Chapter 12
Viewers 6k

🍉 Chapter 12

အတင်းအကျပ် အိပ်ရာမှနှိုးခံလိုက်ရခြင်း



အဆုံးတွင် စိတ်လှုပ်ရှားစရာများကို အလွတ်မပေးရန်အတွက် ယဲ့လဲ့ယောင်က ပါပါးဟော်နှင့် မာမားဟော်တို့နှင့်အတူ ပါတီကို လိုက်သွားရန် သဘောတူလိုက်သည်။


ပါပါးဟော်နှင့်မာမားဟော်က အလွန်အမင်း ဝမ်းသာသွားကြသည်။


ယင်းက နောက်ဆုံးပေါ်အတင်းအဖျင်းကို သွားဖမ်းရုံမျှ မဟုတ်ပေ။ ယဲ့လဲ့ယောင်က အမျိုးမျိုးသော ပါတီပွဲများတက်ရောက်ရခြင်းကို အမြဲလိုလို မကြိုက်ခဲ့ချေ။ သူ၏ကိုယ်ပိုင်မိသားစု ကိစ္စများကနေပင် ရှောင်ထွက်ရန်အတွက် အကြောင်းပြချက်များပင် ရှာခဲ့သေးသည်။


အတင်းအဖျင်းအတွက်ဆိုလျှင်ပင် ဤသည်က ယဲ့လဲ့ယောင်ပါတီတက်ရန်အတွက် သဘောတူသည့် ပထမဆုံးအကြိမ်ပင်။ ပါပါးဟော်နှင့် မာမားဟော်က အလွန်ပျော်ရွှင်နေဆဲပင်။


ထို့ကြောင့် နောက်တစ်နေ့မနက်စောစောတွင် လုံးဝအပြည့်အဝနိုးမလာသေးမီမှာပင် ဟော်ယန်ထံမှ အိပ်ရာနှိုးခံလိုက်ရသည်။


ယဲ့လဲ့ယောင် သူ့စောင်ကို ဆုပ်ကိုင်ထားပြီး ဇဝေဇဝါ ဖြစ်သွားသည်။

"ဒုတိယအစ်ကို အစောကြီးရှိသေးတယ်မလား..."


ဟော်ယန်က မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။

"ဒါပေါ့...ထပြီး ပြင်ဆင်တော့..."


ယဲ့လဲ့ယောင်က စောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။


ဟော်ယန်က သူ့ကို လက်မောင်းကနေ ဆွဲမရန် ကြိုးစားလိုက်သည်။


ယဲ့လဲ့ယောင်က ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး မျက်လုံးဖွင့်လိုက်သည်။

"ကျွန်တော် နည်းနည်းကြာကြာလေး အိပ်လို့မရဘူးလား..."


"သေချာပေါက် မရဘူးပေါ့..."


ငါတို့ စောစောပြင်ဆင်ပြီး ပျော်စရာသွားရှာရမယ်လေ...


ယဲ့လဲ့ယောင် ပြောလိုက်သည်။

"ကျွန်တော် မပြင်ချင်ဘူး.."


ဟော်ယန် ပြောလိုက်သည်။

"မင်း ပြင်ရမယ်..."


ယဲ့လဲ့ယောင်၏ဆန္ဒကို လျစ်လျူရှူလိုက်ပြီး ဟော်ယန်က သူ့ကို အိပ်ရာထဲမှ အတင်းအကျပ် ဆွဲထုတ်လိုက်သည်။


ယဲ့လဲ့ယောင် သူ့အခန်းထဲမှ ထွက်လာစဥ်တွင် စိတ်ထဲမှ တတွတ်တွတ် ရေရွတ်လိုက်သည်။


[အစောကြီးရှိသေးတာ မဟုတ်ဘူးလား...]


[ဘာလို့ ငါက ပြင်ဆင်နေရဦးမှာလဲ...ပါတီလေးတစ်ခုပဲ မဟုတ်ဘူးလား...အဲ့လောက်လိုအပ်လို့လား...]


