေကို တောက်လောင်စေတဲ့ မြင်ကွင်းတွေကို တကယ်ကြီး မကြည့်ချင်ဘူးလို့...]


[ကယ်ကြပါဦး...တစ်ယောက်ယောက်လောက် လာပြီး ငါ့မျက်လုံးတွေကို ဆေးပေးပါဦး...]


ချင်ယောင်က သူ့အသံကြောင့် စိတ်ရှုပ်လာပြီး လျင်မြန်စွာပင် ယဲ့လဲ့ယောင်၏ပခုံးကို ပုတ်လိုက်သည်။

"လဲ့ယောင် အရင်က ကိုယ့်ရဲ့ ရသစုံရှိုးကို ငြင်းလိုက်တာက မင်းမှာ တစ်ခုခုပူပန်စရာများ ရှိနေလို့လား..."


ယဲ့လဲ့ယောင်၏အတွေးများက တမဟုတ်ချင်းပင် ရပ်တန့်သွားသည်။ သူ့ခေါင်းကို လှည့်ပြီး ချင်ယောင်၏မျက်နှာကို အနီးကပ်ကြည့်လိုက်ချိန်တွင် သူ့မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားပြီး အလိုအလျောက် ပြောလိုက်မိသည်။


[ဝိုး...ဥက္ကဌချင်က ဒီလောက်ခံ့ညားတာကို ငါအရင်တုန်းက ဘာလို့သတိမထားမိတာပါလိမ့်...]


ချင်ယောင် : "..."


ဒီတော့ ငါတို့ အရင်တုန်းက တွေ့တဲ့နှစ်ကြိမ်လုံး မင်းဘာတွေကို ကြည့်နေခဲ့တာလဲ...


ပိုက်ဆံပဲလား...


ကွက်တိပင် ယဲ့လဲ့ယောင်က ပြောလိုက်သည်။

[ငါအရင်တုန်းက ပိုက်ဆံကိုပဲ အာရုံစိုက်လွန်းသွားမိတာပဲ...သတိမထားမိလိုက်ဘူး...]


ချင်ယောင် : "..."


အဆင်ပြေတယ်...အဆင်ပြေတယ်...


ယဲ့လဲ့ယောင်ရဲ့မျက်လုံးတွေကို ကယ်ဖို့ ငါ့မှာရှိတဲ့ ကြင်နာမှုတွေက မလုံလောက်ဘူးနေမှာ...


ယဲ့လဲ့ယောင်က ချင်ယောင် အမူအရာ ပြောင်းလဲသွားသည်ကို သတိမထားမိဘဲ ပြောလိုက်သည်။

"တကယ် ဘာမှမရှိပါဘူး...ကျွန်တော်က ပွဲဦးမထွက်ရသေးဘဲ အဲ့လို ကျော်ကြားတဲ့ ရသစုံရှိုးမှာပေါ်လာရတာကြီးက ကျွန်တော့်ကို တော်တော်လေး ဖိအားများတယ်လို့ ခံစားလို့ပါ..."


[ကျွန်တော်က ဒီတိုင်းအကြောင်းပြချက် ပေးလိုက်တာရယ်...အဓိကကတော့ အရှက်ကွဲတော့မယ့် လူအုပ်စုလိုက်ကြီးရှိတဲ့ ရှိုးမှာ ပါရမှာကြီးက တကယ်ကြောက်စရာကြီးလေ...]


သူ့ရှေ့ရှိ လူငယ်လေးက သူ့အတွေးထဲတွင် အလွန်ကို ရိုးသားလှပေ၏။ ယဲ့လဲ့ယောင်ကို ကျေးဇူးတင်ရပေမည်။ လက်ရှိ ဖိတ်ခေါ်ထားသည့် စာရင်းထဲရှိ အနုပညာရှင်အားလုံးကို ချင်ယောင်က စတင်စုံစမ်းစစ်ဆေးနေပြီဖြစ်သည်။


ထိုသို့တွေးပြီး ချင်ယောင် မေးလိုက်သည်။

"တကယ်လို့ ကိုယ်ဧည့်သည်စာရင်းကို ပြောင်းလိုက်ရင်ရော မင်း ရှိုးကိုပါလာဖို့ စိတ်ကူးရှိလား..."