သူ တွေးရင်းနှင့်ပင် သူ့အိပ်ငိုက်နေမှုက ပျောက်ကွယ်သွားပြီး ဟော်ယန်ကို ကြည့်လိုက်သည်။


ဟော်ယန်က သူ့အကြည့်နှင့်ဆုံသွားပြီး ပဟေဠိဖြစ်သွားသည်။


ထို့နောက် သူ ယဲ့လဲ့ယောင်၏ သဘောပေါက်သွားသည့်အသံကို ကြားလိုက်ရသည်။  


[ငါ့ဒုတိယအစ်ကိုက တစ်ယောက်ယောက်အပေါ် ထပ်ပြီးမျက်စိကျသွားပြန်တာလား...အဲ့ကြောင့် သူက ဒေါင်းတစ်ကောင်လို ဝတ်စားချင်နေတာနေမှာ...]


ဟော်ယန် ဆက်ပြီး မထိန်းထားနိုင်တော့ဘဲ ယဲ့လဲ့ယောင်၏ပါးကို ဖျစ်ညှစ်လိုက်ပြီး သူ့အတွေးကို အဆုံးသတ်စေလိုက်သည်။

"မြန်မြန်သွား...."


ယဲ့လဲ့ယောင်က ပါးညှစ်ခံလိုက်ရ၍ ကြက်သေသေသွားပြီး အိပ်ငိုက်မှုအများစုက ပျောက်ကွယ်သွားသည်။ သူက ဟော်ယန်နောက်မှ ကြောင်တောင်တောင်ဖြင့် အောက်ထပ်ကို လိုက်ဆင်းသွားသည်။


"ဘာလို့ အိပ်ရာက ထလာတာတောင် ထုံထိုင်းနေသေးတာလဲ...မင်းကို အိပ်ရာကနေ ငါအတင်းနိုးလာတာဆိုရင်တောင်မှ ငါမလုပ်..."


ဟော်ယန် အသက်ပြင်းပြင်းရှူလိုက်ပြီး မနက်စောစော ဒေါသမထွက်ရန် သူ့ကိုယ်သူ သတိပေးလိုက်သည်။


ယဲ့လဲ့ယောင် အောက်ထပ်မရောက်မီမှာပင် သူသာ မကဘဲ ပါပါးဟော်နှင့်မာ မားဟော်ပါ အိပ်ရာထနေပြီးဖြစ်သည်ကို မြင်လိုက်ရသည်။


သူ နံရံပေါ်မှနာရီကို တစ်ချက်ကြည့်လိုက်သည်။


5:30 AM.


[ပါပါးဟော်နဲ့မာမားဟော်က ဘာလို့အဲ့လောက်အစောကြီး ထလာတာလဲ...သူတို့ မပင်ပန်းကြဘူးလား...သက်လတ်ပိုင်းလူကြီးတွေရဲ့အိပ်စက်တဲ့အလေ့အထက တကယ်ကို မနာလိုစရာကောင်းလိုက်တာ...]


မိတ်ကပ်ပညာရှင်ကို စကားပြောနေရာမှ မာမားဟော်၏အမူအရာက တောင့်တင်းသွားခဲ့သည်။


ပါပါးဟော်က လုပ်လက်စမှ ရပ်သွားသည်။


စုံတွဲက အကြည့်ချင်း ဖလှယ်လိုက်ကြသည်။


တစ်ချိန်တည်းမှာပင် သူတို့ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။


ငါတို့ ဘာလို့အစောကြီးထလဲဆိုပြီး သူက အံ့သြနေတယ်ပေါ့...အဲ့ဒါက ဘယ်သူ့ကြောင့်မို့လို့လဲ...ဘာမနာလိုစရာရှိလို့တုန်း...


ဘယ်သူကများ နည်းနည်းကြာကြာ မအိပ်ချင်လို့တုန်း...


တရားခံ ယဲ့လဲ့ယောင်က သမ်းဝေလိုက်ပြီး မှန်ရှေ့ထိုင်လိုက်ကာ စတိုင်လစ်ကို သူတို့အလုပ်သူတို့ လုပ်ခွင့်ပြုလိုက်သည်။


သုံးနာရီကြာပြီးနောက် မိသားစုက ကားထဲဝင်ထိုင်လိုက်ကြပြီး ရှုစံအိမ်တော်ကို ဦးတည်လိုက်ကြသည်။


သခင်လေးအစစ်၏အရေးပါမှုကို ပြသရန် ရှုမိသားစုက ဧည့်ခံပွဲကို အလွန်အမင်း ခမ်းနားထည်ဝါစွာ ကျင်းပထားလေသည်။ သူတို့က ဟိုတယ်တစ်ခုလုံးကို ငှားထားရုံသာမက စီးပွားရေးလောကက လူတိုင်းနီးပါးကို ဖိတ်ထားခဲ့ပြီး သတင်းထောက်အချို့ကိုပင် ဖိတ်ထားသေးသည်။


ဟော်မိသားစု ရောက်လာသည့်အချိန်က နောက်မကျသေးဘဲ ကားထဲမှမထွက်မီ ဝင်ပေါက်တွင် နာရီဝက်နီးပါးမျှ စောင့်လိုက်ရသေးသည်။


သူတို့ ကားထဲမှ ထွက်ထွက်ချင်းမှာပင် အဝင်ပေါက်တွင်ရပ်ပြီး ဧည့်သည်များကို ကြိုဆိုနေသည့် ပွဲကျင်းပသည့်အိမ်ရှင်မိသားစုကို ယဲ့လဲ့ယောင် မြင်လိုက်ရသည်။ သူ့အကြည့်များက ထိုသူတို့အပေါ် ဝေ့ဝိုက်သွားပြီး နောက်ဆုံး၌ အဖေရှု၏နံဘေးတွင် မတ်တတ်ရပ်နေသည့် လူငယ်လေးထံ ကျောက်ချလိုက်သည်။


သူ အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"အဲ့ဒါ သူပဲ..."


ကျန်သည့် ဟော်မိသားစုဝင်များကလည်း စိတ်လှုပ်ရှားစွာဖြင့် လှမ်းကြည့်လိုက်ကြသည်။


အဖေရှု၏နံဘေးတွင် ရပ်နေသည်က ရှုမိသားစု၏သခင်လေးအတုဖြစ်သည့် ရှုယောင်ပင်။


လူငယ်လေးက အဖြူရောင် suit ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းကို အနည်းငယ် ငုံ့ထားကာ အလွန် ဝမ်းနည်းအားငယ်နေသလိုပင်။


အဖေရှုက သူ၏မူမမှန်မှုကို သတိထားမိသွားပြီး လူငယ်လေးအား စိုးရိမ်စွာကြည့်လိုက်ပြီး လက်ဆန့်ကာ ရှုယောင်၏လက်အား တိတ်တိတ်လေးပင် ညှစ်လိုက်သေးသည်။


ယဲ့လဲ့ယောင်၏သူငယ်အိမ်များက တမဟုတ်ချင်းပင် ပြူးကျယ်သွားသည်။


[အဲ့လောက် လူအများကြီးရှေ့မှာ လက်ကိုင်တယ်ပေါ့လေ...အွီး...]


ပါပါးဟော်နှင့်မာမားဟော်က မနေနိုင်ဘဲ ခေါင်းညိတ်ကာ သဘောတူလိုက်သည်။


သားအစစ်က နေရာမှာရှိနေတာကို သားအတုရဲ့ခံစားချက်တွေကို ဂရုစိုက်နေသေးပြီး မူမမှန်တဲ့ဆက်ဆံရေးကို ညွှန်ပြနေသေးတယ်...


ဟော်မိသားစုနှင့် ရှုမိသားစုက စီးပွားရေးကို အမြဲလိုလို ပူးပေါင်းဆောင်ရွက်ခဲ့ဖူးပြီး ပါပါးဟော်နှင့်မာမားဟော်က ရှုယောင်ကို ယခင်က တွေ့ဖူးကြသည်။ ရှုယောင်က တည်တံ့ပြီးစွမ်းဆောင်ရည်ရှိသည်ဟုပင် တွေးခဲ့ဖူးသည်။


သို့သော် ယနေ့ ထိုကဲ့သို့ အရေးကြီးသည့်ပွဲတွင် ရှုယောင်က ဧည့်သည်များရှေ့၌ မုန်တိုင်းတစ်ခုပစ်သွင်းလိုက်ပြီး သူ၏စိတ်သဘောထားသေးသိမ်မှုကို ဖော်ပြလိုက်သည်။


တစ်ဖက်တွင် အမေရှု၏နံဘေးတွင်ရပ်နေသည့် သခင်လေးအစစ်က ရှုယောင်နှင့် အဖေရှုကြားက လှုပ်ရှားမှုသေးသေးလေးကို ဘာမှ မခံစားရပုံပေါ်ကာ တည်ငြိမ်သည့် ကိုယ်နှုတ်အမူအရာကို ဆက်လက်ထိန်းသိမ်းထားသည်။


ရှေ့၌ရှိသည့်ဧည့်သည်များ အထဲဝင်သွားပြီးနောက် အမေရှုက မော့ကြည့်လိုက်ရာ မာမားဟော်၏အကြည့်နှင့် ဆုံသွားပြီး ပြုံးကာပြောလိုက်သည်။

"ရှင်တို့ နောက်ဆုံးတော့ရောက်လာပြီပေါ့..."