ယဲ့လဲ့ယောင် : "ဟမ်..."


[လူတွေကို ပြောင်းမှာလား...ဘာလို့ ဥက္ကဌချင်က လူတွေကို ပြောင်းဖို့ ရုတ်တရက်ကြီး တွေးမိသွားတာတုန်း...]


[သူ ဘုရားကျောင်းကို သွားပြီး ပညာရှိတစ်ယောက်ယောက်ဆီကများ အကြံများရလာတာလား...]


ယဲ့လဲ့ယောင်၏မျက်နှာပေါ်ရှိ ဇဝေဇဝါ အမူအရာကို ကြည့်ပြီး ချင်ယောင် သူ့ကို ပညာရှိတစ်ယောက်အဖြစ် ထည့်တွက်၍ ရသည်ဟု တွေးလိုက်သည်။


ယဲ့လဲ့ယောင်ကြောင့်သာမဟုတ်ပါက သူ့တွင် ဆက်တိုက်ကျရှုံးသွားမည့် ပရောဂျက်နှစ်ခု ရှိလာလိမ့်မည်ဖြစ်သည်။


ပိုက်ဆံအပေါ် ယဲလဲ့ယောင်၏ချစ်မြတ်နိုးမှုကို စဥ်းစားလိုက်ပြီး ချင်ယောင်က ယင်းမှာ ပြဿနာကို ကျော်ဖြတ်နိုင်မည့် အချက်တစ်ခုဟု ခံစားလိုက်ရသည်။

"တကယ်လို့မင်းသာ ပါမယ်ဆိုရင် ကိုယ်မင်းကို အပိုင်းတစ်ပိုင်းကို 50,000 ပေးမယ်..."


ဤပမာဏက ဒုတိယတန်းအနုပညာရှင်များအတွက်ပင် အတော်အတန် များပြားသည်ဟု ပြော၍ရပေသည်။ ထို့ပြင် ယဲ့လဲ့ယောင်က ယခုမှ လူသစ်လေးပင် ရှိသေးသည်။ ထိုကဲ့သို့ မြင့်မားလှသည့်ပိုက်ဆံပမာဏကို ကမ်းလှမ်းခြင်းက သဘောထားကြီးမှုကို ပြနေပြီးသားပင်။


ယင်းကိုကြားပြီး ယဲ့လဲ့ယောင်၏မျက်လုံးများက ချက်ချင်းပင် တောက်ပသွားသည်။


တစ်ပိုင်းကို 50,000...12 ပိုင်းဆို ခြောက်သိန်းလောက် ရပြီ....


[သွေးဆောင်ခံလိုက်ရပြီ...]


သို့သော်ငြား သူ ချက်ချင်း သဘောမတူလိုက်ဘဲ ပြောလိုက်သည်။

"ကျွန်တော့်ကို စဥ်းစားခွင့်ပေးပါဦး..."


ချင်ယောင် ထပ်ပြီး ဖိအားမပေးလိုက်ပေ။ 


ယဲ့လဲ့ယောင် စင်ကို လှည့်ကြည့်လိုက်သည်။


အဖေရှု၏မျက်နှာက အလွန်အမင်းသောက်ထားသကဲ့သို့ သွေးရောင်လွှမ်းနေပြီဖြစ်သည်။ သူ့နံဘေးတွင်ရပ်နေသည့် ရှောင်ယောင်က သူ လဲကျမသွားစေရန် ဆက်လက်ထောက်ကူပေးထားသည်။


သို့ပေသည့် အဖေရှုက အလွန်လေးလွန်း၍လား သို့မဟုတ် ရှုယောင်၏ခါးပေါ်ရှိ သူ့လက်က အနားမနေ၍လားမသိ ရှုယောင်၏မျက်နှာကလည်း ချွေးအလွှာပါးပါးလေး ဖုံးလွှမ်းလာခဲ့သည်။


ယဲ့လဲ့ယောင်က တစ်ချက်ကြည့်လိုက်ပြီး အဝေးကို အကြည့်လွှဲလိုက်သည်။


[မျက်လုံးတောင် လောင်တော့မယ်...နည်းနည်းပဲကြည့်မှ...]