ပါပါးဟော်နှင့် မာမားဟော်က ဟော်ယန်နှင့်ယဲ့လဲ့ယောင်ကို ဦးဆောင်ကာ ရှေ့ကိုသွားလိုက်ကြသည်။


ယဲ့လဲ့ယောင်က လူမြင်ကွင်းတွင် ပေါ်လာသည်မှာ မများသောငြား သူက ရှုမိသားစု၏ဒုတိယသား ရှုချန်းနှင့်အတန်းဖော်များဖြစ်ကတည်းက အဖေရှုနှင့် အမေရှုတို့က သူနှင့်ရင်းနှီးကျွမ်းဝင်ကြပေသည်။


ယဲ့လဲ့ယောင်ကို မြင်ပြီး အမေရှုက အလွန်အံ့အားသင့်သွားခဲ့သည်။

"လဲ့ယောင်လာဖို့ဆိုတာက အရမ်းရှားတာ...ရှုချန်းက အထဲမှာ ဧည့်သည်တွေကို နှုတ်ဆက်နေတယ်...မင်းကို ဒီနားတစ်ဝိုက်လိုက်ပြဖို့ နောက်မှ အန်တီသူ့ကို ပြောလိုက်မယ်..."


ယဲ့လဲ့ယောင် အလျင်အမြန် ခေါင်းခါလိုက်သည်။

"ရပါတယ်အန်တီ...ကျွန်တော်ကိုယ့်ဘာသာ ပတ်ကြည့်လိုက်ပါ့မယ်..."


[ငါက ဒီကို စိတ်လှုပ်ရှားစရာကြည့်ဖို့ ရောက်လာတာလေ...ရှုချန်းက ငါ့ကိုဆွဲထားပြီး လွှတ်မပေးတော့ရင် ဘယ်လိုလုပ်မလဲ...]


မာမားဟော်ကလည်း ပြောလိုက်သည်။

"ရှောင်ယောင်က ကျွန်မတို့နဲ့နေလို့ရပါတယ်...ရှင်တို့ကို ကျွန်မတို့ ဒုက္ခမပေးတော့ပါဘူး..."


အမေရှုက ယဥ်ကျေးပျူငှာပေသည်။ ထို့ကြောင့် သူတို့က အတင်းအကြပ်ပြောမနေတော့ဘဲ ယင်းအစားခေါင်းစဥ်ပြောင်းသွားလေ၏။


ကြည်နူးနှစ်သက်ဖွယ် အကြောင်းအရာ အနည်းငယ်ပြောဆိုပြီးနောက် ဟော်မိသားစုက ဟိုတယ်လော်ဘီကို ဝင်လာခဲ့ကြသည်။


အထဲဝင်လိုက်သည်နှင့် ပါပါးဟော်နှင့်မာမားဟော်ကို လူအုပ်ကြီးက အလျင်အမြန်ဝိုင်းသွားပြီး လူအုပ်ကြီး၏အာရုံများက ယဲ့လဲ့ယောင်ပေါ် ပြောင်းသွားခဲ့သည်။


ယဲ့လဲ့ယောင်က သက်တောင့်သက်သာမရှိ၍ ပါပါးဟော်နှင့်မာမားဟော်အား သူအပြင်သွားဦးမည်ဟုပြောကာ လစ်ထွက်လာလိုက်သည်။


ဟော်ယန်က နောက်ကလိုက်သွားချင်သောငြား သူခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ဝိုင်းရံခံလိုက်ရသည်။


ယဲ့လဲ့ယောင် ဟိုတယ်၏နောက်ဘက်ရှိ ဥယျာဥ်ကို လျှောက်သွားလိုက်သည်။


ရှုမိသားစုက ကျင်းပပွဲအတွက် တစ်ရက်တာလုံးငှားထားခြင်းပင်။ ထို့ကြောင့် ဟိုတယ်လော်ဘီတွင် ပန်းပွင့်များနှင့် အလှဆင်ထားသည်သာမက နောက်ဘက်ရှိဥယျာဥ်တွင်လည်း အဆာပြေအများကြီး တည်ခင်းထားလေသည်။


ကလေးများမပြောအပ်သည့် လူကြီးကိစ္စကို ဖမ်းမိသည့် ဖြစ်ရပ်က နေ့ခင်းပိုင်းတွင် ဖြစ်ပွားလိမ့်မည်ဖြစ်ကာ ယခုက စောနေသေးပေ၏။ ယဲ့လဲ့ယောင်မနက်က များများမစားခဲ့၍ အချိုပွဲနည်းနည်း စားသုံးရန် နောက်ဘက်ဥယျာဥ်ကို ဦးတည်သွားလိုက်သည်။


ဥယျာဥ်အနီးတွင် လူအနည်းငယ်သာရှိသည်။ သူ ထိုအနားရောက်လာသည်နှင့် ရင်းနှီးသည့်ပုံရိပ်ကို မြင်လိုက်ရသည်။


မျက်မှောင်ကြုတ်ပြီး ပြန်လှည့်တော့မည့်အချိန်မှာပင် တစ်ဖက်လူက ဦးစွာစကားစပြောလာခဲ့သည်။

"ယဲ့လဲ့ယောင်..."


ထိုအော်သံနှင့်အတူ လူတိုင်းက လှမ်းကြည့်လာကြသည်။


ယဲ့လဲ့ယောင် စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

[ငါသာ သိလို့ကတော့ လာမှာမဟုတ်ပါဘူး...]


နာမည်အော်ခေါ်ခံလိုက်ရ၍ ယဲ့လဲ့ယောင် ထွက်မသွားနိုင်တော့ဘဲ ထိုနေရာကို သွားလိုက်ရသည်။


ရှုချန်းက အလျင်အမြန်လျှောက်လာပြီး ယဲ့လဲ့ယောင်အား အထင်အမြင်သေးသည့် အကြည့်နှင့် အပေါ်အောက်တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် ကိုယ်ကိုကိုင်းကာ တိုးတိုးလေး ပြောလိုက်သည်။


"ဝိုး...ပါတီတွေမကြိုက်တဲ့ မင်းတောင် လာပြီး တစ်ချက်လာကြည့်တယ်ပေါ့...ဘာလဲ ငါ့အစ်ကိုကြီးကို စိတ်ကူးယဥ်ပြစ်မှားမလို့လား..."


ယဲ့လဲ့ယောင် မျက်လုံးလှိမ့်လိုက်သည်။


သူနှင့်ရှုချန်းက မည်သည့်အခါကမှ မတည့်ခဲ့ဘဲ ရှုချန်းက အမြဲတမ်း သူ့ကို ပစ်မှတ်ထားကာ မကြာခဏဆိုသလို ဗြောင်ကျကျပင် လှောင်ပြောင်သရော်သေးသည်။


ယင်းအရာအားလုံးက ယဲ့လဲ့ယောင် BL ဝတ္ထုဖတ်နေသည်ကို ရှုချန်း မိသွားခဲ့သည့် အထက်တန်းတုန်းက စတင်ခဲ့ခြင်းပင်။ ဟိုမိုများကိုကြောက်ရွံ့သည့် အဖြောင့်ဖြစ်သည့် ရှုချန်းက ထိုအချိန်မှစပြီး ယဲ့လဲ့ယောင်ကို စတင်ပစ်မှတ်ထားခဲ့သည်။


သူက ယဲ့လဲ့ယောင်ကို ဟော်မိသားစု၏မွေးစားသားဟု နာမည်တပ်ခဲ့ရုံသာမက မကြာခဏဆိုသလို ကြောက်စရာကောင်းသည့် မှတ်ချက်များကိုပင် ပြုခဲ့သေးသည်။


ယဲ့လဲ့ယောင်က သည်းခံစိတ်ကြီးသော်ငြား နတ်ဘုရားမဟုတ်၍ သဘာဝကျစွာပင် ယင်းကို သည်းမခံနိုင်တော့ပေ။


ယနေ့လည်း ခြားနားချက်မရှိပေ။ ရှုချန်း၏နှလုံးသားက ညစ်ပတ်နေ၍ သူမြင်သမျှက ညစ်ပတ်‌နေခြင်းဖြစ်ကြောင်း ယဲ့လဲ့ယောင်ပြောတော့မည့်အချိန်မှာပင် တစ်စုံတစ်ရာကို တွေးမိသွားပြီး ရှုချန်းကို ထူးဆန်းသည့်အကြည့်တစ်ချက် ပေးလိုက်သည်။


ယဲ့လဲ့ယောင်၏အကြည့်ကြောင့် ရှုချန်း ကြက်သီးမွေးညင်းထသွားခဲ့သည်။


အဲ့အကြည့်က ဘာကြီးလဲ..