[ဒါပေမဲ့ အဖေရှုကြည့်ရတာ အများကြီး ဆက်မထိန်းနိုင်တော့သလိုပဲ...]


ယဲ့လဲ့ယောင် ပြောပြီးပြီးချင်းမှာပင် ရှုယောင်က ရုတ်တရက်လှည့်ပြီး အမေရှုကို တစ်ခုခုပြောလိုက်သည်။


အမေရှုက ခေါင်းညိတ်လိုက်ရာ ရှုယောင်က အဖေရှုကို တွဲပြီး စင်ပေါ်ကဆင်းကာ ဟောခန်းနောက်ရှိ ဟိုတယ်ကို ဦးတည်သွားလိုက်သည်။


[အိုး...စနေပြီ စနေပြီ...သူတို့ အခုသွားနေပြီလား...]


ယဲ့လဲ့ယောင်က လှုပ်ရှားရန် စိတ်အားထက်သန်နေပြီး ထို့နောက် သူ့နံဘေးရှိ ချင်ယောင်ကို တစ်ချက်ကြည့်လိုက်သည်။


ထွက်သွားရန် မည်သို့ အကြောင်းပြချက်ပေးရမလဲဟု သူတွေးနေချိန်မှာပင် ဟော်ယန်၏အသံက ဘေးမှ ထွက်လာခဲ့သည်။

"ယဲ့လဲ့ယောင်..."


ယဲ့လဲ့ယောင် လှမ်းကြည့်လိုက်သည်။

"ဒုတိယအစ်ကို..."


ဟော်ယန်က ချင်ယောင်ကို ခေါင်းညိတ်ပြလိုက်သည်။ သူ့ကြည့်ရသည်မှာ တည်ငြိမ်အေးဆေးနေပုံပေါ်သော်ငြား စိတ်ထဲတွင်မူ အလွန်စိတ်လှုပ်ရှားနေပြီဖြစ်သည်။ သူ့မန်နေဂျာထံမှ ဆူပူကြိမ်းမောင်းမှုကိုခံပြီး နောက်ထပ်ခွင့်တစ်ရက် ယူခဲ့ခြင်းအားလုံးက ဤအခိုက်အတန့်အတွက်ဖြစ်သည်။


သူ့စိတ်လှုပ်ရှားမှုကို ဖိနှိပ်ပြီး ဟော်ယန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"အဝတ်အစားလဲဖို့ ငါနဲ့ အပေါ်ထပ်ကို လိုက်ခဲ့..."


ယနေ့ပါတီပွဲက တစ်နေ့လုံးကျင်းပမည်ဖြစ်၍ ဧည့်သည်များအတွက် အနားယူရန် နေရာများလည်းရှိပေသည်။ ရှုမိသားစုက ဧည့်သည်တစ်ယောက်စီအတွက် အပေါ်ထပ်တွင် အခန်းတစ်ခန်းစီ ပြင်ဆင်ပေးထားခဲ့သည်။


ယဲ့လဲ့ယောင် : [ဟမ်...ဒုတိယအစ်ကိုက အဝတ်အစားလဲဖို့ကို သူ့ကို အဖော်ပြုပေးဖို့ တစ်ယောက်ယောက်လိုတာလား...]


ဟော်ယန်၏ပါးစပ်က တွန့်သွားသည်။


သူက ယဲ့လဲ့ယောင်ကို ကယ်ရန် ဤနေရာကို လာခဲ့ခြင်းပင်။


မင်း အဲ့ဒါကို မမြင်ဘူးလားကွ... 