ယောက်ျားများကို ကြိုက်သည့်အတွက် များသောအားဖြင့် ယဲ့လဲ့ယောင်ကို သူ ရန်စစော်ကားတိုင်း ယဲ့လဲ့ယောင်က အမြဲလိုလို ပြန်ဆုတ်သွားပြီး သူ့အားပြောစရာစကား ကင်းမဲ့စွာ ချန်ထားခဲ့သည်ပင်။ သို့သော် ယနေ့မူ ယဲ့လဲ့ယောင်က မည်သည်မှမပြောဘဲ သူ့အား...သနားသည့်အကြည့်များဖြင့် ကြည့်နေခဲ့သည်။


အကယ်၍ ရှုချန်းသာ ယဲ့လဲ့ယောင်၏အတွေးများကို ကြားနိုင်ပါက ဤသို့ ကြားရမည်ဖြစ်သည်။


[ထားလိုက်ပါတော့လေ...ဒီနေ့တော့ ဒီအရူးရှုချန်းနဲ့ စကားများမနေတော့ပါဘူး...]


[ဘာပြောပြော သူ့မှာ အဖေနှစ်ယောက်ရှိတော့မှာကို...ခွင့်လွှတ်ပေးလိုက်ပါ့မယ်...]


လမ်းလျှောက်လာသည့် ချင်ယောင်က တန့်သွားခဲ့သည်။


အဖေနှစ်ယောက်ရှိတော့မယ်ဆိုတာ ဘာကိုပြောတာလဲ...


ရှုချန်းက ပို၍ပင် စိတ်ရှုပ်သွားခဲ့သည်။


ယဲ့လဲ့ယောင်က သူ့ကို မငြင်းရုံသာမက သူ့အားဖြတ်လျှောက်ပြီး ဥယျာဥ်ထဲကို သွားလိုက်သည်။


ဘာတွေဖြစ်ကုန်တာလဲ...


ငါခန့်မှန်းလိုက်တာက မှန်သွားတာလား...ယဲ့လဲ့ယောင်က တကယ်ကြီး ဒီနေ့ ငါ့အစ်ကိုအတွက် လာခဲ့တာလား...


ရှုချန်း၏မျက်နှာက မည်းမှောင်သွားပြီး ကမန်းကတန်းရှေ့တိုးကာ ယဲ့လဲ့ယောင်အား လမ်းပိတ်ကာ အံကြိတ်၍ ပြောလိုက်သည်။

"ယဲ့လဲ့ယောင် အဲ့ညစ်ပတ်တဲ့အကြံစည်တွေကို စောစောလက်လျှော့လိုက်ဖို့ ငါမင်းကို အကြံပေးလိုက်မယ်...ငါ့အစ်ကိုကြီးက မင်းကို ဘယ်တော့မှ ကြိုက်လာမှာ မဟုတ်ဘူးကွ..."


ယဲလဲ့ယောင်က ရပ်ကာ ပြောလိုက်သည်။

"ဘယ်အစ်ကိုကြီးလဲ..."


ရှုချန်း ကြက်သေသေသွားသည်။


ယဲ့လဲ့ယောင် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နှင့် ပြောလိုက်သည်။

"မင်းမှာ အခု အစ်ကိုကြီးနှစ်ယောက်တောင် ရှိတာမလား...ဘယ်တစ်ယောက်က မင်းအစ်ကိုကြီးလဲ..."


ရှုချန်း စက္ကန့်အနည်းငယ်မျှ ငေးငိုင်သွားပြီး ထို့နောက်မှ ယဲ့လဲ့ယောင်က ဤသည်ကို ရည်ရွယ်ချက်ရှိရှိလုပ်ခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်သည်။


ရှုချန်းက သူ့အစ်ကိုကြီး၏နေရာကို ယူထားသော ရှုယွင်ကျီးကို မကြိုက်ကြောင်း ယဲ့လဲ့ယောင်သိပေသည်။ သို့သော်ငြား လူအများရှေ့မှောက်တွင် ရှုချန်းကို စကားမှားပြောစေရန် တွန်းအားပေးပြီး သူ့ကိုယ်သူ အရှက်ရသွားစေရန် လုပ်လိုက်သေးသည်။


ရှုချန်းက ယဲ့လဲ့ယောင်ကို အသာတကြည် သွားခွင့်မပြုလိုက်နိုင်ပေ။ သူက အံကြိတ်၍ ပြောလိုက်သည်။

"ဒါပေါ့ သူတို့နှစ်ယောက်လုံးက ငါ့အစ်ကိုကြီးတွေပဲ....ဒါပေမဲ့ ယဲ့လဲ့ယောင် ငါမင်းကို သတိပေးလိုက်မယ်...ငါ့အစ်ကိုရှုယောင်က ထူးချွန်ထက်မြက်တယ်ဆိုတာငါသိတယ်....ဒါပေမဲ့ မင်းကို သူ့နဲ့နီးကပ်ဖို့ ခွင့်မပြုဘူး နားလည်လား..."


ယဲ့လဲ့ယောင်က မျက်မှောင်ကြုတ်ထားဆဲပင်။


[ရှုယောင်ကလား...ထူးချွန်ထက်မြက်တယ်ပေါ့လေ...]


[ရှုယောင်က ရှူချန်းကို ဘယ်လိုများ ဦးနှောက်ဆေးထားပါလိမ့်...]


[တကယ်လို့ ရှုယောင်က ထူးချွန်ထက်မြက်တယ်ဆိုရင် တကယ့်သခင်လေးအစစ်ပြန်လာတဲ့နောက်မှာ သူ့နေရာပျောက်မှာစိုးပြီးတော့ သူ့မွေးစားအဖေကိုမြူဆွယ်ဖြားယောင်းဖို့ ဘာလို့ကြိုးစားမှာလဲ...]


ဘာ...


ဘယ်သူ့ကို မြူဆွယ်တယ်...


ရှုယောင်က သူ့မွေးစားအဖေကို မြူဆွယ်တာလား...


ချင်ယောင်၏သူငယ်အိမ်များက တုန်လှုပ်သွားသည်။


ရှုချန်းကမူ ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ရှုယောင်ကို ချီးမွမ်းနေကာ အနာဂတ်တွင် ယဲ့လဲ့ယောင်ကို သူ့အစ်ကိုကြီး၏အနားမှ ဝေးဝေးနေစေရန် နားထဲတကျည်ကျည်ပြောကာ သတိပေးနေဆဲပင်။ 


ယဲ့လဲ့ယောင် အလွန့်အလွန်ပင် စိတ်ရှုပ်လာခဲ့သည်။


[မဟုတ်သေးပါဘူး...ငါ့ရဲ့အကြိုက်က အဲ့လောက်ထိ မဆိုးသေးဘူးမလား...]


[တကယ်လို့ မင်းအစ်ကိုကို အဲ့လောက်ဂရုစိုက်တယ်ဆိုရင်လည်း ဘာလို့ သူ့အခန်းကို အခုမသွားလိုက်တာတုန်း...အဲ့ကာမအားတိုးဆေးခွက်က သူ့စားပွဲပေါ်မှာ ရှိနေလောက်သေးတယ်...အဲ့ဆေးကို အမှိုက်ပုံးထဲလွှင့်ပစ်လိုက်ရုံနဲ့ မင်းအစ်ကိုရဲ့ ပြိုကျလုနီးနီးနာမည်လေးနဲ့ မင်းအဖေရဲ့ ကျန်နေသေးတဲ့ဂုဏ်သိက္ခာလေးကို ကယ်နိုင်ရင်ကယ်နိုင်မှာပေါ့...]


ချင်ယောင် ပိုနားထောင်လေ ပိုထိတ်လန့်လာလေပင်။


ယဲ့လဲ့ယောင် ဥယျာဥ်နောက်ဝိုင်းထဲကို ရောက်ရောက်ချင်းမှာပင် ချင်ယောင် သူ့စိတ်ထဲက ရင်းနှီးနေသည့်အသံကို ကြားလိုက်ရပြီး ချက်ချင်းပင် ယဲ့လဲ့ယောင်မှန်း နားလည်လိုက်သည်။ ထို့ကြောင့် သူ့ကိုရှာရန် အသံနောက် လိုက်လာခြင်းပင်။