ကံကောင်းထောက်မစွာဖြင့် ယဲ့လဲ့ယောင်က ဤသည်က ရှောင်ထွက်ရန် အခွင့်ကောင်းဖြစ်သည်ကို သဘောပေါက်သွားပြီး အလျင်အမြန် ထပ်ပြောလိုက်သည်။

"ကောင်းပါပြီ..."


ဟော်ယန် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။


ထိုအခိုက် ချင်ယောင်က ပြောလိုက်သည်။

"ကိုယ်လည်းခဏလောက် အနားယူဖို့ အပေါ်ထပ်ကို သွားမလို့...တူတူသွားကြတာပေါ့..."


ဒရာမာကို လက်တွေ့ မျက်မြင်ကိုယ်တွေ့ သိခွင့်ရမည့် အခွင့်အရေးကောင်းတစ်ခုကို သူလက်လွှတ်ခံလိမ့်မည်မဟုတ်ချေ။


ဟော်ယန်က သူ့ကို တစ်ချက်ကြည့်လိုက်သောငြား ဘာမှမပြောဘဲ ယဲ့လဲ့ယောင်ကို ဦးဆောင်ခေါ်သွားလိုက်သည်။


သူတို့သုံးယောက် ဓာတ်လှေကားထဲ ဝင်ရုံမျှပင်ရှိသေး သူတို့နောက်မှ ခြေသံများကို ကြားလိုက်ရသည်။


ယဲ့လဲ့ယောင် လှည့်ကြည့်လိုက်ရာ ပါပါးဟော်နှင့် မာမားဟော်ကို မြင်လိုက်ရသည်။


ယဲ့လဲ့ယောင်၏အနည်းငယ် အံ့အားသင့်သွားသည့် အကြည့်နှင့်ဆုံသွားရာ ပါပါးဟော်က လည်ချောင်းရှင်းကာ ပြောလိုက်သည်။

"မင်းအမေနဲ့အဖေက ပင်ပန်းနေလို့ အပေါ်တက်ပြီး အနားယူမလို့စဥ်းစားနေကြတာ..."


ယဲ့လဲ့ယောင် ခေါင်းညိတ်လိုက်သည်။


[ငါနားလည်ပြီ...သက်လတ်ပိုင်းအရွယ်လူတွေက တစ်ခါတလေ တော်တော်အားကုန်သလို ခံစားကြလေ့ရှိတာပဲ...]


ပါပါးဟော် အံကြိတ်လိုက်သည်။


မာမားဟော်၏မျက်နှာလည်း ကြောင်အမ်းသွားသည်။


နှစ်ယောက်လုံး စိတ်ထဲတွင် အော်ဟစ်လိုက်ကြသည်။ 

မင်းဘာနားလည်လို့လဲ...ငါတို့က ဒရာမာကို မင်းလိုပဲ လက်တွေ့မြင်ချင်လို့ ဒီလာတာကွ...


ဓာတ်လှေကားစောင့်က ရှေ့တိုးကာ မေးလိုက်သည်။

"ဘယ်အထပ်ကို သွားမှာပါလဲ..."


ပါပါးဟော်က မာမားဟော်ကို ကြည့်လိုက်သည်။


မာမားဟော်က ဟော်ယန်ကို ကြည့်လိုက်သည်။


ဟော်ယန်က သူ့နံဘေးရှိ ယဲ့လဲ့ယောင်ကို တစ်ချက်ကြည့်လိုက်သည်။ သူက တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။

"8 ထပ်..."


ထို့နောက် ချင်ယောင်က ပြောလိုက်သည်။

" 6 ထပ်..."


အစောင့်က ကတ်ကိုထုတ်ကာ ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်သည်။


"တင်" ဟူသည့်အသံနှင့်အတူ ဓာတ်လှေကားတံခါးက ပွင့်သွားပြီး ချင်ယောင်က အရင်ဦးဆုံး ထွက်သွားခဲ့သည်။



🍉🍉🍉