သို့သော် သူ ယဲ့လဲ့ယောင်ကို နှုတ်မဆက်နိုင်သေးမီမှာပင် ထိုကဲ့သို့ ကမ္ဘာတုန်ဟီးလောက်သည့် လျှို့ဝှက်ချက်ကြီးကို ကြားလိုက်ရသည်။


ရှုမိသားစုကလည်း ချင်မိသားစုနှင့် ပူးပေါင်းဆက်ဆံမှုများ ရှိပေ၏။ သို့သော်ငြား ဤပူးပေါင်းဆောင်ရွက်မှုက ချင်ယောင်က ဦးဆောင်ထားခြင်းမဟုတ်ချေ။


တကယ်လို့ ဒီနေ့ကိစ္စကသာ ပေါက်ကြားသွားရင်...


သူ့အတွက် အကျိုးရှိရုံကလွဲပြီး တခြားမရှိပေ။


ချင်ယောင် အသက်ပြင်းပြင်းရှုကာ လျှောက်သွားလိုက်ပြီး ယဲ့လဲ့ယောင်ကို ခေါ်လိုက်သည်။

"လဲ့ယောင်လား..."


ယဲ့လဲ့ယောင် လှည့်ကြည့်လိုက်ကာ မျက်ဝန်းများ တောက်ပသွားပြီး အလျင်အမြန် အနားကိုသွားလိုက်သည်။

"ဥက္ကဌချင်...တိုက်ဆိုင်လိုက်တာ..."


[အား...ကယ်တင်ရှင်ပဲ...ကျေးဇူးပြုပြီး ကျွန်တော့်ကို ဒီနေရာကနေ ခေါ်သွားပေးပါဦး...]


ချင်ယောင်၏မျက်ဝန်းများက ပြုံးရိပ်တစ်စွန်းတစ်ရှိနေကာ သူဆန္ဒကို ဖြည့်ဆည်းပေးလိုက်သည်။

"မင်းမှာအခုအချိန်ရှိလား...အရင်တစ်ခေါက်က ရသစုံရှိုးအကြောင်းကို ကိုယ်မင်းနဲ့ ဆွေးနွေးချင်လို့..."


ယဲ့လဲ့ယောင် "ရှိပါတယ်...ရှိတယ် ရှိတယ်..."


[ရှုချန်းကို ခွာချနိုင်သရွေ့ ဘာမဆိုအဆင်ပြေတယ်...]


ချင်ယောင် စိတ်ထဲရွှင်မြူးသွားသော်ငြား မျက်နှာတွင် မဖော်ပြလိုက်ပေ။ ရှုချန်းကို ခေါင်းညိတ်ပြကာ ယဲ့လဲ့ယောင်ကို ဦးဆောင်ခေါ်သွားလိုက်သည်။


ရှုချန်းမှာ မကျေနပ်သော်ငြား သူတို့ကိုလည်း အမှန်တကယ်ပင် မတားနိုင်ချေ။ ထို့ကြောင့် ယဲ့လဲ့ယောင်ကိုသာ စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပြီး အကြည့်ဖြင့် သတိပေးလိုက်သည်။


ယဲ့လဲ့ယောင်က ယင်းကိုမမြင်ဟန်ဆောင်ကာ ချင်ယောင်နောက်ကလိုက်ပြီး ဟိုတယ်လော်ဘီထဲသို့ လိုက်သွားလိုက်သည်။


သူတို့ ဟိုတယ်လော်ဘီထဲသို့ ဝင်ဝင်ချင်း ချင်ယောင်က ရသစုံရှိုးအကြောင်းကို ယဲ့လဲ့ယောင်နှင့်ဆွေးနွေးရန် တိတ်ဆိတ်သည့် နေရာတစ်ခုရှာတော့မည့် အချိန်မှာပင် ယဲ့လဲ့ယောင်က သူ့အသံအား မြှင့်ပြောလိုက်သံကို ချင်ယောင် ရုတ်တရက် ကြားလိုက်ရသည်။


[ဟေး ဟေး ဟေး...ကာမအားတိုးဆေးပါတဲ့ အဲ့ဒီအစိမ်းရောင်ကော့တေးလ်က ဘယ်လိုလုပ် မစ္စရှုရဲ့လက်ထဲရောက်နေတာလဲ...]


ဟော်မိသားစုမှ လူတိုင်းနှင့် ချင်ယောင်က တစ်ပြိုင်နက်တည်း စင်ပေါ်ကို လမ်းကြည့်လိုက်ကြသည်။



🍉🍉🍉